အင်မော်တယ်လျှောက်လှမ်းခြင်းတံတားကို စုပ်ယူခြင်း
Vol. 86 Ch. 1200
အင်မော်တယ်လျှောက်လှမ်းခြင်းတံတားတစ်စင်းလုံး တဝုန်းဝုန်း တုန်ခါနေပြီး ဧရာမမျက်နှာကြီးက ဟိန်းဟောက်လိုက်သည်။ အထက်ဘဝဂ်အထိ ရိုက်ခတ်နေသော အသတ်အဖြတ်စိတ်ဆန္ဒက တံတားထံမှ တလိပ်လိပ် ထလာကာ မန်ဟို့ဆီ ပြေး၀င်လာသည့် ဧရာမလက်ကြီးရှစ်ဖက်ဖြစ်လာသည်။
"သေလိုက်စမ်း" ဧရာမမျက်နှာကြီးက ဟိန်းဟောက်လိုက်သည်။
တံတားပေါ်တွင် နတ်မီးလျှံစမ်းသပ်ပွဲယှဉ်ပြိုင်နေကြသော ကျင့်ကြံသူအားလုံးမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကြပြီး ကြယ်တာရာကောင်းကင်ထဲရှိ လူများမှာလည်း အလားတူ အံ့အားသင့်ကုန်ကြသည်။ သူတို့ မယုံကြည်နိုင်စွာ ကြည့်နေကြသည့်အချိန်မှာပင် လက်ကြီးရှစ်ဖက်က အရပ်ရှစ်မျက်နှာမှ မန်ဟို့ဆီ ထိုးဆင်းသွားနေကြလေပြီ။
လက်ကြီးရှစ်ဖက်သည် နာကြည်းမှုမှ မွေးဖွားလာခဲ့၍ အမျက်ဒေါသတို့နှင့် ပြည့်နှက်နေ၏။ လက်တစ်ဖက်စီတိုင်းသည် သူ့နည်းသူ့ဟန်ဖြင့် ကြောက်မက်ဖွယ်ကောင်းပြီး လောလောဆယ်တွင် မန်ဟို့ကို ၀င်တိုက်ပေတော့မည်။ မန်ဟို၏မျက်လုံးများက လင်းခနဲ လက်သွားပြီး သူက အေးစက်စက် နှာတစ်ချက်မှုတ်ကာ လက်ကို အောက်သို့ ဖိချလိုက်သည်။
ထိုသို့ဖိချလိုက်မှုက တံတားမြေပြင်ကို တုန်ခါလာစေပြီး အင်မော်တယ်တောင်များနှင် နတ်မီးတောက်အား ခေါင်းအထက်တွင် ပေါ်လာစေသည်။ တောင်များက လက်ကြီးများကို ၀င်တိုက်လိုက်သဖြင့် နားကွဲလုမတတ် မြည်ဟီးသံကြီး ရိုက်ညောင်းထွက်သွား၏။ လက်များကလည်း ပြန်တိုက်ခိုက်နေရာ အရာအားလုံးသည် ပြင်းပြင်းထန်ထန် တုန်ခါနေတော့သည်။ တစ်ချိန်တည်းမှာပင် မန်ဟို၏ ပါရာဂွန်တံတားက အောက်သို့ ကျဆင်းစပြုလာ၏။
၎င်း အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ဝိညာဉ်ကို ၀င်တိုက်လိုက်သောအခါ ဝိညာဉ်က စူးစူဝါးဝါးအော်ဟစ်လိုက်ပြီး အင်မော်တယ်လျှောက်လှမ်းခြင်းတံတားမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားလေသည်။
မန်ဟို၏အစီအစဉ်က အင်မော်တယ်လျှောက်လှမ်းခြင်းတံတားကို ဖိနှိပ်ဖို့ ပါရာဂွန်တံတားကို အသုံးပြုရန် ဖြစ်သည်။
သူသည် ကျီမျိုးနွယ်စု၏သွေးဖြင့် အင်မော်တယ်တံတား၏ နာကြည်းမှုကို ဖြေဖျောက်ပေးချင်သော်လည်း လက်ရှိကျင့်ကြံခြင်းအခြေခံအရ မဖြစ်နိုင်ပေ။
သူ န၀မပင်လယ်မှ ထွက်သွားသည့်အခါလည်း ဘယ်တော့မှပြန်လာနိုင်မလဲ မပြောနိုင်ပေ။ ဟန်ရှန်းကို ပေးထားသည့်ကတိက အချိန်အကန့်အသတ်မရှိသော်လည်း မန်ဟိုသည် တာဝန်သိတတ်သူဖြစ်၍ လိုအပ်သည်ထက်ပိုပြီး အချိန်ဆွဲတတ်သူမဟုတ်ချေ။
ပါရာဂွန်တံတား ကျဆင်းလာစဉ် အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ဝိညာဉ်က သွေးရူးသွေးတန်း အော်လိုက်သည်။ "မလုပ်နဲ့"
ဧရာမမျက်နှာကြီးက ပါရာဂွန်တံတားကို ကြည့်ပြီး ပူဆွေးသောက၊ အမျက်ဒေါသတို့ဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"ပရမတ္တတံတား.....ပရမတ္တတံတား....." ၎င်းက အော်ဟစ်နေသည်။ မန်ဟိုမှာ ပင့်သက်ရှိုက်လိုက်မိပြီး တစ်ကိုယ်လုံးတုန်ရီသွား၏။ သူ အနီးကပ်ကြည့်လိုက်သည့်အခါ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားနှင့် ပါရာဂွန်တံတားသည် အမှန်ပင် ဆင်တူနေကြောင်း သတိထားမိလိုက်၏။
၎င်းတို့နှစ်စင်းလုံးက တံတားများသာဖြစ်၍ ပုံမှန်အားဖြင့် တူညီတတ်သော်လည်း ၎င်းတို့ ပေးစွမ်းနေသော ခံစားချက်အရ ..... တစ်စင်းက အခြားတစ်စင်း၏ ပုံစံတူဖြစ်နေသလို ခံစားရစေသည်။
တံတားပေါ်ရှိ အပြောင်အမွန်းအဆင်တန်ဆာတစ်ချို့ပင်လျှင် တူနေ၏။ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားမှာ ပျက်စီးပြိုပျက်နေသော အခြေအနေတွင် ဖြစ်ခဲ့သည့်အတွက် မန်ဟိုသည် ယခင်က ၎င်းတို့ကို သတိမထားမိခဲ့ပေ။ သို့သော် တံတားနှစ်စင်း ဘေးချင်းယှဉ်လိုက်သည့်အခါ ချက်ချင်း သိသာထင်ရှားလာလေသည်။
"ပါရာဂွန်တံတား၊ အင်မော်တယ်လျှောက်လှမ်းခြင်းတံတား...." သူ၏ မျက်လုံးများက လင်းလက်တောက်ပသွား၏။
“အတိတ်တုန်းက ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်း တည်ဆောက်ခဲ့တဲ့ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားက တကယ်ကြီး ငါ့ပါရာဂွန်တံတားရဲ့ ပုံစံတူဖြစ်နေတာလား။ ဒါမှမဟုတ် ငါ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးထဲမှာ မှတ်သားထားတဲ့ တံတား၊ ငါ့ပါရာဂွန်မှော်သိုင်းနဲ့ပတ်သက်တုန်းက ဉာဏ်အလင်းရယူခဲ့တဲ့ တံတား .... ပရမတ္တတံတားရဲ့ ပုံစံတူလား” ဤတိုက်ဆိုင်မှု၏ဂယက်များက ခေါင်းထဲတွင် ပြေးလွှားနေသဖြင့် မန်ဟို့မျက်နှာများ ပြူးကျယ်လာသည်။
သူက ငေါက်ခနဲ ထရပ်၍ လက်မောင်းကို ဝှေ့ယမ်းလိုက်ကာ ပါရာဂွန်တံတားမှ ဖိအား၏ပြင်းအားကို မြှင့်၍ မိုးပြာရောင်အလင်းအား ဖြာထွက်သွားစေသည်။
အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ဝိညာဉ်က အသည်းအသန် ပြန်တိုက်ခိုက်နေသဖြင့် တဝုန်းဝုန်းမြည်သံများအား ကြားရနိုင်လေသည်။ သို့သော် ပါရာဂွန်တံတား၏ဖိအားအောက်တွင် အင်မော်တယ်လျှောက်လှမ်းခြင်းတံတားကို ဖွဲ့စည်းထားသည့် အစအနများမှာ ... သွက်သွက်ခါတုန်ခါနေကြသည်။
ကြည့်ရပုံထောက်လျှင် ကျောက်ခဲများသည် အင်မော်တယ်လျှောက်လှမ်းခြင်းတံတားအဖြစ် ဖွဲ့စည်းနေအောင် ၎င်းတို့ကို စုရုံးပေးထားသည့် အားမှ လွတ်အောင် ရုန်းပြီး ပါရာဂွန်တံတား၏စုပ်ယူခြင်းခံရဖို့ ကြိုးစားနေကြသယောင်ပင်။ အတုသည် မူလအစစ်နှင့် တွေ့ဆုံခဲ့၍ .... စုပ်ယူခြင်းမခံရအောင် ၎င်းကိုယ်၎င်း မဟန့်တားနိုင်သည့်ပုံပေါ်နေသည်။
ထိုမျှသာမက ... အခြေအနေတစ်ရပ်လုံးအတွက် အရေးအကြီးဆုံးမှာတော့ မန်ဟို့ပါရာဂွန်တံတားက အပြည့်အစုံမဖြစ်သေးခြင်းပင်။
အင်မော်တယ်အပျက်အစီးများနယ်တွင် သူမြင်ခဲ့ရသည့်တံတားမှာ ... အပိုင်းလေးတစ်ပိုင်းသာ ဖြစ်ခဲ့၏။ ဉာဏ်အလင်းရှာဖွေနေစဉ် မြင်တွေ့ခဲ့ရသမျှအရာအားလုံးကို စုဝေးပေါင်းစည်း၍ ပါရာဂွန်မှော်သိုင်းဖန်တီးမှုအတွင်းသို့ ထည့်ခဲ့ပြီးနောက်မှ သူ့မှာ ပြည့်စုံသောတံတားတစ်စင်းကို ဖော်ဆောင်နိုင်သည်ဆိုရုံလေး ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပေသည်။ သို့သော် တံတားတစ်စင်းလုံးကို အမှန်တကယ် မမြင်တွေ့ခဲ့ရ၍ သူ၏ပါရာဂွန်မှော်သိုင်းသည် တံတားပုံစံရှိနေသည့်တိုင် မပြည့်စုံသေးကြောင်း မန်ဟို သိ၏။
သို့သော် .... ယခုတော့ ရင်သပ်ရှုမောဖွယ်ရာ အခွင့်အရေးနှင့် ကံကြမ္မာကောင်းကို သူ ကြက်ကန်းဆန်အိုးတိုး ဆုံတွေ့ရလေပြီ။
“ငါ့ ပါရာဂွန်တံတားသာ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားဖြစ်တဲ့ ဒီပုံစံတူကို စုပ်ယူပြီး အပြည့်အစုံဖြစ်သွားရင်.... အရင်ထက် အများကြီးပိုပြီး အစွမ်းထက်သွားလိမ့်မယ်
“အရေးအကြီးဆုံးက ငါ အဲဒီလိုလုပ်နိုင်ရင် အစ်ကိုကြီးဟန်ရှန်းကို လွှတ်ပေးဖို့ ဒီတံတားရဲ့ နာကြည်းမှုကို ဖယ်ရှားပေးစရာမလိုတော့ဘူး
“ဘာကြောင့်လဲဆိုတော့ ငါ အောင်မြင်သွားခဲ့ရင် ... အင်မော်တယ်လျှောက်လှမ်းခြင်းတံတားဆိုပြီး ရှိတော့မှာမဟုတ်လို့ပဲ”
မန်ဟိုက အသက်ဝဝရှူသွင်းလိုက်သည်။
မည်မျှလျှို့ဝှက်ဆန်းကြယ်လှသော ကမ္ဘာပေနည်း။
သူသာ ကျေးဇူးကြွေးပြန်ဆပ်ဖို့ ဤနေရာသို့ ရောက်မလာခဲ့လျှင် ဤရင်သပ်ရှုမောဖွယ်ကံကြမ္မာကောင်းကိုလည်း ဆုံတွေ့ရမည်မဟုတ်ပေ။
“အစ်ကိုကြီးဟန်ရှန်း၊ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားရဲ့ နာကြည်းမှုကို ဖြေဖျောက်ပေးဖို့ ကျွန်တော် ကျီမျိုးနွယ်စုကို ဖျက်စီးပြီးတဲ့အထိ အစ်ကိုကြီး စောင့်စရာမလိုတော့ဘူး။ ကျွန်တော် အစ်ကိုကြီးနဲ့ အစ်ကိုကြီးဇနီးကို ဒီနေ့ ... ကယ်မယ်” အသစ်ရရှိလိုက်သော ဉာဏ်အလင်းဖြင့် မျက်လုံးများတောက်ပနေလျက် သူသည် ဟန်ရှန်းနှင့် သူ့ဇနီးကို ကယ်နိုင်မည့်အပေါ် ယုံကြည်ချက်ပိုရှိလာတော့၏။
အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ဝိညာဉ်ဖြစ်သော ဧရာမမျက်နှာကြီးက စူးစူးဝါးဝါးအော်ပြီး ပါရာဂွန်တံတား၏ဖိအားကို သွေးရူးသွေးတန်း ပြန်တိုက်ခိုက်နေသဖြင့် တဂျုန်းဂျုန်းမြည်သံများအား ကြားရနိုင်သည်။ မန်ဟိုက ရှေ့သို့လှမ်းကာ ပါရာဂွန်တံတား၏အပေါ်တွင် ဖျတ်ခနဲ ပေါ်လာသည်။
ထိုနေရာတွင် သူက ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။
ထိုအခိုက်အတန့်တွင် ပါရာဂွန်တံတားတစ်စင်းလုံး တုန်ရီလာပြီး မိုးပြာရောင်အလင်းက အဆုံးမဲ့ကွန့်မြူးတောက်ပလာ၏။ ဖိအား၏ပြင်းအားသည် အင်မော်တယ်လျှောက်လှမ်းခြင်းတံတားဝိညာဉ်ကို အသည်းအသန်ရုန်းကန်နေစေရင်း ပို၍ကြီးမားလာသည်။
ပါရာဂွန်တံတားသည် အပြည့်အစုံမဟုတ်သေးသည့်အပြင် မန်ဟိုကလည်း တာအိုနယ်ပယ်သို့ပင် မရောက်သေးသည်မဟုတ်ပါလော။
ထိုမျှသာမက အင်မော်တယ်လျှောက်လှမ်းခြင်းတံတားမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့၍ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသော်လည်း ကြောက်စရာကောင်းလောက်အောင် အင်အားကြီးမားသေးလေသည်။
အင်အားကြီးမားသော်ငြား တံတားမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည်သာမက ပျက်စီးမှုကြောင့် မွေးဖွားလာခဲ့သော နာကြည်းစိတ်ကြောင့်သော တံတားအဖြစ် စုစည်းထားနိုင်ခြင်းဖြစ်သည်။ တံတား ပြင်းပြင်းထန်ထန် တုန်ရီနေစဉ် အစအနတချို့သည် ပါရာဂွန်တံတားဆီ မြောက်တက်သွားကြ၏။ ၎င်းတို့ကား ပါရာဂွန်တံတား၏စုပ်ယူခြင်းလိုက်ရရာ ဖိအားသည် ပို၍ပင် ကြီးမားလာတော့သည်။
ပါရာဂွန်တံတားမှဖြာထွက်နေသော မိုးပြာရောင်အလင်းထဲမှ အဖြူရောင်အလင်းတန်းများ တောက်ပလာသည်။
ကြည့်ရသရွေ့ ၎င်း ယခုလေးတင် စုပ်ယူခဲ့သည့် ထိုအစအနများက ၎င်းကို ပို၍ပြည့်စုံပြီး စစ်မှန်သွားစေသယောင်ပင်။
မန်ဟို့မျက်နှာ ဝင်းပသွားသည်။ ဖြစ်ပျက်နေသောအရာအပေါ် အခြေခံ၍ သူ၏အယူအဆမှာ မှန်ကန်ပုံပေါ်နေသည်။
“ပါရာဂွန်တံတား ပြည့်စုံသွားမယ့်နေ့က .... ဒီနေ့ပဲ” သူက အင်္ကျီလက်စကို ခါပြီး ဒုတိယတစ်လှမ်းတက်လိုက်သည်။ ဝုန်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ ပါရာဂွန်တံတားမှဖိအားသည် ပိုမိုကြီးမားလာ၏။ အင်မော်တယ်လျှောက်လှမ်းခြင်းတံတား၏ ဝိညာဉ်ကလည်း ဟိန်းဟောက်ပြီး ရုန်းကန်နေသဖြင့် တောက်ပသောအရောင်အဝါများ ပြိုးပြိုးပြက်ပြက်လက်နေတော့သည်။
သို့သော် တံတားဝိညာဉ် မည်မျှပင် တိုက်ခိုက်ပါစေ ကျောက်အစအနများ ပျံတက်မသွားအောင် မတားနိုင်ပေ။ ကျောက်ခဲတစ်ခဲ ၊ နှစ်ခဲ ၊ သုံးခဲ ....
နှစ်ဆယ် ၊ ငါးဆယ် ၊ တစ်ရာ ...
တဖြည်းဖြည်း ပို၍များပြားသောကျောက်ခဲများသည် ပါရာဂွန်တံတား၏စုပ်ယူခြင်း ခံရဖို့ ပျံတက်သွားကြလေသည်။ ကျင့်ကြံသူအားလုံး၏အရှေ့တွင် ဖြစ်ပျက်နေသော ဤမြင်ကွင်းက သူတို့အား ကြက်သေသေသွားစေ၏။
အထူးသဖြင့် တံတားကျောက်ခဲများအပေါ်၌ ရပ်နေကြသော ကျင့်ကြံသူများ ဖြစ်သည်။ သူတို့မှာ အိပ်မက်ဆိုးထဲရောက်နေသလို ခံစားလိုက်ကြရပြီး တစ်ခါမှမဖြစ်ပေါ်ခဲ့ဖူးသော ကြောက်စိတ်တို့သည် မွေးဖွားလာတော့၏။ မန်ဟို ထိုတံတားပေါ်တွင် ရပ်နေသော ပုံရိပ်ကား သူတို့ဘဝတစ်လျှောက် ဘယ်တော့မှ မေ့မရတော့မည့်အရာဖြစ်လာခဲ့လေပြီ။
သူတို့၏ကျင့်ကြံခြင်းအခြေခံက တာအိုနယ်ပယ်ရောက်သည်အထိ မြင့်မားလာခဲ့လျှင်တောင်မှ၊ ဂိုဏ်းချုပ်များ၊ ခေါင်းဆောင်ကြီးများ ဖြစ်လာခဲ့လျှင်တောင်မှ ... သူတို့သည် မန်ဟိုနှင့်သူ့တံတား၏ပုံရိပ်ကို ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။
မန်ဟို လှမ်းလိုက်သည့်ခြေလှမ်းတိုင်းက သူသည် ဤကမ္ဘာတွင် အမြင့်မြတ်ဆုံးဖြစ်တည်မှုအလား ပဒုမ္မာကြာပွင့်များအား ပွင့်လန်းလာစေသည်။
မန်ဟိုသည် ထိုကျင့်ကြံသူများကို မထိခိုက်စေချင်ပေ။ ကျောက်ခဲများ လေပေါ် မြောက်တက်နေစဉ် ကျင့်ကြံသူများမှာ ညင်သာသောအားတစ်ရပ်၏ ပွေ့ယူခြင်းခံရပြီး ဟင်းလင်းပြင်တွင် ပျံဝဲနေရကြောင်း တွေ့လိုက်ရသည်။
မန်ဟိုက သုံးလှမ်းမြောက်၊ လေးလှမ်းမြောက်နှင့် ငါးလှမ်းမြောက်တို့ကို လှမ်းလိုက်သဖြင့် ပို၍ပြင်းထန်သောထစ်ချုန်းသံများအား ကြားလိုက်ရသည်။
မရေမတွက်နိုင်သော တံတားကျောက်ခဲများသည် ပါရာဂွန်တံတားနှင့် တစ်သားတည်းဖြစ်လာရာ ၎င်းအား ပို၍ခမ်းနားတင့်တယ်ပြီး အစစ်နှင့်တူလာစေ၏။
၎င်း ထုတ်လွှတ်နေသော ဖိအားသည် တောင့်ခံမရလောက်အောင် ပို၍ပင်ကြီးမားလာခဲ့သည့်အတွက် အင်မော်တယ်လျှောက်လှမ်းခြင်းတံတားမှာ အောက်သို့နိမ့်နိမ့်သွားပြီး တံတားဝိညာဉ်လည်း ပြိုကွဲစပြုလာသည်။
၎င်းသည် နှစ်ပေါင်းမြောက်မြားစွာ တည်ရှိနေခဲ့ပြီး တစ်နေ့၌ ပါရာဂွန်တံတားနှင့် ၎င်းကို နှိမ်နင်းအညံ့ခံစေနိုင်သည့် လူတစ်ယောက် ပေါ်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
“မလုပ်နဲ့” ဝိညာဉ်က ဟစ်အော်သည်။ ၎င်း၏စွမ်းအားသည် တဖွေးဖွေးလှုပ်လာရင်း တိုက်ကွက်တစ်ကွက် အသွင်ပြောင်းကာ ပါရာဂွန်တံတားကို ဝင်တိုက်လိုက်သဖြင့် အလွန်ကျယ်လောက်သောပေါက်ကွဲသံကြီးအား ရိုက်ညောင်းသွားစေ၏။ ပါရာဂွန်တံတားမှာ တသိမ့်သိမ့် တုန်ရီသွားပြီး မန်ဟို့မျက်လုံးများက ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပလာသည်။
“အင်မော်တယ်လျှောက်လှမ်းခြင်းတံတားရဲ့ ကျောက်တုံးကျောက်ခဲတို့၊ ပါရာဂွန်တံတားဆီ ပြန်လာကြလော့။ ဒီနေ့ကစပြီး မင်းတို့တွေဟာ အင်မော်တယ်လျှောက်လှမ်းခြင်းတံတားမဟုတ်တော့ဘဲ ပါရာဂွန်တံတားရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာရမယ်
“ဒီအခွင့်အရေးကို မင်းတို့ ဒီတစ်ကြိမ်ပဲ ရလိမ့်မယ်” မန်ဟိုက ကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့် ပါရာဂွန်တံတား၏စိတ်ဆန္ဒဖြင့် သူ့အသံကို မြှင့်ရင်း ပြောသည်။ “အင်မော်တယ်လျှောက်လှမ်းခြင်းတံတား ... မြန်မြန်ပြန်လာခဲ့တော့။ ပြန်လာရမယ့်အချိန်က အခုအချိန်ပဲ”
ဟင်းလင်းပြင်သည် တုန်ခါနေပြီး အင်မော်တယ်လျှောက်လှမ်းခြင်းတံတားက ဝုန်းခနဲ ပေါက်ကွဲသွားလေသည်။
၎င်း၏တံတားကောက်ကြောင်း ပျက်ပြားသွားပြီး မရေမတွက်နိုင်သော ကျောက်အစအနများသည် ဟင်းလင်းပြင်ထဲရှိ ၎င်းတို့၏နေရာများမှ ပါရာဂွန်တံတားဆီ ပြေးဝင်သွားကြသော အလင်းတန်းများအသွင်ပြောင်းသွားကြသည်။
တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း .... တံတားကျောက်ခဲအမြောက်အမြား လေပေါ် မြောက်တက်လာကြလေပြီ။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ပင့်သက်ရှိုက်သွားကြပြီး ချက်ချင်း ဆူညံပွက်လောရိုက်ကုန်တော့၏။
“သူက ... သူက အင်မော်တယ်လျှောက်လှမ်းခြင်းတံတားကို ယူသွားနေတာလား”
“ယူသွားနေတာမဟုတ်ဘူး ဝါးမြိုနေတာ၊ စုပ်ယူနေတာ”
“ဒီမန်ဟို .... သူ... သူက အစွမ်းထက်လွန်းတယ်”
ယခုတွင် အင်မော်တယ်လျှောက်လှမ်းခြင်းတံတားကို ဖွဲ့စည်းထားသည့် ကျောက်ခဲအားလုံး မြောက်တက်လာပြီး အာကာသဟင်းလင်းပြင်ကိုယ်တိုင်မှာလည်း ပြိုကွဲတော့မည့်အလား ပုံပျက်ရှုံ့တွနေသည်။
ပါရာဂွန်တံတားသည် ၎င်းတို့ကို စုပ်ယူလိုက်သည့်အခါ မျက်စိကျိန်းအောင် တောက်ပလာပြီး စွမ်းအားတို့ တဟုန်ထိုးမြင့်တက်သွား၏။ ဖိအားလည်း ပိုပို၍ကြီးမားလာသည်။ အဆုံးမဲ့လှိုင်းဂယက်များ အရပ်လေးမျက်နှာသို့ စီးဖြာထွက်သွားသဖြင့် ကြယ်တာရာကောင်းကင်တစ်ခုလုံး သိမ့်ခါတုန်နေတော့သည်။
ပို၍ပင် အံ့အားသင့်စရာကောင်းသည်ကား .... ယခုတွင် ပါရာဂွန်တံတားသည် တောင်ပင်လယ်လောက၏တစ်စိတ်တစ်ပိုင်း ‘မဟုတ်ဟန်တူသော’ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။ ၎င်း၏စိတ်ဆန္ဒက နိုးထလာနေသည့်ပုံပေါ်သည်။
အမှန်တွင် ... ပါရာဂွန်တံတား၏ စိတ်ဆန္ဒသည် ... ပရမတ္တတံတား၏စိတ်ဆန္ဒ
မိုးနင်းခြေတံတား၏စိတ်ဆန္ဒဖြစ်၏။
ထိုစိတ်ဆန္ဒက နဝမတောင်ပင်လယ်တစ်ခုလုံးကို တုန်ခါလာစေသည်။ ထို့နောက် အဋ္ဌမတောင်ပင်လယ်လည်း ရိုက်ခတ်ခံရသည်။ ထို့နောက် သတ္တမတောင်ပင်လယ်။
တောင်ပင်လယ်လောကတစ်ခုလုံး...
တောင်ကိုးလုံး၏ထိပ်ရှိ ရေကန်ကိုးကန်ထဲတွင် အထွတ်အမြတ်ရွှမ်းဝူလိပ်ကိုးကောင်သည် ရုတ်တရက် ကျယ်ကျယ်လောင်လောင် အော်လိုက်ကြ၏။ ၎င်းက ကောင်းကင်ဘုံ ၃၃ ခုမှ အပြင်သူများ ပေါ်လာခဲ့တုန်းက အော်ခဲ့သော အော်သံအတိုင်းပင်။
(အပိုင်း ၁၁၂၂ မှာ .... တာအိုကောင်းကင်ရဲ့ ပါရာဂွန်ပန်းချီကားထဲက ပါရာဂွန်အဆင့်အရိပ် သတ်ဖြတ်သူ (ဝမ်လင်းကိုယ်ပွားလို့ ယူဆလို့ရတဲ့သူ) ဟာ မန်ဟို့ ပါရာဂွန်တံတားကို မြင်တုန်းက ‘မိုးနင်းခြေတံတား’ လို့ ခေါ်ခဲ့ပါတယ်)