မျှော်လင့်ခြင်း မီးတောက်
Vol. 126 Ch. 1876
"မရှိတော့ဘူး ဟုတ်လား... ဘယ်ဟာလဲ ဘယ်ဥစ္စာကိုလဲ .... "
ချင်ရင်ယွဲ့ အတော်လေး အံ့အားသင့်သွားခဲ့၏။ သူမက ဒူဘိုင်း၌ နေထိုင်လာခဲ့သည်မှာ အချိန် အတော်ကြာကတည်းက ဖြစ်ပြီး ဤနေရာရှိ အခြေအနေကို ကောင်းစွာ နားလည်ထားသည်။
ကိုယ်ပိုင်ကျွန်းများက အတော်လေး တသီးတသန့်ဆန်သည့် နေရာများပင်။ ပိုင်ရှင်ကလွဲ၍ ယေဘုယျအားဖြင့် မည်သူကမျှ ဤနေရာသို့ ရောက်လာခဲ့ကြမည် မဟုတ်ပေ။
ဦးစွာအနေဖြင့် အကယ်၍ ခွင့်ပြုချက် မရှိဘဲ ရောက်လာခဲ့မည်ဆိုပါက ဖောက်ထွင်းမှု အဖြစ် မှတ်ယူခံရပြီး ဒေသတွင်း ဥပဒေများအတိုင်း အရေးယူခံရမည် ဖြစ်ကာ အကြီးလေးဆုံး ပြစ်ဒဏ်က ထောင်ဆယ်နှစ်ဖြစ်၏။
ဒုတိယ တစ်ချက်အနေဖြင့် လူချမ်းသာတို့က ဤနေရာကို အပန်းဖြေအနားယူရန် နေရာတစ်ခုမျှသာ အသုံးပြုပြီး ဤနေရာ၌ တစ်သက်လုံး နေထိုင်ကြမှာ မဟုတ်သကဲ့သို့ တန်ဖိုးကြီး ပစ္စည်းများအား ချန်ထားရစ်ခဲ့သည်မှာလည်း အတော်လေးရှားသည်။ ဖောက်ထွင်းသူခိုးများကလည်း ယခုလို ပစ်မှတ်နေရာမျိုးကို မျက်စိကျကြမှာ မဟုတ်ပေ။
ထို့ပြင် ဤနေရာသို့ ရဟတ်ယာဉ်စီးပြီး လာရသည့် နှုန်းထားက အတော်လေး မြင့်မားလှ၏။ သူခိုးများက ထိုကဲ့သို့ အရာမျိုး ပြုလုပ်မှာ မဟုတ်ချေ။
“ သမီးနဲ့ လင်းရီတို့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ရှိတယ်… အစောန ဝင်သွားတုန်းက အဲ့ဒီဓာတ်ပုံက အခုမရှိတော့ဘူး … ဒါပေမယ့် အိမ်ထဲ တခြား ပစ္စည်းတွေလည်း မွှေနှောက်ခံထားတာမျိုးလည်း မမြင်မိဘူး … အဲ့ဒီရဲ့ ဓာတ်ပုံတစ်ခုတည်း ပျောက်နေတာရယ် …”
ချင်ရင်ယွဲ့ စစချင်းတုန်းက အတော်လေး ထိတ်လန့်သွားခဲ့မိသော်လည်း ထို့နောက်တွင်တော့ သူမ၏ အမူအရာမှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။
သူမ ဗီလာကို တစ်မူထူးခြားသည့် အကြည့်တစ်မျိုးဖြင့် လှမ်းကြည့်လိုက်၏။
“ ဒီဗီလာတံခါးကို ဖွင့်နိုင်တဲ့လူက သမီးရယ် … အန်တီ့သားရယ်ပဲ ရှိတာ ဟုတ်တယ်နော် …”
ကျီချင်းရန် ခေါင်းညိမ့်ပြ၏။
“ မဒမ် … တစ်ယောက်ယောက်က တခြားတစ်နေရာကနေများ ဖောက်ဝင်ထားသေးလား ကျုပ်တို့ တစ်ချက် ရှာကြည့်လိုက်ရမလား …” ဘော်ဒီဂတ် တစ်ယောက်က အကြံပြုလိုက်၏။
“ အင်း … လုပ်လိုက် …”
ဘော်ဒီဂတ် ခြောက်ယောက်က ဗီလာဝန်းကျင်ရှိ မတူကွဲပြားသည့် နေရာများသို့ ဦးတည်သွားခဲ့ကြပြီး ကျန်နှစ်ယောက်ကတော့ ကျီချင်းရန်နှင့် ချင်ရင်ယွဲ့ကို ကာကွယ်ပေးရန်အတွက် ကျန်နေရစ်ခဲ့ကြ၏။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ဘော်ဒီဂတ် ခြောက်ယောက်မှာ ခေါင်းများခါယမ်းရင်း ပြန်ရောက်လာကြလေသည်။
“ ပြတင်းပေါက်တွေကလည်း ဖောက်ထွင်းခံရတဲ့ပုံ မပြဘူး … ပြီးတော့ အကုန်လုံး အထဲကနေပဲ သော့ခတ်ထားတာ … တစ်ယောက်က အတင်းအားသုံးပြီး ဝင်လာခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး …”
ထိုစကားကြားတော့ ကျီချင်းရန်နှင့် ချင်ရင်ယွဲ့တို့ နှစ်လုံး ဇဝေဇဝါ ဖြစ်သွားခဲ့ကြပြီး အခြေအနေက အတော်လေး ထူးဆန်းသွားခဲ့၏။
“ ဧကန္တ သူများ ပြန်လာခဲ့တာ ဖြစ်နေမလားနော်…”
ကျီချင်းရန် သူမကိုယ်သူမ ရေရွတ်လိုက်ရင်း ထိုအရာကသာ တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်ရမည်ဟု တွေးမိသွားခဲ့သည်။
ဒီဇိုင်းဆွဲထားသည့် တံခါးသော့ပုံစံအရ မှန်ကန်သည့် လျှို့ဝှက်နံ့ပါတ် သို့မဟုတ် လက်ဗွေရာနှင့်သာလျှင် အိမ်ထဲသို့ ဝင်နိုင်သည်။
ဗီလာထဲသို့ ဝင်နိုင်သည့် အခြားနည်းလမ်း မရှိချေ။
“ သိပြီ … စောင့်ကြည့်ကင်မရာတွေကို စစ်ကြည့်လို့ရတာပဲ …” ကျီချင်းရန် ပြောလိုက်၏။ “ တကယ်လို့ တစ်ယောက်ယောက် ရောက်လာခဲ့တာ သေချာရင် သိနိုင်တာပဲလေ…”
လင်းရီ အသက်ပြန်ရှင်လာပြီး ဤနေရာသို့ ရောက်လာခဲ့သည်ကို ကျီချင်းရန် မယုံကြည်ခဲ့ချေ။
သူမတို့နှစ်ဦး၏ အမှတ်တရများကို သယ်ဆောင်ထားသည့် အနှီဓာတ်ပုံအား မဆုံးရှုံးချင်ရုံမျှသာ ဖြစ်၏။ ယခုအချိန်၌ ထိုဓာတ်ပုံကို ယူသွားခဲ့သည့်လူအား တွေ့အောင် ရှာဖွေရန်အတွက် သူမ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်၏။
ပြီးလျှင် ဓာတ်ပုံကို ပြန်ယူလာပေမည်။
“ သွားစို့ … အန်တီနင့်ကို ခေါ်သွားပေးမယ်….”
သီးသန့်ကျွန်း၏ အိမ်ခြံမြေ စီမံခန့်ခွဲရေး အေဂျင်စီက ဒူဘိုင်းမြို့လယ်ခေါင်တွင် ရုံးစိုက်ထား၏။ လှည့်ပတ်မေးမြန်း စုံစမ်းကြည့်ပြီးနောက်တွင် ချင်ရင်ယွဲ့က သူမကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ပေးသည်။
အခြေအနေကို ရှင်းပြပေးပြီးသည့်နောက် အေဂျင်စီကလည်း ပူးပေါင်းဆောင်ရွက်ပေးကာ စောင့်ကြည့်ကင်မရာ ဗွီဒီယို မှတ်တမ်းကို ကြည့်ခွင့်ပြုလိုက်၏။
ထို့နောက် သူမတို့နှစ်ယောက်မှာ ဗွီဒီယိုထဲ၌ ရဟတ်ယာဉ်တစ်စင်းက ယမန်နေ့ည ရှစ်နာရီအချိန်ဝန်းကျင်၌ ကျွန်း၏ ပြေးလမ်းထက်သို့ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။
မာ့စ်နှင့် လျှာထုပ်ဦးထုပ် ဆောင်းထားသည့် ဒေါင်ကောင်းကောင်းနှင့် အမျိုးသားတစ်ဦးက ရဟတ်ယာဉ်ပေါ်ကနေ ဆင်းလာပြီး ဗီလာထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့လေသည်။
“ ဟင် ဒါက ….”
ကျီချင်းရန် အံ့အားတကြီး မြည်တမ်းလိုက်မိပြီး ချက်ချင်းဆိုသလို သူမ၏ မျက်ဝန်းအစုံမှာ အနည်းငယ် နီရဲသွားခဲ့၏။
ဗွီဒီယိုထဲရှိ လူ၏ နောက်ကျောပုံရိပ်က သူမနှင့် အတော်လေး တရင်းတနှီး ရှိနေသည်။ ယင်းက လင်းရီနှင့် တထေရာတည်းပင်။
သူမတို့နှစ်ဦး အတူ နေထိုင်လာခဲ့သည်မှာ ၂ နှစ်ကျော်မျှ ရှိပြီး လင်းရီ ထွက်ခွာသွားသည့် မြင်ကွင်းကို မရေမတွက်နိုင်အောင် သူမ စောင့်ကြည့်ခဲ့ဖူး၏။
သူမ ဘယ်တော့မှ မေ့မရနိုင်သည့် နောက်ကျောပုံရိပ်တစ်ခုဟု ပြောဆိုလျှင်လည်း မှားလိမ့်မှာ မဟုတ်ချေ။
သို့သော် မကြာမီမှာပဲ ကျီချင်းရန်၏ ဆူညံယောက်ယက်ခပ်နေသည့် ခံစားချက်များအားလုံး တည်ငြိမ်သွားခဲ့၏။ လင်းရီကို လွမ်းဆွေးတဿဿ ဖြစ်နေသောကြောင့်သာ ယခုလို အတွေးများ လွန်နေသည်ကို သူမကိုယ်သူမ သတိထားမိလိုက်သည်။
ပြန်ပြင်၍ မရနိုင်တော့သည့် တစ်စုံတစ်ရာက သူ့အပေါ်တွင် ဖြစ်ပျက်သွားခဲ့ပြီး ဖြစ်၏။ ဗွီဒီယိုထဲရှိ လူက လုံးဝ လင်းရီ မဖြစ်နိုင်ပေ။ ၎င်း၏ နောက်ကျောပုံရိပ်က လင်းရီနှင့် အနည်းငယ် ဆင်တူနေရုံမျှသာ ဖြစ်သည်။
သို့ပေမယ့် ချင်ရင်ယွဲ့ကတော့ ထိုသို့ မထင်ပေ။
လင်းရီနှင့် နီးနီးကပ်ကပ် နေရသည့် အချိန်က ဘယ်လောက်မျှ မကြာသေးသော်လည်း ရဟတ်ယာဉ်ပေါ်က ဆင်းလာခဲ့သည့် လူက သူမသား ဖြစ်သည်ဟု အလိုလို သိစိတ်က ပြောပြနေခဲ့၏။
ဤသည်က မိခင်တစ်ယောက်၏ ဝမ်းတွင်းအသိစိတ်ပင်။
သို့သော်လည်းပဲ ယခုအခိုက်အတန့်၌ ချင်ရင်ယွဲ့ မည်သည့် အရိပ်အမြွက်ကိုမျှ ပြောပြရန်အတွက် စိတ်မကူးထားခဲ့ပေ။ ဇာတ်ထုပ်ကို စခဲ့သူသာလျှင် အဆုံးသတ်သင့်၏။
သူ့သားနှင့် ကျီချင်းရန်တို့၏ ကိစ္စကို သူတို့နှစ်ဦးသီးသန့် ဖြေရှင်းကြဖို့ ချန်ထားပေးလိုက်မည်။
၎င်းနောက် … ချင်ရင်ယွဲ့က ဗွီဒီယိုကို အရှိန်တင်ပေးရန် ဝန်ထမ်းအား ပြောလိုက်သည်။
မကြာမီ ဦးထုပ်နှင့် အမျိုးသားက သူ၏ လက်ဗွေရာနှင့် သော့ဖွင့်ပြီး အထဲသို့ လွယ်လင့်တကူ ဝင်သွားခဲ့သည်ကို မြင်တွေ့လိုက်ရလေသည်။
ကျီချင်းရန်၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ပြီး ကဆုန်ပေါက်နေသည့် သူမ၏ အသည်းနှလုံးမှာ လည်ချောင်းဝမှ အပြင်သို့ ခုန်ပေါက်ထွက်လာတော့မည့်နှယ် ခံစားနေရသည်။
ထိုကျွန်းက သူမနှင့် လင်းရီတို့၏ သီးသန့် ပိုင်ဆိုင်မှုပင်။ သူမတို့နှစ်ဦး၏ လက်ဗွေရာနှင့်ပဲ ထိုတံခါးကို ဖွင့်နိုင်လေသည်။
ဗွီဒီယိုထဲရှိလူက သူ့လက်ဗွေရာနှင့် တံခါးအား ဖွင့်ပြသွားခဲ့သည်က ကျီချင်းရန်၏ စိတ်ခံစားချက်များကို မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေလျက် ရှိတော့သည်။
ကံမကောင်းစွာဖြင့် ကင်မရာများက ကျွန်းအပြင်ဘက်ပိုင်းမျှသာ တပ်ဆင်ထားပြီး ဗီလာအတွင်း၌ ထိုလူ ဘာတွေ လုပ်သွားလဲဆိုတာကို မည်သူမျှ မသိလိုက်ရချေ။
ဗွီဒီယိုကို ခပ်မြန်မြန် ပြန်ရစ်ကြည့်လိုက်သောအခါ နာရီဝက်ကြာပြီးသည့်နောက် ထိုအမျိုးသားက ဗီလာထဲမှ ပြန်ထွက်လာခဲ့ပြီး ရဟတ်ယာဉ်ဖြင့် ကျွန်းပေါ်က ပြန်လည်ထွက်ခွာသွားခဲ့လေသည်။
ထိုအခိုက်အတန့်၌ ကျွန်းတစ်ခုလုံးက တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး ဘာတစ်ခုမျှ ဖြစ်ပျက်မသွားခဲ့သည့်သယောင် ထင်နေရသည်။
“ မိန်းကလေးတို့ .. အခု အဲ့လူက မိန်းကလေးရဲ့ ကျွန်းပေါ် ကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုတာ ကျုပ်တို့ အတည်ပြုလိုက်နိုင်ပြီ … ဒါက ဥပဒေကို ချိုးဖောက်လိုက်တာပဲ … ကျုပ်တို့ ရဲကို ချက်ချင်း အကြောင်းကြားပြီး ကိုင်တွယ်လိုက်မယ်…”
မန်နေဂျာက ပြောလိုက်၏။
“ မဟုတ်ဘူး … မလုပ်သေးနဲ့ဦး …”
ကျီချင်းရန် ပြောဆိုပြီးနောက် သူမ ချင်ရင်ယွဲ့၏ ဘေးတွင် သွားရပ်လိုက်သည်။ အင်မတန် စိတ်လှုပ်ရှားနေသည့်အတွက်ကြောင့် သူမမှာ အတော်လေး ရင်တုန်ပန်းတုန်ဖြစ်နေကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရပြီး ချင်ရင်ယွဲ့အား ပြောလိုက်၏။
“ အန်တီ … လင်းရီ မသေဘဲ သူ မစ်ရှင်တစ်ခုခု လုပ်နေတယ်လို့ မထင်ဘူးလား …”
ကျီချင်းရန်၏ ထိုထွင်းသိမြင်နိုင်စွမ်းက ဤမျှ စူးရှနေလိမ့်မည်လို့ ချင်ရင်ယွဲ့ မျှော်လင့်မထားခဲ့ချေ။
“ မဖြစ်နိုင်ဘူးနော်… တကယ်လို့ အဲ့လိုသာဆိုရင် သူ အန်တီတို့ကို မသိအောင် ဖုံးကွယ်ထားမှာလား .. တစ်ခုခုတော့ ပြောထားမှာပေါ့ …”
ချင်ရင်ယွဲ့က အမှန်တရားကို မပြောကြားသေးဘဲ ဤအခြေအနေကို သဘာဝအတိုင်းသာ ဖြေရှင်းသင့်သည်ဟု ယုံကြည်နေသည်။
ထင်ကြေးပေးလိုက်သော်လည်းပဲ ကျီချင်းရန်ပင် သူမကိုယ်သူမ လုံးဝကြီး သေချာမနေပေ။
မီးတောက် အသေးစားလေးကဲ့သို့ … အကယ်၍ တစ်စုံတစ်ယောက်က လောင်စာ ထည့်လောင်းလိုက်မည်ဆိုပါက အလျှံတငြီးငြီးဖြင့် ဧရာမ မီးတောက်ကြီးအဖြစ် လောင်ကျွမ်းတောက်လောင်လာနိုင်သည်။
သို့သော် … အကယ်၍ တစ်စုံတစ်ယောက်က ရေလောင်းချလိုက်မည်ဆိုပါက ချက်ချင်းလက်ငင်းပဲ ငြိမ်းသက်သွားမှာ ဖြစ်၏။
ယခု အချိန်တွင်တော့ ချင်ရင်ယွဲ့က ရေအေးလောင်းချနေသူပင်။
“ သူခိုးတစ်ယောက် ဖြစ်နိုင်တယ်…” ချင်ရင်ယွဲ့၏ ဘော်ဒီဂတ် တစ်ယောက်က ဝင်ပြီး ပြောလာခဲ့၏။ “ လက်ဗွေသော့စနစ်က အဆင့်မြင့်တယ်ဆိုပေမယ့် အရမ်းကြီးမြင့်နေတာမျိုးလည်း မဟုတ်ဘူး … လက်ဗွေရာအတုလုပ်ပြီး အထဲဝင်ဖို့ဆိုတာ လွယ်လွယ်လေးပဲ …”
ဘော်ဒီဂတ်က ချင်ရင်ယွဲ့ဘက်ကနေ ကူညီပြောဆိုပေးနေခြင်း မဟုတ်ပေ။ သူ၏ အရင် အတွေ့အကြုံများပေါ်တွင် အခြေခံ၍ အတွေးများအား ထုတ်ဖော်ပြောဆိုနေခြင်း ဖြစ်လေသည်။
ယခင်ကလည်း သူတို့တွေ ယခုလို ဆင်တူ အဖြစ်အပျက်မျိုး များစွာ ကြုံတွေ့ခဲ့ဖူး၏။
ထို့ပြင် သူတို့ အဖွဲ့အစည်းထဲရှိ လူတော်တော်များကလည်း ယခုလို လုပ်နိုင်စွမ်းတို့ ရှိကြသည်။
“ သမီး အတွေးလွန်သွားတယ်ထင်ပါတယ်လေ…”
ကျီချင်းရန် မျက်လွှာချပြီး စိတ်ဓာတ်ကျနေဟန်ဖြင့် ပြောလိုက်သည်။
သူမ၏ အတွေးများက အတော်လေး ရယ်ချင်စရာ ကောင်းလှသည်ဟု ကိုယ့်ကိုယ်ကို ပြန်တွေးမိသွားခဲ့၏။ အကယ်၍ လင်းရီက မစ်ရှင်လုပ်နေတယ်ဆိုပါက တစ်စုံတစ်ယောက် မသိဘဲ မည်သို့နေလိမ့်မည်နည်း။
ထို့ပြင် … ဆေးရုံ၌ လင်းရီ၏ အခြေအနေ မည်သို့ရှိသည်ကို သူမမျက်မြင်ကိုယ်တွေ့ပင်။ လူတွေက လိမ်ညာနိုင်သည်။ သို့သော် စက်များက မလိမ်ညာတတ်ပေ။
သူမက တဒင်္ဂမျှ သူမ၏ စိတ်ကူးယဉ်ကမ္ဘာကြီးအား သူမအပေါ် လွှမ်းမိုးခွင့် ပြုလိုက်မိသည်။
“ အန်တီ ပြောတာ နားထောင်ပြီး ဒီကိစ္စကို စိတ်ပူနေတာ ရပ်လိုက်တော့ … ဒီနေ့တော့ မပြန်သေးနဲ့ဦး … နောက်တစ်ရက်လောက် နားလိုက်နော် … တကယ်လို့ သွားချင်သေးတယ်ဆိုလည်း မနက်ဖြန်မှ ပြောကြတာပေါ့ ..”
“ ဟုတ်ကဲ့ …”
ချင်ရင်ယွဲ့၏ ဖြောင်းဖျမှုအောက်၌ နှစ်ယောက်မှာ အတ္တလန်တီယန် ဟိုတယ်သို့ ပြန်ရောက်လာခဲ့လေသည်။ သို့သော်လည်းပဲ ကျီချင်းရန်၏ မျက်လုံးတို့က ပင်လယ်ဘက်သို့သာ အကြည့်ရောက်နေခဲ့၏။
ဝေးကွာသည့် မိုးကုပ်စက်ဝိုင်းအောက်၌ သူမ မျှော်လင့်နေခဲ့သည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လျှင် အကောင်းသားဟု မျှော်လင့်နေမိခဲ့သည်။