← Chapters

စုန့်ကျင်းမင် ဘာတွေ ပြင်ဆင်ထားလဲ

Vol. 126 Ch. 1882

စုန့်ကျင်းမင် ဘာတွေ ပြင်ဆင်ထားလဲ

Vol. 126 Ch. 1882

“ အစ်ကိုရီ … ကျွန်မတို့ သွားပြီး ကူကြရင်ကော …” ရှောင်ပင်း ပြောလာခဲ့၏။

“ အနက်ရောင်မြွေအဖွဲ့ဝင်တွေ အများကြီး အဲ့ဒီကို ရောက်လာနေလောက်ပြီ …”

“ သွားရင် အန္တရာယ် ပိုများသွားလိမ့်မယ်… နင်ချဲ့ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ ငါ ယုံတယ်…”

ပြောပြီးသည်နှင့် လင်းရီ ခေါင်းထောင်၍ ဘေးဘီဝဲယာကို တစ်ချက် စူးစမ်းကြည့်လိုက်သည်။ “ အချိန်ကျပြီ … သွားစို့ …”

“ ဟုတ်ကဲ့ …”

လေးယောက်လုံးမှာ စိတ်ပိုင်းဖြတ်ထားသည့် အမူအရာဖြင့် ရှိနေခဲ့ကြ၏။ ဤသည်က သူတို့ ရဲဘော်ရဲဘက်များ အသက်ကိုရင်း၍ ဖန်တီးပေးထားခဲ့သည့် အခွင့်အရေးတစ်ရပ်ပင်။ သူတို့ အမိအရ ဆုပ်ကိုင်ရပေမည်။

ရန်သူများက အဝေးသို့ မျှားခေါ်သွားခြင်း ခံရသောကြောင့် လင်းရီတို့ဘက်ခြမ်းရှိ စစ်ဆင်ရေးမှာ ပြောစရာမရှိလောက်အောင်ကို ချောချောမွေ့မွေ့ ဖြစ်နေသည်။ လျင်လျင်မြန်မြန်နှင့် ခရီးတွင်လာခဲ့ပြီး ဆယ်မိနစ် မကြာခင် အချိန်အတွင်းမှာပဲ အနက်ရောင်မြွေ၏ ကင်းတပ်စခန်းနှင့် မီတာ တစ်ရာအကွာမျှသာ ဝေးကွာတော့သည်။

တစ်ချိန်တည်း၌ လင်းရီလက်ထဲရှိ စကားပြောစက်က အသံမြည်လာသည်။

ချိုးယွီလော့၏ အသံ ပေါ်ထွက်လာခဲ့၏။

“ ငါတို့ အမာခံနယ်မြေထဲ ရောက်နေပြီ .. နင့်ဘက်ရော အခြေအနေ ဘယ်လိုရှိလဲ …”

“ ငါတို့လည်း ရောက်နေပြီ … မင်းဘက်ရော ဘယ်လိုလဲ … အထဲမှာ ဘယ်လိုတွေ ဖြစ်နေလဲ မြင်ရလား …”

“ အပြင်ဘက် အပေါက်ဝမှာတော့ နှစ်ယောက် စောင့်နေတယ်… ဒါပေမယ့် အထဲမှာ ဘယ်လောက်များများ ရှိနေလဲတော့ ငါမသိဘူး … ငါ ခန့်မှန်းမိသလောက်တော့ ငါးယောက်ထက် ပိုမရှိနိုင်လောက်ဘူး …” ချိုးယွီလော့ ပြောဆိုလိုက်သည်။ “ နင်တို့ဘက်မှာက အရေအတွက် အားသာချက် ရှိတယ်… ဒီတော့ အသာစီးကပဲ … ငါ ကာပြီး ပစ်ထားပေးမယ်… နင်တို့က အခွင့်အရေးကို အသုံးချပြီး လှုပ်ရှားလိုက် … ပြီးရင် ပြန်ဆုတ်ခဲ့ …”

“ မင်းတို့လည်း ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ဦး … ထင်မှတ်မထားတာတွေ တစ်ခုခု ဖြစ်လာခဲ့ရင် မစ်ရှင် ကျဆုံးသွားနိုင်တယ်…”

“ နားလည်တယ်… ဘာလုပ်ရမလဲ ငါသိတယ်…”

ချိုးယွီလော့ တုံ့ပြန် ပြောဆိုလိုက်သည်။

“ နင်တို့ ရှေ့ကို ဆက်တက်နှင့် … ငါးမိနစ်အတွင်း ငါ ကင်းစောင့်နှစ်ယောက်ကို ခေါ်ထုတ်သွားမယ်… ကျန်တာ နင်တို့လက်ထဲမှာပဲ …”

“ နားလည်ပြီ…”

ဆက်သွယ်မှု ပြီးဆုံးသည်နှင့် လင်းရီ လက်ဝှေ့ယမ်း၍ ရှေ့ရှိ နှစ်ထပ် အဆောက်အဦးထဲသို့ ခိုးဝင်ရန် ဟန်ပြင်လိုက်သည်။

သူတို့၏ အမြန်နှုန်းက အလွန်အမင်း နှေးကွေးလှ၏။ လေးငါးမီတာ အကွာအဝေးသို့ ရောက်ရှိရန်ပင် အချိန်တစ်မိနစ်မျှကြာသည်။ ယခုလို အခြေအနေ၌ ဆူဆူညံညံ အသံများ ရုတ်တရက် ပြုလုပ်မိပါက သူတို့တွေ ဇာတ်သိမ်းပြီ ဖြစ်၏။

ငါးမိနစ် ကြာပြီးနောက် လင်းရီနှင့် သူ့အသင်းမှာ အဆောက်အဦးနှင့် မီတာ ငါးဆယ်မျှ နီးကပ်လာခဲ့သည်။ ထိုအချိန်မှာပဲ သေနတ်ပစ်ခတ်သံ ထွက်ပေါ်လာပြီး ကင်းစောင့်နှစ်ယောက်သည်လည်း ချက်ချင်း သတ်ဖြတ်ခံလိုက်ရ၏။

ရုတ်ချည်းထွက်ပေါ်လာခဲ့သည့် သေနတ်သံများက ကင်းတပ်စခန်းထဲရှိ လူတိုင်းကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့လေသည်။ သူတို့ သေနတ်များကို ပင့်မြှောက်၍ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် လေ့လာကြည့်ရှုလိုက်၏။

သို့သော် ထိုအချိန်မှာပဲ ချိုးယွီလော့ဘက်က ဆက်တိုက် ပစ်ခတ်လာခဲ့ကာ အယောင်ပြဝံ့သူတိုင်းကို ပစ်ခတ်ချေမှုန်းနေလျက် ရှိတော့၏။

“ တက် …”

လင်းရီအမိန့်ပေးလိုက်ပြီး သူတို့သုံးယောက်ကို ခေါ်ကာ စခန်း၏ ဒုတိယထပ်သို့ ပြေးတက်လာခဲ့၏။

ပရမ်းပတာ ဖြစ်နေသည့် အခြေအနေနှင့် ညအမှောင်က လင်းရီနှင့် ကျန်သူများအတွက် သဘာဝအကာအကွယ် တစ်ခုကဲ့သို့ ဖြစ်လာခဲ့ကာ ဧရာမ ရှာဖွေသည့် မီးအလင်းတန်းကြီး ရှိနေသော်လည်းပဲ သူတို့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ချေ။

ဆယ်စက္ကန့်ကြာပြီးသည့်နောက် လေးယောက်က ဒုတိယထပ်သို့ ရောက်ရှိလာခဲ့သည်။

လင်းရီ စကေဘာကို ပစ်ပေါက်လိုက်ပြီး ညမြင်ကွင်း၌ လခြမ်းကွေးသဏ္ဌာန် ဝေ့ပတ်သွားခဲ့ကာ ရှိနေသည့်လူများအနက် တစ်ဦး၏ လည်ချောင်းသို့ ထုတ်ချင်းပေါက်သွားခဲ့၏။

အခြားအစောင့်တစ်ယောက်လည်း အခြေအနေမကောင်းသည်ကို သတိပြုမိတော့ ချက်ချင်းဆိုသလို မိမိကိုယ်ကို ကာကွယ်ရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပဲ အသံတိတ်ကျည်ဆံတို့က လေထဲက တစ်ဆင့် ပျံသန်းလာခဲ့ကာ ၎င်း၏ နဖူးသို့ ဝင်ရောက်သွားခဲ့ပြီး ချက်ချင်း သေဆုံးသွားခဲ့၏။

“ သွား …”

လင်းရီ အမိန့်ပေးလိုက်ပြီး ရှောင်ပင်းနှင့်အတူ အလယ်မှ ဦးဆောင်ကာ ကျန်းချောင်ယွဲ့နှင့် ကျောက်ယွင်ဟူတို့ကတော့ ဘေးမှ ကာဗာပေးလျက် လိုက်ပါလာသည်။ ကင်းတပ်စခန်းထဲသို့ သူတို့တွေ အဆင်ပြေချောမွေ့စွာဖြင့် ဝင်ရောက်နိုင်သွားခဲ့၏။

“ မလှုပ်နဲ့ …”

ဒုတိယထပ်၏ စင်္ကြံလမ်းတွင် လက်နက်ကိုင် တပ်သား ငါးယောက်က အသက် လေးဆယ်အရွယ် သက်လတ်ပိုင်း အမျိုးသားတစ်ဦးအား ဝန်းရံထားကာ ၎င်းအား အပြည့်အဝ ကာကွယ်ပေးနေလျက် ရှိသည်။

“ သူတို့ကို ရှင်းလိုက် …”

လင်းရီ ချက်ချင်း အမိန့်ပေးလိုက်ပြီး တစ်ဖက်သူကို စကားပြောဆိုရန်ပင် အခွင့်အရေး မပေးခဲ့ချေ။ အသင်းသားများမှ မဆိုင်းမတွ ပစ်ခတ်လိုက်ကြပြီး သုံးစက္ကန့်အတွင်းမှာပဲ လူငါးယောက်လုံးကို အဆုံးသတ်ပြီး ဖြစ်သွားခဲ့လေသည်။ တစ်ဖက်သူမှာ လှုပ်ရှားရန်ပင် အခွင့်အရေး မရှိခဲ့ချေ။

“ မင်းတို့ ဘယ်သူတွေလဲ …”

တစ်ဦးတည်းသော ကျန်ရစ်သည့် သက်လတ်ပိုင်း အမျိုးသားမှ ကြောက်လန့်တကြီး မြည်တမ်းလိုက်၏။

လင်းရီ လေကုန်ခံ၍ ပြန်ဖြေမနေတော့ပဲ ရှေ့သို့ ပြေးတက်ကာ ထိုလူ၏ လည်ပင်းကို ခုတ်၍ သတိလစ်အောင် ပြုလုပ်လိုက်၏။

ဓားစာခံကို ပခုံးထက်သို့ တင်ဆောင်ရင်း လင်းရီ ကျန်သူများကို ဆုတ်ခွာရန် အချက်ပြလိုက်သည်။

တစ်ချိန်တည်းတွင် ရှောင်ပင်း စကားပြောစက်အား ဖိ၍ “ ခေါင်းဆောင်ချိုး ၊ ခေါင်းဆောင်နင် … ပြန်ဆုတ်လို့ရပြီ …”

“ အိုကေ …”

မြို့က ပရမ်းပတာ ဖြစ်နေပြီး ယင်းကပဲ လင်းရီတို့၏ ဆုတ်ခွာသည့် အစီအစဉ်ကို ပို၍ အဆင်ချောသွားစေသည်။

နှစ်နာရီကြာပြီးနောက် သုံးသင်းလုံးက သဘောတူညီထားသည့် နေရာသို့ ရောက်ရှိလာခဲ့ကာ စုန့်ကျင်းမင် ဘက်ခြမ်းသို့ ပြန်ရောက်လာခဲ့၏။

စုန့်ကျင်းမင် နာရီကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်အားရဟန်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်၏။ သုံးသင်းလုံးက သူ စိတ်ကူးထားသည်ထက် နာရီဝက် စောရောက်လာခဲ့လေသည်။ ဤအဆင့်က မဆိုးလှချေ။

“ ကားထဲဝင် …”

စုန့်ကျင်းမင်၏ အမိန့်ပေးမှုအောက်၌ လူတိုင်းမှာ ကားထဲသို့ ဝင်လိုက်ကြပြီး ဘာရာဝီကနေ တိတ်တဆိတ် ထွက်လာခဲ့ကြ၏။

နာရီဝက်ကြာပြီးနောက် သူတို့အားလုံး အန္တရာယ်များသည့် နေရာထဲမှ ထွက်လာနိုင်ခဲ့ကာ စိတ်ချလက်ချ အသက်ရှူရန် အခွင့်အရေးကောင်းကောင်း ရရှိသွားတော့သည်။

စစ်ဆင်ရေး အဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်သွားခဲ့သည်က အနက်ရောင်မြွေအဖွဲ့အစည်းသည် အားနည်းနေသောကြောင့်ဟု မဆိုလိုပေ။ သူတို့၏ ပစ်မှတ်က ကင်းတပ်စခန်းများအနက် တစ်ခုသို့သာ ဝင်ရောက်ကျူးကျော်ခဲ့ပြီး ၎င်းတို့၏ ဆုတ်ခွာမှုကို အတော်လေး လွယ်ကူသွားစေခဲ့သည်။

အုပ်စုက ၎င်းတို့၏ အကျဉ်းသားကို တောနက်ကြီးထဲသို့ ခေါ်လာခဲ့ကာ ၎င်းအား လှုပ်နိုးလိုက်၏။

သူ့အနား ပတ်ပတ်လည်တွင် ရှိနေသည့် လူများကို မြင်တော့ အနက်ရောင်မြွေ အဖွဲ့၏ ကင်းတပ်စခန်း ခေါင်းဆောင်သည် ကြောက်လန့်မှုကြောင့် တုန်ယင်သွားခဲ့သည်။

“ မင်းတို့ ဘယ်သူတွေလဲ … ဘာလိုချင်လို့လဲ …”

လင်းရီ သူ့ပခုံးကို ပုတ်၍ “ ငါတို့ ဘယ်သူလဲက ကိစ္စမရှိဘူး … အသက်ရှင်ချင်တယ်ဆို မင်းတို့ရဲ့ ဆက်သွယ်ရေးလှိုင်းကြိမ်နှုန်းက ဘာလဲပြော … ငါတို့ ဖောဆက်စ်နဲ့ စကားပြောဖို့လိုတယ်….”

“ ကြိမ်နှုန်းက MHZ19357458 “

ရှောင်ပင်း ရေဒီယို ဆက်သွယ်ရေးပစ္စည်းကို လင်းရီလက်ထဲသို့ ထည့်ပေးလိုက်သည်။

“ အစ်ကိုရီ … လိုင်းထည့်ပြီးသွားပြီ …”

“ ဖောဆက်စ် ရှိလား … သူ့ကို စကားပြောခိုင်းလိုက် …”

လင်းရီ ရေဒီယိုထဲသို့ ပြောလိုက်သည်။

“ ဘယ်သူလဲ …”

“ ငါတို့က ဒီကို လက်စားချေဖို့ ရောက်လာတဲ့လူတွေ … ဘာအတွက် လက်စားလာချေလဲဆိုတာတော့ မင်းတို့တွေ ကောင်းကောင်းကြီး သိကြမှာပါ …”

“ မင်းတို့က ကျုံးဝေ့တပ်ဖွဲ့ကပဲ …”

တစ်ဖက်သူမှာ အတော်လေး ဉာဏ်ထက်လှပြီး လင်းရီ မည်သူမည်ဝါဖြစ်သည်ကို ချက်ချင်း မှန်းဆလိုက်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ လတ်တလော အကြီးဆုံး စစ်ဆင်ရေးက ကျုံးဝေ့တပ်ဖွဲ့ကို ဝိုင်းရံပိတ်ဆို့၍ ဖိနှိပ်ရန် ဖြစ်နေခဲ့သောကြောင့်ပင်။

“ မင်းက မပိန်းဘူးပဲ … ဒါပေမယ့် ငါတို့ ခိုင်းတဲ့ အတိုင်းလုပ်ဖို့ အကြံပေးလိုက်မယ်… မဟုတ်ရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ငါ အာမ မခံနိုင်ဘူး …”

“ မင်းတို့ ကျုံးဝေ့တပ်ဖွဲ့က ဖြုံချင်စရာကောင်းတယ်ဆိုတာ ငါ ဝန်ခံတယ်… ဒါပေမယ့် ငါတို့ကိုလည်း အထင်လာမသေးစမ်းနဲ့ …”

“ ငါတို့ခေါင်းဆောင်က အခု ဒီနေရာမှာ မရှိဘူးဆိုရင်တောင် စခန်းနားကပ်လာတာနဲ့ မင်းတို့တစ်ယောက်မှ ပြန်ထွက်မသွားနိုင်စေရဘူးလို့ အာမခံတယ်…”

“ ဒီမှာမရှိဘူးပေါ့ …”

ရရှိလိုက်သည့် သတင်းက လင်းရီကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။ တစ်ဖက်သူ ပြောသည့် စကားက အမှန်ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားသုံးသပ်ကြည့်နေသည်။

သို့သော် ထိုအချိန်မှာပဲ စုန့်ကျင်းမင်က စကားပြောစက်သို့ ပြောလိုက်၏။

“ မင်း ရိုးရိုးသားသား ဖြေမှာ မဟုတ်ဘူးဆိုတာ ငါသိသားပဲ… ဒါပေမယ့် မင်း စိတ်ပြောင်းတယ်ဆိုရင် ငါတို့ဆီ ပြန်ဆက်သွယ်လိုက် …”

ပြောပြီးနောက် စုန့်ကျင်းမင် စကားပြောစက်ကို ပိတ်ချလိုက်သည်။

လူတိုင်း၏ အကြည့်က သူ့ထံသို့ ကျရောက်သွားခဲ့ပြီး ရှေ့ဘာဆက်လုပ်မလဲဆိုတာကို သိချင်နေကြလေသည်။

“ သူတို့ ပြန်ဆက်သွယ်လာမှာကို ထိုင်စောင့်နေမှာကြီးကတော့ မဟုတ်သေးဘူးနော် …” ရှောင်ပင်း ပြောလိုက်၏။

“ သာမန်နည်းလမ်းတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး … ဒီတော့ ငါတို့ဘက်က သမာရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေကို သုံးဖို့လိုတယ်…”

ထိုသို့ ပြောပြီးနောက် စုန့်ကျင်းမင် သူ့ဖုန်းထုတ်၍ ဂေဆင်ထံ ဆက်သွယ်လိုက်၏။

“ ငါတို့ဘက်က ပြီးသွားပြီ … မင်းတို့ကောင်တွေ စလို့ရပြီ …"

ညွှန်ကြားချက် ပေးပြီးနောက် စုန့်ကျင်းမင် ဖုန်းပြန်ချလိုက်သည်။ လူတိုင်း တစ်ယောက်ကိုယ်တစ်ယောက် အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။

ရှောင်ပင်းက

“ အနက်ရောင်မြွေ ရုံးချုပ်ကို တိုက်ဖို့ ဒီကို တခြားလူတွေလည်း ခေါ်လာတာလား …’

စုန့်ကျင်းမင် ခေါင်းယမ်းပြလာခဲ့၏။ “ အငိုက်ဖမ်း တိုက်ခိုက်ဖို့ဆို ပေးဆပ်ရမယ့် တန်ကြေးက မသေးဘူး … မတန်ဘူး … ဒီတော့ တခြားနည်းလမ်းတစ်ခုကို ငါစဉ်းစားထားတယ်…”

“ တခြားနည်းလမ်း ဟုတ်လား …”

လင်းရီပင် စုန့်ကျင်းမင် ဘာတွေ ပြုလုပ်ချင်နေလဲဆိုတာ နားမလည်နိုင်ခဲ့ပေ။

“ မပူနဲ့ … ခဏနေ မင်းတို့ သိရတော့မှာ …”

စုန့်ကျင်းမင် မပြောပြချင်သည်ကို မြင်တော့ ကျန်သူများလည်း ရှေ့ဆက် မမေးမြန်းကြတော့ချေ။ သူတို့အားလုံး နေရာတွင်သာ ရပ်၍ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြလေသည်။

နာရီဝက်မျှ ကြာပြီးနောက် အဝေးတစ်နေရာရှိ ကောင်းကင်ယံက ရုတ်ချည်း တောက်ပလာသည်ကို လူတိုင်း သတိပြုမိလိုက်ကြသည်။

သူတို့အကုန်လုံး အံ့အားသင့်သွားခဲ့ကြ၏။

“ အဲ့တာ ဘာကြီးလဲ …”

“ ဒုံးကျည်တွေ …” ချိုးယွီလော့ အံ့အားတကြီး မြည်တမ်းသွားမိခဲ့၏။

All Chapters