← Chapters

ရှာဖွေတွေ့ရှိမှုအသစ်

Vol. 126 Ch. 1883

ရှာဖွေတွေ့ရှိမှုအသစ်

Vol. 126 Ch. 1883

“ သောက်ကျိုးနည်း …”

ဤသည်ကို မြင်တော့ လင်းရီပင် တည်တည်ငြိမ်ငြိမ် ရှိမနေနိုင်တော့ချေ။

“ ခင်များ တကယ်ကြီး ဒါတွေ ယူလာတယ်ပေါ့ ..”

“ ဘယ်နားကသာ … ဒါ တာဝေးပစ်တွေဟ …” စုန့်ကျင်းမင် ချက်ကျလက်ကျဖြင့်ပြောလိုက်ပြီး “ ငါတို့အများစုက တစ်ဦးချင်း တိုက်ပွဲတွေမှာပဲ စွမ်းရည်ကောင်းတာ … လူအင်အား အများကြီးနဲ့ အကြီးစား တိုက်ခိုက်မယ်ဆိုရင်တောင် တန်ကြေးတစ်ချို့ မပေးဆပ်ရဘဲနဲ့ အောင်မြင်နိုင်မှာ မဟုတ်ဘူး … ဒီနည်းလမ်းကကျတော့ ပိုပြီးထိရောက်မှု ရှိသလို တည့်တိုးလည်းဆန်တယ်…”

“ ဒါပေမယ့် လူတိုင်းမှာ ဒီလိုမျိုး လုပ်ခွင့် မရှိဘူးမလား …” ရှောင်ပင်း ပြောလိုက်၏။

“ အမှန်ပဲပေါ့ … ဘာပဲပြောပြော ငါတို့က ဒီနှစ်တွေ တစ်လျှောက်လုံး အလေလိုက် လျှောက်လုပ်နေကြတာမှ မဟုတ်တာ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ ကျွန်းပြင်ပဘက်က အရာတွေကို ဂရုစိုက်လေ့စိုက်ထ မရှိဘူးဆိုပေမယ့် ဒီလို အခြေခံပစ္စည်းလေးတွေတော့ ရှိထားတယ်လေ…”

လင်းရီနှင့် ကျန်သူများမှာ ပြောစရာစကား ကင်းမဲ့သွားခဲ့ရ၏။ ၎င်းတို့၏ နည်းလမ်းက လွန်လွန်ကြူးကြူးကြီးကို ရက်စက်လွန်းလှသည်။

ရှော့ခ်အရဆုံးကတော့ သူတို့ ဖမ်းဆီးထားသည့် ခေါင်းဆောင် အငယ်စားလေးပင်။

ဒီလူတွေက ဘယ်သူတွေလဲ …

သူတို့ပြောဆိုနေစဉ် အချိန်အတွင်းမှာပဲ ဒုံးကျည်အများအပြားက ညကောင်းကင်ယံ၌ ကြယ်တံခွန်များကဲ့သို့ အနက်ရောင်မြွေ၏ အခြေစိုက်စခန်းထဲ ဆင်းသက်ပေါက်ကွဲသွားခဲ့လေသည်။

လင်းရီ၊ ချိုးယွီလော့နှင့် နင်ချဲ့တို့ကတော့ တည်တည်ငြိမ်ငြိမ်ပင်။ သို့သော် ကျန်သည့်အသင်းသားများကတော့ တည်ငြိမ်စွာ မနေနိုင်ဘဲ စိတ်ခံစားချက်တို့မှာ ကသောင်းကနင်း ဖြစ်ပေါ်နေလျက် ရှိသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း …..

ဒုံးကျည်တို့က ဘာရာဝီသို့ ဆင်းသက်သွားပြီး ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ အလှမ်းဝေးသည့် နေရာမှ ရပ်ကြည့်နေသည့် သူတို့ပင် ကမ္ဘာမြေကြီး တုန်လှုပ်သွားသည်အား ခံစားမိလိုက်၏။

ရှောင်ပင်း တိတ်ဆိတ်စွာ ရပ်ကြည့်နေရင်း နောက်ဆုံး၌ ခါးသီးသည့် အမှန်တရားတစ်ခုကို နားလည်သဘောပေါက်သွားခဲ့သည်။

လက်ရှိ ကမ္ဘာကြီးက တောတွင်းဥပဒေသ ကြီးစိုးရာ ကမ္ဘာကြီးပင်။ ထို့ကြောင့်ပဲ မမျှတမှုဆိုသည်မှာ ကွယ်ပျောက်သွားခြင်း မရှိဘဲ ဆက်လက် တည်ရှိနေခြင်း ဖြစ်၏။

သူမတို့ မျက်စိရှေ့မှောက်၌ မြင်တွေ့နေရသည့် အရာကား အားနည်းနေမှု၏ ကံကြမ္မာပင်။

လေကြောင်းတိုက်ခိုက်မှုက နောက်ထပ် ၁၀ မိနစ် ကျော်ကြာသည်အထိ ဆက်လက်နေခဲ့လေသည်။ ထိုအချိန်မှာပဲ စကားပြောစက်မှာ အသံပြန်မြည်လာခဲ့၏။

“ တော်တော့ ရပ်တော့ … မင်းတို့ သိချင်သမျှ ငါ အကုန် ပြောပြပေးမယ်…”

“ အစောကတည်းက ပြောရောပေါ့ … အဲ့လိုသာဆိုရင် ငါတို့ ပိုက်ဆံတွေ ချွေတာပြီးသား ဖြစ်တာပေါ့ …” လင်းရီ ပြောလိုက်သည်။

“ ငါတို့ခေါင်းဆောင်က ကာတာမှာ … ဒီမှာ မရှိဘူး … မင်း သူနဲ့တွေ့ချင်တယ်ဆို အဲ့ကို သွားလိုက် …”

“ လိပ်စာအတိအကျပေး …”

“ ကာတာက O (အို) ဟိုတယ်မှာ … တောင်းဆိုပါတယ်… မင်းတို့ထပ်ပြီး မဖောက်ခွဲပါနဲ့တော့ …”

“ မဖြစ်နိုင်ဘူး … ငါ့ညီကိုက မင်းတို့ လက်ထဲမှာ သေသွားခဲ့တာ ဒီလိုပြောတိုင်း မင်းတို့ကို အလွယ်လေး လွှတ်ပေးလိုက်မယ်ထင်လား …” လင်းရီ နှာခေါင်းရှုံ့လိုက်ပြီး “ ဒီတော့ ငါ့ဆီလာပြီး သိုင်းလောကရဲ့ ကျင့်ဝတ်သိက္ခာနဲ့ တရားမျှတမှုတွေ လာမပြောနဲ့ … အဲ့ဒီအတွက် မင်းတို့အသက်နဲ့ ပြန်ပေးဆပ်ရမယ်….”

“ ငါတို့လက်ထဲမှာ သေသွားတယ် ဟုတ်လား …” တစ်ဖက်ခြမ်းရှိလူမှာ လုံးဝ ကြက်သေသေသွားခဲ့လေသည်။

“ မဟုတ်ဘူး … ဖောဆက်စ်က အဲ့လို လုပ်ဖို့ အမိန့်ပေးခဲ့တာ … ငါတို့ကို ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် သတ္တုရိုင်းကို ရအောင် ယူလာခဲ့ဖို့တောင် ပြောခဲ့သေးတယ်… ငါ ဒီကိစ္စထဲမှာ မပါဝင်ဘူး …”

“ မင်း ပါတာ မပါတာ အရေးမကြီးဘူး … ငါ့ညီကိုက မင်းတို့ အနက်ရောင်မြွေရဲ့ လက်ထဲမှာ သေသွားခဲ့တာပဲ … မင်းက အနက်ရောင်မြွေ အဖွဲ့သား ဖြစ်နေသရွေ့ သေဖို့ ထိုက်တန်တယ်…”

“ မဟုတ်ဘူး … မလုပ်ပါနဲ့ …” တစ်ဖက်သူမှာ ကျယ်လောင်စွာ အော်ဟစ်၍ အသနားခံလိုက်သည်။

“ ငါ့အသက်ကို ချမ်းသာပေးရင် မင်းတို့ကို သတ္တုရိုင်း ပေးပါ့မယ်…”

“ သတ္တုရိုင်းလား …”

ဤသတင်းကို ကြားတော့ လင်းရီကို မဆိုထားနှင့်၊ စုန့်ကျင်းမင်ပင် အံ့အားသင့်သွားခဲ့သည်။

အနက်ရောင်မြွေ၏ တိုက်ခိုက်ရေးစွမ်းအားက မဆိုးလှသော်လည်း ယခုလို နေရာမျိုး၌ ဘက်စ်သတ္တုရိုင်းများ ရှိနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

“ ဘယ်လောက်ရှိလဲ …”

“ ၁၀၀ ဂရမ်လောက် …”

လင်းရီ မျက်လုံးလှိမ့်လိုက်မိသည်။ “ လုံလောက်တယ်… ငါတို့အခု ပစ်ခတ်တာကို ရပ်စဲထားမယ်… သတ္တုရိုင်းကို ဟိုင်းဝေး ၂၁၃ ရဲ့ ၁၉ ကီလိုမီတာကို ယူလာခဲ့… တစ်ယောက်တည်းလာ … မဟုတ်ရင် မင်း သေမှာပဲ …”

“ အိုကေ အိုကေ … ငါနားလည်ပြီ .."

လင်းရီ စကားပြောစက်ကို ပိတ်လိုက်ပြီး စုန့်ကျင်းမင်ကို ကြည့်လိုက်သည်။ “ ခင်များလူတွေကို ပစ်ခတ်တာ ရပ်စဲထားဖို့ ပြောလိုက်ဦး …”

လင်းရီညွှန်ကြားသည့်အတိုင်း စုန့်ကျင်းမင် ဖုန်းထုတ်၍ ဂေဆင်ကို ဆက်သွယ်ကာ ပစ်ခတ်မှုအား ရပ်တန့်ထားဖို့ ပြောလိုက်သည်။

စောနက ကြယ်ရောင်စုံသည့် ကောင်းကင်သည် ယခု ဖယောင်းတိုင် ငြိမ်းသက်ခံထားရသည့် အခန်းကျဉ်းလေးတစ်ခုကဲ့သို့ ပိန်းပိတ်မှောင်မည်းနေပြီး မိုင်းတွင်းတူးသည့်နေရာမှ တိုက်ခတ်နေသည့်လေမှာ လူကို အထီးကျန်ဆန်အောင် ပြုလုပ်နေသည်။

“ ခင်များ ဒီကိစ္စ ဘယ်လိုထင်လဲ….”

“ အတော်လေး ပုံမှန်ပါပဲ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ အနက်ရောင်မြွေက အစွမ်းအစရှိတဲ့ အဖွဲ့အစည်းပဲ … သူတို့လက်ထဲမှာ သတ္တုရိုင်း ရှိနေတာ ထူးဆန်းမနေဘူး … ဒါပေမယ့် ဒီလို အပြင်မှာ သိမ်းထားမယ်လို့တော့ ထင်မထားဘူး … “

“ သူတို့ ရောက်လာတာ စောင့်ပြီး ဘာဖြစ်လဲ ကြည့်ကြတာပေါ့ …” လင်းရီ ပြောလိုက်ပြီး “ အနည်းဆုံးတော့ ထင်မထားတဲ့ အကျိုးအမြတ်တစ်ချို့ ရလိုက်တယ်လေ…”

သဘောတူညီထားသည့် တွေ့ဆုံမှုကြောင့် လင်းရီနှင့် သူ့ အသင်းမှာ ၎င်းနေရာသို့ ဦးတည်လာခဲ့ကြလေသည်။

အကယ်၍များဆိုသည့် အကြောင်းပြချက်ကြောင့် သူတို့၏ သတိချပ်မှုကိုတော့ ပေါ့ဆသွားခဲ့ခြင်း မရှိခဲ့ချေ။ သူတို့ ဖမ်းဆီးလာခဲ့သည့် ခေါင်းဆောင် အသေးစားလေးကိုတော့ ဖြေရှင်းပြီး တောနက်ထဲ၌ တစ်ခါတည်း စွန့်ပစ်ထားခဲ့လိုက်ပြီး ဖြစ်သည်။

နာရီဝက်ကြာပြီးနောက် pick up truck တစ်စင်းက လမ်းအဆုံးမှနေ၍ ချဉ်းကပ်လာခဲ့၏။

လင်းရီသည် ကားခေါင်မိုးထပ်၌ မတ်တပ်ရပ်ပြီး စစ်သုံး အဝေးကြည့် မှန်ဘီလူးဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။ ပုန်းကွယ်နေသည့် မည်သည့်အန္တရာယ်မျှ ရှိမနေကြောင်း သေချာသည့် အခါမှသာ ကားကို အရှေ့သို့ မောင်းတက်လာခဲ့လေသည်။

“ မင်းတို့က ကျုံးဝေ့တပ်ဖွဲ့ရဲ့ လူတွေဖြစ်ရမယ်…”

ပြောလိုက်သူက အရပ်ရှည်ရှည် အသားပိန်ပိန်နှင့် စီနယ်လ်ဆိုသူပင်။ ၎င်းတွင် မုတ်ဆိတ်အရှည်ကြီး ရှည်ပြီး အဖြူရောင်ခေါင်းပေါင်းကို ပေါင်းထား၏။ သူ့ပုံစံကို ကြည့်၍ ရက်စက်သည့် လူဆိုးလူမိုက်တစ်ယောက်နှင့် မည်သို့မျှ ဆက်စပ်မိမှာ မဟုတ်ချေ။

အနက်ရောင်မြွေအဖွဲ့အစည်း၏ ရာထူးဝါစဉ်၌ ဖောဆက်စ်က သူတို့ ခေါင်းဆောင်ဖြစ်ပြီး စီနယ်လ်က ဗျူဟာ အကြီးအကဲပင်။ နောက်ကွယ်၌နေ၍ အစီအစဉ်များနှင့် အကြံဉာဏ်များ ဖန်တီးပေး၏။

ပနားမား ဖြစ်စဉ်၌ သူ၏ အကြံအစည်များလည်း ပါဝင်သည်။ စောနတုန်းက သူ့ကိုယ်သူ ကာကွယ်ရန်အတွက် လိမ်ညာခဲ့ခြင်းပင်။

လင်းရီ သူ့အား‌ ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီးနောက် မေးမြန်းလိုက်၏။ “ ပစ္စည်းရော …."

“ ကားထဲမှာ …”

စီနယ်လ် ရင်တုန်ပန်းတုန်ဖြစ်စွာဖြင့် ကားထံသို့ ပြန်လာပြီး အနက်ရောင် သေတ္တာတစ်လုံးကို ယူလာခဲ့ကာ ၎င်းအား ဖွင့်ပြလိုက်၏။ အတွင်းတွင်တော့ ရေသန့်ဘူးအဖုံး အရွယ်စားမျှ ရှိသည့် ကြည်လင်ပြီး ပြာလဲ့တောက်ပနေသည့် ပုံဆောင်ခဲကျောက်တုံးတစ်ခု ရှိနေသည်။

လင်းရီ ၎င်းအရာကို ကောက်ယူကြည့်၍ နှာခေါင်းနား ကပ်ကြည့်လိုက်၏။ ထူထဲသိပ်သည်းသည့် အောက်ဆီဂျင်က သူ့မျက်နှာသို့ လာရောက်ရိုက်ခတ်လေသည်။ သံသယ ဖြစ်ရန်မလိုပါဘဲ ဤသည်က ဘက်စ်သတ္တုရိုင်း အစစ်ဖြစ်၏။

“ ငါ မင်းတို့လိုချင်တာကို‌ ပေးပြီးပြီ … နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ပါနဲ့တော့ … ငါတို့ဘက်က လူ ၁၀၀ ကျော် ဆုံးရှုံးရပြီးပြီ …”

“ ဖောဆက်စ်က ကာတာကို ဘာသွားလုပ်တာ …” လင်းရီ သတ္တုရိုင်းကိုကိုင်ရင်း အသံအက်ရှရှဖြင့် မေးလိုက်သည်။

“ အဲ့တာက ….”

စီနယ်လ် ကြက်သေသေသွားခဲ့၏။ သူ့ရှေ့ရှိလူက ဖောဆက်စ်၏ လှုပ်ရှားမှုများကို အတော်လေး ဇွဲကောင်းကောင်းဖြင့် စုံစမ်းနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။ သူက ဘက်စ်သတ္တုရိုင်းကို ရပြီးသည့်တိုင် ကျေနပ်နိုင်ခြင်း မရှိသေးဘူးလော။

“ အချိန်ဖြုန်းမနေနဲ့ … မင်းလည်း ခုလက်ရှိ ကိုယ့်အခြေအနေကိုယ် နားလည်မှာပါ ….”

ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ စီနယ်လ် ကျောချမ်းသွားခဲ့သည်။

“ သူပြောတာတော့ ကာတာသွားပြီး တစ်ခုခု ဝယ်မလို့ ဆိုပဲ .. ဒါပေမယ့် ဘာဝယ်မယ်ဆိုတာတော့ ငါလည်း မသိဘူး …”

လင်းရီ စီနယ်လ်၏ မျက်လုံးထဲသို့ တည့်တည့်စိုက်ကြည့်လိုက်ရာ တစ်ဖက်လူက လိမ်ညာပြီး ပြောနေခြင်း မဟုတ်ကြောင်းကို သိရှိလိုက်သည်။

စီနယ်လ်၏ အမူအရာမှာ စိတ်တုန်လှုပ်ခြောက်ချားလွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေသည်။

“ ငါတို့ဆီမှာ ဘက်စ် ၂ ကီလို ရှိသေးတယ်… ဒါပေမယ့် ဖောဆက်စ်က အကုန်ယူသွားလို့ ဒီလောက်ပဲ ကျန်ခဲ့တော့တာ …”

“ သူ ယူသွားတယ်…”

ထိုစကားလုံးများ ပြောပြီးသည်နှင့် လူတိုင်းမှာ တူညီသည့် အရာတစ်ခုကို တစ်ပြိုင်တည်း တွေးတောမိလိုက်ကြ၏။

ဖောဆက်စ်က ဘက်စ် ၂ ကီလိုကို တစ်စုံတစ်ယောက်နှင့် အပေးအယူလုပ်ရန်အတွက် ယူသွားဖို့ ဖြစ်နိုင်ချေများ၏။

လင်းရီ စကေဘာကို ထုတ်ယူ၍ စီနယ်လ်၏ လည်ပင်းသို့ ရွယ်ထားလိုက်သည်။

“ ဖောဆက်စ်နဲ့ အပေးအယူလုပ်မယ့်လူက ဘယ်သူလဲ …”

All Chapters