← Chapters

ရှုပ်ထွေးတဲ့ လောကကြီး

Vol. 126 Ch. 1884

ရှုပ်ထွေးတဲ့ လောကကြီး

Vol. 126 Ch. 1884

စကေဘာ၏ အေးစက်စက် ခံစားချက်ကြီးက စီနယ်လ်ကို သူ မကျော်လွှားနိုင်သည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။

“ ဖောဆက်စ် ငါ့ကို မပြောပြသွားဘူး … ဒီ အပေးအယူက အနက်ရောင်မြွေ အဖွဲ့အစည်းရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တယ်လို့ပဲ ပြောသွားခဲ့တာ … ငါ တကယ်ကြီး တခြား ဘာမှ မသိတာပါ …”

“ ပြီတော့ … မင်းတို့ရဲ့ သေသွားတဲ့ ရဲဘော်ကလည်း ငါနဲ့ ဘာမှမဆိုင်ဘူး … အကုန်လုံးကို ဖောဆက်စ်ပဲ စီစဉ်ခဲ့တာ … မင်း လက်စားချေချင်တယ်ဆိုရင် သူ့ဆီကိုသွား …”

လင်းရီ တခဏမျှ တိတ်ဆိတ်သွားခဲ့၏။ သူ့ကြည့်ရသည်မှာ တစ်စုံတစ်ခုကို တွေးတောမိသွားခဲ့ဟန်ဖြင့် ချက်ချင်း မေးမြန်းလာသည်။

“ မင်းတို့ ပနားမားမှာရှိတုန်းက အမေရိကန်စစ်တပ်နဲ့ ရောနှောပြီး နေတယ်… တကယ်လို့ သတ္တုရိုင်းကို ရလာခဲ့ရင် ရောင်းမှာလား … ဒါမှမဟုတ် မင်းတို့ဘာသာပဲ သိမ်းထားမှာလား …”

ယခုလေးတင် စီနယ်လ်ပြောသွားသည့် စကားတို့အရ တစ်ခုခု မူမမှန်သည်ကို လင်းရီ ခံစားရနေသည်။

ဖောဆက်စ်ပြောစကားများအရ … သူက ဘက်စ်သတ္တုကို အသုံးချ၍ အနက်ရောင်မြွေအဖွဲ့အစည်း၏ တိုက်ပွဲစွမ်းရည်ကို သိသိသာသာ ပြောင်းလဲသွားစေမည့် တစ်စုံတစ်ရာကို လဲလှယ်လိုနေသည်။ တစ်နည်းဆိုရသော် ဖလှယ်မည့် ပစ္စည်းက သူတို့အတွက် အင်မတန် အရေးကြီး၏။ အရေးကြီးလွန်း၍ ပိုက်ဆံထက်ပင် ပိုပြီး အရေးပါသည်။

အမေရိကန်တို့နှင့် ပူးပေါင်းသည်က ပိုက်ဆံထက်ပို၍ ပံ့ပိုးပေးနိုင်သည့်အရာကား ရှိမှာ မဟုတ်ချေ။ ယင်းက အနက်ရောင်မြွေ လိုချင်နေသည့် အရာ မဟုတ်သည်မှာ သိသာလှ၏။ ထို့ကြောင့် လင်းရီသိထားသည်ထက်ပိုသော အခြား အခြေအနေတို့ ကျိန်းသေပေါက် ရှိကို ရှိနေရမည်။

“ အမေရိကန်တွေနဲ့ ပူးပေါင်းတာက ဒီတိုင်း သူတို့ရဲ့ စစ်တပ်အင်အားကို ငှားသုံးချင်ရုံပဲ …” စီနယ်လ် ရှင်းပြလိုက်သည်။ “ ဖောဆက်စ်ရဲ့ ရည်ရွယ်ချက် အစစ်က သတ္တုရိုင်းကို ရပြီး ဖလှယ်ပစ္စည်းအနေနဲ့ အသုံးပြုမလို့ … ဒါပေမယ့် နောက်ဆုံးကျတော့ သူ မအောင်မြင်ခဲ့ဘူး …”

‘ ထင်ထားတဲ့အတိုင်းပဲကိုး …’

လင်းရီ သူ့ဘာသူ တွေးတောလိုက်သည်။

အနက်ရောင်မြွေ၏ သတ္တုရိုင်းများနှင့် စပ်လျဉ်း၍ ရူးသွပ်နေမှုက လက်နက်များ ဝယ်ရန်အတွက် ရန်ပုံငွေ ပြတ်လတ်နေသောကြောင့် မဟုတ်ဘဲ အခြားသော အလဲအလှယ်များအတွက် သတ္တုရိုင်းများကို လိုအပ်နေခြင်းပင်။

မည်သည့်အရာနှင့် လဲလှယ်မည်လဲဆိုတာကတော့ ဆန်းကြယ်နေလျက်သာ ရှိ၏။

လင်းရီ ရွယ်ထားသည့် စကေဘာကို ပို၍ တင်းကြပ်လိုက်ပြီး “ ဆက်ပြော … မင်း သိသမျှ အကုန်ပြော …”

စီနယ်လ် ပျာယာခတ်သွားခဲ့၏။

“ ငါ သိသမျှ အကုန် ပြောပြီးသွားပြီ .. တကယ်ကြီး သည့်ထက်ပိုမသိတော့ဘူး …”

စီနယ်လ်၏ မျက်ဝန်းများထဲရှိ အကြောက်တရားတို့အား လင်းရီ စိုက်ကြည့်ရင်း ဤလူက အသုံးမဝင်တော့ပြီကို လင်းရီ သိရှိလိုက်သည်။

“ မင်းက ဘာမှ မသိတော့ဘူးဆိုတော့ အရှင်ထားစရာ အကြောင်းလည်း မရှိတော့ဘူး … ဘုရားသခင်နဲ့ လက်ဖက်ရည်သောက်ဖို့ သွားလိုက်တော့ …”

ထက်မြိသည့် စကေဘာက စီနယ်လ်၏ လည်ပင်းတစ်လျှောက် သွေးခြစ်ရာတစ်ခုအား ရေးဆွဲလိုက်ပြီး သူ၏ သွေးလွှတ်ကြောများ ပွင့်ထွက်လာကာ သွေးတို့က ရေပန်းသဖွယ် ပန်းထွက်လာခဲ့၏။ လင်းရီ၏ မျက်နှာပင် ဖြန်းပက်ခံလိုက်ရလေသည်။

အလောင်းကိုဘေးသို့ ပစ်ပြီးနောက် လင်းရီ သူ့မျက်နှာရှိ သွေးများအား သုတ်၍ စုန့်ကျင်းမင်ကို ကြည့်လိုက်သည်။

“ ဖောဆက်စ် ဘာနဲ့ ဖလှယ်မလဲဆိုတာ ကျုပ်စဉ်းစားနေတာ.. လက်နက်တော့ မဖြစ်နိုင်လောက်ဘူး … ခင်များ တွေးမိတာ ရှိလား …”

“ ငါလည်း မင်းနဲ့ အတွေးတူတယ်… အနက်ရောင်မြွေက ငွေကြေး ချို့တဲ့နေတဲ့ အဖွဲ့အစည်း မဟုတ်ဘူး … ပြီးတော့ သူတို့ရဲ့ လက်နက်တွေက အတော်လေးလည်း အဆင့်မြင့်တယ်… ဒီတိုင်း လက်နက်ပဲ ဝယ်မှာဆိုရင် ဒီလောက်ထိ ဂရုစိုက်နေစရာ အကြောင်း မရှိဘူး …” စုန့်ကျင်းမင် ပြောလိုက်သည်။

“ ဒါပေမယ့် ငါလည်း ဘယ်သူက သူတို့နဲ့ အပေးအယူလုပ်လဲဆိုတာ သိချင်မိလား …”

“ အမည်မည်း စာရင်းထဲက နံပါတ်အမြင့်စားထဲက အဖွဲ့အစည်းတစ်ခုခု မဖြစ်နိုင်ဘူးလား …” နင်ချဲ့ မေးမြန်းလိုက်၏။

“ မဖြစ်နိုင်ဘူး …” စုန့်ကျင်းမင် ရှင်းလင်းသည့် အဖြေတစ်ခု ပေးလိုက်ပြီး “ အမည်မည်းစာရင်းဆိုတာ ယုံကြည်ရတဲ့ အဖွဲ့အစည်းပဲ … အဆင့်တွေက အင်မတန် အရေးပါတယ်… ဘာလို့ဆို တပါးတိုင်းပြည်တွေနဲ့ စီးပွားရေး လုပ်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် သူတို့ရဲ့ အဆင့်က သူတို့ရဲ့ ခွန်အားကို ပြသနေသလို သူတို့ ဘယ်လောက်ထိ ယုံကြည်ရလဲဆိုတာ ပြသနေတာပဲ … ဒါကြောင့်မို့ အမည်မည်းစာရင်းထဲမှာရှိတဲ့ အဖွဲ့အစည်းတွေက အချင်းအချင်းအသုံးချပြီး ကိုယ့်လက်အောက်ငယ်သားတွေရဲ့ တိုက်ခိုက်နိုင်စွမ်း တိုးတက်လာမှာကို ခွင့်ပြုနိုင်မှာ မဟုတ်ဘူး … ဒါကြောင့်မို့ အနက်ရောင်မြွေနဲ့ အပေးအယူလုပ်တဲ့လူက တခြားတစ်ယောက်ဆိုတာ ကျိန်းသေတယ်…”

“ နိုင်ငံတစ်နိုင်ငံ ဖြစ်နေမလား …” ချိုးယွီလော့ မေးမြန်းလိုက်သည်။ “ အခုက နိုင်ငံခြား အဖွဲ့အစည်းထဲကလည်း မဟုတ်ဘူးဆိုတော့ ကျန်တာဆိုလို့ နိုင်ငံတွေပဲ ကျန်တော့တာလေ…”

“ ဒီဖြစ်နိုင်ချေကိုလည်း လျှော့တွက်လို့ မရဘူး … ဒါပေမယ့် လက်ရှိကမ္ဘာမှာ တခြား လျှို့ဝှက်အဖွဲ့အစည်းတွေလည်း အများကြီး ရှိသးတယ်.... သူတို့ရဲ့ လှုပ်ရှားမှုတွေက အတော်လေး သိုဝှက်ပြီး သူတို့ကိုယ်သူတို့ ဖော်ပြခဲတယ်… ငါတို့ အခုရှိတဲ့ သတင်း အချက်အလက်လေးနဲ့ ဖောဆက်စ် ဘယ်သူနဲ့ အပေးအယူလုပ်နေလဲဆိုတာ ခန့်မှန်းဖို့ ခက်တယ်…”

“ ငါတို့ရဲ့ နောက်ထပ်ခြေလှမ်းက ရိုးရှင်းပါတယ်… ဒီတိုင်း သွားကြည့်ဖို့ပဲလေ…” လင်းရီ ပြောလိုက်သည်။ “ ပနားမားက စစ်ဆင်ရေးကို အမိန့်ပေးခဲ့တာသူပဲ … သူ့ရည်ရွယ်ချက်က ဘာကြောင့်ပဲ ဖြစ်နေပါစေ ဒီလူ သေကိုသေရမယ်…”

တစ်အုပ်စုလုံး ခေါင်းညိမ့်လိုက်ကြသည်။ သူတို့ ဤနေရာသို့ ရောက်လာခဲ့သည်က ကျိုးလျန် အတွက် လက်စားချေရန် ဖြစ်၏။ ထို့ကြောင့် ဖောဆက်စ် သေကိုသေရမည်။

စုန့်ကျင်းမင်မှာ စက္ကန့်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံး၌ ခေါင်းညိမ့်လိုက်၏။

“ ဒူဘိုင်းကို အရင်ပြန်သွားကြတာပေါ့ … ပြီးမှာ ကာတာကို သွားကြမယ်…”

နောက်ခြေလှမ်းကို ဆွေးနွေးပြီးနောက် မောဂက်ရှ်သို့ ပြန်မောင်းထွက်လာခဲ့ကြပြီး ဒူဘိုင်းသို့ ပျံသန်းခဲ့ကြလေသည်။

လမ်း၌ စုန့်ကျင်းမင်မှာ ထိုင်ခုံ၌ မျက်လုံးမှိတ်လျက် အနားယူနေလျက် ရှိသည်။ အခြား ဘာစကားတစ်ခွန်းမျှလည်း ပြောဆိုခြင်း မရှိပေ။ လေယာဉ်မယ်လေးများကိုပင် စကားစနောက် ပြောဆိုခြင်း မရှိခဲ့ချေ။ သူ၏ လုပ်ရပ်တို့က အတော်လေး ထူးဆန်းနေကာ တစ်ခုခု မူမမှန်ဟု လင်းရီ ခံစားနေရလေသည်။

သူ့အဆင့်ဖြင့် အရာအားလုံးကို လွယ်လင့်တကူ ကိုင်တွယ်နိုင်သင့်သည် မဟုတ်လော။ စုန့်ကျင်းမင်ကိုပင် ယခုလို အမူအရာမျိုး ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည့် အရာက မည်သည့်အရာပင် ဖြစ်ပါစေ၊ ရိုးရှင်းမှာ မဟုတ်သည်တော့ ကျိန်းသေသည်။

လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် သူတို့ ဟိုတယ်သို့ ပြန်မသွားကြချေ။ အဘယ်ကြောင့်ဆိုသော် သီးသန့်ဂျက်လေယာဉ်က ဤနေရာတွင် ရပ်တန့်ထားသဖြင့် ခေတ္တအနားယူပြီးနောက် ပျံသန်းရန် အဆင်သင့် ဖြစ်နေသည်။ ယင်းက အချိန်အများအပြားကို သက်သာသွားစေခဲ့သည်။

မြို့နှစ်မြို့က သိပ်ဝေးကွာလှခြင်း မရှိသော်လည်းပဲ ဒူဘိုင်းနှင့် မောဂက်ရှ်၏ ကွာခြားမှုက ကောင်းကင်ဘုံနှင့် ငရဲတမျှပင်။

ဤနေရာ၌ ဖြာကျနေသည့် နေရောင်ခြည်ကပင် မောဂက်ရှ်ထက် ပိုပြီး နွေးထွေးသယောင် ရှိသည်ဟု ခံစားနေရ၏။

လေဆိပ်တွင် သူတို့အားလုံး အနောက်တိုင်း စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်ကာ တစ်ခုခု စားသောက်လိုက်ကြပြီး မထွက်ခွာမီ ခေတ္တ အနားယူလိုက်ကြ၏။

စားသောက်ပြီးနောက် စုန့်ကျင်းမင်က သန့်စင်ခန်းသို့ ထွက်သွားသည်။သူ ပြန်ထွက်လာသည့် အချိန်၌ အပြင်ဘက်တွင် ရှိနေသည့် လင်းရီနှင့် ပက်ပင်းတိုးလေသည်။

“ ငိုးပဲ .. လူကို လန့်အောင် လာလုပ်နေတယ်… ဘာလို့ ဒီမှာ လာရပ်နေတာ …”

“ ခင်များကို ကာတာအကြောင်း မေးချင်လို့ …”

“ ဖောဆက်စ်ရဲ့ အပေးအယူကိစ္စလား …”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ ဘာလဲ ဆိုတာ ခင်များ ခန့်မှန်းမိရောပေါ့ …”

လင်းရီ၏ စူးရှသည့်ထိုးထွင်းသိမြင်နိုင်စွမ်းကြောင့် စုန့်ကျင်းမင် အံ့အားသင့်သွားခဲ့ရသည်။ ယင်းစွမ်းရည်က သူ့အဖေနှင့် အတူတူနီးပါးလောက်ကို ရှိနေသည်။

“ နည်းနည်းလောက်ပါပဲ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ လက်ရှိကမ္ဘာမှာ သတ္တုရိုင်းကို လက်နက် ၊ ငွေကြေးနဲ့ လဲလှယ်တာအပပြင် နောက်တစ်ခုက ဗီဇသွေးရည်ကြည်ပဲ … ကြည့်ရတာ ဖောဆက်စ်က အဲ့ဟာနဲ့ လဲလှယ်မလို့ ထင်တယ်…”

“ ဗီဇ သွေးရည်ကြည် …”

လင်းရီ ဤအကြောင်း သိသည်။ ယခင် ရွှေနက်ကော်ပိုရေးရှင်း အဖွဲ့သားများက မစ်ဆူမိသားစုနှင့် ဗီဇသွေးရည်ကြည်ကို တစ်ကြိမ် လဲလှယ်ခဲ့ဖူးလေသည်။

“ မင်းလည်း ဒီအကြောင်း သိတယ်ပေါ့ …”

လင်းရီ ခေါင်းငြိမ့်လိုက်၏။ “ ရွှေနက်ကော်ပိုရေးရှင်းကို ခြေရာခံတုန်းက သူတို့ရဲ့ သတ္တုရိုင်းကို မစ်ဆူ မိသားစုရဲ့ ဗီဇသွေးရည်ကြည်နဲ့ ဖလှယ်တာ ကြုံခဲ့ဖူးတယ်…”

“ မစ်ဆူ မိသားစုက ထုတ်တဲ့ ဗီဇသွေးရည်ကြည်က အကင်းလေးလောက်ပဲ ရှိတာ … ဖောဆက်စ် ဂရုစိုက်ဖို့ ပြောမနေနဲ့ … ခေါင်းထဲတောင် ရှိမှာ မဟုတ်ဘူး …”

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်တွင် လင်းရီ မေးခွန်းထုတ်လိုက်၏။

“ ဒါဆို လက်ရှိကမ္ဘာရဲ့ ဘယ်သူတွေက ဒီလို ပျော်ရည်ကို ဖန်တီးနိုင်တဲ့ အစွမ်းအစ ရှိနေတာ …”

“ တရားဝင် အဖွဲ့အစည်းတွေထဲကဆိုရင်တော့ အမေရိကန် တစ်ခုတည်း ရှိတာပဲ… ကျန်တဲ့ တခြားလူတွေမှာ ဒီလိုအရာမျိုး သုတေသနလုပ်နိုင်တဲ့ အစွမ်းအစမျိုး ရှိမရှိ ဘယ်သူမှ မသိဘူး …”

“ ခင်များ အရင်တစ်ခေါက်က မာမွန်း အဖွဲ့အစည်းအကြောင်း ပြောခဲ့ဖူးတယ်.. သူတို့ဆိုရင်ကော …”

“ ဖြစ်နိုင်လောက်ပါတယ်.. ဒါပေမယ့် သူတို့ဆိုပြီး တပ်အပ် ကောက်ချက်ချဖို့ကျ ခက်တယ်…” စုန့်ကျင်းမင် ပြန်ဖြေလိုက်၏။

“ ဒါပေမယ့် ငါတော့ သူတို့ဖြစ်မယ်လို့ မထင်ဘူး … သူတို့သာ ဖန်တီးထုတ်လုပ်နိုင်နေရင် ဘာကိစ္စ သူများဆီကနေ လိုက်ပြီး ဓားပြတိုက်နေတော့မှာလဲ ဟုတ်တယ်မလား …”

စုန့်ကျင်းမင်၏ ထင်ကြေးက လင်းရီနှင့် ထပ်တူကျနေသည်။

လက်ဗလာနှင့် ဈေးကစားခြင်းက အကျိုးအမြတ် အများဆုံး ဖြစ်၏။ ဘက်စ် ၂ ကီလိုဆိုသည်မှာ သေးငယ်သည့် ပမာဏ မဟုတ်ချေ။ သမာရိုးကျ နည်းလမ်းကို အသုံးပြု၍ လဲလှယ်သည်က အင်မတန် ကြီးမားသည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားဖို့လိုသည်။ ထို့ကြောင့် အကယ်၍ တိုက်ရိုက်ကျသည့် နည်းလမ်းကိုသာ အားကိုးအားထား ပြုနိုင်နေပါက ရှုပ်ထွေးပြီး မလိုအပ်သည့် အရာများကို အဘယ်ကြောင့် ပြုလုပ်နေလိမ့်မည်နည်း။

ထို့ကြောင့် ဤစစ်ဆင်ရေးတွင် ပါဝင်ပတ်သက်နေသည်က အခြား အဖွဲ့အစည်းတစ်ခု ဖြစ်နေနိုင်သည်။ သို့သော် မည်သည့်အဖွဲ့အစည်းလဲဆိုတာတော့ သူတို့လည်း မသိကြပေ။

“ တော်တော်ရှုပ်တဲ့ လောကကြီးပါလားနော် …”

All Chapters