လူစိတ်နည်းနည်း ရှိလို့ မရဘူးလား
Vol. 126 Ch. 1885
“ ဒါကြောင့်မို့ ငါအကြံပြုချင်တာ ကျန်တဲ့ ကျုံးဝေ့တပ်ဖွဲ့ဝင်တွေကို လေယာဉ်နဲ့ ရန်ကျင်းပြန်ပို့လိုက် …”
“ ကာတာကို သွားမယ့် ခရီးစဉ်မှာ ကြိုတင် ခန့်မှန်းလို့ မရနိုင်တဲ့ ကိစ္စတွေ ရှိလာနိုင်တယ်.. ပစ်မှတ်က အတော်ထွားတဲ့ အကောင်ဖြစ်နေခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာနိုင်တယ်…”
စုန့်ကျင်းမင် ဆိုလိုချင်နေသည်အား လင်းရီ သဘောပေါက်သည်။ လက်ရှိအခြေအနေအတိုင်း ဆိုပါက ကာတာရှိ အခြေအနေတို့က သူတို့ မျှော်လင့်ထားသည်နှင့် သွေဖည်နေလောက်သည်။
ထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်း မရှိတော့ပေ။ ထို့ကြောင့် လူတိုင်းကို ခေါ်သွားဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
“ ကျုပ်တို့ကျတော့ရော ….”
စုန့်ကျင်းမင် နောက်ကျောမှနေ၍ လက်မှတ်နှစ်စောင် ထုတ်လာခဲ့သည်။ “ ဒီမှာလေ…”
“ ခင်များ အစောကြီးကတည်းက ကြိုပြီး စီစဉ်ထားတာပေါ့ ..”
စုန့်ကျင်းမင် ခေါင်းညိမ့်ပြလိုက်သည်။ “ တခြားလူတွေကိုပါ ခေါ်ခဲ့ဖို့က အဆင်မပြေဘူး .. စီစဉ်ဖို့ကိစ္စကတော့ မင်း ကြည့်ကြပ် လုပ်လိုက် …”
“ သေစမ်း …”
ကျိန်ဆဲပြီးနောက် … လင်းရီ နင်ချဲ့အား ဖုန်းခေါ်ကာ သူမတို့အား လေယာဉ်ပေါ်သို့ အရင်တက်နှင့်ရန် ပြောကြားလိုက်သည်။
နင်ချဲ့ မည်သည်ကိုမျှ သံသယ မဖြစ်မိပေ။ လင်းရီတွင် အခြား ပြင်ဆင်စရာများ ရှိနေသောကြောင့်ဟုသာ တွေးတောရင်း အတွေးလွန်မနေတော့ဘဲ ကျန်သူများကို စုစည်းကာ လေယာဉ်ပေါ်သို့ တက်လိုက်သည်။
ထို့နောက် … လင်းရီသည် လေယာဉ်ဝန်ထမ်းများအား ဆက်သွယ်၍ လူတိုင်း လေယာဉ်ပေါ်ရောက်သည်နှင့် ရန်ကျင်းသို့ တိုက်ရိုက်ပျံသန်းသွားရန် ညွှန်ကြားလိုက်သည်။
ဤသို့ပြုလုပ်မှသာ အခြား မည်သည့်ပြဿနာမျှ ရှိနိုင်မှာ မဟုတ်ပေ။
သို့သော် မကြာမီမှာလဲ လင်းရီ၏ ဖုန်းသံမြည်ဟည်းလာသည်။ နင်ချဲ့ထံမှ ဖုန်းခေါ်လာခြင်းဖြစ်ကြောင်းကို လင်းရီ မကြည့်ဘဲ တပ်အပ်သိလိုက်၏။
“ နင် ဘာတွေ လုပ်နေတာလဲ … ဘာလို့ ငါတို့ကို အရင် ထွက်သွားခိုင်းတာလဲ …”
နင်ချဲ့ ဒေါသထွက်နေကြောင်းကို လင်းရီ ပြောနိုင်သည်။
“ ဒီတစ်ခေါက်တော့ ငါတို့ဘာငါတို့ပဲ သွားတော့မယ်… မင်းတို့က ရန်ကျင်း အရင်ပြန်ထားနှင့်လိုက် …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
“ အသေးစိတ်တော့ ငါ့ကို မမေးနဲ့ … ရန်ကျင်း ပြန်ရောက်တာနဲ့ မင်းတို့ကို ပြောပြမယ်… အခုတော့ ဒီလောက်ပဲ …”
နင်ချဲ့ ပေါက်ကွဲလာမှာကို တားမြစ်သည့်အနေဖြင့် လင်းရီ ချက်ချင်း ဖုန်းချပစ်လိုက်၏။
ထို့နောက် လျိုဟုန်ထံသို့ ဖုန်းဆက်ကာ သူ့အား အကြမ်းဖျင်း ရှင်းပြလိုက်သည်။
သူ့မစ်ရှင်က နင်ချဲ့နှင့် ကျန်သူများကို ရန်ကျင်းလေဆိပ်၌ သွားကြိုပေးရန် ဖြစ်ပြီး ပြန်ရောက်ပြီးသည်နှင့်ချက်ချင်း ကာတာသို့ ဦးတည်နိုင်ခြင်း မရှိစေရန်ပင်။
“ အားလုံး စီစဉ်ပြီးပြီလား …” စုန့်ကျင်းမင် မေးမြန်းလိုက်၏။
လင်းရီ ခေါင်းညိမ့်ပြလိုက်သည်။
တစ်နာရီကျော်အောင် စောင့်ဆိုင်းပြီးနောက် သူတို့ လေယာဉ်မှာ စတင်ပျံသန်း ထွက်ခွာလာလေသည်။
မြို့နှစ်မြို့ အကွာအဝေးက ကီလိုမီတာ သုံးလေးရာမျှသာ ကွာဝေးပြီး လေယာဉ်ပေါ်၌ နာရီဝက်ကျော်ကြာအောင် ထိုင်ပြီးနောက် ကာတာ၏ မြို့တော် ဒိုဇာသို့ ဆိုက်ရောက်လာသည်။
ဒူဘိုင်းက လူကုံထံတို့နှင့် ပြည့်နှက်နေသည့် မြို့တစ်မြို့ဖြစ်ကြောင်းကို လူတိုင်းသိကြသည်။ သို့ပေမယ့် ကာတာကလည်း ထို့အတူပင် ဖြစ်ကြောင်းကိုတော့ လူတိုင်း မသိကြပေ။
သို့သော် … ၎င်းကိုယ်၌က အတော်လေး သိုသိပ်စွာ နေထိုင်ပြီး ဤနေရာသို့ ရောက်ဖူးသူများသာလျှင် ကာတာ၏ ကြွယ်ဝချမ်းသာမှုက သူတို့ စိတ်ကူးယဉ်ထားသည်ထက်ပင် ကျော်လွန်နေကြောင်း သိရှိနိုင်ကြ၏။
လူတစ်ဦး၏ ပျှမ်းမျှဝင်ငွေက ကမ္ဘာ့အမြင့်ဆုံး လေးနေရာ၌ ရှိသည့် နိုင်ငံတစ်နိုင်ငံအနေနှင့်ပင် ကာတာမှာ နာမည်ကျော်ကြားခြင်း မရှိလှပေ။
လေယာဉ်ပေါ်က ဆင်းသည်နှင့် လင်းရီ လက်တော့နှစ်လုံး ချက်ချင်း ဝယ်လိုက်၏။
သူ အသက်ရှင်နေသေးသည့် သတင်းက မကြေညာရသေးသဖြင့် ဒါရိုက်တာရှန်းကို အကူအညီတောင်းလို့ မဖြစ်တော့ချေ။ သူ့ဘာသူပဲ မှီခိုဖို့လိုသည်။
သူ့ဟက်ကင်းစကေးတို့က ဒါရိုက်တာရှန်း၏ အသင်းလောက် မကောင်းမွန်သော်လည်းပဲ ဟိုတယ်၏ လုံခြုံရေးစနစ်ထဲသို့ ထိုးဖောက်ဝင်ရန်မှာမူ ကျိန်းသေပေါက် ပြဿနာ ကြီးကြီးမားမား မဟုတ်ချေ။
အရာအားလုံး အဆင်သင့် ဖြစ်သည်နှင့် နှစ်ယောက်မှာ တက္ကစီစီး၍ O ဟိုတယ်သို့ ရောက်လာခဲ့ကြသည်။
“ ဘုရင်ခန်း တစ်ခန်းလောက်ပေးပါ …”
ပထမဆုံးအကြိမ်အဖြစ် … စုန့်ကျင်းမင်သည် လင်းရီကို လှည့်စားခြင်း မပြုဘဲ သူ၏ ခရစ်ခစ်ကတ်အား ပူပင်ကြောင့်ကြမဲ့သည့် သွင်ပြင်နှင့် ထုတ်ပေးလိုက်၏။
ကောင်တာရှိ အမျိုးသမီး ဝန်ထမ်းမှာ သူတို့နှစ်ယောက်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်၏။ အခြေအနေက အတော်လေး စိတ်ဝင်စားစရာပင်။
အခန်းထဲသို့ ရောက်သည်နှင့် လင်းရီမှာ အင်တာနက် ချက်ချင်း ချိတ်၍ ဟိုတယ်၏ လုံခြုံရေး စနစ်ထဲသို့ စတင်ခိုးဝင်တော့သည်။
“ မင်း ဒါတွေလည်း တတ်တယ်ပေါ့ …” စုန့်ကျင်းမင် အံ့အားသင့်နေဟန်ဖြင့် မေးမြန်းလိုက်၏။
“ အင်း .. နည်းနည်းပါးပါး သိတယ်… လုံခြုံရေး စစ်စတမ်ထဲ ခိုးဝင်ဖို့က ပြဿနာ မရှိဘူး …” လင်းရီ ပြောလိုက်ပြီး သူ၏ လုပ်ငန်းတွင် အာရုံစိုက်နေလိုက်သည်။ “ ကျုပ်တို့ လက်ရှိ အဓိက လုပ်ရမှာက ဖောဆက်စ် ဘယ်နေရာမှာ ရှိလဲဆိုတာ ရှာဖွေဖို့ပဲ … မဟုတ်ရင် သူတို့တွေ အပေးအယူလုပ်ပြီးသွားလို့ ပြန်သွားရင်တောင် မတွေ့လိုက်ရဘဲ နေမယ်…”
စုန့်ကျင်းမင် ခေါင်းညိမ့်လိုက်သည်။ “ မြန်မြန်လေး … သူတို့ အပေးအယူ လုပ်ပြီးပြီလားဆိုတာ မသေချာသေးဘူး … ပြီးသွားခဲ့တယ်ဆိုရင် ငါတို့ ဒီလာခဲ့တာ အလကား ဖြစ်သွားလိမ့်မယ်…”
“ ကျုပ်သိတယ်…”
နှစ်နာရီ ကြာပြီးသည့်နောက် လင်းရီသည် ဟိုတယ်၏ လုံခြုံရေး စနစ်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်သွားခဲ့ပြီး စနစ်၏ အကာအကွယ်က သူထင်မှတ်ထားသည်ထက်ပင် လွယ်ကူနေခဲ့လေသည်။
“ ဘယ်လိုလဲ … မင်း တစ်ခုခု ရှာတွေ့ပြီလား …”
စခရင်ပေါ်ရှိ အချက်အလက်များကို မြင်တော့ လင်းရီ မျက်မှောင်ကြုတ်လိုက်မိ၏။
“ ဟိုတယ် ဧည့်စာရင်း တစ်ခုလုံးမှာ ဖောဆက်စ်ရဲ့ နာမည် မပါဘူးပဲ …”
“ အမည်လွှဲနဲ့ အခန်းယူထားတာနေမှာပေါ့ … ဒီလို အခြေအနေတွေမှာ ဒါက သာမန်ပါပဲ … သူ့ကို ဒီလိုနည်းလမ်းနဲ့ ရှာမယ်ဆို နည်းနည်းခက်မယ်…”
လင်းရီ တွေးတောကြည့်လိုက်ပြီး စုန့်ကျင်းမင်၏ စကားလုံးများက အဓိပ္ပာယ် ရှိသည်ဟု ခံစားလိုက်ရ၏။
ဖောဆက်စ်၏ လယ်ဗယ်တွင် ရန်သူများက နေရာအနှံ့၌ တည်ရှိနေသည်။ မရေမတွက်နိုင်သည့် လူတို့က သူ့အား ဖမ်းဆီးချင်နေကြပြီး ကာတာသို့ ရောက်ရှိပြီးနောက်တွင် မိမိ၏ လုံခြုံရေးအတွက် အခြား အမည်ဝှက်တစ်ခုခုကို အသုံးပြုမည်မှာ ကျိန်းသေပေါက်ပင်။ ဤသည်က အင်မတန် သာမန်ဆန်သည့် ကိစ္စရပ်တစ်ခု ဖြစ်၏။
“ သူ့ကို ရှာတွေ့နိုင်မယ့် နည်းလမ်းနှစ်ခု ရှိတယ်…” စုန့်ကျင်းမင် ပြောလိုက်သည်။
“ ပြောစမ်းပါဦး …”
“ ငါ မီရာကို ဖုန်းဆက်ပြီး ဖောဆက်စ်ရဲ့ သတင်းအချက်အလက်တွေ ရှာခိုင်းလိုက်မယ်… ပြီးရင် ဟိုတယ်ထဲ ဝင်ထွက်နေတဲ့လူတွေကို စောင့်ကြည့်မယ်…”
“ ဒီနည်းလမ်းက နည်းနည်းပိန်းတယ်… နောက်တစ်ခုကရော …”
“ မင်းရဲ့ ရုပ်ရည်ကို ရောင်းစားပြီး ကောင်တာက ကောင်မလေးနဲ့ အီစီကလီ ရိုက်လိုက်လေ … အဲ့တာဆို သူ ဘယ်အခန်းထဲ ရှိနေလဲ သိဖို့ အလွယ်လေးပဲ …”
“ ဒါ လူက ပြောသင့်တဲ့ စကားလား …”
စုန့်ကျင်းမင် တံခါးသို့ ကိုယ်မှီလိုက်ပြီး “ ကိုယ့်မှာရှိတဲ့ အားသာချက်တွေကို သေချာလေး အသုံးချတတ်ရတယ်ကွ .. ပြီးတော့ ဒီလှည့်ကွက်ကို မင်း အဖေဆီက သင်ယူထားတာပဲ … ငါ့ကို လာမပြောနဲ့ …”
“ ခင်များ သူ့ဆီကနေ သင်ယူသင့်တယ်….”
“ ငါ့ဖို့ သင်ယူစရာမှ မရှိတာ …”
“ အိုကေ ရပြီ … လောလောဆယ် အရေးမပါတာတွေ မပြောကြစို့ … မီရာကို ဆက်သွယ်ပြီး ဖောဆက်စ်ရဲ့ အချက်အလက်တွေ စုံစမ်းပေးဖို့ ပြောလိုက် .. အဲ့တာမှ ကျုပ်တို့ နောက်ခြေလှမ်း စလို့ရမှာ …”
“ ပြဿနာ မရှိဘူး …”
စုန့်ကျင်းမင်သည် မီရာထံသို့ ဖုန်းခေါ်၍ သူမအား ဖြစ်ပျက်သမျှကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
ဆယ်မိနစ် ကြာပြီးသည့်နောက် စုန့်ကျင်းမင်ထံသို့ မေးလ်တစ်စောင် ဝင်လာသည်။
ကျန်ရှိသည့် အခြားအလက်များက သူတို့အတွက် အသုံးမဝင်ပေ။ တစ်ခုတည်းသော အရေးကြီးဆုံးအရာမှာ ဖောဆက်စ်၏ ဓာတ်ပုံပင်။
“ သွားပြီး တံခါးဝမှာ စောင့်ကြည့်ကြစို့ …” စုန့်ကျင်းမင် ပြောလိုက်သည်။
“ ခင်များသွားလေ .. ကျုပ်တော့ မသွားဘူး …”
“ ဘာလဲ… ကောင်တာက ကောင်မလေးနဲ့ အီစီကလီ သွားလုပ်တော့မလို့လား …”
“ ကျုပ် ဟိုတယ်ရဲ့ လုံခြုံရေး စနစ်ကို ဟက်ထားပြီးပြီ … စောင့်ကြည့်ကင်မရာ မြင်ကွင်းတွေကနေ ဖောဆက်စ်ကို ရှာလို့ရတယ်…”
“ ငိုးပဲ … မင်းက မင်းအဖေထက်တောင် ခိုးကြောင်ခိုးဝှက်နိုင်နေသေးတယ်…” စုန့်ကျင်းမင် စီးကရက်တစ်လိပ်အား မီးညှိလိုက်ပြီး “ အဲ့ဒါဆို မင်းဒီမှာ စစ်ဆေးနေလိုက် .. ပိုသေချာအောင် ငါ တံခါးဝမှာ သွားစောင့်ကြည့်နေလိုက်မယ်… “
“ အိုကေ …”
စုန့်ကျင်းမင် ထွက်ခွာသွားပြီးသည့်နောက် လင်းရီ ဆက်လက် အချိန်ဖြုန်းမနေတော့ဘဲ စောင့်ကြည့်ကင်မရာ မြင်ကွင်းများအား စတင်စစ်ဆေးကာ ဖောဆက်စ်အကြောင်း သဲလွန်စ တစ်စိတ်တစ်ပိုင်း ရလိုရငြား လိုက်ရှာကြည့်လေသည်။
စီနယ်လ် ပြောသည့် အတိုင်းဆိုပါက ဖောဆက်စ် ဒိုဇာသို့ ရောက်လာခဲ့သည်မှာ တမြန်မနေ့ကပင်။ ထို့ကြောင့် လင်းရီသည် စောင့်ကြည့်ကင်မရာ တိပ်များ၏ ရက်စွဲကို တမြန်မနေ့သို့ ပြောင်းလဲလိုက်၏။ ကျန်ရစ်သည့် တစ်ခုတည်းသော အရာမှာတော့ စိတ်ရှည်လက်ရှည်ဖြင့် စူးစမ်းလေ့လာဖို့ရာပင်။
ည ခုနစ်နာရီသို့ ရောက်သည့်အချိန်၌ လင်းရီသည် စောင့်ကြည့်ကင်မရာ မြင်ကွင်းထဲ၌ ခေါင်းပေါင်းနှင့် သံသယဖြစ်ဖွယ် လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
သူက အနက်ရောင် လက်ဆွဲသေတ္တာကို လက်ထဲတွင် ကိုင်ဆွဲထားပြီး အမျိုးသားနှစ်ယောက်က အနောက်မှနေ၍ လိုက်ပါလာလေသည်။
တိုက်ဆိုင်သွားခဲ့သည်လော ၊ သို့မဟုတ် ရည်ရွယ်ချက် ရှိရှိနှင့်ပဲလော လင်းရီ မပြောတတ်။ သို့သော် တစ်ဖက်သူမှာ ဗွီဒီယို တစ်ခုလုံး ပြီးဆုံးသွားခဲ့သည်တိုင် ၎င်း၏ မျက်နှာကို ကင်မရာသို့ မပြသခဲ့ချေ။ ထိုလူက အသိသတိတော့ အင်မတန်ကောင်းသည့် လူစားမျိုးပင်။
သို့သော် တဒင်္ဂသော အခိုက်အတန့်တစ်ခု၌ လင်းရီ အခွင့်အရေးကို ရှာတွေ့သွားခဲ့ပြီး မြင်ကွင်းကို ရပ်တန့်လိုက်ကာ ၎င်း၏ မျက်နှာကို သေချာလေး မြင်တွေ့လိုက်ရ၏။
ထိုလူက ဖောဆက်စ်ပင်။
ချက်ချင်းဆိုသလို လင်းရီ ဖောဆက်စ်၏ အခန်းကို အတည်ပြုကြည့်လိုက်ရာ သူတို့ အထက်နားလေးမှာပဲ ဖြစ်၏။
လင်းရီ ဖုန်းကို ချက်ချင်းကောက်ကိုင်၍ စုန့်ကျင်းမင်ထံ ဆက်သွယ်လိုက်သည်။
“ အမြန်ပြန်လာခဲ့တော့ … ဖောဆက်စ် ဘယ်မှာလဲ သိရပြိ …”
“ အေးအေး ခဏလေး .. ဒီမှာ ငါ တစ်မိနစ်ဆို ပြီးပြီ …”
လင်းရီ “ ??? “
ခင်များ တစ်ခါလောက်လေးပဲ ဖြစ်ဖြစ် လူလိုသူလို ပြုမူပေးလို့မရဘူးလား …