ပိုငယ်တဲ့ မျိုးဆက်သစ်တွေက ကြောက်ဖို့ ကောင်းလာနေပြီ
Vol. 126 Ch. 1886
“ ဒီလောက်အချိန်အကြာကြီး အလုပ်လုပ်ထားပြီးမှတော့ သေချာပေါက် အနားယူရမယ်လေ…” စုန့်ကျင်းမင် ပြောလိုက်ပြီး “ စောင့်နေ … ငါ ဒီဆက်ရှင် ပြီးတဲ့ အထိ မနေတော့ဘူး … တက်လာပြီး မင်းဆီ လာခဲ့မယ်…”
လင်းရီမှာမူ အတော်လေး ကူကယ်ရာမဲ့နေမိသည်။ စုန့်ကျင်းမင်၏ အသည်းနှလုံးက သူ့ထက်ပင် ကြီးနေသေးသည်ဟု ခံစားလိုက်ရ၏။
ဆယ်မိနစ်ကြာပြီးသည့်နောက် တံခါးသော့ပွင့်လာခဲ့ပြီး စုန့်ကျင်းမင်မှာ အနက်ရောင် ကျောင်းသားလွယ်အိတ်တစ်လုံးဖြင့် အထဲသို့ ဝင်လာသည်။
“ ဒါက ဘာတွေတုန်း … ခင်များ ဘယ်ကနေ ရလာခဲ့တာ …”
“ ဒီ ညနေ အပြင်သွားတုန်းက ရခဲ့တာပဲ …”
လင်းရီ လွယ်အိတ်ကို အနည်းငယ် သိချင်စိတ်ပြင်းပြင်စွာဖြင့် ဖွင့်ကြည့်လိုက်ရာ နံရံကပ်ဗုံးအနည်းငယ် ၊ ခြေရာခံ ပစ္စည်းနှစ်ခုနှင့် ခိုးနားထောင်သည့် ကိရိယာတစ်ခုတို့ ရှိနေသည်။
“ ခင်များရဲ့ စကေးတွေနဲ့ ဒီဟာတွေ လိုလို့လား …”
နောက်ဆုံးအကြိမ် ဒူဘိုင်းတွင်တုန်းက စုန့်ကျင်းမင်သည် ဂျက်ဖရီနှင့် အခြားသူများအား လက်ဗလာဖြင့် ချေမှုန်းပြခဲ့သည်ကို လင်းရီ မှတ်မိနေသေးသည်။ သူသည်ပင် မစ်ဆေးလ် ဒုံးကျည်အနည်းငယ်၏ အကူအညီမပါဘဲ စုန့်ကျင်းမင်အား သတ်ဖြတ်ဖို့ မဖြစ်နိုင်ဟု ခံစားနေရ၏။
“ ငါ မလိုဘူး … ဒါတွေအားလုံး မင်းဖို့ ပြင်ထားပေးတာ … ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သိမ်းထား …”
“ ခင်များတစ်ယောက်လုံး ကျုပ်အနားမှာ ရှိနေမှာကို ဒါတွေ လိုအပ်ဦးမှာလား …”
စုန့်ကျင်းမင်မှာ နောက်ဆုံးအကြိမ်ကထက် အတော်လေး သတိထားနေလျက် ရှိသည်ကို လင်းရီ သတိပြုမိလိုက်သည်။
သူ၏ အရည်အချင်းတို့ဖြင့်ဆိုပါက ဤသည်က နည်းနည်းတော့ ပုံမှန် ဟုတ်မနေပေ။
“ ဒီလိုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အသိတစ်ချို့ ငါ့မှာရှိတယ်…” စုန့်ကျင်းမင် စီးကရက်တစ်လိပ်အား မီးညှိ၍ “ ငါ မေးကြည့်လိုက်တာ ဒီရက်ပိုင်းထဲမှာ လူတော်တော်များများ သူ့ဆီလာပြီး လက်နက်ဝယ်တဲ့လူတွေက ပုံမှန်ထက် ပိုများနေတယ်… ဒါ အလံနီ ဖြစ်နိုင်တယ်…”
“ အလံနီ ဟုတ်လား …”
စုန့်ကျင်းမင်၏ စကားတို့က လင်းရီကို ကြက်သေသေသွားစေခဲ့ပြီး တုံ့ပြန်နိုင်ရန်အတွက် စက္ကန့်အနည်းငယ်ကြာ အချိန်ယူလိုက်ရသည်။
“ ခင်များပြောချင်တာ ကာတာထဲ ဝင်ရောက်နေတဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းအရေအတွက်က လတ်တလော တိုးပွားလာနေတယ်ပေါ့ … ပြီးတော့ သူတို့ရဲ့ ရည်မှန်းချက်ကလည်း ဖောဆက်စ်နဲ့ ဆင်တူနေလောက်တယ် … အဲ့လိုလား …”
စုန့်ကျင်းမင် ခေါင်းညိမ့်လိုက်သည်။ “ ခန့်မှန်းကြည့်ရုံ သပ်သပ်ပါပဲ … ဟုတ်လား မဟုတ်လားတော့ ငါလည်း မသေချာဘူး .. ဒါပေမယ့် သတိဆိုတာ ပိုလို့ မှားသွားတာမှ မရှိတာ …”
“ ဒါဆိုလည်း အဲ့လိုပဲ ယူဆပြီး တွေးကြည့်ရအောင် …” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ အန္တရာယ်ရှိတဲ့ ပစ္စည်းတော်တော်များများက လတ်တလော ကာတာထဲ ဝင်နေပြီး သူတို့ရဲ့ ရည်မှန်းချက်ကလည်း ဖောဆက်စ်နဲ့ ဆင်တူနေမယ်ဆိုရင် အဲ့တာကို ဘာကို ပြောချင်နေတာ ဖြစ်လောက်မလဲ …”
စုန့်ကျင်းမင် စီးကရက်ကို တိတ်တဆိတ် ရှိုက်နေပြီး ခေတ္တကြာအောင် အတွေးနက်သွားခဲ့၏။
“ အဲ့တာဆိုရင်တော့ ဖောဆက်စ် အပေးအယူလုပ်မယ့်လူလက်ထဲမှာ တန်ဖိုးကြီးပစ္စည်းတွေ တော်တော်များများ ရှိနေတယ်လို့ ဆိုတာပဲ … “
“ ဒါဆိုရင် အဖွဲ့အစည်းပေါင်းစုံ အပေးအယူလုပ်ပွဲ ဖြစ်မနေနိုင်ဘူးလား …” လင်းရီ သူ၏ အတွေးကို ထုတ်ဖော်လိုက်သည်။
“ အဲ့လိုသာဆိုလို့ကတော့ ဖောဆက်စ်နဲ့ အပေးအယူလုပ်မယ့် အဖွဲ့အစည်းက ခေတော့ မခေလောက်ဘူး .. အနည်းဆုံး ငါတို့ အဖွဲ့အစည်းနဲ့ အတူတူနီးပါးလောက် ရှိနိုင်တယ်…”
စုန့်ကျင်းမင်၏ သဘောထားမှတ်ချက်ကြောင့် လင်းရီ အံ့အားသင့်သွားခဲ့သည်။
ဤသည်က မြင့်မြင့်မားမားကို မြှောက်ပင့်လိုက်ခြင်း ဖြစ်၏။
“ ခင်များ သေချာလား …”
“ အနည်းနဲ့ အများပေါ့ …”
စီးကရက်ကို ကုန်အောင် သောက်ပြီးနောက် စုန့်ကျင်းမင် နောက်တစ်လိပ် ထပ်ညှိလိုက်သည်။ “ ငါ့ အသိပြောပြတဲ့အတိုင်းဆိုရင် သူ့ဆီ လာခဲ့တဲ့ လူတိုင်းက အတော်လေး စကေးရှိတဲ့ လူတွေချည်းပဲ … အနည်းဆုံးတော့ ဖောဆက်စ်ရဲ့ အဆင့်မှာ ရှိတယ်.. တကယ့်စစ်မှန်တဲ့ အစွမ်းအစတစ်ချို့ မရှိဘဲနဲ့တော့ ဒီလိုလူအများကြီးကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး … မဟုတ်ရင် သူတို့ပဲ ဓားပြတိုက်ခံလိုက်ရမှာ …”
လင်းရီ၏ မျက်လုံးတို့က တစ်စုံတစ်ခုကို တွေးတောနေသည့်နှယ် ဂနာမငြိမ်ဖြစ်သွားခဲ့သည်။
“ မာမွန်း အဖွဲ့အစည်းက တစ်ယောက်ယောက်များ ဖြစ်နိုင်လောက်လား …”
“ ဖြစ်နိုင်တယ်… ဒါပေမယ့် မသေချာဘူး …” စုန့်ကျင်းမင် တိကျသေချာသည့် အဖြေတစ်ခုကို မပေးခဲ့ချေ။
“ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘက်စ် ၂ ကီလိုဆိုတာ ပေါ့သေးသေး ပမာဏ မဟုတ်ဘူး … စောင့်နေတဲ့ လူ ဘယ်နှယောက်ပဲရှိရှိ ဖောဆက်စ်က သူတို့ရဲ့ ပါတနာ အကြီးစားဖြစ်မယ်ဆိုတာတော့ လုံးဝ သေချာတယ်…”
စုန့်ကျင်းမင်၏ စကားကို လင်းရီ မည်သည့်မှတ်ချက်ပြုခြင်းမျှ မရှိချေ။
သတ္တုရိုင်းများအပေါ် သူ နားလည်သိရှိထားသလောက်ဆိုပါက ၂ ကီလိုဂရမ်ဆိုသည့် ပမာဏက အမှန်ပင် သေးငယ်သည့် ပမာဏတစ်ခု လုံးဝ မဟုတ်ချေ။ “ ဒါပေမယ့် သူတို့ အလဲအလှယ်လုပ်မယ့်လူက ဘယ်သူဖြစ်ဖြစ် ဘာအရေးလဲ … ငါတို့လာတဲ့ ရည်ရွယ်ချက်က ဖောဆက်စ်ကို သတ်ဖို့ပဲလေ… ဟုတ်တယ်ဟုတ် …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ မင်း အခုလုပ်ဖို့လိုတာက ဖောဆက်စ် ဘယ်တုန်းက အပြင်ထွက်သွားခဲ့လဲဆိုတာပဲ … ပြီးရင် ငါတို့ သူ့ကို စောင့်ပြီး သတ်လို့ ရပြီ …”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး စခရင်မှတဆင့် ဖောဆက်စ်၏ သတင်းအချက်အလက်များကို စီစစ်လိုက်သည်။
တစ်နာရီ ကြာပြီနောက် အချက်အလက်များအားလုံးကို လင်းရီ စီစစ်ပြီးသွားခဲ့လေပြီ။
ဖောဆက်စ် နောက်ဆုံးအကြိမ် အပြင်ထွက်သွားခဲ့သည်က ယခု မနက် ဆယ်နာရီတုန်းက ဖြစ်ပြီး ထိုအချိန်ကတည်းက ဟိုတယ်ကို ပြန်မလာခဲ့တော့ချေ။
လင်းရီ ဆက်လက်၍ ဟိုတယ်ဝင်ပေါက်ဝရှိ ကင်မရာကို ဟက်ထားလိုက်ပြီး ဖောဆက်စ်၏ အခန်းပေါက်သို့ ဦးတည်ထားသည့် ကင်မရာကိုလည်း ထိန်းချုပ်ထားလိုက်သည်။ ဖောဆက်စ် ပြန်လာသည်နှင့် သူ့ဘက်က ချက်ချင်း သိရှိနိုင်ပေမည်။
အရာအားလုံး အဆင်သင့် ဖြစ်သည်နှင့် နှစ်ယောက်မှာ ဆိုဖာပေါ်၌ ပျင်းပျင်းရိရိဖြင့် ထိုင်နေကြပြီး တစ်ခါတစ်ရံ ဆေးလိပ်သောက်ရင်းဖြင့် ကင်မရာကို စောင့်ကြည့်နေခဲ့ကြသည်။
ညဆယ်နာရီသို့ ရောက်သည့်အချိန်၌ လင်းရီ ဆိုဖာပေါ်မှ ရုတ်ချည်း ထလာသည်။
“ သူ ပြန်ရောက်ပြီ …”
သို့သော် ဘေး၌ မည်သည့်အသံမျှ မကြားရ၍ လင်းရီ လှည့်ကြည့်လိုက်ရာ စုန့်ကျင်းမင်မှာ အိပ်ပျော်နေပြီ ဖြစ်ကြောင်းကို လင်းရီ မြင်တွေ့လိုက်ရသည်။
“ ဖက်ခ်ပဲ … ဒီလိုအချိန်မျိုးမှာတောင် အိပ်နေလိုက်သေးတယ်…”
လင်းရီထပြီး စုန့်ကျင်းမင်အား ကန်ကျောက်လိုက်ရာ သူ့မှာ ချက်ချင်း နိုးလာခဲ့၏။
“ ဘာလဲ ဘာဖြစ်တာလဲ … ဟိုကောင်ပြန်ရောက်လာပြီလား …”
“ အခုလေးတင် ကားထဲက ထွက်လာတာပဲ …”
လင်းရီ စခရင်သို့ ညွှန်ပြလိုက်ပြီး “ အထဲဝင်လာတော့မှာ …”
ကင်မရာထဲ၌ ဖောဆက်စ်က အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်း၌ ခေါင်းပေါင်းလည်း ပေါင်းထားသည်။ သူ၏ အမှတ်သင်္ကေတကတော့ ထူထဲသည့် မုတ်ဆိတ်မွှေးကြီးများပင်။
ထိုလူအား မှတ်မိဖို့ဆိုသည်မှာ အင်မတန် လွယ်ကူသည်။
ဖောဆက်စ်နှင့် သူ့လူနှစ်ယောက်မှာ ကင်မရာ မြင်ကွင်းထဲက ကွယ်ပျောက်သွားခဲ့ပြီး မကြာမီ အခြား စောင့်ကြည့်ကင်မရာမြင်ကွင်းထဲ၌ ပေါ်လာခဲ့၏။
စုန့်ကျင်းမင် မတ်တပ်ရပ်၍ သူ၏ အင်္ကျီများအား သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်လိုက်သည်။
“ အချိန်ကျပြီ … အလုပ်စကြစို့ ….”
“ နေဦး … ကျုပ် ဟိုတယ်ရဲ့ ကင်မရာကို ဒီခုမြင်ကွင်းပဲဆက်တိုက်ပြထားအောင် လုပ်လိုက်ဦးမယ်… အဲ့လိုမှပဲ ဘယ်သူမှ မမြင်မှာ …”
“ မင်း အတော် စဉ်းစားတတ်တဲ့ကောင်ပဲ ..”
စခရင်ရှေ့၌ ကျွမ်းကျင်ပိုင်နိုင်စွာ အလုပ်လုပ်နေသည့် လင်းရီကို ကြည့်ရင်း ရုတ်တရက်ဆိုသလို စုန့်ကျင်းမင်သည် ငယ်ရွယ်သည့် မျိုးဆက်က သူ့အား ကျော်တက်သွားသည်ဟု ခံစားလိုက်ရ၏။
တစ်ချို့သော နယ်ပယ်ကဏ္ဍများ၌ သူက သူ့အဖေထက်ပင် ပိုပြီး သန်မာအားကောင်းနေသည်။ သူ့အဖေ ပြုလုပ်ရန် ကျရှုံးခဲ့သည့် အရာတစ်ချို့ကိုပင် သူက ပြုလုပ်နိုင်လောက်၏။
ကျုံးဝေ့တပ်ဖွဲ့က သူ့အား ကန့်သတ်ထိန်းချုပ်ထားနိုင်ပါမည်လောဆိုတာကတော့ စဉ်းစားစရာပင်။
“ ပြီးပြီ …” လင်းရီ Enter ကီးခေါက်၍ ပြောလိုက်၏။
စုန့်ကျင်းမင် စခရင်ကို ကြည့်လိုက်ရာ ဖောဆက်စ် အခန်းရှေ့ရှိ ကင်မရာမြင်ကွင်းက ဒုံရင်းကဒုံရင်း ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဤသည်ကလည်း ကောင်း၏။ သူ တိုက်ခိုက်သည့် အချိန်၌ ကင်မရာ၌ ပေါ်မထွက်လာစေရန် ချုပ်တည်းထားဖို့ မလိုတော့ချေ။ စိတ်လွတ်လက်လွတ် လှုပ်ရှားနိုင်ပေမည်။
ပစ္စည်းများ သိမ်းဆည်းပြီးနောက် နှစ်ယောက်မှာ အပြင်သို့ အတူထွက်လာခဲ့ကြ၏။
ဖောဆက်စ်၏ အခန်းက အပေါ်ထပ်တွင် ဖြစ်သဖြင့် ဓာတ်လှေကားကို သုံးဖို့ မရည်ရွယ်ခဲ့ချေ။ ထိုအစား မီးဘေးလွတ်ပေါက်မှတဆင့် အပေါ်ထပ်သို့ ရောက်ရှိလာသည်။
ဘုရင်ခန်းအလွှာမှာ အတော်လေး တိတ်ဆိတ်ငြိမ်သက်လှပြီး သူတို့နှစ်ဦး အပေါ်သို့ တက်လာသည့် အချိန်၌ ဖောဆက်စ်၏ အခန်းတံခါးကို စောင့်ကြပ်နေသည့် လူနှစ်ယောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်က အနက်ရောင် ကျောက်ဆစ်ရုပ်ကြီးများသဖွယ် တည်ရှိနေပြီး လှုပ်ရှားမှု ကင်းမဲ့နေသည်။ သို့ပေမယ့် ထွက်ပေါ်နေသည့် ကြမ်းကြုတ်လှသော အရှိန်အဝါတို့ကတော့ အနားမကပ်ဝံ့လောက်အောင်ကိုပင်။
လင်းရီ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ရာ အတော်လေး တိတ်ဆိတ်နေသည်ကို မြင်တွေ့လိုက်ရသည်။ မည်သည့် ဖြတ်သွားဖြတ်လာမျှလည်း ရှိမနေချေ။ ထို့ကြောင့် သူ့လက်ကို ဝှေ့ယမ်းပြလိုက်၏။
“ ဘယ်ဘက်ကကောင်ကို ကျုပ်ရှင်းလိုက်မယ်… ခင်များက ညာဘက်တစ်ယောက်ကို ရှင်းလိုက် … ရတယ်မလား…”
“ စိတ်ချထားစမ်းပါ … မင်း အချစ်အက်ရှင် ဇာတ်ကားတွေ ကြည့်နေတဲ့ အချိန်ကတည်းက ဒီလို အလုပ်မျိုးတွေ လုပ်လာခဲ့တဲ့ ကောင်ပါကွ … “
ပြောပြီးနောက် လင်းရီအား စောင့်ဆိုင်းခြင်းပင် မရှိဘဲ စုန့်ကျင်းမင်သည့် လက်မောင်းအား အပေါ်အောက်လွှဲရင်း ဖြတ်သွားဖြတ်လာဟန်ဖြင့် အေးအေးလူလူ လျှောက်သွားခဲ့သည်။
“ သေစမ်း …”
လင်းရီ ကျိန်ဆဲလိုက်ပြီး အနောက်ကနေ လိုက်လာခဲ့၏။ သူသည်လည်း ဖုန်းအား အပေါ်အောက် ပွတ်ဆွဲနေရင်း သာမန် ဖြတ်သွားဖြတ်လာ တစ်ယောက်သဖွယ် ပြုမူနေသည်။
အစောင့်နှစ်ယောက်အနားသို့ နီးကပ်လာသည်နှင့် နှစ်ယောက်လုံး ပြိုင်တူလှုပ်ရှားကာ တစ်ယောက်ချင်းစီအား ပါးစပ်အုပ်၍ လည်မျိုအား ဆွဲရမ်းပစ်လိုက်သည်။
စစ်ဆင်ရေးတစ်ခုလုံးက အသံတစ်သံမျှပင် ထွက်ပေါ်ခြင်း မရှိပါဘဲ ပြီးမြှောက်အောင်မြင်သွားခဲ့လေသည်။