ထူးဆန်းသည့် သင်္ကေတ
Vol. 126 Ch. 1887
အခန်းထဲတွင်တော့ ဖောဆက်စ်က ဆိုဖာပေါ်တွင် ထိုင်နေခဲ့သည်။ သူ့အရှေ့တွင်တော့ အနက်ရောင် လက်ဆွဲသေတ္တာတစ်ခုကို ချထားလျက် ရှိ၏။
သူ့ ဘော်ဒီဂတ်နှစ်ဦးက သူ့အရှေ့တွင် လက်နောက်ပစ်လျက် တိတ်တဆိတ် မတ်တပ်ရပ်နေပြီး အပြင်၌ ရှိသည့် လူနှစ်ယောက်ကဲ့သို့ မည်သည့် စကားကိုမျှ မဆိုကြချေ။ သူတို့ကြည့်ရသည်မှာ တေမိဖြစ်နေကြဟန်ပင်။
သို့ပေမယ့် ရှေ့ရှိ ဤလူနှစ်ယောက်က အပြင်ဘက်ရှိ နှစ်ယောက်နှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင်တော့ ကွာဟမှုက ကမ္ဘာခြားနေသမျှပင်။ အဘယ်ကြောင့်ဆိုသော် ဤလူများက စီ - အဆင့်သို့ ရောက်ရှိနေပြီး အပြင်ဘက်ရှိ အစောင့်များကတော့ E - အဆင့်မျှသာ ရှိသေးသောကြောင့်ပင်။
သူ့ရှေ့ရှိ သေတ္တာကိုကြည့်ရင်း ဖောဆက်စ်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုအား ကြည့်ရှုနေရသကဲ့သို့ စိတ်လှုပ်ရှားနေခဲ့လေသည်။
သတိကြီးစွာဖြင့် … ဖောဆက်စ်သည် သေတ္တာကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ အတွင်း၌ အနက်ရောင် ရေမြုပ်တစ်ခု ရှိနေပြီး ၎င်းအလယ်တွင်တော့ ၁ မီလီလီတာမျှ ရှိသည့် သေးငယ်သော ဆေးထိုးအပ်ပြွန်တစ်ခုက ငြိမ်သက်စွာ လဲလျောင်းနေသည်။
သေတ္တာအဖုံးထက်တွင်လည်း မာကျောသည့် အနက်ရောင် ရေမြုပ်တစ်ခု ရှိနေခဲ့၏။ သို့သော် ယင်းက အနည်းငယ် ကွဲပြားပြီး ၎င်းရေမြုပ်ပေါ်၌ လေဆာနှင့် ဒီဇိုင်းထိုးထားသည့် အမှတ်အသား တစ်ခုပါရှိနေသည်။
အပေါ်တွင် ကျင်တွယ်တစ်ခု ၊ အောက်တွင် လေးထောင့်ပေတံတစ်ချောင်းနှင့် အလယ်တွင် ကြီးမားသည့် ‘ G ‘ အက္ခရာ စာလုံးက တည်ရှိနေသည်။
အနှီပေါင်းစပ်မှုက လူကို ပြောမပြနိုင်သည့် အံ့ဩထိတ်လန့်ဖွယ် အရာတစ်ခုအား ပေးစွမ်းနေလျက် ရှိသည်။
ဆေးထိုးပြွန်ထဲတွင် အဝါရောင် အရည်များဖြင့် ပြည့်နှက်နေပြီး အနည်းငယ်လည်း ထွင်းဖောက်မြင်နေရ၏။ များများစားစား ရွေ့လျားနေခြင်း မရှိသည့် သေးငယ်သည့် လေပူပေါင်းလေးများလည်း အထဲတွင် ရှိနေသည်။
ယင်းက အရည်သည် အတော်လေး စေးပျစ်လှကြောင်းကို ဖော်ပြနေပေသည်။
မည်မျှ အတိုင်းအတာအထိလဲ ဆိုတာကိုတော့ ယခုတိုင် မသိရသေးပေ။
ဆေးထိုးပြွန်အပ်ကိုမြင်တော့ ဖောဆက်စ်မျက်လုံးထဲရှိ မီးတောက်တို့က ပို၍ပင် တောက်ပစွာ လောင်ကျွမ်းလာလေတော့သည်။
ညင်သာစွာဖြင့် .. ဖောဆက်စ် ဆေးထိုးအပ်ကို ထုတ်ယူလိုက်ပြီး သူ၏ မျက်ဝန်းတို့ကတော့ ရှားပါး ရတနာတစ်ခုအား ကြည့်နေသည့်နှယ် ညှို့ငင်ဖမ်းစားခြင်းကို ခံနေရတော့၏။
အချိန်အတော်ကြာသည်ထိတိုင်အောင် ဤအရာကို သူ အိပ်မက်မက်ခဲ့ရသည်။ ယနေ့တွင်တော့ သူ ရရှိခဲ့လေပြီ။
အားတက်သရော ဖြစ်စွာဖြင့် ဖောဆက်စ်သည် ဆေးထိုးအပ် အဖုံးကို ဖွင့်ကာ နောက်ရှိ ပြွန်တံ(plunger)ကို ဂရုတစိုက်နှင့် တွန်းတင်လိုက်သည်။
ကြည်၀ါရောင် အရည်လေးများ အပ်ထိပ်ဖျားသို့ ရောက်လာသည့် အခါမှသာ သူ ရပ်တန့်လိုက်လေသည်။
ထို့နောက် သူ့ ရှပ်အင်္ကျီကို လှန်၍ လက်မောင်းကို ဖွင့်ကာ နောက်တစ်စက္ကန့်၌ လက်မောင်းထဲသို့ ထိုးသွင်းလိုက်၏။
ဖောဆက်စ်ကဲ့သို့ တစ်စုံတစ်ယောက်အတွက်တော့ ဆေးထိုးသွင်းရာမှ ခံစားရသည့် နာကျင်မှုက ပြောပလောက်သည့် အရာတစ်ခု မဟုတ်ချေ။
ထို့နောက် … ဖောဆက်စ် ဖြည်းညင်းစွာဖြင့် ပြွန်တံကို တွန်းလိုက်ပြီး အဝါကြည်ရောင် အရည်များအား သူ့ကြွက်သွားထဲသို့ ဆယ်ပုံတစ်ပုံ ထိုးသွင်းလိုက်သည်။ ထို့နောက် အပ်ကို ပြန်ထုတ်လိုက်၏။
သူ ဆေးထိုးအပ်ကို အောက်ချလိုက်သည့် အချိန်မှာပဲ ခန္ဓာကိုယ်အတွင်း၌ ပြောင်းလဲမှုများအား ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် အရေပြားတို့မှာ ပူလောင်နီရဲသည့် လက္ခဏာများ ဖော်ပြလာပြီး ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည်ပင် တဒုတ်ဒုတ် မြည်ဟည်းနေသယောင်ပင်။
သို့သော် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကြောင့် ဖောဆက်စ် ကြောက်ရွံ့မသွားခဲ့ချေ။
ထိုအစား သူ့မှာ အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းသာနေဟန် ပေါ်သည်။
အဘယ်ကြောင့်ဆိုသော် ဤသည်က သူလိုချင်သည့် ခံစားချက် အတိအကျ ဖြစ်နေသောကြောင့်ပင်။
ဘန်း …
ဘေးရှိ နံရံသို့ ဖောဆက်စ် လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး ချေမွပစ်လိုက်သည်။ နံရံရှိ အင်္ဂတေများ အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ အလွှားလိုက် ကြွေကျလာသော်လည်း သူ့မှာ မည်သည့်နာကျင်မှုကိုမျှ ခံစားရခြင်း မရှိပေ။
သို့သော် မကြာမီမှာပဲ ဖောဆက်စ် ခန္ဓာကိုယ်ပေါ်ရှိ နီရဲနေသည့် လက္ခဏာများ ကွယ်ပျောက်သွားခဲ့ကာ ပုံမှန် ပြန်ဖြစ်သွားခဲ့လေသည်။
သူ့မျက်ဝန်းထဲရှိ အရူးအမူး ဖြစ်မှုတို့ကတော့ ပို၍ပင် သိပ်သည်းပြင်းထန်လာခဲ့၏။
“ ဒီတိုင်း ၀.၁ မီလီလီတာ လေးကတောင် ဒီလို အကျိုးသက်ရောက်မှုမျိုး ဖြစ်ပေါ်စေတယ်… မယုံကြည်နိုင်စရာပဲ …” ဖောဆက်စ် စိတ်လှုပ်ရှားကြီးစွာ ပြောဆိုလိုက်၏။
“ ဒီလူတွေက တကယ့်မကောင်းဆိုးရွားပဲ … ဒီလိုအရာမျိုးကို တကယ်ကြီး တီထွင်နိုင်နေတယ်… ကမ္ဘာကြီးက သူတို့ကြောင့် ပြောင်းလဲသွားတော့မယ်…”
“ ဟာဒက်ဖ် … တစ်ဖက်အဖွဲ့ကို မနက်ဖြန် ညကျ အပေးအယူ လုပ်မယ့်အကြောင်း အသိပေးလိုက် ..” ဖောဆက်စ် သူ့ ဘော်ဒီဂတ် တစ်ယောက်ကို ပြောလိုက်၏။
“ ဘော့စ် .. ဒီ အရာရဲ့ အကျိုးသက်ရောက်မှုကို တခြားတစ်ယောက်ယောက်နဲ့ မစမ်းသပ်ကြည့်တော့ဘူးလား .."
ဖောဆက်စ် ခေါင်းခါရမ်းလိုက်သည်။
“ ဒီကမ္ဘာကြီးထဲမှာ သူတို့ရဲ့ ယုံကြည်စိတ်ချရမှုကို မေးခွန်းထုတ်နေဖို့ မလိုဘူး … အပေးအယူ မလုပ်ခင် သူတို့ဘက်က ပစ္စည်း အရင်ပို့လာတာကို ကြည့်တာနဲ့တင် သူတို့ဘက်က ရိုးသားလေးနက်မှုကို အပြည့်အဝ မြင်နေရတယ်… အလွန်အကျွံ သတိထားနေဖို့ မလိုဘူး … ငါ သူတို့ကို ယုံတယ်…”
“ ကောင်းပြီ … ကျုပ် သူတို့ဆီ ဆက်သွယ်လိုက်မယ်…” ဟာဒက်ဖ် အမည်ရသည့် ဘော်ဒီဂတ်က ပြောလိုက်သည်။
“ ဒါပေမယ့် ကျုပ်တို့ ဒီလာတဲ့အချိန် အခြေစိုက်စခန်း လေကြောင်း တိုက်ခိုက်ခံခဲ့ရတယ်… လူတစ်ရာကျော်သေသွားတယ်လို့ သတင်းပို့လာတယ်… စီနယ်လ်လည်း ပျောက်နေတယ်… ကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပဲနော် ဘော့စ် …”
ဤသတင်းကိုကြားတော့ ဖောဆက်စ်၏ အမူအရာမှာ အေးစက်သွားခဲ့သည်။
ဤအကြောင်းကို သူ သိထားပြီး ဖြစ်၏။ သို့သော် အခြား အရေးကြီး ကိစ္စများ ရှိနေသေးသဖြင့် သူ ခေတ္တ ဘေးကပ်ထားခြင်းပင်။
ယခု ကိစ္စအများစုက ဖြေရှင်းလုနီးပါး ဖြစ်သဖြင့် စခန်းရှိ ကိစ္စများအား ကိုင်တွယ် ဖြေရှင်းရမည့် အချိန်ပင်။
ဖောဆက်စ် ဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ရှေ့တူရှုသို့ တည့်တည့်စိုက်ကြည့်လိုက်သည်။
“ စခန်းက ဘာသတင်းအသစ်တွေ ထပ်ရသေးလဲ …”
“ လေကြောင်း တိုက်ခိုက်မှု မပြုလုပ်ခင်ကတည်းကရင် ရန်သူ့တပ်ဖွဲ့က စခန်းထဲကို ထိုးဖောက်ဝင်ပြီးနေပြီ .. ဒါပေမယ့် အထိကရုဏ်း ကြီးကြီးမားမားတော့ ဖြစ်မသွားဘူး … ကင်းတပ်စခန်း ၆ တစ်ခုတည်းပဲ တိုက်ခိုက်ခံလိုက်ရတယ်… ဆုံးရှုံးမှုတော့ ကြီးကြီးမားမား မရှိပါဘူး …” ဟာဒက်ဖ် ဖြေဆိုလိုက်၏။
“ ဒါပေမယ့် အဲ့နောက်မှာပဲ လေကြောင်း တိုက်ခိုက်မှုတွေ ရောက်လာပြီး လူ ၁၂၀ နီးပါးလောက် ဆုံးရှုံးသွားခဲ့တယ်…”
“ သူတို့က ကင်းတပ်စခန်း ၆ ကို လျှပ်တစ်ပြက် ဝင်တိုက်ခဲ့တယ်ပေါ့ …”
ဖောဆက်စ် ရေရွတ်လိုက်ပြီး အခြေအနေက အနည်းငယ် ထူးဆန်းနေသည်ကို သတိပြုမိလိုက်သည်။
အကယ်၍ ရန်သူက အဖွဲ့အစည်းကို အမှန်တကယ် တိုက်ခိုက်ချင်နေသည်ဆိုပါက လေကြောင်းဖြင့် ချက်ချင်း တိုက်ခိုက်လာခဲ့မည်မှာ အမှန်ပင်။ အဘယ်ကြောင့် ကင်းတပ်စခန်း ၆ အား အငိုက်ဖမ်း တိုက်ခိုက်ခဲ့ရသနည်း။
ဖောဆက်စ်ကို အစိုးရိမ်စေဆုံးကတော့ ကမ္ဘာပေါ်ရှိ အဖွဲ့အစည်း တော်တော်များ၌ ဒုံးကျည်များ အသုံးပြုနိုင်စွမ်း မရှိသောကြောင့်ပင်။ အနည်းဆုံးတော့ တစ်ဖက်သူက အမည်မည်းစာရင်းထဲ၌ ထိပ်ဆုံး ငါးခုထဲမှ ဖြစ်ရပေမည်။
သို့သော် လတ်တလော နှစ်များ၌ အဖွဲ့အစည်းက မည်သည့် ကြီးကြီးမားမား လှုပ်ရှားမှုမျှ မရှိထားခဲ့သကဲ့သို့ အခြားသော အဖွဲ့အစည်းများနှင့်လည်း အထိကရုဏ်းတို့ မရှိခဲ့ချေ။ အကယ်၍ ရှိခဲ့လျှင်ပင် ယခုလို ရုတ်ချည်းတိုက်လိုက်လာဖို့ မလိုပေ။
ဖောဆက်စ် တွေးတောကြည့်သည့်တိုင် ဘာတွေဖြစ်နေလဲဆိုတာကို စဉ်းစားရ ကြပ်နေခဲ့၏။
“ ဘော့စ် … ဒီကိစ္စက ကျုံးဝေ့တပ်ဖွဲ့နဲ့ ပတ်သက်နေမယ်လို့ ထင်လား …” ဟာဒက်ဖ် ပြောလိုက်သည်။
“ ကျုံးဝေ့တပ်ဖွဲ့လား …”
“ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျုပ်တို့တွေ ပနားမားမှာ ကျုံးဝေ့တပ်ဖွဲ့နှင့် အချေအတင် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လေ.. သူတို့ဘက်က အဲ့ကိစ္စကို တံခါးလာခေါက်တာများလား …”
“ မဖြစ်နိုင်ဘူး … ကျုံးဝေ့တပ်ဖွဲ့က တရားဝင် အဖွဲ့အစည်းပဲ … သူတို့ ဒီလိုမျိုး လုပ်မှာမဟုတ် . . . . . “
ဖောဆက်စ် ရုတ်ချည်းဆိုသလို ပြောရင်းတန်းလန်း ရပ်တန့်သွားခဲ့၏။
သူ တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့သည်။ ပနားမားရှိ စစ်ဆင်ရေးက ၎င်းတို့၏ အကူတပ်ဖွဲ့များ ရောက်ရှိလာမှုကြောင့် ကျရှုံးသွားခဲ့သည်။ ယင်းက ပြဿနာပင်။ အဆိုပါ အကူတပ်ဖွဲ့များက ကြည့်ရသည်မှာ ကျုံးဝေ့တပ်ဖွဲ့ကလည်း ဖြစ်ပုံမရချေ။
ထိုတပ်ဖွဲ့များ ရောက်ရှိလာသည်နှင့် အနက်ရောင်မြွေ အဖွဲ့သားများအားလုံး ရှင်းလင်းခံလိုက်ရပြီး သူ့အား ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့စေသည်။
ဖြစ်နိုင်တာ အဲ့လူတွေကပဲ သူတို့ရဲ့ စခန်းကို တိုက်ခိုက်ခဲ့တာများလား …
မိနစ်ဝက်မျှကြာအောင် စဉ်းစားပြီးနောက် ဤအချင်းအရာက မဖြစ်နိုင်ဟု ဖောဆက်စ် ကောက်ချက်ချလိုက်သည်။
အဆိုပါ အမည်မသိ တပ်ဖွဲ့က ကျုံးဝေ့တပ်ဖွဲ့ကို အန္တရာယ်တောထဲမှ ကူထုတ်ပေးသည်ကပင် မယုံကြည်နိုင်ဖွယ် ကောင်းနေပြီးသား ဖြစ်သည်။ အကယ်၍ ဟွာရှကသာ သူတို့ကို ပြင်ပတိုက်ခိုက်မှုများ ပြုလုပ်ရန် ငှားရမ်းဖို့ ပြုလုပ်မည်ဆိုပါက ယင်းက ဉာဏ်ရှိသည့် ရွေးချယ်မှုတော့ ဟုတ်မနေချေ။
နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတို့အရ အကယ်၍ နိုင်ငံတစ်နိုင်ငံက အခြား ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုခဲ့မည်ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပူးပေါင်းဆန့်ကျင်ခြင်းကို ခံရလိမ့်မည်။
ဟွာရှကို မဆိုထားနှင့်။ အမေရိကန်တို့သည်ပင် ပေါ်ပေါ်ထင်ထင် မပြုလုပ်ဝံ့ချေ။ နောက်ကွယ်မှ လူအင်အားနှင့် လက်နက်တစ်ချို့ ပံ့ပိုးပေးသည်လောက်သာ လုပ်ဝံ့၏။
အရေးကြီးဆုံးကတော့ လေကြောင်း တိုက်ခိုက်မှုက ဆယ်မိနစ်ကျော်မျှသာ ကြာညောင်းခဲ့ပြီး ၎င်းနောက်တွင် မည်သည့်လှုပ်ရှားမှုတို့မျှ ဆက်ဖြစ်မလာတော့ကာ လျင်လျင်မြန်မြန်ပဲ အဆုံးသတ်သွားခဲ့သည်။ ယင်းက အစိုးရတစ်ရပ်၏ ပုံမှန် လုပ်ရိုးလုပ်စဉ်များနှင့် ကိုက်ညီမနေချေ။
ဆိုတော့ … ဘယ်သူက လေကြောင်းတိုက်ခိုက်မှုကို လုပ်ခဲ့တာလဲ…
ပြီးတော့ ဒီလိုလုပ်ရတဲ့ သူတို့ရဲ့ အကြောင်းပြချက်က ဘာဖြစ်မလဲ …
Zzzzzzz….
ထိုအချိန်တွင် အခန်းထဲရှိ လျှပ်စစ်တံခါးသော့က တုန်ခါလာခဲ့ပြီး လျှပ်စစ်စီးကြောင်းများ ဖြတ်ပြေးနေသည့် အသံက ဖောဆက်စ်ကို အံ့အားသင့်သွားခဲ့စေသည်။
ဘယ်ကောင်လဲကွ ..... တံခါးကို သူ့ခွင့်ပြုချက်မပါဘဲ ဖွင့်ဝံ့နေတာ …