← Chapters

စုန့်ကျင်းမင်၏ စိုးရိမ်ပူပန်မှု

Vol. 126 Ch. 1888

စုန့်ကျင်းမင်၏ စိုးရိမ်ပူပန်မှု

Vol. 126 Ch. 1888

တံခါးဝရှိ ပုံမှန် မဟုတ်သည့် အသံများက ဘော်ဒီဂတ်များ၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး ချက်ချင်းပဲ တံခါးဝထံသို့ ပြေးလွှားသွားခဲ့၏။

သို့သော် ဟာဒက်ဖ် ရောက်ရှိပြီးနောက် မကြာမီမှာပဲ တံခါးက ပွင့်ဟလာလေသည်။

အပြင်ဘက်၌ မည်သူ ရောက်ရှိနေလဲဆိုတာကို သေချာ မမြင်တွေ့နိုင်သေးခင်မှာပဲ ခြေဖဝါးတစ်ခုက ရင်ဝကို လာမိတ်ဆက်ပြီး နောက်သို့ လွင့်ထွက်သွားခဲ့၏။

ရုတ်ချည်း ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုတို့က ဖောဆက်စ်ကို နိုးကြားသွားစေသည်။

လင်းရီနှင့် စုန့်ကျင်းမင်တို့က အထဲသို့ ဝင်လာပြီး တံခါးကို လော့ခ်ပြန်ခတ်ထားလိုက်သည်။ သို့မှသာ မည်သူကမျှ မနှောင့်ယှက်နိုင်မှာ ဖြစ်၏။

“ မင်းပဲ …”

သူတို့နှစ်ယောက်ကို မြင်တော့ ဖောဆက်စ် ဒေါသမထွက်သွားခဲ့ချေ။ ထိုအစား သူ့ကြည့်ရသည်မှာ အံ့အားသင့်သွားခဲ့ဟန်ပင်။

ပနားမားရှိ စစ်ဆင်ရေးကို သူကပဲ စီစဉ်ခဲ့ရာ ဇာတ်လမ်းတစ်ပုဒ်လုံးကို သိရှိထားခဲ့ပြီး သူ့ပစ်မှတ်က မည်သူ ဆိုတာကိုပါ သိနေခဲ့သည်။

ယခု သေဆုံးခဲ့ပြီးသည့် ဟွာရှန့်က သူ့အရှေ့တွင် အကောင်းပကတိ ထွက်ပေါ်လာနေသည်။

ယင်းက သူ့အား ကြက်သီးဖြန်းသွားစေခဲ့၏။

“ မင်း သေသွားခဲ့ပြီ မဟုတ်ဘူးလား … ဘာလို့ ဒီရောက်လာတာလဲ …”

ဖောဆက်စ် လင်းရီကို မေးခွန်းထုတ်လိုက်သည်။

“ ဒီလိုမေးဖို့ဆို ပနားမားမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စက ခင်များနဲ့ ဆက်စပ်နေရမယ် …” လင်းရီ အက်ရှရှအသံဖြင့် ပြောလိုက်သည်။

“ ဆက်စပ်နေတယ်ဆိုတော့ရော ဘာဖြစ်လဲ …” ဖောဆက်စ် ပြောလိုက်ပြီး “ ဒါပေမယ့် ပေါက်ကွဲမှုကတောင် မင်းကို မသတ်နိုင်တာတော့ ငါအတော်လေး အံ့ဩမိတယ်သိလား …”

လင်းရီ၏ မျက်လုံးတို့ မှေးကျဉ်းသွားခဲ့ပြီး သတ်ဖြတ်ချင်စိတ်တို့က ထောင်းခနဲ ဖြစ်လာခဲ့ကာ မျက်လုံးနှစ်ဖက်က ဓားနှစ်စင်းကို ပစ်လွှတ်ချင်နေသည့်သဖွယ် ထက်ရှနေခဲ့သည်။

သို့ပေမယ့် ဖောဆက်စ်၏ မျက်နှာထက်၌ ကြောက်ရွံ့မှုကား ကင်းမဲ့နေသည်။

အနက်ရောင်မြွေ၏ ခေါင်းဆောင် တစ်ယောက် ဖြစ်သည်နှင့်အညီ အကြည့်တစ်ခုတည်းသပ်သပ်ဖြင့် ကြောက်လန့်သွားစေဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

“ ကျုပ်ကံက တအားကောင်းလွန်းတော့ အသက်ရှင်သွားခဲ့တယ်လေ … ဒါကြောင့်မို့ လက်စားချေဖို့ ခင်များဆီ ရောက်လာခဲ့တာပဲ … ခင်များ ပြင်ဆင်ထားလားတော့ မသိဘူး ..”

ဤသည်ကိုကြားတော့ ဘာတွေဖြစ်နေလဲဆိုတာ ဖောဆက်စ် နားလည်သဘောပေါက်သွားခဲ့သည်။

သူတို့က ဤနေရာသို့ ရောက်လာခဲ့သဖြင့် စခန်းကို လေကြောင်းတိုက်ခိုက်မှု ပြုသွားခဲ့သည့်လူကလည်း သူတို့ပင် ဖြစ်ရမည်။

“ မင်းကိုယ်မင်း ဒီနေရာကို ရှာနိုင်တာနဲ့ ဘာမဆို လုပ်လို့ရပြီ ထင်နေလား …” ဖောဆက်စ် ပခုံးတွန့်ပြလိုက်ပြီး “ ငါ့ကိုသာ အလွယ်လေးနဲ့ သတ်နိုင်မယ်ဆိုရင် အနက်ရောင်မြွေရဲ့ ခေါင်းဆောင်ဖြစ်လာမှာတောင် မဟုတ်ဘူး …”

“ ခင်များရဲ့ အခြေအနေကိုရော ကျုပ်က နားမလည်ဘဲ နေမလား … ကျုပ်မှာသာ ယုံကြည်ချက် အပြည့်မရှိဘူးဆိုရင် ဒီကိုတောင် လာခဲ့မနေဘူး …”

လင်းရီ၏ သဘောထားအပြုအမူက ဖောဆက်စ်ကို ချက်ချင်း သတိကပ်သွားစေခဲ့ပြီး စုန့်ကျင်းမင်အား သတိထားသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်သည်။ ဤလူက လင်းရီ အားကိုးအားထားပြုနေသည့် လူဆိုသည်မှာ သံသယ ဖြစ်ရန် မလိုပေ။

သို့သော် ထိုအချိန်၌ စုန့်ကျင်းမင်မှာ ဖောဆက်စ်ကို စိတ်မဝင်စားဘဲ စားပွဲပေါ်ရှိ သေတ္တာသို့သာ အာရုံရောက်နေခဲ့သည်။

အထဲရှိ ပစ္စည်းက ဤနေရာသို့ ဖောဆက်စ် အပေးအယူ လာလုပ်သည့်အရာ ဖြစ်ရပေမည်။

“ မင်းရဲ့ စကေးတွေက တကယ့်ကို အထင်ကြီးလောက်စရာပါပဲ … ဒါပေမယ့် မင်းတို့ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မလားဆိုတာကတော့ နောက်တစ်ကဏ္ဍ ဖြစ်သွားခဲ့ပြီ …”

ဖောဆက်စ်၏ အမူအရာမှာ တည်ငြိမ်လျက်သာ ရှိနေခဲ့ပြီး ထူးမခြားနား အမူအရာဖြင့် “ ဟာဒက်ဖ် … မင်းတို့နှစ်ယောက် သူတို့ကို ရှင်းလိုက် … အချိန်မဖြုန်းနဲ့ …”

“ ဟုတ်ကဲ့ ဘော့စ် …”

ခေါင်းတစ်ချက် ညိမ့်ပြီးသည်နှင့် လူနှစ်ယောက်မှာ စုန့်ကျင်းမင်ကို အတူတကွ တိုက်ခိုက်လိုက်ကြသည်။

တစ်ဖက်သူမှာ မျက်ခုံးပင့်သွားခဲ့ပြီး ကြည့်ရသည်မှာ မတုန်မလှုပ် ရှိနေဟန်ပင်။ ၎င်းတို့၏ တိုက်ခိုက်လာသည့် ပုံစံမှတဆင့် ဤနှစ်ယောက်လုံးက စီ - အဆင့်များဖြစ်ကြောင်းကို စုန့်ကျင်းမင် ပြောနိုင်သည်။

သူတို့၏ စကေးများက ဝေ့ရှစ်ဖူနှင့် ကျူးကျင်းပေါ်တို့ထက်ပင် သာလွန်နေပြီး စီ - အဆင့် အထက်ပိုင်းသို့ ရောက်ရှိနေပြီး ဖြစ်၏။

ဒီ သတိကြီးတဲ့ မျိုးမစစ်က စကေးရှိတဲ့ လူနှစ်ယောက်ကို သူနဲ့ အတူ ခေါ်လာခဲ့တာပဲ ….

စုန့်ကျင်းမင် ဝေဖန်စီစစ် အကဲခတ်နေစဉ်မှာပဲ နှစ်ယောက်မှာ အနားသို့ ပြေးလွှားရောက်ရှိလာလေပြီ။

သူတို့၏ ဩချရလောက်သည့် အရည်အချင်းတို့က အေ - အဆင့်ရှိသည့် စုန့်ကျင်းမင်ကဲ့သို့ ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီး ရှေ့တွင်တော့ မည်သည့်ခြိမ်းခြောက်နိုင်စွမ်းမျှ မရှိခဲ့ချေ။

ဟာဒက်ဖ် ဦးဆောင်၍ တိုက်ခိုက်လိုက်ကာ စုန့်ကျင်းမင်၏ မျက်နှာသို့ ခြေထောက်ဖြင့် ဘေးတစောင်း တိုက်ခိုက်လာသည်။ လင်းရီကတော့ ဘေးမှ တိတ်ဆိတ်စွာ ရပ်ကြည့်နေရင်း ဟာဒက်ဖ်၏ လယ်ဗယ်က သူ့ထက်မြင့်နေကြောင်းကို သတိပြုမိလိုက်သည်။ အကယ်၍ သူတို့နှစ်ဦးသာ တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုပါက ရလဒ်မှာ ပို၍ သိသာနေပေလိမ့်ဦးမည်။

သို့သော် စုန့်ကျင်းမင်၏ ရှေ့မှောက်တွင်တော့ ဟာဒက်ဖ်မှာ သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။

စုန့်ကျင်းမင်သည် တိုက်ခိုက်မှုကို သက်တောင့်သက်သာ အမူအရာဖြင့် ရှောင်တိမ်းလိုက်ပြီး တူညီသည့် အမူအရာဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။

ဝှစ် …

ကားနှစ်စင်း မျက်နှာချင်းဆိုင် တိုက်မိသကဲ့သို့ ဟာဒက်ဖ်မှာ ချက်ချင်း လွင့်ထွက်သွားခဲ့သည်။ သူ့ဘေးရှိ TV သည်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့လေသည်။

ဟာဒက်ဖ်ကို ဖြေရှင်းပြီးနောက် စုန့်ကျင်းမင် အခြားတစ်ယောက်ထံ ပြေးဝင်သွားခဲ့သည်။

ကြီးသည့် လက်ကြီးက တစ်ဖက်သူ၏ လည်ပင်းကို ဆုပ်ကိုင်၍ ကြက်လည်ပင်းကို လိမ်ချိုးသည့် သဖွယ် လွယ်လင့်တကူပဲ ဖြေရှင်းပစ်လိုက်သည်။

ဖြစ်စဉ်တစ်ရပ်လုံးက ငါးစက္ကန့်ပင် မကြာလိုက်ချေ။ ဤသည်က စီ - အဆင့် လူနှစ်ဦး အေ - အဆင့်ရှိ လူတစ်ယောက်အား ဆန့်ကျင်ခြင်း၏ ရလဒ်ဖြစ်၏။ မည်သည့် စိတ်ထင့်စရာမျှ မရှိချေ။

ဘန်း …

ရုတ်ချည်းထွက်ပေါ်လာခဲ့သည့် သေနတ်သံက စုန့်ကျင်းမင်ကို သတိဝင်လာစေသည်။

သူ လှမ်းကြည့်လိုက်တော့ ဖောဆက်စ်၏ လက်ဖဝါး၌ သွေးပေါက်ရာကြီး တစ်ခု ဖြစ်ပေါ်နေပြီး သေနတ်တစ်လက်က ကြမ်းပြင်တွင် ပြုတ်ကျနေခဲ့၏။

သူ ပစ်ခတ်ရန် ရည်ရွယ်ခဲ့သည်မှာ သိသာသည်။ သို့သော် လင်းရီက လျင်မြန်စွာ လှုပ်ရှားသွားခဲ့၏။

ဖောဆက်စ်၏ မျက်နှာမှာ အုံ့မှိုင်းနေခဲ့ပြီး ဒေါသထွက်နေသည့်တိုင် သူ့ဘက်က ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ခြင်း မရှိပေ။

အနက်ရောင်မြွေ၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် သူသည် မုန်တိုင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးပြီး ဤသို့သော အခြေအနေမျိုး၌ပင် တည်ငြိမ်စွာ နေနိုင်သည့် စိတ်ကို ပျိုးထောင်နိုင်ခဲ့သည်။

“ ရုန်းကန်နေလို့ အပိုပဲ … ခင်များ ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်စရာ အကြောင်းမရှိဘူး …”

ဖောဆက်စ် ဖြည်းညင်းစွာ မတ်တပ်ရပ်၍ ဝိုင်သိုလှောင်သည့် နေရာသို့ ရောက်လာခဲ့ကာ တည်ငြိမ်စွာဖြင့် ဝိုင်နီတစ်ကျိုက် မော့လိုက်၏။

ကျော့ရှင်းပြီး ယုံကြည်ချက်တို့ ပြည့်နှက်နေခဲ့သည့် သူ၏ သွင်ပြင်က အနည်းဆုံးတော့ သူရဲဘောကြောင်သည့် အမူအရာ ရှိမနေခဲ့ချေ။

သူ့လက်ရှိ ဒဏ်ရာသည်ပင် သူ့အပေါ် အကျိုးသက်ရောက်မှု ရှိမနေသည့်ဟန်ပင်။

“ ငါ တစ်ခု မေးချင်တာ ရှိတယ်…” ဝိုင်ကို တစ်ငုံသောက်ပြီးနောက် ဖောဆက်စ်ပြောလိုက်၏။

“ ခင်များ ဘာသိချင်တာ …”

“ မင်း ဒီလောက် အဝေးကြီးထိ ရောက်လာပြီး ငါ့ကို သတ်ချင်တာ အဲ့တာက ဒီတိုင်း မင်းရဲ့ ရဲဘော်တစ်ယောက် သေသွားလို့ပဲလား …”

“ ဟုတ်တယ်… အဲ့တာ မလုံလောက်ဘူးလား …”

“ မင်းရဲ့ တည်ရှိမှုက ငါသိခဲ့တဲ့ ဟွာရှန့်တွေအပေါ် နားလည်မှုကို ပြန်ပြီး အကဲဖြတ်စေဖို့ လုံလောက်တာပဲ … သူတို့ပြောခဲ့တာ ဟွာရှက အင်မတန်စည်းလုံးတဲ့ တိုင်းပြည်တစ်ခုဆိုပဲ … ဒီနေ့တော့ ငါယုံကြည်သွားပြီ …”

“ ရပြီ .. အခုက ဒီအကြောင်း ဆွေးနွေးနေရမယ့် အချိန်မဟုတ်ဘူး …” လင်းရီ ပြောလိုက်ပြီး” ခင်များ အသက်ရှင်ချင်ရင် ခင်များရဲ့ ဒီလာရတဲ့ ရည်ရွယ်ချက်နဲ့ ဘက်စ် ၂ ကီလိုကို လွှဲပေးလိုက် … ကျုပ်ကို အကြမ်းနည်း သုံးရအောင် မလုပ်နဲ့ … မဟုတ်ရင် သေသွားခဲ့တာကပဲ ပိုကောင်းတယ်လို့ ခံစားရအောင် လုပ်ပေးလိုက်မယ်…”

“ ဆောရီးပဲ … ငါ မင်းရဲ့ ဘယ်မေးခွန်းကိုမှ မဖြေပေးနိုင်ဘူး …” ဖောဆက်စ် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ်ပါ … ကျုပ်မှာ ခင်များနဲ့ စကားပြောနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိတယ်… အဲ့တာက ကျုပ်တို့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ အထူးနည်းလမ်းလေ…”

“ မင်းစိတ်ပျက်အောင် လုပ်မိမှာကိုပဲ စိုးရွံ့မိတယ်… ဘာလို့ဆို ငါမင်းကို အဲ့လို အခွင့်အရေးပေးမှာ မဟုတ်လို့ဘဲ …"

ပြောပြီးသည်နှင့် ဖောဆက်စ် ဝိုင်ပုလင်းကို ရိုက်ခွဲလိုက်ကာ လက်ထဲရှိ ဖန်ကွဲစကို ကိုင်၍ လည်ပင်းရှိ မေ့ကြောကို ဖြတ်တောက်ပစ်လိုက်သည်။

ချက်ချင်းဆိုသလို သွေးတို့က နေရာအနှံ့ ပျံ့ကျဲလာလေသည်။

သူအသက်ရှင်နိုင်သည့် အချိန်စက္ကန့်ကိုမူ လက်ချိုး ရေတွက်၍ ရနေပြီဖြစ်၏။

“ ငိုးပဲ …”

လင်းရီ ကျိန်ဆဲလိုက်မိသည်။ ဖောဆက်စ်မှာ ဤသို့သော နည်းလမ်းဖြင့် ကိုယ့်ကိုယ်ကို သတ်သေသည်အထိ ရက်စက်တတ်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

“ ကောင်းပြီလေ… သူ့ကို လောလောဆယ် လျစ်လျူရှုထားလိုက် … ဒီမှာ ဘာတွေ သိမ်းထားလဲ ငါတို့ သိဖို့လိုတယ်… “

ဖောဆက်စ် သေသည်၊ ရှင်သည်ကို စုန့်ကျင်းမင် အရေးလုပ်မနေချေ။ ထိုအစား စားပွဲသို့ ချက်ချင်း ပြေးသွား၍ သေတ္တာကို ကောက်ယူကြည့်လိုက်သည်။

အထဲတွင် မည်သို့သော အရာရှိနေလဲဆိုတာကို သူ အတော်လေး သိချင်နေသည်။

သို့သော် သူ သေတ္တာကို ဖွင့်လိုက်သည့် အချိန်မှာပဲ ချက်ချင်း ကြက်သေသေသွားခဲ့၏။

သေတ္တာအဖုံးပေါ်ရှိ အနက်ရောင် လိုဂိုကို သူ မြင်တွေ့သွားခဲ့ပြီး နှလုံးခုန်သံမှာ ထိန်းချုပ်မရနိုင်တော့သည်အထိ ခုန်ပေါ်လာခဲ့တော့၏။

အဲ့တာ သူတို့ပဲ …

All Chapters