ဖရီးမေဆင်
Vol. 126 Ch. 1889
“ အထဲမှာ ဘာပါတာလဲတဲ့ …”
စုန့်ကျင်းမင်၏ နောက်ကျောနှင့် ရင်ဆိုင်နေရ၍ လင်းရီမှာ ၎င်း၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်အား သတိမမူမိခဲ့ချေ။
စုန့်ကျင်းမင်အဖို့ကတော့ … သူ၏ စိတ်ခံစားချက်များအား လျင်မြန်စွာ ဖုံးဖိလိုက်လေသည်။ ထို့ကြောင့် လင်းရီ မည်သည့် သံသယ ဖြစ်စရာကိုမျှ သတိမမူမိလိုက်ချေ။
“ ဒီမှာ … တစ်ချက်ကြည့်လိုက် …”
စုန့်ကျင်းမင် ဆေးထိုးအပ်ကို လင်းရီထံ ကမ်းပေးလိုက်သည်။ သို့သော် သေတ္တာကိုတော့ လက်ထဲမှာပဲ ကိုင်ထား၏။
လင်းရီသည် ဆေးထိုးအပ်ပိုက်ထဲရှိ အရည်ကို တစ်ချက် အရင်ကြည့်လိုက်ပြီး ယင်းက အနည်းငယ် ထွင်းဖောက်မြင်နေရသည်ကို သတိပြုမိလိုက်၏။ မစ်ဆူမိသားစုက ထုတ်လုပ်သည့် ဆေးရည်နှင့် အတော်လေး ဆင်တူနေသည်။
သို့သော် အရောင်ကတော့ ကွဲပြားနေခဲ့၏။
“ ဒါအကုန်ပဲမလား.. အဲ့တာကို ခင်များက ဘာတွေလုပ်နေတာ …”
စုန့်ကျင်းမင်မှာ သေတ္တာကို ကုတ်ခြစ်ပွတ်တိုက်နေသည်ကို မြင်တော့ လင်းရီ မေးမြန်းလိုက်၏။
“ သေတ္တာထဲမှာ တခြား ဝှက်ထားတဲ့ အကန့်တွေများ ရှိမလား ကြည့်တာပါကွာ … သေချာလေး ဂရုစိုက်ရမယ်လေ...”
စုန့်ကျင်းမင်က လိုဂို ရှိနေသည့် ရေမြုပ်နေရာကို ကြမ်းတမ်းစွာ စုတ်ဖြတ်ပစ်လိုက်ပြီး တံဆိပ်ကို ဖျက်စီးပစ်လိုက်သည်။
လင်းရီ ကြည့်ချင်ပါသော်လည်း မဖြစ်နိုင်ခဲ့ချေ။
“ ရှိသေးလားတဲ့ …”
“ မရှိဘူး … ဒါ အကုန်ပဲ …” စုန့်ကျင်းမင် ပခုံးတွန့်ပြီး ပြောလိုက်၏။
လင်းရီ ထွေထူးစဉ်းစားမနေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဆေးထိုးအပ်က သူ့လက်ထဲတွင် ရှိနေပြီး ယင်းက သူ့ကို ပိုပြီး ဆွဲဆောင်နိုင်နေသည်။
“ ဒါက ဗီဇသွေးရည်ကြည် ဖြစ်မယ်လို့ ကျုပ်တော့ထင်တယ်… ခင်များရော …” လင်းရီ ပြောလိုက်ပြီး “ အရင်ကတော့ မစ်ဆူ မိသားစု ထုတ်လုပ်တဲ့ ဆေးရည်ကြည်ကို တစ်ခါမြင်ဖူးတယ်… အဲ့တာက အပြာဖျော့ဖျော့လေး ..”
“ အင်း … ဖြစ်နိုင်ပါတယ်… ဒါပေမယ့် ဘယ်အဆင့်လဲတော့ ငါလည်း မသေချာဘူး …”
စုန့်ကျင်းမင် ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး “ သွားစို့ … ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး …”
“ အိုကေ …”
သူတို့ ထွက်ခွာရန် ဆုံးဖြတ်လိုက်သော်လည်းပဲ စုန့်ကျင်းမင်က ချက်ချင်း မထွက်ခွာသွားခဲ့ချေ။ ထိုအစား အခန်းထဲရှိ ပစ္စည်းများအား မီးရှို့ခဲ့လသည်။ မကြာမီ မီးတောက်က ထိန်းချုပ်ရခက်သည့် အရွယ်အစားသို့တိုင် ရောက်လာခဲ့တော့သည်။
“ သွားစို့ …”
စုန့်ကျင်းမင် ဆော်ဩလိုက်ပြီး လင်းရီလည်း ခေါင်းညိမ့်လိုက်သည်။
နှစ်ယောက်မှာ ဖောဆက်စ်၏ အခန်းထဲက ထွက်လာရင်း လာရာလမ်းအတိုင်း ပြန်လာခဲံ၏။
“ ခင်များ နည်းနည်းတော့ မလွန်လွန်းဘူးလား … လူသတ်ပြီး ဖုံးကွယ်တာကြီးက တော်တော်စေ့စပ်လွန်းနေတယ်…”
“ သတိထားတာ ပိုကောင်းတယ်လေကွာ …”
အခြေအနေ အတိအကျကို သိရှိနေသောကြောင့် စုန့်ကျင်းမင်၏ အမူအရာမှာ လေးလေးနက်နက် ဖြစ်နေလျက် ရှိသည်။
သူ ဤမစ်ရှင်တွင် ပါဝင်ဖြစ်ခဲ့သည်ကိုပင် ကျေးဇူးတင်နေမိခဲ့၏။ အကယ်၍ လင်းရီတစ်ယောက်တည်းကိုသာ ကိုင်တွယ်ခိုင်းလိုက်မည်ဆိုပါက ထင်မှတ်မထားသည့် အဖြစ်အပျက်တို့ ဖြစ်ပေါ်လာနိုင်သည်။
အပေါ်လွှာ ပြတင်းပေါ်မှ ထွက်ပေါ်နေသည့် မီးတောက်များနှင့် မီးခိုးများကို ကြည့်ရင်း … လင်းရီ မနေနိုင်ဘဲ ဤလူတစ်သိုက်က တကယ့် ဓားပြများ ဖြစ်မည်ဟု ခံစားလိုက်ရသည်။
ဖြစ်ချင်သားကောင်းတော့လည်း သူ့အဖေက ထိုဓားပြခေါင်းဆောင် ဖြစ်နေခဲ့လေသည်။
“ သွားစို့ … ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ဘူး …”
မနက်အစောပိုင်း ဖြစ်သော်လည်းပဲ ဒိုဇာကဲ့သို့ မြို့ကြီးတစ်မြို့၌ ဤအချိန်ထိတိုင် မြို့က သက်ဝင်လှုပ်ရှားနေဆဲပင်။
တစ်နည်းဆိုရသော် အရှေ့အလယ်ပိုင်း၌ ချမ်းသာသည့် မြို့များ၌ ထွန်းညှိထားသည့် ညဉ့်နက်ပိုင်း မီးအလင်းရောင်တို့က ငြိမ်းသတ်၍ မရလုနီးပါး ဖြစ်လေသည်။
နှစ်ယောက်မှာ အခြေချရန်အတွက် အခြားဟိုတယ်တစ်ခုသို့ ထွက်လာခဲ့ကြသည်။ နောက်တစ်နေ့နံနက်ခင်း ဒူဘိုင်းလေယာဉ်လက်မှတ်အား ဖြတ်ကာ အိမ်သို့ ပြန်ရန် ပြင်ဆင်နေခဲ့ကြလေသည်။
“ မင်း ပြန်ရောက်ကတည်းက အဲ့တာကြီးကို တစ်ချိန်လုံးကြည့်နေတာ တစ်ခုခု သိရပြီလား …”
“ ဖောဆက်စ်က ဘာလို့ မတိုက်ခိုက်ဘဲ သူ့ဘာသူ သတ်သေသွားလဲလို့ စဉ်စားနေတာ …”
“ ဖောဆက်စ်က လူတော်တော်များများထက် ပိုပြီး ဉာဏ်ကောင်းတယ်… သူက အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေပြီးသားပဲလေ… “ စုန့်ကျင်းမင် ပြောလိုက်ပြီး “ သူ လွတ်မြောက်နိုင်တဲ့ လမ်းမှ မရှိတော့တာ ညှင်းပန်းနှိပ်စက်ခံမယ့်အစား မြန်မြန်သေသွားမယ့် လမ်းကိုပဲ ရွေးချယ်တော့မှာပဲ .. ငါတို့ ပထမဆုံးအကြိမ် ကြုံခဲ့တဲ့ မာမွန်း အဖွဲ့သားလိုပဲလေ…”
လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိမ့်လိုက်သည်။
သို့သော် စုန့်ကျင်းမင် မရှင်းပြခဲ့သည့်အရာ တစ်ခု ကျန်နေသေး၏။
အကယ်၍ ဖောဆက်စ် လွတ်မြောက်သွားပြီး အသက်ရှင်နိုင်ခဲ့လျှင်ပင် သူ့ ကံကြမ္မာက သာ၍ ကောင်းမွန်သွားမှာ မဟုတ်ပေ။
သူနှင့် အပေးအယူလုပ်သည့် လူက ခွင့်လွှတ်ပေးဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် မည်သည့်လမ်းကိုပဲ ရွေးရွေး သေခြင်းတရားကား ရှောင်လွှဲ၍ ရသည့် အရာတစ်ခု မဟုတ်ပေ။
“ ဒီရဲ့ ဆေးထိုးပြွန်ထဲမှာ ရှိတဲ့ အရည်တွေက ဖောဆက်စ်လိုချင်နေတဲ့ဟာလို့ထင်ထား …” လင်းရီပြောလိုက်ပြီး “ နည်းနည်း နည်းလွန်းမနေဘူးလားလို့ …”
ဤသည်က ဘာကြောင့်လဲဆိုတော့ ယခင်က ဗီဇဆေးရည်ကြည် အပြည့်အစုံတစ်ခုကို လင်းရီ မြင်တွေ့ခဲ့ဖူးသောကြောင့်ပင်။ တစ်ခုစီ၌ အနည်းဆုံး ၁၀ မီလီလီတာဆီ ပါဝင်ပြီး သူ့ရှေ့ရှိ ပမာဏက လုံးဝ လုံလောက်ခြင်း မရှိပေ။
“ ငါလည်း မထင်ဘူး ..” စုန့်ကျင်းမင် ပြောလိုက်ပြီး “ အနက်ရောင်မြွေက ဖောဆက်စ်တစ်ဦးတည်းရဲ့ အပိုင် မဟုတ်ဘူး … ဘက်စ် ၂ ကီလိုကို ဒီလို ဆေးတစ်ခုတည်းအတွက် ဖလှယ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … လူတစ်ဦးတစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို တိုးမြင့်တာထက် တစ်သင်းလုံးရဲ့ တိုက်ခိုက်နိုင်စွမ်းကို တိုးမြင့်တာက ပိုကောင်းတယ် ဟုတ်တယ်မလား … ဖောဆက်စ်လိုချင်ရင်တောင် ကျွန်းပေါ်က တစ်ယောက်က သဘောတူမှာ မဟုတ်ဘူး ..”
စုန့်ကျင်းမင် ပြောပြီးနောက် ခေတ္တရပ်တန့်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
“ ငါ့အတွေ့အကြုံအရတော့ ဘယ်ဆေးရည်ကမှ ဒီလောက်တန်ကြေးရှိတာမျိုး မကြုံဖူးဘူး … ဒီတိုင်း နမူနာလောက်နေမှာ …”
“ နမူနာ ဟုတ်လား …” လင်းရီ မရယ်ဘဲ မနေနိုင်ချေ။ “ မိတ်ကပ်ပစ္စည်းလည်း မဟုတ်တာကို ဘာလို့ နမူနာတွေ ရှိနေတာ …”
“ စီးပွားရေးမှာ ဝယ်ယူကို ပစ္စည်းအရင် ပေးကြည့်တာ ထုံးစံပဲ မဟုတ်ဘူးလား …”
“ ဆိုတော့ ခင်များပြောသလိုဆိုရင် အပေးအယူက မပြီးသေးဘူးပေါ့ … ကျုပ်တို့ သတ္တုရိုင်းကို ရှာမတွေ့လိုက်တာပဲ နှမြောဖို့ကောင်းတယ်….”
“ မင်းတို့နိုင်ငံရဲ့ လက်ရှိ အခြေအနေအတိုင်းဆိုရင်လည်း ဘက်စ် ၂ ကီလိုကို ရခဲ့ရင်တောင် သုတေသန လုပ်ဖို့ပဲ သုံးနိုင်မှာပဲ … မင်းတို့ ရှန်းလုံအသင်းက တစ်နှစ်ကို နည်းနည်းချင်း တိုးတက်နေတာဆိုတော့ လုံးဝ အရှုံးကြီးတော့ မဟုတ်ပါဘူး …” စုန့်ကျင်းမင် ပြောလိုက်သည်။ “ နှိုင်းယှဉ်ကြေးဆိုရင် ဒီရဲ့ဆေးရည်ကြည်ကို ရလိုက်တာကမှ လုံးဝ အမြတ်ထွက်တာဟ …”
လင်းရီ တိတ်တဆိတ် ခေါင်းညိမ့်လိုက်၏။ “ ဒါပေမယ့် ကျုပ်ကတော့ ဖောဆက်စ် အပေးအယူလုပ်နေတဲ့ လူက မာမွန်းအဖွဲ့ကလို့ ထင်နေတယ်…”
စုန့်ကျင်းမင် လင်းရီအား လှမ်းကြည့်လိုက်၏။ “ မင်းက ဘာလို့ အဲ့လိုထင်တာ …”
“ သူတို့ရဲ့ သန်မာနဲ့ ထောက်လှမ်းရေး အရင်းအမြစ်တွေနဲ့ဆိုရင် ဖောဆက်စ်မှာ သတ္တုရိုင်းတွေ ရှိနေတာကို သိထားပြီးလောက်ပြီ … ဒါပေမယ့် အခုချိန်ထိ မလှုပ်ရှားလာခဲ့သေးဘူးဆိုတော့ ….. အဲ့တာကြောင့်မို့ . . . . “
“ အဲ့တာကြောင့်မို့ မင်းက သူနဲ့ အပေးအယူ လုပ်နေတဲ့လူက မာမွန်း အဖွဲ့က တစ်ယောက်ယောက်လို့ ယူဆတယ်ပေါ့ …”
“ အင်း …”
“ အဲ့လောက်ကြီးလည်း အတွေးမလွန်စမ်းပါနဲ့ … သူတို့ရဲ့ ထောက်လှမ်းရေး အင်အားက သန်မာတယ်ဆိုရင်တောင် အရာရာတိုင်းကို အုပ်မိုးနိုင်ဖို့က ဘယ်လိုဖြစ်နိုင်မှာ … ဒါပေမယ့် ဘယ်သူလဲဆိုတာတော့ အတိအကျ ပြောရခက်တယ်… ပြီးတော့ အလွန်အကျွံကြီး ဂရုစိုက်နေဖို့လည်း မလိုဘူးလေ… “
စုန့်ကျင်းမင် မတ်တပ်ရပ်၍ ကိုယ်ညောင်းဆန့်လိုက်ပြီး “ လောလောဆယ် တခြား ဘာမှ တွေးမနေနဲ့ …”
“ မစ်ရှင်လည်း ပြီးပြီ … ကောင်းကောင်းနားလိုက်ဦး … မနက်ဖြန် ဒူဘိုင်းပြန်ရမှာ … ဘာပဲဆိုဆို ဒီမှာနေလို့ မလုံခြုံဘူး …”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ ဤမျှ အချိန်အတော်ကြာပြီးနောက် သူလည်း အနည်းငယ် ပင်ပန်းနေသည်။
တစ်ည အနားယူပြီး ၊ နောက်တစ်နေ့၌ နှစ်ယောက်မှာ လေယာဉ်ပေါ်သို့ တက်၍ ဒူဘိုင်းသို့ ပြန်လာခဲ့ကြသည်။
ဒူဘိုင်းသို့ ပြန်ရောက်လာခဲပြီးနောက် လင်းရီ ကြာကြာ မနေပေ။
အရင်ဦးစွာ ဟိုတယ်သို့ ပြန်၍ ကျွန်းပေါ်က ယူလာသည့် ဓာတ်ပုံကိုသိမ်းဆည်းလိုက်သည်။ ထို့နောက် ရန်ကျင်းသို့ လေယာဉ်နှင့် ပြန်လာခဲ့လိုက်၏။
ဗီဇသွေးရည်ကြည်ပုလင်းအတွက်ကတော့ … ယင်းက တားမြစ်ပစ္စည်းတစ်ခု ဖြစ်သဖြင့် လင်းရီ ၎င်းကို သံရုံးလက်ထဲသို့ ထည့်ပေးလိုက်ကာ သူတို့အား နိုင်ငံသို့ ပြန်ပို့နိုင်မည့် နည်းလမ်းအား စဉ်းစားခိုင်းလိုက်သည်။
လေဆိပ်ပြင်ပတွင်တော့ … စုန့်ကျင်းမင် ဖုန်းထုတ်၍ လင်းရီ ထွက်ခွာသွားသည်အား ငေးကြည့်ရင်း လင်းကျင်ကျန့်ထံ ဖုန်းခေါ်လိုက်သည်။
“ အားလုံး ပြီးခဲ့ပြီလား …”
“ ဖောဆက်စ်က သေပြီ … ငါတို့ ထင်ထားတဲ့အတိုင်း သူက ဗီဇသွေးရည်ကြည်နဲ့ အလဲအလှယ်လုပ်နေတာ …”
ဖုန်းတစ်ဖက်ခြမ်းရှိ လင်းကျင်ကျန့်ကတော့ တည်တည်ငြိမ်ငြိမ်ပင်။ သတ္တုရိုင်းကို အလဲအလှယ်လုပ်ဖို့ ထိုက်တန်သည့် အရာကား ဗီဇသွေးရည်ကြည် တစ်မျိုးသာလျှင် ရှိသည်။
“ မင်းပြီးပြီ ဆိုမှတော့ ပြန်ခဲ့လိုက်တော့ … ကျွန်းပေါ်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်…”
“ ငါ မင်းကို တခြား ပြောစရာ ကျန်သေးတယ်…” စုန့်ကျင်းမင် အသံဩဩဖြင့် ပြောလိုက်ပြီး “ အရင် ငါတို့ ခန့်မှန်းခဲ့တာ ဖောဆက်စ်နဲ့ အပေးအယူလုပ်တဲ့လူက မာမွန်း အဖွဲ့အစည်းလို့ ထင်ထားခဲ့တာ ဒါပေမယ့် ငါတို့ မနေ့ညက လှုပ်ရှားတုန်းက အဲ့လို မဟုတ်ဘူးဆိုတာ သတိထားမိလိုက်တယ်…”
လင်းကျင်ကျန့်၏ အမူအရာမှာ လေးလေးနက်နက် ဖြစ်လာသည်။ “ တခြားအဖွဲ့ ဖြစ်နေတာလား …”
“ ဖရီးမေဆင် …”