← Chapters

စုံစမ်း စစ်ဆေးခြင်း

Vol. 126 Ch. 1890

စုံစမ်း စစ်ဆေးခြင်း

Vol. 126 Ch. 1890

“ ဖရီးမေဆင် …”

ထိုစကားလုံးကို ကြားတော့ လင်းကျင်ကျန့် ဆက်ပြီး တည်ငြိမ်စွာ ရှိမနေနိုင်တော့ချေ။

“ မင်း သေချာလား …”

“ ငါ သေတ္တာပေါ်မှာ သူတို့လိုဂို မြင်လိုက်တယ်… ဒါပေမယ့် သူ မမြင်အောင်လို့ ဖျက်စီးလိုက်တယ်…”

“ အဲ့ကောင်တွေက ဘာလို့ ဒီကိစ္စထဲ ပတ်သက်လာရတာ …”

“ ဖြစ်နိုင်တာ သမာရိုးကျ နည်းလမ်းနဲ့က ကမ္ဘာကြီးကို ပေါင်းစည်းဖို့ မဖြစ်နိုင်မှန်း သိသွားလို့ နေမှာပေါ့ … ဒါကြောင့်မို့ ဒီခုလမ်းကြောင်းကို လျှောက်လှမ်းလာတာနေမယ်..”

“ ဒီကောင်တွေ စီစဉ်နေတာ တော်တော်ကြာလောက်ပြီ … မဟုတ်ရင် ဗီဇသွေးရည်ကြည်ကို ရုတ်တရက်ကြီး ထုတ်လာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ..” လင်းကျင်ကျန့် တဟားဟား ရယ်မောလိုက်ရင်း “ ဒီကမ္ဘာကြီးက ရူးသွပ်သထက် ရူးသွပ်လာကြပြီပဲ … ငါမြင်တွေ့ရဖို့ မစောင့်နိုင်တော့ဘူး ..”

……….

ဒိုဇာ ၊ ရစ်ဇ်ကာလ်တွန်ဟိုတယ်။

ထိပ်ဆုံးထပ်ရှိ ရှုခင်းကြည့်ရန် နေရာကောင်းသည့် ကဖေးဆိုင်တစ်ဆိုင်တွင်။

ဤနေရာက လူတို့ နေဆာလှုံပြီး အောက်ရှိ ရှုခင်းအား ငေးမောရင်း ကော်ဖီအရသာကို တစိမ့်စိမ့်ခံလို့ အကောင်းဆုံး နေရာတစ်ခုဖြစ်၏။

ထို့ပြင် ဤနေရာ၌ ကြီးမားသည့် ရေကူးကန်ကြီး တစ်ခုလည်း ရှိပြီး ရောက်လာကြသည့် အလှလေးများကလည်း အပြင်လူများကို မတွန့်တိုပါဘဲ ကိုယ်ပိုင်ရေကူးကန်ထဲ ရှိနေသကဲ့သို့ သူတို့၏ အလှများများကို ဖော်ရွေစွာ ပြသနေခဲ့ကြသည်။

ကဖေး၏ ထောင့်တစ်နေရာ၌ သက်လတ်ပိုင်း နှစ်ဦး ထိုင်နေသည်။

တစ်ယောက်က အပြာရောင် အနောက်တိုင်း ဝတ်စုံဖြင့် AP Royal Oak နာရီကို သူ့လက်တွင် ပတ်ထားပြီး သေချာသပ်ရပ်စွာ ပြုပြင်ထားသည့် သူ၏ ဆံပင်ပုံစံပင်ဖြစ်စေ ၊ မေးစေ့နေရာ၌ မြင်တွေ့နေရသည့် မုတ်စွယ်ကျင်စွယ်ငုတ်တိုတို့ကပဲ ဖြစ်စေ၊ ၎င်းတို့က လူပုဂ္ဂိုလ်အား အတော်လေး လူကြီးလူကောင်း ဆန်သည်ဟူသော ခံစားချက်မျိုးအား ရရှိစေသည်။

သို့သော် ဤမျှ ပူအိုက်သည့် ရာသီဥတု၌ ယခုလို ဝတ်စုံမျိုး ဝတ်ထားသည်ကတော့ မခံမရပ်နိုင်အောင် ပူအိုက်နေမည်မှာ မလွဲမသွေပင်။

အပြာရောင် အနောက်တိုင်း ဝတ်စုံဝတ်ထားသည့် အမျိုးသားနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူမည်း အမျိုးသားမှာ ပိုပြီး သက်တောင့်သက်သာ ဖြစ်စွာ ဝတ်ဆင်ထားသည်။

သူက အဖြူရောင် ရှပ်နှင့် ဖြစ်ပြီး သက်တောင့်သက်သာဖြစ်မှုကို ပေးစွမ်းနေသည်။

အမျိုးသားနှစ်ယောက်လုံးက ရှေ့တူရှုသို့ စိုက်ကြည့်နေခဲ့ကြပြီး သာယာကြည်လင်သည့် ရာသီဥတုကို ခံစားနေသကဲ့သို့ ရံဖန်ရံခါ ကော်ဖီကို မော့သောက်တတ်ကြသည်။

ထိုအချိန်တွင် အနက်ရောင် ဝတ်စုံနှင့် လက်အောက်ငယ်သား တစ်ယောက်က သူ့တို့အနောက်သို့ ချဉ်းကပ်လာသည်။

“ မစ္စတာ အီဗန် ၊ မစ္စတာ ဝေါ်ကာ …”

လူမည်း အီဗန်က နောက်သို့လှည့်လိုက်သည်။ “ O ဟိုတယ်က အခြေအနေကို ရှင်းပြီးပြီလား … ဖောဆက်စ်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ …”

“ မနေ့က မီးလောင်သွားတဲ့ နေရာက ဖောဆက်စ်ရဲ့ အခန်းပါ … သူနဲ့ သူ့လက်အောက်ငယ်သားနှစ်ယောက်လုံး မီးလောင်တဲ့ထဲ ပါသွားခဲ့ပါတယ်…”

“ မီးလောင်တဲ့ထဲ ပါသွားတယ် ဟုတ်လာ …”

ဤသတင်းက သူတို့နှစ်ယောက်ကို လက်သင့်ခံဖို့ ခဲယဉ်းသွားစေခဲ့၏။

ဖောဆက်စ်က မည်သို့သော လူစားမျိုး ဖြစ်ကြောင်း သူတို့သိထားပြီး သူ၏ သေဆုံးမှုက တိုက်တိုက်ဆိုင်ဆိုင် ယခုလို အချိန်မှ ဖြစ်ပေါ်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။

“ သေသွားတဲ့လူက ဖောဆက်စ်ဆိုတာ မင်းသေချာလား …”

လူဖြူ ၊ ဝေါ်ကာက မေးလိုက်သည်။

“ ဟုတ် .. ကျွန်တော်တို့ လုံးဝသေချာတယ်…” လက်အောက်ငယ်သားက ပြန်ဖြေလိုက်ပြီး “ ဒါပေမယ့် ရဲတွေ စုံစမ်းစစ်ဆေးမိတာကတော့ မီးလောင်တာက ကော်ဇောကို မီးစွဲသွားလို့ဆိုပဲ … ရည်ရွယ်ချက်ရှိရှိ မီးရှို့မှုဆိုပြီး သူတို့ကောက်ချက်ချထားတယ်…”

“ပြီးတော့ ဆေးမှုခင်းဘက်က စစ်ဆေးရမိတာတော့ ဖောဆက်စ်နဲ့ သူ့လက်အောက်ငယ်သား နှစ်ယောက်လုံးရဲ့ ကိုယ်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရထားတဲ့ လက္ခဏာတွေ တွေ့ရတယ် ပြောတယ်… မီးမလောင်ခင်ကတည်းကနေ သေပြီးနေပြီးသားလို့လည်း ကောက်ချက်ချထားတယ်..’

နှစ်ယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် တည်ငြိမ်သည့် အမူအရာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ယခုလို ရလဒ်မျိုး ဖြစ်ပေါ်လာမည်ကို သူတို့‌မျှော်လင့်ထားပြီး ဖြစ်သည်။

ဖောဆက်စ်၏ အထောက်အထားက ထိလွယ်ရှလွယ်ပြီး ယခုလိုအချိန်၌ မတော်တဆမှု ဖြစ်ပွားလာခဲ့သည်မှာ ပုံမှန်ဖြစ်ရပ်ဟုလည်း ပြော၍ရသည်။

သို့သော် တစ်ဖက်သူ၏ ချဉ်းကပ်လာမှုက သူတို့ကို သတိချပ်သွားစေခဲ့၏။

လူသတ်ခြင်းနှင့် မီးရှို့မှုက မတူညီသည့် အရာနှစ်ခုပင်။ ယင်းတို့က ဘာမျှ မဟုတ်သော်လည်းပဲ အကယ်၍ အတူတကွ ပေါင်းစည်းထားလိုက်မည်ဆိုလျှင်တော့ ရှုပ်ထွေးသည့် ကိစ္စတစ်ရပ် ဖြစ်သွားခဲ့ပြီ ဖြစ်၏။

ထို့ပြင် … ဖောဆက်စ် ခေါ်လာခဲ့သည့် လက်အောက်ငယ်သားနှစ်ဦးက စီ - အဆင့်သို့တိုင် ရောက်ရှိနေပြီး ၎င်းတို့အား တိတ်တဆိတ် သတ်ဖြတ်သွားနိုင်ခဲ့သည်က ဆိုလိုသည်မှာ တစ်ဖက်သူသည် အနည်းဆုံးတော့ ဘီ - အဆင့် ရှိသည့် လူတစ်ယောက် ဟူ၍ပင်။

လက်ရှိ ကမ္ဘာ၌ ဤအဆင့်ရှိသည့် အဖွဲ့အစည်းအရေအတွက်မှာ လက်တစ်ဖက်ဖြင့် ရေတွက်၍ပင် ရသည်။

“ အီဗန် … မင်း ဒီကိစ္စ ဘယ်လိုထင်လဲ …” ဝေါ်ကာ ပြောလိုက်သည်။ “ ဒီခု အပေးအယူမှာ ဖောဆက်စ်က ငါတို့ရဲ့ အကြီးဆုံး ပစ်မှတ်ပဲ … အခု ဘက်စ် ၂ ကီလိုကို အပြည့်လည်း မရသေးဘူး … ဒါက ငါတို့ရဲ့ အစီအစဉ်တွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်…”

အီဗန်၏ အမူအရာမှာ ပုံမှန်မဟုတ် လေးနက်နေသည်။

“ သတ္တုရိုင်းက အခု ဘယ်ရောက်သွားလဲ ငါ စောက်ဂရုမစိုက်ဘူး … ငါ သိချင်တာ စီ - အဆင့် ဆေးရည်ကြည်က လုယူခံလိုက်ရပြီလား ဆိုတာပဲ …”

ဝေါ်ကာ၏ အမူအရာမှာ မဆိုစလောက်လေး ပြောင်းလဲသွားခ့၏။ ထိုအခါမှပဲ သူ တခြားကိစ္စကို သတိပြုမိသွားခဲ့ကာ စတင် ပူပန်လာသည်။

အကယ်၍ သူတို့ အသစ် ဖန်တီးထားသည့် ဆေးရည်ကြည်သာ ပျောက်ဆုံးသွားခဲ့မည်ဆိုပါက လက်ရှိ ကိစ္စ၏ အကျိုးသက်ရောက်မှုမှာ တိုင်းတာ၍ မရနိုင်သည်အထိ ဖြစ်ပျက်သွားလိမ့်မည်။

“ ဖောဆက်စ်ရဲ့ အကျင့်စရိုက်အတိုင်းဆိုရင် သူ ဆေးရည်ကို ရပြီးတာနဲ့ ချက်ချင်းသုံးမှာပဲ … သူများလက်ထဲ ရောက်သွားတာတော့ မဖြစ်နိုင်လောက်ဘူး …”

“ အဲ့လိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့ … ဒါပေမယ့် အကြွင်းအကျန်လေး နည်းနည်းပါးပါး ရှိရင်တောင် တစ်ဖက်လူက ယူသွားပြီး လေ့လာလို့ရတာကို မမေ့လိုက်နဲ့ …”

“ ဒါက ကြိုတင်စီစဉ်ထားတာလို့ ငါယုံတယ်…” ဝေါ်ကာ ပြောလိုက်ပြီး “ သူတို့ ဒီလိုအချိန်ကို ရွေးချယ်သွားခဲ့တာ ဖောဆက်စ် ဘယ်နေရာမှာ ရှိနေလဲဆိုတာ သိနေခဲ့လို့ပဲ …”

“ အဲ့လို ဖြစ်ဖို့များတယ်…” အီဗန် ထောက်ခံလိုက်သ်ည။

“ တကယ်လို့ တစ်ဖက်လူက အဲ့လို အစွမ်းအစတွေ ရှိနေတယ်ဆိုရင် ငါတို့ စုံစမ်းစစ်ဆေးမယ့် မြင်ကွင်းအတိုင်းအတာကိုလည်း သိသိသာသာ လျှော့ချလိုက်လို့ရပြီ …”

“ မစ္စတာအီဗန် .. ဖောဆက်စ် သေဆုံးပြီးတော့ တခြားတစ်ခုလည်း ဖြစ်သွားခဲ့ပါသေးတယ်…” အနက်ရောင် ဝတ်စုံနှင့် လက်အောက်ငယ်သားက ပြောလာခဲ့၏။

“ ဆိုမားမှာ ရှိတဲ့ သူတို့ရဲ့ အခြေစိုက် စခန်းကို အမည်မသိ အဖွဲ့အစည်းတစ်ခုက လွန်ခဲ့တဲ့ နှစ်ရက်တုန်းက တိုက်ခိုက်ခဲ့ပြီး ကြီးကြီးမားမား ပျက်စီး ဆုံးရှုံးသွားစေခဲ့တယ်…”

“ ဒီဖြစ်ရပ်နှစ်ခုက တိုက်ဆိုင်နေမယ်လို့ ငါတော့ ထင်တယ်…” ဝေါ်ကာ ပြောလိုက်သည်။

“ ဖောဆက်စ်နဲ့ အနက်ရောင်မြွေကို ဘယ်သူတွေ ပစ်မှတ်ထားနေလဲ ငါတို့ စုံစမ်းရမယ် … ငါတို့ပစ္စည်းကို မဆိုင်တဲ့လူတွေ လက်ထဲ ရောက်သွားလို့ မဖြစ်ဘူး …”

“ အင်း … ငါ အခုချက်ချင်း လုပ်လိုက်မယ်…”

…………..

ညရှစ်နာရီဝန်းကျင်တွင် ၊ လင်းရီ စီးလာသည့် လေယာဉ်က ရန်ကျင်းလေဆိပ်သို့ ဆင်းသက်လာခဲ့၏။

သူ လေဆိပ်က ထွက်လာသည်နှင့် ကျုံးဝေ့တပ်ဖွဲ့၏ ကားတစ်စင်းမှာ ဝင်ပေါက်ဝ၌ ထိုးရပ်ထားသည်ကို မြင်တွေ့လိုက်ရလေသည်။

လင်းရီ ထွက်လာခဲ့သည်ကို မြင်တော့ နင်ချဲ့ ပြေးထွက်လာခဲ့ပြီး ဒေါသတကြီးနှင့် လင်းရီခါးရှိ အသားနုနုအား ဖျစ်ညှစ်ပစ်လိုက်သည်။

“ နင် ပြန်လာရဲသေးတယ်ပေါ့ ဟုတ်လား …”

“ အား ဖြည်းဖြည်း ဖြည်းဖြည်း …”

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါက ငါနဲ့ ဘာမှ မဆိုင်ဘူးဟ … အကုန် စုန့်ကျင်းမင် အမှားပဲ … သူပြောတာ မင်းတို့ကို ခေါ်သွားလို့ မသင့်လျော်ဘူးတဲ့ … ဒါကြောင့်မို့ ငါ့တစ်ယောက်တည်းကို ခေါ်သွားတာ … မင်းတို့ မပျော်မရွှင်ဖြစ်နေရင်လည်း သူ့ကို သွားရှာလိုက် …”

“ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ … ငါ့ကို ဘာတွေ ဖြစ်နေလဲ မသိဘူးများ ထင်နေလား …” နင်ချဲ့ ပြောလိုက်ပြီး “ နင်သာ သဘောမတူဘူးဆိုရင် သူက ငါတို့ကို အဝေးပို့လိုက်နိုင်မှာတဲ့လား …”

“ ကဲပါ … ဒီခုအချိန်ရောက်မှတော့ အဲ့တာတွေ ပြောနေလို့ ဘာထူးတော့မှာ …” ချိုးယွီလော့ ပြောလိုက်ပြီး “ ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ဘူး … တစ်နေရာရှာပြီး စားရင်းနဲ့ ပြောကြတာပေါ့ …”

“ သွားစို့ …”

ထို့နောက် အုပ်စုမှာ ပင်လယ်စာဆိုင် အသေးလေးတစ်ခုသို့ ရောက်လာခဲ့ပြီး အဆာပြေ ညလယ်စာ စားသောက်ရန် ဟန်ပြင်လိုက်ကြသည်။

“ ကာတာက အခြေအနေ ဘယ်လိုလဲ … ထိန်းချုပ်မှုအောက်က လွတ်သွားတာတွေ ရှိသေးလား …”

“ အကုန် အဆင်ပြေပြေပဲ …. ငါတို့ ဘာမှတောင် ထွေထူးမလုပ်ခဲ့ပါဘူး … ဖောဆက်စ်ကို သတ်ပြီးတာနဲ့ ချက်ချင်း ပြန်ခဲ့တာပဲ … တကယ်လို့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မယ်ဆိုရင်တော့ ငါတို့ ပြဿနာတက်နိုင်တယ်…”

“ ပြဿနာတက်နိုင်တယ်ဟုတ်လား …”

“ ဖောဆက်စ် ကာတာကို သွားခဲ့တာက ဗီဇသွေးရည်ကြည်နဲ့ ပတ်သက်တဲ့ အလဲအလှယ်တစ်ခုကို လုပ်ဖို့ပဲ …” လင်းရီ ပြောရင်းဖြင့် ကျောက်ပုစွန်တစ်ကောင်ကို သူ့ပန်းကန်လုံးထဲ ထည့်လိုက်ကာ “ ပြီးတော့ အပေးအယူလုပ်မယ့်လူက သူတစ်ယောက်တည်းပဲ မဟုတ်ဘူး … ငါတို့သာ လိုတာထက်ပိုပြီး ရှေ့ဆက်မိလိုက်ရင် တခြားလူတွေကိုပါ ဆွဲဆောင်မိသလို ဖြစ်သွားနိုင်တယ်… စုန့်ကျင်းမင် ငါ့ဘေးမှာ ပါခဲ့ရင်တောင် အခြေအနေကို ထိန်းချုပ်ဖို့ဆိုတာ မလွယ်ကူလောက်ဘူး …’

ချိုးယွီလော့နှင့် နင်ချဲ့တို့ တွေးတွေးဆဆဖြင့် ခေါင်းညိမ့်လိုက်ကြသည်။

“ ဒီလိုမျိုး အပေးအယူ ကြီးကြီးမားမား လုပ်နိုင်တယ်ဆိုတော့ သေချာပေါက် သန်မာတဲ့ ကျောထောက်နောက်ခံရှိထားလို့ပဲ ဖြစ်ရမယ်…” နင်ချဲ့ပြောလိုက်သည်။

“ ငါ ဘော့စ်လျိုဆီက ကြားတာတော့ နင် ဗီဇသွေးရည်ကြည် တစ်ဝက်ရလာခဲ့သေးတယ်ဆို … ဘာ အမျိုးအစားလဲဆိုတာ နင်ပြောနိုင်လား …”

စာစဉ် (၁၂၆) ပြီး၏။

All Chapters