← Chapters

ဟန်မဆောင်တော့ဘူး

Vol. 126 Ch. 1878

ဟန်မဆောင်တော့ဘူး

Vol. 126 Ch. 1878

“ ဒါက … ကောင်းပြီလေ.. ခင်များသဘောပဲ …"

လင်းရီနှင့် ကျန်သူများ ဝင်လာသည်ကိုမြင်တော့ ကုန်လှောင်ရုံ ဝင်ပေါက်ဝ၌ ရှိနေကြသည့် လူတစ်ချို့က အနားသို့ ရောက်လာသည်။

“ ကားငှားဖို့လား …”

အလှမ်းသိပ်မဝေးသည့် နေရာရှိ pick up truck သုံးစင်းကို စုန့်ကျင်းမင် လက်ညှိုးထိုးပြ၍ “ အဲ့သုံးကောင်ဆို ဘယ်လောက်လဲ …”

“ တစ်နေ့ကို ၂၀ ဒေါ်လာ … ဒါပမယ့် စရံ ၃,၀၀၀ ပေးထားရမယ်.. ကားရမ်းခကို စရံထဲကနေ နေ့တိုင်း ပုံမှန် နှုတ်သွားမယ်… အဆင်ပြေလား …”

စုန့်ကျင်းမင် ရွေးလိုက်သည့် ကားသုံးစင်းကို ကြည့်၍ ဒေါ်လာ ၃,၀၀၀ ပေးရသည်က ထိုက်တန်ခြင်း မရှိဟူ၍ လင်းရီ ခံစားလိုက်ရသည်။

တော်တော်လောဘကြီးကြသည့် လူများပင်။

အမှန်တော့ လင်းရီနှင့် ကျန်သူများက အာရှနွယ်ဖွားများ ဖြစ်နေသောကြောင့်သာ ဒေသခံများက ရိုက်စားလုပ်နေကြခြင်းပင်။ အကယ်၍ ဥပရောအနွယ်ဝင်များ သို့မဟုတ် လူမည်းတစ်ချို့သာ ရောက်လာခဲ့မည်ဆိုပါက ကျသင့်ငွေမှာ တစ်ဝက်ပိုင်းသွားနိုင်သည်။

“ ပြဿနာ မရှိဘူး …”

စုန့်ကျင်းမင် ချီတုံချတုံ ဖြစ်မနေဘဲ လင်းရီအား တစ်ချက်ကြည့်လိုက်၏။ “ ပေးလိုက် …”

လင်းရီလည်း အသေးမွှားကိစ္စလေးကို အချိန်ဆွဲမနေပေ။

သူ့အဖို့ … ငွေက ကိန်းဂဏန်း တစ်ခုမျှပင်။ အချိန်နှင့်ငွေတွင် သူ့အတွက် အချိန်က ပိုအရေးကြီး၏။ လင်းရီ ဒေါ်လာ ၃,၀၀၀ ထုတ်ပေးလိုက်ပြီး တစ်ဖက်လူကလည်း ရော့ပတ္တမြား ၊ ရော့နဂါးပင်။ ကားသော့သုံးချောင်းကို ချက်ချင်း ထုတ်ပေးလာခဲ့၏။

ထို့နောက် ၎င်းက မေးလာသည်။ “ ကားနဲ့ ဘယ်သွားကြမှာ ..”

“ ဘာရာဝီ …”

ကားပိုင်ရှင်၏ အမူအရာမှာ အနည်းငယ် ပြောင်းသွားခဲ့၏။ သူ့အနီးနားဝန်းကျင်ရှိ လူတို့၏ အမူအရာလည်း တစ်မျိုးတစ်မည် ဖြစ်လာသည်။ “ အဲ့နေရာက တော်တော် အန္တရာယ်များတယ်နော်… မင်းတို့ရဲ့ အခုလို ပုံစံနဲ့ ဒီတိုင်းသွားလို့ကတော့ သေချာပေါက် အဆင်ပြေမှာ မဟုတ်ဘူး … ပြန်မလာနိုင်တာမျိုးတောင် ဖြစ်သွားနိုင်တယ်…”

ကားအငှားပိုင်ရှင်က လေးနက်တည်ကြည်စွာ ပြောလိုက်ပြီး “ ငါတို့ဆီမှာ မင်းတို့အဖွဲ့ကို ဘာရာဝီဆီ အန္တရာယ်ကင်းကင်းနဲ့ ပို့ပေးနိုင်မယ့် လုံခြုံရေး အဖွဲ့တစ်ဖွဲ့ ရှိတယ်….. ပြီးတော့ ဈေးလည်း မများဘူး … တစ်ရက်ကို ဒေါ်လာ ၁,၅၀၀ပဲ … ဘယ်လိုသဘောရလဲ …”

သူတို့အားလုံ ဘာမျှ မပြောကြချေ။ စိတ်ထဲတွင်တော့ အတော်လေး ရယ်ချင်စရာကောင်းသည်ဟု ခံစားနေရသဖြင့် မျက်နှာထက်၌ပင် ရယ်ချင်ပက်ကျိ အမူအရာတို့ အနည်းငယ် ဖြစ်ပေါ်လာသည်။

အကယ်၍ သူတို့ကသာ အန္တရာယ်ကင်းဖို့ လုံခြုံရေး အဖွဲ့ကို ငှားရမ်းနေရဦးမည် ဆိုပါက ကျုံးဝေ့တပ်ဖွဲ့အတွင်း၌ ဆက်ရှိနေဖို့ မလိုတော့ချေ။

“ မလိုဘူး … ကားတွေ ကောင်းတယ်ဆိုရင်ကိုပဲ အဆင်ပြေပြီ …”

“ ကားကတော့ စိတ်ချ … အကုန်ကောင်းတယ်.. ဒါပေမယ့် ရှင်းအောင် တစ်ခုတော့ ပြောလိုက်ဦးမယ်… ဘာရာဝီဆိုတာ ဆိုမားမှာ အန္တရာယ်များတဲ့ ဇုန်ပဲ … မင်းတို့ကို ကာကွယ်ပေးမယ့်လူ မရှိဘူးဆိုရင် ပြန်လာနိုင်ဖို့က အတော်လေး ခဲယဉ်းမှာနော်… ဒီဈေးကို များတယ်ထင်နေရင် ငါတို့ ညှိလို့ရတယ်… မင်းတို့အသက်က ဒီလောက်တောင် တန်ကြေး မရှိဘူးလား …”

“ ထားလိုက်တော့ … ရပြီ …”

“ သွားစို့ …”

ကားသော့များအား ဝှေ့ရမ်းရင်း လင်းရီ အသီးသီး ဝေမျှပေးလိုက်သည်။

စုန့်ကျင်းမင်က စကေးအကောင်းဆုံး ဖြစ်သဖြင့် သူက လူသုံးယောက်ကို ဦးဆောင်ဖို့ တာဝန်ကျသည်။

နင်ချဲ့နှင့် ချိုးယွီလော့က အသင်း တစ်သင်း ဖွဲ့လိုက်ပြီး လူနှစ်ယောက်ကို ခေါ်မည်။

ကျန်သည့် ရှောင်ပင်းနှင့် ကျန်းချောင်ယွဲ့တို့ကတော့ လင်းရီနှင့်အတူ လိုက်ပါကြမည်။

ကားထဲသို့ အသီးသီး ဝင်ရောက်ပြီးနောက် စုန့်ကျင်းမင်က ယာဉ်တန်းကို ဦးဆောင်ကာ ကျန်ကားနှစ်စင်းက နောက်မှ လိုက်ပါလာရင်း ကားငှားသည့်နေရာကနေ ထွက်လာခဲ့ကြသည်။

လင်းရီနှင့် ကျန်သူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း အသားပိန်ပိန်နှင့် လူမည်းတစ်ယောက်က ရှေ့သို့ တက်လာခဲ့၏။

“ ဘော့စ် … သူတို့ကြည့်ရတာ ချမ်းသာမယ့်ပုံပဲ … “

ကားအငှားပိုင်ရှင်က စီးကရက်ကို မီးညှိ၍ ရှိုက်လိုက်၏။ “ မပူနဲ့ … ငါဒီအခွင့်အရေးကို လက်လွှတ်မခံဘူး .."

သူ့ဖုန်းအား ထုတ်ရင်း ကားအငှားပိုင်ရှင်က ဂရုတစ်ခုသို့ စာပို့လိုက်၏။

“ ငါ့ကောင်တို့ .. ဒီမှာ အလုပ်ပေါ်လာပြီ … အမြန်စုဝေးထားကြ .. ဒီနေ့တော့ ငါတို့ကောင်တွေ ထီပေါက်တာပဲ …”

ကားငှားသည့် နေရာက ထွက်လာခဲ့ပြီးနောက် စုန့်ကျင်းမင်သည် ယာဉ်တန်းကို ဘာရာဝီသို့ မဦးဆောင်ဘဲ ထိုအစား ဆင်းရဲသားရပ်ကွက်တစ်ခုသို့ ရောက်လာကာ ကျန်သူများအား ကားထဲက ထွက်လာဖို့ ပြောလိုက်၏။

သူတို့ရှေ့ရှိ မြင်ကွင်းက အသင်း ၁ အဖွဲ့သားများ၏ အမြင်ကို တစ်ဖန် ဆန်းသစ်သွားစေခဲ့လေသည်။

သူတို့ နွမ်းပါးချွတ်ခြုံကျသည့် လူတော်တော်များများကို မြင်ခဲ့ဖူးသည်။ သို့သော် ဤရပ်ကွက်၌ နေထိုင်ကြသည့် လူများကဲ့သို့ နွမ်းပါးနေသူများကိုတော့ မမြင်ခဲ့ဖူးချေ။ ပနားမားရှိ အကြီးဆုံး ဆင်းရဲသားရပ်ကွက်ဖြစ်သည့် ချူလန်ဒေသသို့ ရောက်ခဲ့ဖူးသူ လင်းရီပင် စိတ်ထဲ၌ နေရာနှစ်ခုကို နှိုင်းစာကြည့်လိုက်ရာ ချူလန် ဒေသက အဆတစ်ရာသာသည်ဟု အသိအမှတ် ပြုလိုက်မိ၏။

ယင်းနေရာက လောကနိဗ္ဗာန်ကြီးပင်။

ဆင်းရဲသား ရပ်ကွက်ချင်း ဆိုသော်လည်းပဲ ကွာဟနေမှုကြီးက အတော်လေး ကြီးမားလှ၏။

ချူလန်ဒေသ ဆိုသည်မှာ အမှန်တကယ် နွမ်းပါးကြသည့် အိမ်ခြေရာမဲ့တို့ နေထိုင်ရာပင်။ သို့သော် ဤဧရိယာမှာမူကား ဒေသခံ လက်နက်ကိုင်များထံ အကာအကွယ်ခွန် ဆက်သ၍ နေထိုင်ကြသူများ ဖြစ်ကြသည်။

တစ်နည်းဆိုရသော် ဤနေရာ၌ သာမန်လူ မရှိပေ။ အကယ်၍ ရှိလျှင်ပင် သမာသမတ်မကျသည့် လုပ်ငန်းများ၌ တစ်မျိုးတစ်ဖုံ ပတ်သက်ဆက်စပ်နေသူများ ဖြစ်၏။

“ အနက်ရောင်မြွေရဲ့ လူတွေက ဘာရာဝီမှာ မဟုတ်ဘူးလား … ငါတို့က ဒီကို ဘာလုပ်ဖို့ လာခဲ့တာ …” နင်ချဲ့ မေးမြန်းလိုက်သည်။

“ ဘာပဲပြောပြော သူတို့က ကမ္ဘာအမည်မည်း စာရင်းထဲမှာ နံပါတ် ၁၆ ချိတ်တဲ့လူတွေပဲလေ… လက်ဗလာနဲ့ သွားရင် ရိုင်းပြရာကျတာပေါ့ …” စုန့်ကျင်းမင် ပြန်ဖြေလိုက်ပြီး “ ငါတို့နည်းနည်းပါးပါး ပြင်ဆင်သွားဖို့ လိုမယ်…”

လူတိုင်း … “ ခင်များလေသံကိုက တော်တော်လေး လေးစားမှု မရှိရာ ကျနေပြီးသား …”

လင်းရီကတော့ ဘေးတွင် တိတ်တဆိတ်ရပ်နေရင်း စုန့်ကျင်းမင်၏ အစီအစဉ်က ဘာတွေလဲဆိုတာကို မရေရာ ဖြစ်နေသည်။

သူ့ဘက်က အကုန် ပြင်ဆင်ထားသင့်တာ မဟုတ်ဘူလား .. ဒါဆို ဘာလို့ သူတို့က ဒီကို လက်နက်တွေ ဝယ်ဖို့ ရောက်လာခဲ့တာ …

သူတို့ များများစားစား မတွေးတောနိုင်ခင်မှာပဲ လူမည်းနှစ်ဦးက လမ်းကြားထဲကနေ ထွက်လာခဲ့၏။ နှစ်ဦးလုံးက လက်နက် ကိုယ်စီနှင့်ဖြစ်ပြီး စုန့်ကျင်းမင်နှင့် ကျန်သူများကို သတိထားသည့် အကြည့်တို့ဖြင့် ကြည့်လိုက်ည်။

စု့န်ကျင်းမင်မှာမူ တည်တည်ငြိမ်ငြိမ်ပင်။ သူ စီးကရက် တစ်ဘူးထုပ်၍ လူမည်းနှစ်ယောက်ကို ကမ်းပေးလိုက်သည်။

“ အေးဆေးပေါ့ … ငါတို့က ဒီကို ပစ္စည်းနည်းနည်းပါးပါး လာဝယ်တာ … ဟက်ဆန်ကို ခေါ်ခဲ့လိုက် …”

ထိုစကားကြားတော့ လူမည်းနှစ်ယောက်မှာ အရင်ကထက် သတိပိုကပ်သွားခဲ့လေသည်။

“ ငါတို့ ခန္ဓာကိုယ် စစ်ဆေးဖို့လိုမယ်…”

“ အမျိုးသားဆိုရင်တော့ မင်းတို့ရမယ်… အမျိုးသမီးဆိုရင်တော့ မေ့လိုက်တော့ …”

စုန့်ကျင်းမင်မှာ ဖော်ဖော်ရွေရွေပင်။ တခြား အပိုစကားများ ပြောဆိုခြင်း မရှိပေ။

လူမည်းနှစ်ဦးမှာ ချိုးယွီလော့၊ နင်ချဲ့နှင့် ကျန်သူများကို အချိန်အတော်ကြာအောင် စိုက်ကြည့်၍ အမှန်တရား ဘက်တော်သားများ လေသံဖြင့် “ မရဘူး … စည်းကမ်းအတိုင်းပဲ … ဒီကို လာတဲ့ လူတိုင်း ရှာဖွေခံရမယ်…”

ထောက် … ( မီးခြစ်သံ )

စု့န်ကျင်းမင် စီးကရက်တစ်လိပ်အား မီးညှိလိုက်၏။ “ အေး‌ဆေးပေါ့ … ငါ့ဘက်က လေးစားမှုပေးနေတာကို မင်းတို့ဘက်က အသာတကြည် လက်ခံလိုက်စမ်းပါ …”

အစောင့်နှစ်ယောက်မှာ အမူအရာပြောင်းလဲသွားခဲ့ပြီး သူတို့၏ သေနတ်များကို စု့န်ကျင်းမင်ထံ ချိန်ရွယ်လာခဲ့ကြသည်။

“ အစစ်ဆေး မခံနိုင်ဘူးဆိုရင် ခုချက်ချင်း ထွက်သွား … မဟုတ်ရင် အသေပဲ …”

ပါးစပ်တွင် စီးကရက်ခဲထားရင်း စုန့်ကျင်းမင် သူ့လက်များအား လေပေါ်သို့ မြှောက်လိုက်၏။ “ မလိုပါဘူး … ဒီတိုင်း ရှာဖွေရုံလေးပဲမလား … အိုကေ လုပ် …”

အစောင့်နှစ်ယောက်က သေနတ်များအား ပြန်ရုတ်၍ စုန့်ကျင်းမင်ကို စစ်ဆေးရန် အနားရောက်လာကြသည်။

ထိုစဉ် စုန့်ကျင်းမင်မှ ရုတ်ချည်းလှုပ်ရှာလာပြီး အစောင့်တစ်ဦး၏ လက်မောင်းကို နောက်သို့ဆွဲပြီး အတင်းအကြပ် လိမ်ချိုးပစ်လိုက်သည်။

အရိုးကျိုးအက်သံတို့က လူတိုင်းကို နာကျင်စွာ ခံစားသွားစေရဖို့ လုံလောက်လေသည်။

“ မလှုပ်နဲ့ …”

ကျန်အစောင့်တစ်ယောက်က ပစ်ခတ်တော့မည့် အချိန်မှာပဲ စုန့်ကျင်းမင်က အစောင့်၏ သေနတ်ကို ယူ၍ ခေါင်းသို့ ချိန်ရွယ်ထားလိုက်သည်။

ရုတ်ချည်း ဖြစ်ပေါ်လာသည့် အပြောင်းအလဲက ဆင်းရဲသားရပ်ကွက်တစ်ခုလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့သည်။

အမျိုးမျိုးသော ဦးတည်ရာဘက်ခြမ်းမှနေ၍ လက်နက်ကိုင်တပ်သား အယောက် ၂၀ ကျော် ပြေးထွက်လာခဲ့ကာ စုန့်ကျင်းမင်နှင့် သူ့လူအုပ်စုကို ဝိုင်းရံထားလိုက်ကြသည်။

တစ်ချိန်တည်းတွင် စစ်တပ်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက လူအုပ်ကြားထဲကနေ ရှေ့သို့ ထွက်လာခဲ့၏။ ထိုလူက မျက်နှာကို ပုဝါစည်းလျက် ဦးထုပ်ဆောင်းထားသည်။ အပြင်လူများက သူ့မျက်လုံးများကိုသာ မြင်နိုင်လေသည်။

“ မင်းတို့ကောင်တွေ ဘယ်သူလဲ …”

ခေါင်းဆောင်က တိုက်ရိုက်တိုက်ခိုက်လာခြင်း မပြုပေ။ သူ၏ အားကောင်းလှသည့် အလိုလိုသိစိတ်နှင့် အတိတ်အတွေ့အကြုံတို့က ပြောပြနေသည်မှာ သူ့ရှေ့ရှိ အာရှသားများက လွယ်သည့်လူစားမျိုးများ မဟုတ်ဟူ၍ပင်။

ထို့ကြောင့် ဂရုစိုက်သည်ကကောင်း၏။

စုန့်ကျင်းမင်သည် စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်၍ အောက်သို့ချကာနင်းချေလိုက်သည်။

“ ဟင်း … အစကတော့ သာမန်လူတစ်ယောက်ပုံစံနဲ့ အထဲဝင်မလို့ လုပ်နေတာ ဒါပေမယ့်မင်းတို့ကကောင်တွေက အတော်ရမ်းကားတာပဲ … ငါစိတ်ပျက်သွားပြီ ..”

စုန့်ကျင်းမင် သူ၏ အိတ်ကပ်ထဲ လှန်လောရင်း လက်ပတ်တစ်ခုအား ထုတ်ယူလိုက်၏။

“ ဟန်ဆောင်နေတာတော်ပြီ .. ငါက Ace of Spades ပဲ …”

လင်းရီ “ …”

ခင်များက ဒီတိုင်း ဟန်ထုတ်ချင်နေတာကိုများ …

All Chapters