← Chapters

လူကို ပုံစံသွင်းတဲ့ ဒေသပတ်ဝန်းကျင်

Vol. 126 Ch. 1877

လူကို ပုံစံသွင်းတဲ့ ဒေသပတ်ဝန်းကျင်

Vol. 126 Ch. 1877

လေယာဉ်ပေါ်တွင် ရှိနေသည့် လင်းရီကတော့ ဒူဘိုင်း၌ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ တစ်ခုမျှ သိမနေချေ။

သူ ထင်နေခဲ့သည်မှာ ကျီချင်းရန်က ထွက်ခွာသွားခဲ့ပြီ ဟူ၍ပင်။ သို့သော် သူမက ထိုနေရာ၌ ရှိနေလိမ့်ဦးမည်လို့ သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။

သုံးနာရီကြာပြီးနောက် လေယာဉ်က ဆိုမားမြို့တော် မောဂက်ရှ်သို့ ဆင်းသက်လာခဲ့၏။

လေယာဉ်ပေါ်က ဆင်းသည်နှင့် အသင်း ၁ အဖွဲ့ဝင်များ၏ အမူအရာမှာ အကုန်လုံး တစ်မျိုးတစ်မည် ဖြစ်သွားခဲ့ကြသည်။ လင်းရီပင် အနည်းငယ် ထူးဆန်းနေခဲ့၏။

ဤ နေရာက အတော်လေး ပရမ်းပတာဆန်သည့် နေရာဖြစ်ကြောင်းကို သူတို့ သိထားခဲ့သော်ငြားလည်း ရှေ့ရှိ မြင်ကွင်းကိုတော့ အနည်းငယ် ထင်မှတ်မထားခဲ့ကြချေ။

အဓိက မြို့တော် ဖြစ်သည့် မောဂက်ရှ်၌ပင် ဆယ်လွှာ အဆောက်အဦးတို့က တကယ့်ကို ကြုံတောင့်ကြုံခဲဖြစ်ပြီး အဆောက်အဦး တော်တော်များကလည်း သေးငယ်သည့် နှစ်ထပ် သို့မဟုတ် သုံးထပ် အဆောက်အဦးလေးများ ဖြစ်ကြ၏။

အများစုကမူ ဖောက်ခွဲဖျက်စီးခံထားရသည့် ပုံစံများ ဖြစ်နေကြလေသည်။

လမ်းတွင် ပြေးလွှားမောင်းနှင်နေသည့် ယာဉ်တို့ကလည်း ဗန် သို့မဟုတ် pick up truck လေးတို့သာ များပြီး SUV တို့လို ကားတို့ကတော့ အတော်လေးကို မြင်တွေ့ရခဲလှ၏။

( Pickup truck 🛻 က ဒီလိုမျိုးပါ )

စက်ဘီးများကိုတော့ သယ်ယူပို့ဆောင်ရေး အတွက် အတော်လေးကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေခဲ့ကြ၏။

ရှေ့ရှိ မြင်ကွင်းက လူတိုင်းကို ၁၉၈၀ ခုနစ် အတိတ်ကာလများဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သယောင် ခံစားလိုက်ကြရလေသည်။

“ အစ်ကိုကြီးလင်း … ဒါက အဓိက မြို့တော်ဆိုတာတော့ ဟုတ်ပါတယ်နော်…”

သူတို့ အကုန်လုံးက ငွေကြေးကြွယ်ဝကြပြီး ကမ္ဘာ့မြို့ကြီး တော်တော်များသို့ ရောက်ဖူးကြသော်လည်းပဲ မည်သူကမျှ ဆိုမားမြို့တော်သို့တော့ မရောက်ဖူးကြချေ။ အကြောင်းမူကား ဤနေရာသို့ လာရသည်က အပန်းဖြေခရီးထွက်သည်ထက် စွန့်စားခန်းတစ်ခု ဖန်တီးသည်နှင့် ဆင်တူနေသောကြောင့် ဖြစ်၏။

“ ငါလည်း အရင်က ဒီလိုနေရာမျိုး တစ်ခါမှ မရောက်ဖူးဘူး … အဓိက မြို့ကြီးဆိုပေမယ့် နည်းနည်းတော့ ချွတ်ချုံကျနေသလိုပဲ ..” လင်းရီ ပြန်ဖြေလိုက်သည်။

“ တကယ်တော့ တော်တော်ကောင်းနေပါပြီ…” ချိုးယွီလော့ ပြောလိုက်သည်။

“ ငါ အရင် သုံးနှစ်လောက်တုန်းက ဒီကို တစ်ခါ ရောက်ဖူးသေးတယ်… အဲ့တုန်းက မောဂက်ရှ်ရဲ့ အခြေအနေက တော်တော်ဆိုးဆိုးရွားရွားပဲ … လက်ရှိပုံစံက တိုးတက်လာတယ် ပြောရမယ်… စီးပွားရေးတွေ စပြီး ဖွံ့ဖြိုးလာနေပြီပဲ …’

လင်းရီ မျက်မှောင်ကြုတ်သွားခဲ့သည်။ “ မင်းပြောတဲ့ စီးပွားရေး တိုးတက်လာတယ်ဆိုတာက ဒီခုပုံစံကို ပြောနေတာလား …”

“ နင် သူ့ကို မေးကြည့်ပေါ့ .. သူက ငါ့ထက် ပိုသိလောက်တယ်…” ချိုးယွီလော့က စုန့်ကျင်းမင်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

စုန့်ကျင်းမင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ရင်း “ အဲ့တာက ငါ့အမှား တစ်စိတ်တစ်ပိုင်းလည်း ပါတယ်… မဟုတ်ရင် မောဂက်ရှ်က နည်းနည်းလေးပိုပြီး အထင်ကြီးစရာကောင်းတဲ့ ပုံစံရှိသွားမှာ …”

“ ခင်များ ဘာတွေ ပြောနေတာ …”

စုန့်ကျင်းမင် အနောက်တောင်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။

“ အဲ့ဒီ ဖျက်ဆီးခံထားရတဲ့ နှစ်ထပ် အဆောက်အဦးကို မြင်လား …”

လူတိုင်း လှည့်ကြည့်လိုက်ကြ၏။

“ ဖျက်စီးခံထားရတာ တော်တော်ကြာပြီ ဖြစ်ပုံပဲ ..”

စုန့်ကျင်းမင် ခေါင်းညိမ့်လိုက်သည်။ “ အဲ့ဒီနှစ်တွေတုန်းက ငါတို့ မစ်ရှင် တစ်ခု ရှိတယ်လေ… ပြီးတော့ ဒီ အဆောက်အဦးတွေကို ငါတို့ ဖျက်စီးခဲ့တာပဲ …”

လူတိုင်း “ …… “

“ ထွေထူးမဟုတ်ပါဘူးဟ … အဆောက်အဦး နှစ်ခုတည်းရယ်ပါ …”

စုန့်ကျင်းမင် ရယ်ရယ်မောမောနှင့် ပြောလိုက်ပြီး “ တကယ်တော့ ငါတို့က တော်တော်လေး လူသားဆန်တယ် ပြောရမယ် … ငါတို့က အဆောက်အဦးတွေကိုပဲ ပစ်မှတ်ထားပြီး ဒေသခံတွေကို ဘာမှ မလုပ်ဘူးလေ… အဲ့ဒီတုန်းက မတော်တဆထဲ အဘိုးကြီးတစ်ယောက် ပါသွားတာပဲ ရှိတယ်… ငါတို့ရဲ့ စံချိန်စံနှုန်းတွေက အတော်လေး လူသားဆန်တယ် ပြောလို့ရတယ်…”

ရှောင်ပင်းနှင့် ကျန်သူများမှာ နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့ကြ၏။

ဒီလူ ဘယ်ကနေ ရောက်လာခဲ့တာ ..

သူ တကယ်ကြီး ဒီလာပြီးတော့ ဗုံးလာခွဲနေတယ်ပေါ့ …”

“ ကောင်းပြီ ကောင်းပြီ … လောလောဆယ် ဒီအကြောင်းတွေ မပြောကြစို့ …” စုန့်ကျင်းမင် တဟားဟားရယ်ရင်း ပြောလိုက်ပြီး “ အနက်ရောင်မြွေတွေရဲ့ စခန်းက ဘာရာဝီမှာ … အဲ့တာက ငါတို့ရဲ့ လက်ရှိ ဦးတည်ရာပဲ …”

“ ၁၀၀ ကီလိုမီတာလောက် ဝေးတယ်ဆိုတော့ ကားနည်းနည်းလောက်ငှားပြီး အဲ့ဒီကို မောင်းသွားကြတာပေါ့ …”

ထို့နောက် … စုန့်ကျင်းမင်၏ ဦးဆောင်မှုအောက်မှာပဲ လူတိုင်းက လေဆိပ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့ကြ၏။

လမ်းမကြီးထက် လမ်းလျှောက်နေရင်း လင်းရီနှင့် ကျန်သူများမှာ ချက်ချင်းဆိုသလို ဒေသခံတော်တော်များ၏ အာရုံစိုက်ရာ ဖြစ်လာသည်။

ထူးထူးဆန်းဆန်း တစ်စုံတစ်ရာကို မြင်တွေ့နေရသကဲ့သို့ .. ကလေးသူငယ် ဖြစ်စေ ၊ လူကြီးများပင် ဖြစ်စေ ၊ လူတိုင်းက မသိစိတ်အလျောက် သူတို့ လုပ်လက်စ အလုပ်များကို အောက်ချ၍ သူတို့အုပ်စုထံသို့ လှမ်းကြည့်နေကြလေသည်။

ကလေးများကတော့ သာမန်ပင်။ စူးစမ်းချင်စိတ်ရှိသည်က သူတို့၏ သဘာဝပင်။ လူကြီးများ ယခုလို ဖြစ်နေသည်မှာတော့ သူတို့ အမဲလိုက်နိုင်သည့် သားကောင်ကို ရှာတွေ့သွားသောကြောင့် ဖြစ်၏။

ဒေသခံများ၏ မျက်လုံးထဲ၌ ဟွာရှန့်တို့က ဓားပြတိုက်ရန်အတွက် အလွန်ကောင်းမွန်သည့် ပစ်မှတ်များဖြစ်ကြသည်။ သူတို့ထံပါး၌ အမြဲတမ်း ပိုက်ဆံ တော်တော်များများ ရှိနေတတ်ကြပြီး သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းကလည်း ကင်းမဲ့ကြသေး၏။ အကယ်၍ ဟွာရှန့်များသာ ဒေသဧရိယာအတွင်း လျှောက်သွားနေမည်ဆိုပါက နာရီဝက်အတွင်း ပါလာသမျှ အကုန်ပြောင်စင်နေအောင် ဓားပြတိုက်ခံလိုက်ရမည်မှာ မလွဲမသွေပင်။

ဤမျှ အချိန်ကြာသည်ထိအောင် တစ်ယောက်မျှ ရောက်မလာသေးတာကတော့ သူတို့ဘက်၌ လူအရေအတွက်က တော်တော်များနေသောကြောင့် ဖြစ်သည်။ မည်သူကမျှ နေ့ခင်းကြောင်တောင်ကြီး၌ လှုပ်ရှားဝံ့ခြင်း မရှိကြပေ။ သို့သော်လည်းပဲ သတ္တိအင်မတန် ကောင်းသည့် လူတစ်ချို့ကတော့ အချင်းချင်း လျှို့ဝှက်စွာ မျက်စ ပစ်ပြရင်း လှုပ်ရှားရန်အတွက် သူတို့သူငယ်ချင်းများကို ဆက်သွယ်နေကြပြီး ဖြစ်လေသည်။

ဤနေရာက တရားဥပဒေ မစိုးမိုးနိုင်သည့် နေရာတစ်ခုဟု စုန့်ကျင်းမင်ပြောသည်မှာ လုံးဝ ချဲ့ကားနေခြင်း မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ဤသည်က ဆိုမားဖြစ်ပြီး ပင်လယ်ဓားပြတို့ ပေါပေါသောသော ရှိသည့် နေရာတစ်ခု ဖြစ်၏။ ပိုပြီး ပုံမှန် မဟုတ်သည်က ပင်လယ်ဓားပြ လုပ်ငန်းမှာ ဤနေရာ၌ ကောင်းစားရန် အခွင့်အလမ်းပေါသည့် တရားဝင် စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်နေခြင်းပင်။ ယင်းအလုပ်က ဒေသခံများအတွက်တော့ အတော်လေး မိရိုးဖလာဆန်သည့် အလုပ်အကိုင်တစ်ခုဟု ပြောဆိုလျှင်လည်း မမှားပေ။

လင်းရီ မြောက်ပိုင်းသို့ ခရီးထွက်ခဲ့စဉ်က တစ်စုံတစ်ယောက် ပြောပြခဲ့သည်မှာ မြောက်ပိုင်း မိသားစုတိုင်း၌ အေးခဲပြီး သေသွားတတ်ကြသည့် ဆွေမျိုး တစ်ချို့တော့ ရှိကြစမြဲဟူ၍ပင်။

ဆိုမား၌လည်း ထို့အတူပင်။ မိသားစု တစ်ခုခြင်းစီတိုင်း၌ ပင်လယ်ဓားပြဆွေမျိုး တစ်ချို့ရှိနေသည်က မထူးဆန်းသည့် ကိစ္စတစ်ရပ်ဖြစ်၏။

“ ငါတော့ ခံစားချက်တွေ မကောင်းဘူး …” ရှောင်ပင်း ပြောလိုက်ပြီး “ သူတို့တွေ အချိန်မရွေး ဓားပြလာတိုက်တော့မယ်လို့ ခံစားနေရတယ်…”

“ ယုံကြည်ချက် ရှိစမ်းပါ … လာတိုက်တော့မှာ မဟုတ်ဘူး .. လာတိုက်ကို တိုက်တော့မှာ…”

စုန့်ကျင်းမင်က စီးကရက်တိုကို နှုတ်ခမ်းတွင် ကိုက်ထားရင်း ပြောလိုက်သည်။

“ ဒီလူတွေနဲ့ ရင်ဆိုင်ရတာက ပင်လယ်ဓားပြတွေနဲ့ တွေ့တာထက်တောင် ပိုပြီး အလုပ်ရှုပ်သေးတယ်…”

ရှောင်ပင်း ဘေးဘီဝဲယာအား တစ်ချက်ကြည့်၍ “ ဘာလို့ အဲ့လို ပြောနိုင်ရတာ … သူတို့ကြည့်ရတာ ဒေသခံ သာမန်လူတွေလိုပါပဲ … သူတို့တွေက ပင်လယ်ဓားပြတွေထက် ဆိုးရွားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား …”

“ မင်း ကြည့်ရတာ ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဦးနှောက်ဆေးတာ ခံထားရတယ်နဲ့တူတယ် …” စုန့်ကျင်းမင် ပြောပြီးနောက် ရှင်းပြလိုက်သည်။

“ တကယ့် လက်တွေ့ဘဝမှာရှိတဲ့ ပင်လယ်ဓားပြတွေက မင်းစိတ်ကူးထဲမှာ ထင်ထားတဲ့ ပုံစံနဲ့ မတူဘူး .. သူတို့က ကုန်တင် သင်္ဘောတွေကို ပစ်မှတ်ထားတယ်ဆိုပေမယ့် သူတို့စည်းကမ်းနဲ့ သူတို့ရှိတယ်… သူတို့ကို မစော်ကားသရွေ့ မသတ်ဖြတ်ဘူး … အထူးသဖြင့် အမျိုးသမီးနဲ့ ၊ ကလေး‌တွေ ၊ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေကိုပေါ့ …. ပြီးတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကျူးလွန်တာတွေလည်း မလုပ်ဘူး … လုပ်ရင် အပြစ်ပေးခံရတယ်…”

“ တကယ် … အဲ့လောက်တောင် စည်းကမ်းရှိကြတယ်ပေါ့ …”

“ အဲ့တာ လုံးဝပဲ … ခေတ်သစ် ပင်လယ်ဓားပြတွေမှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကျင့်ဝတ်တွေ ရှိတယ်… သူတို့ကို အထင်မသေးလိုက်နဲ့ …” စုန့်ကျင်းမင် ပြောပြီးနောက် ဆေးလိပ်ပြာအား တောက်ချလိုက်ကာ အကြည့်တို့ဖြင့် ခြိမ်းခြောက်နေသည့် ထိုလူများအား ကြည့်လိုက်၏။

“ သာမန်လူတွေနဲ့ ရင်ဆိုင်ရတာက ပင်လယ်ဓားပြတွေနဲ့ ရင်ဆိုင်ရတာထက် ပိုပြီး ပြဿနာများတယ်လို့ ဘာကြောင့် ပြောရတာလဲဆိုတော့ သူတို့မှာ ကျင့်ဝတ်ဆိုတာ မရှိဘူး … မင်းကို ဓားပြတိုက်ရုံတင် မကဘူး … အမျိုးသမီး မြင်ရင် တခြား ရည်ရွယ်ချက်တွေလည်း ရှိတယ်… ဒါကြောင့်မို့လည်း ဒီမှာ ဘော်ဒီဂတ် အလုပ်တွေ ၊ လုံခြုံရေးနဲ့ ဆိုင်တဲ့ အလုပ်တွေက အတော်လေး ကောင်းစားပြီး မိသားစု တော်တော်များများရဲ့ ဝင်ငွေ အရင်းအမြစ် ဖြစ်နေတာပဲ … ဒီဒေသရဲ့ ဓလေ့တစ်ခုလိုတောင် ဖြစ်နေပြီ …”

လင်းရီ “ … “

ပတ်ဝန်းကျင် နေရာဒေသက လူတွေကို ပုံစံသွင်းပေးသည်ဆိုသည်မှာ တကယ် မှန်သော စကားဖြစ်၏။ ဤကဲ့သို့သော ဥပဒေမဲ့သည့် လုပ်ရပ်က ဒေသ၏ ဓလေ့တစ်ခုလို ဖြစ်လာခဲ့သည် ဆိုသည့်အရာက သူ နားလည်သဘောမပေါက်နိုင်သည့် နက်ရှိုင်းသည့် အရာတစ်ခု ဖြစ်သွားခဲ့ချေပြီ။

“ ကဲပါ … မင်းတို့ လိုအပ်တာက ယေဘုယျလောက် နားလည်ထားရင် ရပြီ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ လုပ်စရာရှိတာ အရင်လုပ်ကြတာပေါ့ … ဒီမှာဘာမှ မရှိဘူး … ငါ ဒီမှာ ကြာကြာမနေချင်ဘူး ..”

“ သွားစို့ …”

ပတ်ဝန်းကျင်၌ သူတို့ကို ကျားချောင်းချောင်းနေကြသည့် လူတို့ များစွာ ရှိနေသော်လည်း လင်းရီတို့အုပ်စုမှာ ကြောက်ရွံ့ခြင်း လုံးဝ မရှိကြချေ။

အကယ်၍ တစ်ယောက်ယောက်ကသာ ရှေ့ထွက်လာပြီး ဓားပြတိုက်ဝံ့ပါက သူတို့ဘက်က ရိုးရိုးရှင်းရှင်း သတ်ဖြတ်လိုက်ရုံသာ ရှိ၏။

ထို့နောက် … စုန့်ကျင်းမင်၏ ဦးဆောင်မှု အောက်မှာပဲ အုပ်စုမှာ ကြီးမားသည့်သိုလှောင်ရုံကြီး တစ်ခုထံသို့ ရောက်ရှိလာသည်။

အပြင်ဘက်မှ ကြည့်မည်ဆိုပါက အနည်းငယ် ယိုင်နဲ့နဲ့ ဖြစ်နေသည်ဟု ထင်ရပြီး ဆောက်လုပ်ထားသည်မှာ နှစ် အတော်ကြာခဲ့ဟန်ပင်။

သို့သော်လည်းပဲ စုန့်ကျင်းမင်ထံပြောပြလာခဲ့သည်မှာ ဤသည်က ဒေသခံများကြား၌ အတော်လေး ကောင်းမွန်သည်ဟု သတ်မှတ်ခံထားရသည်ဟူ၍ပင်။

ထို့ပြင် ခြံထဲ၌ ကားအစင်း ၂၀ ကျော် ထိုးရပ်ထားလျက် ရှိပြီး အများစုက van နှင့် pick up trucks များ ဖြစ်ကြ၏။

ကားအပြင်ဘက်ခြမ်းက သံချေးအလိမ်းလိမ်းနှင့် တစ်ချို့ဆို ကားတံခါးများပင် မရှိကြတော့ချေ။ အကယ်၍ ဤကားများသာ ဟွာရှသို့ ရောက်လာခဲ့မည်ဆိုပါက ကားသင်္ချိုင်းသို့ တစ်ခါတည်း ပို့ခံလိုက်ရပြီ ဖြစ်၏။

မဟုတ်သေး …

သင်္ချိုင်းရှိ ကားများကပင် ဤကားများထက် သာ၍ အခြေအနေကောင်းနေလိမ့်ဦးမည်ဟု လင်းရီ ခံစားမိ၏။

“ ကားငှားမယ်ဆို … ဒီကို ဘာလာလုပ်တာ…” လင်းရီ မေးမြန်းလိုက်၏။

“ ဒီနေရာက ကားငှားတဲ့ နေရာပဲလေ…”

စုန့်ကျင်းမင် ပြန်ဖြေလိုက်၏။

“ ခင်များ အတည်တွေ ပြောနေတာလား ..” လင်းရီ အနီးနားရှိ ကားတစ်ချို့ကို လက်ညှိုးထိုးပြလိုက်ပြီး “ ပုံစံတွေကိုလည်း ကြည့်လိုက်ဦး .. မောင်းလို့ရော ရပါ့မလား …”

“ အပြင်ဘက်က ကြည့်ရင်း နည်းနည်းဆိုးတယ်ဆိုပေမယ့် မောင်းလို့ ရပ်သေးတယ်..."

“ ခင်များ လိုချင်တာက မောင်းလို့ရရင် အဆင်ပြေပြီပေါ့ ဟုတ်လား …”

“ မဟုတ်လို့ ဘာဖြစ်ရဦးမှာ .. မင်းက ကားပေါ်မှာ ရိုမန်တစ်ဆန်ချင်သေးလို့လား … “

All Chapters