← Chapters

အမြဲထာဝရ

Vol. 86 Ch. 1202

အမြဲထာဝရ

Vol. 86 Ch. 1202

ကြယ်တာရာကောင်းကင်မှာ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ တံတားပေါ်တွင် နတ်မီးလျှံစမ်းသပ်ပွဲများ ဆင်နွှဲနေခဲ့ပြီး ယခုတွင် အာကာသထဲ၌ ပျံဝဲနေရပြီဖြစ်သော စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူများအတွက်မူ မန်ဟိုက သူတို့ကို ကူညီပေးပြီး သူ့နောက်လိုက်လာခဲ့သူများကိုလည်း ထိုနည်းတူ ကူညီပေးဖို့ တိုက်တွန်းသည်။ ဤကျင့်ကြံသူများသည် အင်မော်တယ်လျှောက်လှမ်းခြင်းတံတား ပျောက်ကွယ်၍ ပါရာဂွန်တံတား၏အင်အားကြီးမားလာခဲ့ပုံကို မျက်မြင်တွေ့ခဲ့ရသူများ ဖြစ်လေရာ မန်ဟို၏တိုက်တွန်းမှုအတိုင်း စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူများကို သူတို့၏ဂိုဏ်းများသို့ လိုက်ပို့ပေးရန် သဘောတူကြသည်။

အရာအားလုံးက တမင်တကာစီစဉ်ထားသကဲ့သို့ တိုက်ဆိုင်နေခဲ့ပြီး မန်ဟို့အနေဖြင့်လည်း ကျေးဇူးကြွေးကို ဆပ်ခဲ့ပြီးလေပြီ။ ဟန်ရှန်းနှင့် သူ့ဇနီး လွတ်မြောက်သွားခဲ့ရုံသာမက မန်ဟို၏ ပါရာဂွန်တံတားလည်း အံ့မခန်းလိလိအသွင်ပြောင်းမှုများကို ကြုံတွေ့ခဲ့ရသည်။

စစချင်း ဟန်ရှန်းမှာ တွေဝေနေပုံရသော်လည်း တဖြေးဖြေး သူ၏မျက်လုံးများသည် ကြည်လင်လာ၏။ သူ့ဇနီးလည်း တဆတ်ဆတ်တုန်လျက် နိုးထလာပြီး ဘေးဘီဝဲယာကို ကြောင်တောင်တောင်လေး ကြည့်နေသည်။ ထို့နောက် သူမသည် ယောက်ျားဖြစ်သူကို မြင်လျှင် ကြောင်အမှုတို့ ပျောက်ကွယ်သွားပြီး နူးညံ့သောအကြည့်လေးဖြင့် အစားထိုးခံလိုက်ရ၏။

သူမ ဘယ်နေရာရောက်ရောက်၊ အခက်အခဲ ဘယ်လောက်ကြုံရကြုံရ.... ဟန်ရှန်း ရှိနေသရွေ့ သူမအတွက် အဆင်ပြေသည်။

ဟန်ရှန်းက ဖြည်းညင်းစွာ ထရပ်ရင်း ဘေးဘီဝဲယာကို ကြည့်ကာ နောက်ဆုံးတော့ သူ့အကြည့်သည် မန်ဟို့အပေါ် ကျရောက်လာ၏။ သူ့မျက်ဝန်းများတွင် ကျေးဇူးတင်မှုတို့ ထင်ဟပ်နေပြီး သူက တဟားဟား ရယ်လိုက်သည်။ “အရက်ရှိလား...”

မန်ဟိုက ပြုံး၍ လက်ကို ဝှေ့ယမ်းလိုက်သည်။ ဟန်ရှန်း သူ့ကို ထိုနှစ်တုန်းက ပေးခဲ့သည့် အရက်အိုးသည် ပျံထွက်သွား၏။ ဟန်ရှန်းက ၎င်းကို ဖမ်း၍ ခေါင်းနောက်လှန်ကာ အကြာကြီး မော့သောက်လိုက်သည်။

ဟန်ရှန်းက အရက်အိုးကို ပြန်ချပြီးသော် မန်ဟို့ကို လေးလေးနက်နက် ကြည့်လေ၏။ “မိတ်ဆွေလေး ဒီကျေးဇူးကို ထာဝရမှတ်မိနေပါ့မယ်”

သူက မန်ဟို သူ့ကို လွတ်ပေးသည့်အကြောင်းနှင့်ပတ်သက်၍ တစ်ခွန်းမပြောပေ။ ကျေးဇူးတင်စကားပြောခြင်းသည် အရေးမကြီး။ အမှန်တကယ် အရေးကြီးသည်က .... မန်ဟိုအပေါ် ယုံကြည်ထားခဲ့ခြင်းက မမှားခဲ့ခြင်းပင်။

သူနှင့်သူ့ဇနီးတို့နှစ်ယောက်လုံး လွတ်မြောက်သွားခဲ့ပြီဖြစ်၍ သူသည် ယခုတွင် မန်ဟို့အပေါ် အသက်နှစ်သက်အကြွေးတင်နေလေပြီ။ ထိုကျေးဇူးကို ဟန်ရှန်း ဘယ်တော့မှ မေ့မည်မဟုတ်။

မန်ဟိုက ခေါင်းကို ခါသည်။ “ကျွန်တော်မှ ရွေးချယ်စရာမရှိပါဘူး အစ်ကိုကြီးဟန်ရှန်း။ ကျွန်တော် ဒါကို လုပ်ကို လုပ်ရမှာ။ ကျွန်တော် လုပ်ပေးမယ်လို့လည်း ကတိပေးခဲ့တယ်မဟုတ်လား”

သူက ဟန်ရှန်းနှင့် သူ့ဇနီးကို ကြည့်ပြီး သူတို့ ဘယ်လောက်ပျော်နေသလဲ မြင်လိုက်ရသည်။

ဟန်ရှန်းက ဘာမှထပ်မပြော။ သူက ရှေ့ကိုသာ လျှောက်လာပြီး မန်ဟို့ကို ဖက်လိုက်သည်။

“အဲဒါတွေပြန်ပြောမနေပါနဲ့ ညီလေးရေ” သူက ပြောသည်။ “ရပါပြီလို့ပဲ ပြောချင်တယ် .... မင်း ငါတို့ကို လိုအပ်ရင် ငါနဲ့ငါ့မိန်းမ မင်းအတွက် အမြဲရှိနေပေးမယ် အတူတူ”

သူနှင့် မန်ဟိုက ဝမ်းသာစွာ ရယ်လိုက်ကြသည်။ ဟန်ရှန်း၏ဇနီးသည် ကျေးဇူးတင်နေသော မျက်ဝန်းများဖြင့် သူတို့ကို ကြည့်ရင်း ဘေးတွင် ရပ်နေ၏။

မကြာမီ ခွဲခွာရမည့်အချိန် ကျရောက်လာသည်။ မန်ဟိုက ဟန်ရှန်းနှင့် သူ့ဇနီးကို တောင်ကောင်းကင်ဂြိုဟ်တွင် အခြေချရန် အကြံပြုပြီး ထိုနေရာကို သွားဖို့ သင့်တော်သော သက်သေခံတံဆိပ်ပြားများကိုပင် သူတို့အား ပေးလိုက်သည်။ ဟန်ရှန်းကလည်း မငြင်းပေ။ ယခုတွင် သူ့ဇနီးနှင့်အတူပြန်နေနိုင်ပြီဖြစ်၍ ဘယ်နေရာကိုသွားရသွားရ သူ့အတွက် အရေးမကြီးသည်သာ။

တောင်ကောင်းကင်ဂြိုဟ်က မန်ဟို့အိမ်လည်းဖြစ်ရာ ဟန်ရှန်းသည် ထိုနေရာသို့ သွားဖို့ ပို၍ပင်ဆန္ဒရှိ၏။

မန်ဟိုက ဟန်ရှန်းနှင့် သူ့ဇနီးထွက်သွားသည်ကို ကြည့်နေသည်။ မကြာမီ နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခု၏အလင်းရောင်ကို မြင်ရပြီး သူတို့ပျောက်ကွယ်သွားကြသည်။ ထိုအခိုက်အတန့်တွင် မန်ဟိုက အင်မော်တယ်လျှောက်လှမ်းခြင်းတံတား တစ်ခါကရှိခဲ့ဖူးသော နေရာကို နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်သည်။ ထို့နောက် နေရာရွှေ့ပြောင်းခြင်းမုခ်ဝနောက်တစ်ခုဆီ ဦးတည်သွား၏။

ဤတစ်ခေါက်တွင် သူသည် အကြွေးတောင်းဖို့ သွားခြင်းမဟုတ်ဘဲ ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်သို့ သွားမည်ဖြစ်သည်။

ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်လည်း အထွတ်အမြတ်မြေငါးမြေထဲမှတစ်ခုအပါအဝင် ဖြစ်သည့်အပြင် .... သူ၏ငယ်သူငယ်ချင်း ဖက်တီး နေထိုင်ရာလည်း ဖြစ်သည်။

သို့သော် ဤအချိန်တွင် လီဖူကွေ့အား ဖက်တီးဟုသာ ခေါ်ရန် မသင့်တော်လောက်တော့ပေ။ သူကား ယခုတွင် ... ဖက်တီးကြီးဟု အခေါ်ခံရသင့်လေပြီ။

ဖက်တီးသည် လူလေးယောက် သိုင်းဖက်စာလောက် အင်မတန်မှ ဝလွန်းနေ၏။ သို့သော် သူကား တက်ကြွဖြတ်လတ်ဆဲဖြစ်ပြီး သူ့သွားများသည်လည်း ထက်မြဲထက်နေဆဲပင်။ ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ၍ သူကား အင်မော်တယ်တစ်ဦးပင် ဖြစ်နေ၏။

သူ၏ချစ်လှစွာသော လက်တွဲဖော်များနှင့်ပတ်သက်လျှင် ... အရေအတွက်ကား ပို၍ပင်များလာသေးသည်။ တစ်ရာတင်မကဘဲ ငါးရာပြည့်နေလေပြီ။

မန်ဟို ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်သို့ ရောက်လာပြီး လာသည့်အကြောင်းရင်းကို ကြေညာသည့်အခါ ဖက်တီးသည် စည်ပိုင်းကြီးလိမ့်လာသလို ပြေးလာ၏။ မန်ဟိုမှာ သူ့ကို မြင်သည်နှင့် အောက်မေးရိုးပင် မြေကြီးပေါ် ပြုတ်ကျလုနီးနီး ဖြစ်သွားရသည်။

“အစ်ကိုကြီး... နောက်ဆုံးတော့ ငါ့ကို လာတွေ့ပြီပေါ့” ဖက်တီးက မန်ဟို့ကို ဖက်ဖို့ အပြေးအလွှားလာရင်း အော်သည်။ ကံဆိုးစွာနှင့် သူ့ဗိုက်ကြီးကား အင်မတန်ကြီးလှပြီး သူ့လက်မှာ ရှည်သင့်သလောက်မရှည်၍ ဖက်မရဖြစ်နေသည်......

ဧရာမဗိုက်ကြီး၏ ဝင်တိုက်ခြင်းခံလိုက်ရ၍ မန်ဟို့ခမျာ နောက်သို့ လန်ကျတော့မတတ် ဖြစ်သွားသည်။ သူက အနေခက်ခက် ရယ်ရင်း လုံးဝန်းနေသော ဖက်တီးကို လှမ်းကြည့်ပြီး စိတ်ပူစပြုလာတော့သည်။ သို့သော် နတ်ဘုရားအာရုံဖြင့် စစ်ဆေး၍ သူ၏ကျင့်ကြံအဆင့်ကို မြင်မှ သူ့မှာ စိတ်အေးသွား၏။

“မင်းကွာ အစားလေးဘာလေး လျှော့ပါဦး..." မန်ဟိုက ဖက်တီး သူ့အား ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်သို့ ခေါ်သွားနေစဉ် ခပ်ယဲ့ယဲ့ပြုံးရင်း ပြောလိုက်သည်။ ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်သည် မန်ဟို၏ရောက်ရှိလာမှုကို လျစ်လျူမရှုနိုင်၍ သူ့အား ကောင်းမွန်စွာ ဧည့်ခံသည်။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးတစ်ယောက်ပင် ထွက်လာ၏။

သူတို့စားသောက်ပြီး အတန်ကြာ စကားပြောပြီးနော် ဖက်တီးက စငိုလေသည်။ သူသည် သူ့အဖေနှင့် သူ့အမေကို သတိရသည့်အကြောင်း၊ တောင်ကောင်းကင်ဂြိုဟ်သို့ မကြာခဏသွားတတ်အကြောင်းများအား မန်ဟို့ကို ငိုကြီးချက်မနှင့် ပြောသည်။ သို့သော် ကျိုးပြည်မှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့၍ သူတို့ကို သူ ဘယ်လိုနည်းနှင့်မှ ရှာမတွေ့ခဲ့ပေ။

ရှာတွေ့ခဲ့လျှင်တောင်မှ သူ့မိဘများ ဆုံးပါးသွားခဲ့ပြီး သူ၏မိသားစုဝင်များလည်း သူ့လမ်းသူ လျှောက်နေလောက်ပြီဖြစ်ကြောင်း သူ သိသည်...

သို့သော် သူ့မှာ သူ့ကို လွမ်းမြဲလွမ်းနေဆဲဖြစ်သလို၊ ထိုခံစားချက်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာခဲ့၏။ တစ်ခါတလေ ဤမျှအသက်ရှည်ပြီး မိန်းမများတရုံးရုံးနှင့် နေရခြင်းက အရေးမကြီးဟုလည်း သူ ခံစားရသည်။ သူ့မှာ .... သူ့မိဘ၏ရင်ခွင်တွင် ခိုလှုံချင်မိသေးလေသည်။

ဖက်တီး ယခုလို ငိုကြွေးနေသည်ကို မြင်လျှင် မန်ဟိုမှာ သက်ပြင်းသာချမိသည်။ သို့သော် သူလုပ်နိုင်သမျှမှာလည်း အရက်သောက်ရင်း ထိုင်နားထောင်နေရုံသာ။

ကြည့်ရသရွေ့ ဖက်တီးမှာ ခံစားချက်များဖွင့်ဟရန် အခွင့်အရေးမရခဲ့ပုံပေါ်သည်။ ငိုပြီးနောက် သူက ရယ်ရယ်မောမော ပြန်ဖြစ်လာပြီး မကြာခင် မှီခိုရာဂိုဏ်းအကြောင်း သူတို့ပြန်ပြောကြသည်။

ထိုအချိန်က ဖက်တီး၏ဘဝတွင် အပျော်ဆုံးအချိန်များထဲက တစ်ချိန်ဖြစ်ခဲ့လေသည်။ နောက်ဆုံးတွင် နှစ်ယောက်သား ဆေးရောင်းခဲ့ကြပုံကို ပြန်တွေးတောပြီး မန်ဟိုမှာ အကျယ်ကြီးမရယ်မိဘဲ မနေတော့ပေ။ ဖက်တီးလည်း အတူတူရယ်ပြီး သူတို့၏ရယ်သံများသည် ပဲ့တင်ထပ်လာ၏။

သို့သော် မှီရာဂိုဏ်းအကြောင်းပြောလျှင် ... ရှုချင်အကြောင်းကိုလည်း အစမဖော်ဘဲ နေလို့မရပေ။

ဖက်တီးက သက်ပြင်းချသည်။ “မင်းသိလား အစ်မရှု မှီခိုရာဂိုဏ်းကို ခေါ်လာခဲ့တဲ့ ငါတို့လေးယောက်ထဲမှ ဝမ်ယိုချိုင်က အကြမ်းဆုံးဖြစ်လာတာ။ သူက လဆည်းဆာကန်မှာ ဆရာကြီးဖြစ်နေတာသိလား။ သူ့ကို နတ်ဆိုးမျက်လုံးသတ်ဖြတ်သူလို့တောင် ခေါ်ကြတယ်။ သူက တကယ့်ကို နာမည်ကြီးနေတာ ....

“ငါကတော့ ဒီအထိရောက်လာခဲ့ပေမယ့် တော်တော်လေး အသုံးမကျတဲ့ကောင်ပါကွာ။ ဒါပေမဲ့ အစ်ကိုကြီး မင်းကတော့ …. အင်း ငါ အဲဒီအကြောင်းကိုတော့ ပြောစရာတောင်မလိုဘူးထင်ပါရဲ့။ ပြီးတော့ တုန်းဟူ။ သူ ဘာဖြစ်သွားလဲတော့မသိဘူး။ ပျောက်ချင်းမလှကို ပျောက်သွားခဲ့တာ

“အခုတွေးကြည့်တော့မှ ... အစ်မရှုက ... တကယ်အမြင်ရှိတာပဲ ....

“အော် ဟုတ်သား၊ မန်ဟို တာ့ချင်းတောင်အပေါ်က ဂူမှာ မင်း နွယ်ကို ပစ်ချပေးခဲ့တာ မှတ်မိသေးလား။ ဟားဟားဟား မင်းက တကယ်ပဲ ကံကောင်းသွားတာကွ။ မဟုတ်ရင် မှီခိုရာဂိုဏ်းကို မင်း ခေါ်လာခံရမှာမဟုတ်ဘူး...”

မန်ဟိုက ချောင်းဟန့်လိုက်သည်။ ဖက်တီးပြောနေသောအကြောင်းများက သူ့ကို ထိုစဉ်က ဖြစ်ခဲ့သမျှအရာအားလုံးကို အမှတ်ရသွားစေသည်။ နန်းတွင်းစာမေးပွဲကျပြီးနောက် သူသည် ဘဝအကြောင်း ညည်းတွားရင်း တာ့ချင်းတောင်အပေါ် လမ်းလျှောက်ထွက်လာခဲ့၏။ သို့သော် တောင်ပေါ်သို့ တက်လာခဲ့သော ထိုနေ့က ... သူ့ဘဝကို လုံးလုံးလျားလျား ပြောင်းလဲပေးခဲ့လိမ့်မည်ဟု သူ မည်သို့ ထင်ထားခဲ့မည်နည်း။

ကမ္ဘာကြီးသည် ထိုနေ့တွင် စာပေသမားတစ်ယောက်ကို ဆုံးရှုံး၍ ကျင့်ကြံသူတစ်ယောက်ကို ရရှိခဲ့သည်။ ထို့အပြင် တောင်ပင်လယ်လောကသည်လည်း ... ၎င်း၏အရှင်သခင်ဖြစ်လာမည့်သူကို ရရှိခဲ့သည်။

ရှုချင်၏နာမည် ပါလာသောအခါ မန်ဟိုသည် သွေးစွန်းသောမင်္ဂလာပွဲအကြောင်း ပြန်တွေးပြီး စိတ်နောက်ကျိသွားသည်။ သူက သူမကို ပြန်ခေါ်လာဖို့ စတုတ္ထတောင်သို့ သွားမည့်အကြောင်း ဖက်တီးကို ပြောပြလိုက်သည်။

ဖက်တီးသည် မန်ဟိုသည် စိတ်အခြေအနေကို အကဲခတ်မိလိုက်၍ အင်္ကျီလက်စကို အလျင်အမြန်ဝှေ့ယမ်းကာ ခပ်လှမ်းလှမ်းတွင် ရပ်နေသော မိန်းမငယ်လေးတစ်ဦးကို လှမ်းခေါ်လိုက်သည်။ သူမက ရိုရိုကျိုးကျိုး လျှောက်လာပြီး မန်ဟို့ကို လက်ယှက်အရိုအသေပေးလိုက်သည်။

“အစ်ကိုကြီး လာ လာ ငါ့မိန်းမတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ဒါက ငါ့ရဲ့အချစ်စစ် မြကလေးတဲ့ ....”

မန်ဟိုက အမျိုးသမီးကို ကြည့်ပြီး ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။ ဖက်တီး သူမကို အချစ်စစ်ကို ခေါ်ခဲ့သည်ကို ထည့်တွက်ရင်း မန်ဟိုသည် မှော်ပစ္စည်းတစ်ခုထုတ်၍ သူမကို ပေးလိုက်လေသည်။

ဤအခြင်းအရာကိုမြင်လျှင် ဖက်တီး၏မျက်လုံးများက ရုတ်ခြည်းဆိုသလို ဝင်းလက်လာသည်။ မန်ဟို မရိပ်မိခင် ....

“အစ်ကိုကြီး၊ ဒါက ငါ့ဘဝမှာ အချစ်ရဆုံး နီနီလေးတဲ့ ...

“အစ်ကိုကြီး၊ ဒါက ငါ့ရဲ့ နှလုံးသား ပူတူးလေးတဲ့

“အစ်ကိုကြီး၊ ဒါကတော့ ....” ဖက်တီးက သူ၏မိန်းမငါးရာအား သူ ပေးထားသည့် နာမည်တစ်ခုစီခေါ်ရင်း မန်ဟို့အား မိတ်ဆက်ပေးနေသည်။ မန်ဟို့ခမျာ အမျိုးသမီးများနှင့် ဖက်တီး၏ငါးခူပြုံး၊ သူ၏မျက်လုံးများ တောက်ပနေမှုကို ကြည့်ပြီး လက်ဆောင်တစ်ခုပြီးတစ်ခု ပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့၍ ခပ်ယဲ့ယဲ့သာ ပြုံးနေတော့သည်။

နောက်ဆုံးမိန်းမအား မိတ်ဆက်ပေးပြီးသောအခါ မန်ဟိုသည် ပြီးပြီဟု ထင်လိုက်၏။ သို့သော် ဖက်တီးက ကောင်လေးတစ်ယောက်ကို ခေါ်လိုက်သည်။

“မင်း ဦးလေးမန်ဟိုကို ဘာလို့အရိုအသေမပေးသေးတာလဲ” ဖက်တီးက ဒေါသများဖြင့် မျက်လုံးကြီးပြူးကာ ပြောသည်။ ထို့နောက် သူက မန်ဟို့ဘက် လှည့်၍ ပြုံးပြလေသည်။

“ဒါက ငါ့သားလေ....”

မန်ဟို့မျက်လုံးများ ဝိုင်းစက်သွားသည်။ သူက ကောင်လေးကို ကြည့်ပြီး ဖက်တီးကို ပြန်ကြည့်လိုက်၏။ သူ့မှာ စိတ်ညစ်ညစ်နှင့်ရယ်ရင်း မှော်ပစ္စည်းတစ်ခုအား ပေးလိုက်ရသည်။ ထို့နောက် ဖက်တီးက သူ့သားသမီးသုံးရာကျော်အား မိတ်ဆက်ပေးတော့သည်။

ထို့နောက် ...

“အစ်ကိုကြီး ဒါက ငါ့မြေးလေး....”

မန်ဟို့ခမျာ ကြက်သေသေသွားသည်။ ဖက်တီး မိန်းမအယောက်ငါးရာ၏နာမည်ကို မှတ်မိပြီး တစ်ချက်လေးပင် မမှားခြင်းအား မန်ဟို လေးစားမိသွားသည်။ သူက သူ့သားသမီးများ၏ နာမည်ကိုလည်း မရောသလို၊ မြေးတစ်ရာကျော်၏နာမည်ကိုလည်း မှတ်မိနေသည်။

မန်ဟို့အတွက် ပို၍ပင်လန့်စရာကောင်းသည်မှာတော့ .... ဖက်တီးတွင် မြစ်များလည်း ရှိနေကြောင်း တွေ့လိုက်ရသည့်အတွက်ကြောင့်ပင်။ မြစ်များမှာ ပေါက်စလေးများသာဖြစ်သော်လည်း မန်ဟို့ခမျာ လက်ဆောင်မပေး၍မရပေ။

လက်ဆောင်အများကြီးပေးပြီးမှတော့ မပေးလို့မကောင်းတော့သည်မဟုတ်လော။

အစက သူသည် ရက်ပိုင်းလောက်နေရန် စိတ်ကူးခဲ့သော်လည်း ဒုတိယနေ့တွင် မြန်မြန်ဆန်ဆန် ထွက်လာတော့သည်။ ဆက်သာနေပါက သူ ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားသည့် ပစ္စည်းလေးများအား ဖက်တီး၏မိသားစုအတွက် ဝေစုခွဲပေးရလိမ့်မည်။

“ကျောက်ခေတ်ဦးအင်မော်တယ်ဗိမာန်ကို ငါ မသိမ်းပိုက်နိုင်မှတော့ ငါ့ပန်းတိုင်က ငါ့မျိုးဆက်တွေ ငါ့အတွက် အဲဒီလိုလုပ်ပေးနိုင်ဖို့ပဲ” ဖက်တီးသည် မန်ဟိုထွက်သွားသည့်အခါ ထိုသို့ပြော၏။ သူ၏မြင့်မားသော ရည်မှန်းချက်များကို ပြောနေစဉ် သူ့မျက်လုံးများက ထူးဆန်းစွာ တောက်ပနေလေသည်။

မန်ဟိုမှာ ထိုရည်မှန်းချက်များအား မလေးစားမိဘဲ မနေတော့ပေ။ ဖက်တီး သေချာပေါက် ထိုသို့လုပ်နိုင်လိမ့်မည်ဟု သူ ခံစားရသည်။ သူက အားပေးနေသောမျက်ဝန်းများဖြင့် ဖက်တီးပခုံးကို ပုတ်လိုက်လေသည်။

“ကြိုးစားထား ငါ့ကောင်ရေ” သူက ပြောသည်။ “မိန်းမငါးရာက တကယ်တော့ မင်းအတွက် စမှတ်ပဲ ရှိသေးတယ် ထင်တယ်။ မင်းအနေနဲ့ အနည်းဆုံးငါးထောင် ထားသင့်တယ်ကွ။ အဲဒီအတိုင်းဆို မင်းရဲ့မျိုးနွယ်စုကြီးကို တည်ထောင်နိုင်ပြီ

“သားတွေသမီးတွေ ထောင်ချီရှိရင် စဉ်းစားကြည့်စမ်း၊ သူတို့ကလေးရတာနဲ့ အရေအတွက်က လက်ဖျားခါရလိမ့်မယ် ....” ၎င်းက အတော်လေးတာဝန်မဲ့ရာရောက်သော်လည်း မန်ဟိုကတော့ ဖက်တီးကို မြှောက်ပေးနေသည်။

တုံ့ပြန်သည့်အနေဖြင့် ဖက်တီး၏မျက်လုံးများ တောက်ပလာပြီး သူက အားပါးတရ ‌ရယ်တော့သည်။

“မင်းက အစ်ကိုကြီးဖြစ်နေတာ အံ့ဩစရာမရှိဘူးကွ။ ဘယ်လောက်ပြောင်မြောက်လိုက်တဲ့ အကြံလဲ။ ငါလည်း အဲဒီလိုတွေးနေတာ၊ မျိုးနွယ်စုတစ်စု တည်ထောင်ဖို့” ဖက်တီး၏မျက်လုံးထဲရှိ ပြင်းထန်သောရည်မှန်းချက်က မန်ဟို့အား ချောင်းဟန့်၍ ပြန်ဖို့လှည့်လိုက်စေသည်။

ဤခွဲခွာမှုတွင် မည်သည့်ဝမ်းနည်းမှု၊ ခါးသီးမှုမှ မရှိ၊ အပြုံးပန်းများသာ ဝေနေသည်။ မန်ဟိုသည် ဘယ်အချိန်ပြန်လာမည့်အကြောင်း မပြောသလို၊ ဖက်တီးကလည်း မမေးပေ။ နှစ်ယောက်လုံး ထိုအကြောင်းကို ရှောင်ကွင်းခဲ့ကြ၏။

အမှန်တကယ် ခွဲခွာရတော့မည့်အခါ ဖက်တီး၏အပြုံးသည် အတန်ငယ်မှေးမှိန်သွားပြီး သူက မန်ဟို့ပခုံးကို သိုင်းဖက်လေ၏။

“မန်ဟို ... ငါတို့က ညီအစ်ကိုနော် အမြဲထာဝရ”

“အမြဲထာဝရ” မန်ဟိုက ခိုင်မာပြတ်သားစွာ ခေါင်းညိတ်ရင်း ပြန်ဖြေသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် တခဏကြည့်ပြီးနောက် ထပ်ရယ်ကြပြန်၏။ နောက်ဆုံးတော့ တစ်ယောက်က ဂိုဏ်းသို့ ပြန်ဝင်သွားပြီး တစ်ယောက်က အဝေးသို့ ထွက်သွားရင်း .... လမ်းခွဲလိုက်ကြတော့သည်။

All Chapters