နောက်ဆုံးတိုက်ပွဲ
Vol. 017 Ch. 1685
ဗြမ္မာ့သန့်စင်ကောင်းကင်၌ ဧကရီဘုရင်မသည် အဘယ့်ကြောင့် ထူးဆန်းသော ခံစားချက်ကို ခံစားနေရကြောင်း နားလည်ခဲ့သည်။
သူမ၏လှပသော မျက်လုံးများသည် အဝေးကိုမြင်ရသည့်အလား စူးရှစွာဖြင့် ကြည့်နေ၏။ သူမသည် ကောင်းကင်အာဏာစက်ပြည်ထောင်အတွင်း၌ ဖြစ်ပျက်သမျှကို မြင်နေရသည်။
လေညင်းတစ်ချက်တိုက်ခတ်သွားကာ သူမ၏ဝတ်စုံ လေထဲလွင့်သွား၏။ သူမက ဤသို့ဖြစ်လာမည်ဟု မထင်ထားပေ။
ယနေ့တွင် မိစ္ဆာကလန်သုံးခုသည် ကောင်းကင်နတ်တံခါးနှင့်ပူးပေါင်းကာ ကောင်းကင်အာဏာစက်ပြည်ထောင်ကို လာရောက်တိုက်ခိုက်၏။
ကောင်းကင်အာဏာစက်ဘုံ၌ လှုပ်ခတ်မှုတစ်ခု ဖြစ်လာခဲ့၏။ ကြိုတင်၍ အရိပ်အယောင်အနည်းငယ်မျှပင် မသိရ၊ မကြားခဲ့ကြရပေ။
“ငါ ခဏသွားလိုက်ဦးမယ်” ဗြမ္မာ့သန့်စင်ဧကရီက ပြောကာ နေရာမှ ပျောက်ကွယ်သွား၏။ သူမအနီးမှ အပျိုတော်က သူမအား နားမလည်စွာ ကြည့်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်နေသလော...။
နောက်ပိုင်းတွင် သူတို့၏သခင်မ အဘယ်ကြောင့် ထူးဆန်းစွာ ပြုမူရသည်ကို နားလည်သွားကြ၏။ ရီဖူရှင်းသည် မိစ္ဆာကလန်သုံးခုကို ဦးဆောင်ကာ ကောင်းကင်အာဏာစက်ပြည်ထောင်ကို လာရောက်တိုက်ခိုက်၏။
ထိုသတင်းသည် လျှပ်စီးအလား မြန်ဆန်စွာ ရောက်လာခဲ့၏။ သတင်းကိုကြားသူတိုင်း တုန်လှုပ်ရသည်။
ကောင်းကင်အာဏာစက်ဘုံသည် အပြောင်းအလဲကြီးကြီးမားမား ဖြစ်တော့မည်လော။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ဂူထျန်းရှင်းသည် ကောင်းကင်အာဏာစက်ပြည်ထောင်ကို တိုက်ခိုက်ရန် ရောက်လာခဲ့ဖူး၏။ ကြီးမားသောတိုက်ပွဲအပြီးတွင် ကောင်းကင်အာဏာစက်ပြည်ထောင်သည် ချည့်နဲ့သွားခဲ့ကာ ကောင်းကင်နတ်တံခါးသည်လည်း ကြီးမားစွာ ပေးဆပ်ခဲ့ရ၏။
သို့သော်လည်း ယခုတစ်ခေါက် လာရောက်တိုက်ခိုက်သည်ကား ထိပ်သီးအင်အားစုလေးခုဖြစ်သည်။
ဤတစ်ကြိမ်ကား ကောင်းကင်အာဏာစက်ပြည်ထောင်သည် အမှန်တကယ် ပျက်စီးသွားနိုင်၏။
ကောင်းကင်အာဏာစက်ဘုံ၏ယခင် အုပ်စိုးသူတို့သည် ယခုတွင် အမှန်တကယ် ဆိတ်သုန်းတော့မည်လော။
တချိန်တည်းတွင် ခရမ်းရင့်နန်းတော်၌ လူတစ်ယောက်သည် နန်းတော်ထဲကို အမောတကာ ဝင်ရောက်လာ၏။
“ရီဖူရှင်းက မိစ္ဆာကလန်သုံးခုကို ဦးဆောင်ပြီးတော့ ကောင်းကင်အာဏာစက်ပြည်ထောင်ကို တိုက်ခိုက်နေတယ်” သူ၏အသံက နန်းတော်တစ်ခုလုံးကို ဟိန်းသွားသည်။
ချက်ချင်းပင် ခရမ်းရင့်နန်းတော်မှ အရေးကြီးပုဂ္ဂိုလများ ပေါ်ထွက်လာကြသည်။
ပကတိလျှပ်စီးနယ်မြေ၌ ကြောက်မက်ဖွယ်လျှပ်စီးများ စီးဆင်းနေသည်။ ထိုအထဲတွင် လူနှစ်ဦး မျက်နှာချင်းဆိုင်ထိုင်ကာ စစ်တုရင်ကစားနေကြ၏။
သို့သော်လည်း နန်းတော်အတွင်းမှ အသံတစ်သံကို သူတို့နှစ်ဦးလုံး ကြားလိုက်ကြရသည်။ လျှပ်စီးတန်းတစ်ခုသည် စစ်တုရင်ခုံကို လာရောက်ထိမှန်ကာ ပျက်စီးသွား၏။
ဝုန်း...
ခရမ်းရင့်ကောင်းကင်နန်းတော်သခင်က သူ့ရှေ့မှလူကို မော့ကြည့်သည်။ သူ့မျက်လုံးတွင် ဒေါသငွေ့များ အထင်းသား...။
“ခင်ဗျား ဒါကို သိပြီးသားမလား...” သူက မေးသည်။
ယနေ့တွင် နတ်တောင်ကုန်းတစ်ထောင်အရှင်သည် ရုတ်တရက် ခရမ်းရင့်ကောင်းကင်နန်းတော်သို့ရောက်လာကာ သူနှင့် စစ်တုရင်ကစားလိုခဲ့သည်။
မူလက သူသိပ်မတွေးခဲ့ပေ။ တစ်ဘက်လူက ကောင်းကင်မိုးကြိုးစွမ်းအားကို လာရောက်ခံစားတွေ့ကြုံလိုသည်ဟုသာ သူထင်ခဲ့သည်။
သို့သော်လည်း သူ၏အထင် မှားယင်းခဲ့၏။
မိစ္ဆာကလန်များသည် ရီဖူရှင်းနှင့်ပူးပေါင်းရုံသာမက နတ်တောင်ကုန်းတစ်ထောင်သည်လည်း ပါဝင်ပတ်သက်နေသည်။
“ကျုပ်တို့စစ်တုရင်ကစားပွဲက မပြီးသေးဘူး။ မင်းက ရှုံးတော့မှာမို့လို့ စစ်တုရင်ပွဲကို ဖျက်တာလား” နတ်တောင်ကုန်းတစ်ထောင်အရှင်က ပြုံးသည်။ သူက လက်ဝှေ့ယမ်းလိုက်လျှင် ချက်ချင်း သူတို့အကြား စစ်တုရင်ခုံတစ်ခု ပေါ်လာသည်။ စစ်တုရင်နယ်ရုပ်များသည် လေထဲမှနေ၍ စစ်တုရင်ခုံပေါ်သို့ ကျဆင်းလာ၏။
အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူက လက်ကိုမြှောက်လိုက်ကာ နယ်ရုပ်တစ်ခုကို ချလိုက်ပြီး ပြုံးလျှက်ပြောသည် “အခု မင်းအလှည့်ပဲ”
တစ်ဘက်လူ၏အပြုအမူကိုကြည့်ကာ ခရမ်းရင့်ကောင်းကင်နန်းတော်သခင်သည် အခြေအနေကို နားလည်လိုက်၏။ တစ်ဘက်လူက အဖြေမပေးသော်လည်း လက်ရှိအခြေအနေကိုရောက်မှတော့ အဖြေပေးစရာလည်း မလိုတော့ပေ။
တစ်ဘက်လူက အခြေအနေကို မူလကတည်းက သိထားသည်မှာ ထင်ရှား၏။
သူက ခရမ်းရင့်ကောင်းကင်နန်းတော်ကို လာရောက်ခြင်းမှာ...
“နဂါးတွေ၊ ကောင်းကင်မိစ္ဆာတွေနဲ့ နတ်ဆင်တွေ...” ခရမ်းရင့်ကောင်းကင်နန်းတော်သခင်က ခန့်မှန်းသည် “သူက မင်းတို့ကို ဘယ်လိုဆွဲဆောင်နိုင်ခဲ့တာလဲ”
ထိပ်သီးအင်အားစုလေးခုသည် ရီဖူရှင်းအတွက် တိုက်ခိုက်ခဲ့ကြ၏။
သူက အဓိပ္ပာယ်မရှိသလို ခံစားရသည်။
“အရင်ရွှေ့လိုက်ဦး... နန်းတော်သခင်...” နတ်တောင်ကုန်းတစ်ထောင်အရှင်က အေးဆေးစွာ ပြောသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်သခင်က စစ်တုရင်ခုံကိုကြည့်ကာ တစ်ကွက်ရွှေ့လိုက်သည်။
နတ်တောင်ကုန်းတစ်ထောင်အရှင်က ပြုံးလိုက်ကာ နောက်ထပ်တစ်ကွက်ရွှေ့လိုက်၏။ ထိုအခိုက်တွင် ခရမ်းရင့်ကောင်းကင်နန်းတော်သခင်၏အနက်ရောင်နယ်ရုပ်များသည် နတ်တောင်ကုန်းတစ်ထောင်အရှင်၏အဖြူရောင်နယ်ရုပ်များ ဝန်းရံထားသည်ကို ခံလိုက်ရ၏။ နတ်တောင်ကုန်းတစ်ထောင်အရှင်၏အကွက်သည် သိပ်မထူးခြားလှသော်လည်း အမှန်တကယ်တမ်းအားဖြင့် အလွန်အရေးပါသော ရွှေ့ကွက်ဖြစ်နေသည်။
“အထူးတလေအကြောင်းပြချက်မရှိပါဘူး။ နှစ်တွေအကြာကြီးရှိလာပြီလေ။ ကောင်းကင်အာဏာစက်ဘုံက အပြောင်းအလဲတစ်ခုခုလိုအပ်နေပြီ” နတ်တောင်ကုန်းတစ်ထောင်အရှင်က ခေါင်းငုံ့ကာ ရေရွက်သည်။ သူက မိမိကိုယ်ကို ပြောနေသည့်အလား...။
“ဘယ်လိုအပြောင်းအလဲလဲ...” ခရမ်းရင့်ကောင်းကင်နန်းတော်သခင် နားမလည်ပေ။
“အရင်က ဂူထျန်းရှင်းပေါ်ထွက်လာပြီးတော့ မျိုးဆက်တစ်ခုလုံးကို ဖိနှိပ်နိုင်ခဲ့တယ်။ ကောင်းကင်အာဏာစက်ဘုံမှာ သူဟာ ပြိုင်စံရှားတယ်လို့ပြောရမယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာ တစ်ခုခုလွဲမှားသွားခဲ့တယ်”
နတ်တောင်ကုန်းတစ်ထောင်အရှင်က ပြောသည် “အဲဒီရလဒ်က ခန့်မှန်းထားတဲ့အတိုင်းဆိုပေမဲ့ စိတ်မကောင်းစရာပဲ”
“မင်းက ဘာကိုပြောချင်တာလဲ” ခရမ်းရင့်ကောင်းကင်နန်းတော်သခင်က မေးသည်။
“အခု မျိုးဆက်တစ်ခုကို ဖိနှိပ်နိုင်တဲ့သူ ပေါ်လာခဲ့ပြန်ပြီ” နတ်တောင်ကုန်းတစ်ထောင်အရှင်က တစ်ဘက်လူကိုကြည့်ကာ ပြောသည်။ သူက ဖြေးညင်းစွာ ထရပ်၏။ မဟာလမ်းစဉ်၏ပြိုင်စံရှားသော အရှိန်အဝါသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ဝုန်း...
ကောင်းကင်မိုးကြိုးပကတိနယ်မြေမှ လျှပ်စီးများသည် ရုတ်တရက် ပြိုလဲ၏။ အပေါ်မှ တောင်ကုန်းများစွာ ကျဆင်းလာခဲ့ကာ ကောင်းကင်တစ်ခုလုံးကို ပိတ်ဆို့သွားစေသည်။
ထိုအခိုက်တွင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည် လေထဲတွင် ပျံဝဲနေကြသော မရေမတွက်နိုင်သော တောင်ကုန်းများကို မြင်ရသည်။
လေဟာနယ်တစ်ခုလုံးပင် ပိတ်ဆို့ခြင်းခံထားရဟန်တူသည်။
ထိုအခိုက်တွင် ပကတိမိုးကြိုးနယ်မြေမှ လူနှစ်ဦးသည် ကောင်းကင်ထက်ကို တက်ရောက်သွားကြသည်။ တစ်ဦးသည် နတ်မိုးကြိုးများ ရစ်ပတ်ထားကာ နောက်တစ်ဦးသည် တောင်ကုန်းများစွာဖြင့် ခရမ်းရင့်နန်းတော်ကို ဝန်းရံထားသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်သခင်က တစ်ဘက်လူ အဘယ်ကြောင့် လူနှစ်ဦးသာ ခေါ်လာသည်ကို နားလည်လိုက်သည်။ သူသည် နတ်တောင်ကုန်းတစ်ထောင်မှ အစွမ်းအထက်ဆုံးနှစ်ဦးကို ခေါ်လာခြင်းဖြစ်သည်။
ထိုနည်းဖြင့် သူသည် ဝန်ထုပ်ဝန်ပိုးမရှိဘဲ တိုက်ခိုက်နိုင်၏။
အကယ်၍ သူတို့သည် ခရမ်းရင့်နန်းတော်တွင် တိုက်ခိုက်ပါက ခရမ်းရင့်နန်းတော်မှ လူတိုင်းသည် ဝန်ထုပ်ဝန်ပိုးများဖြစ်ကြသည်။
သူတို့ သည်တိုက်ပွဲကို မည်သို့ တိုက်ခိုက်မည်နည်း။
တိုက်ပွဲသာ စတင်ပါက ခရမ်းရင့်ကောင်းကင်နန်းတော် ပျက်စီးပေမည်။
ရန်ဟောင်အဆင့်အောက်မှ မည်သူမဆို အသက်ရှင်လိမ့်မည် မဟုတ်ပေ။
…
ကောင်းကင်အာဏာစက်ပြည်ထောင်တွင် ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်သည် ခရမ်းရင့်ကောင်းကင်နန်းတော်ကဲ့သို့သော စိုးရိမ်ပူပင်မှုများ ရှိပေသည်။
သည်နေရာကား ကောင်းကင်အာဏာစက်ပြည်ထောင်ဖြစ်သည်။ သူတို့၏အိမ်လည်းဖြစ်၏။ ဤသို့သောအဆင့်တိုက်ပွဲသာ ဖြစ်ပါက ထိပ်သီးတန်ခိုးရှင်များ၏အစွမ်းသည် အရာအားလုံးကို ဖျက်ဆီးသွားပေမည်။ များစွာသော လူများလည်း သေဆုံးရပေမည်။
ထို့အပြင် တစ်ဘက်အင်အားစုသည် အင်အားအလွန်သာလွန်၏။
မှန်သည်၊ ဤသို့သော အခြေအနေတွင် ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်သည် အလောင်းအစားပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။
ကောင်းကင်အာဏာစက်ပြည်ထောင် ပျက်စီးရမည်ဟု ရီဖူရှင်းက ကြွေးကျော်ခဲ့သည်။
သို့သော်လည်း သူလက်မခံပေ။
“ထျန်းယွီ... တော်ဝင်ခန်းမကိုသွားတော့။ မင်းဘာသာဂရုစိုက်” ကောင်းကင်အာဏာစက်အရှင်က ရိထျန်းယွီကို စိတ်ဖြင့်ပြောသည်။ ထို့နောက် သူက လျှပ်စီးတန်းအလား ကောင်းကင်သို့ ထိုးတက်သွားသည်။
“မင်းတို့အားလုံး ထွက်သွားတော့...”
သူ၏စွမ်းရည်များကို သည်အဆင့်အထိ ကျင့်ကြံပြီးမှတော့ ကောင်းကင်အာဏာစက်အရှင်သည် အလွန်ဆုံးဖြတ်ချက်ပြတ်သားပေသည်။ သူက အခွင့်အရေးအနည်းငယ်အတွက် အလောင်းအစားပြုလုပ်လိုသော်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်သည် အဆုံးသတ်တော့မည်မှာ သေချာသလောက်ရှိနေသည်။
သူက ကောင်းကင်ကို ပျံတက်သွားချိန်တွင် ကောင်းကင်အာဏာစက်နန်းတော်သည် ဧရာမနတ်ဝင်္ကပါအဖြစ်ပြောင်းလဲသွား၏။ နတ်ဝင်္ကပါမှ မရေမတွက်နိုင်သော သင်္ကေတများသည် သူ့ခန္ဓာကိုယ်သို့ သွားရောက်စုစည်း၏။ သူ၏ကိုယ်ရောင်ကိုယ်ဝါသည် အဆုံးစွန်အထိ မြင့်တက်သွား၏။ ထိုအဖြစ်က စွမ်းအားမြင့်တန်ခိုးရှင်များအား သူတို့သည် တစ်ဦးတည်းသာ လာရောက်တိုက်ခိုက်ပါက အဆုံးသတ်မလှဖြစ်မည်ဖြစ်ကြောင်း သဘောပေါက်မိကြ၏။ ကံကောင်းသည်ကား သူတို့သည် ထိပ်သီးအင်အားစုလေးခုပေါင်းပြီး လာတိုက်ခိုက်ခြင်းဖြစ်သည်။
ဘုန်း...
ကျယ်လောင်သံတစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်ကိုဖိပ်နှိပ်ထားသော နတ်ဆင်စွမ်းအားသည် ပြိုပျက်သွားဟန်ရ၏။ ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်သည် တဟုန်ထိုးပျံသန်းကာ တိုက်ပွဲနေရာမှ ထွက်ပြေးရန် ကြံရွယ်သည်။
သူသာ ထွက်သွားပါက တစ်ဘက်အင်အားစုသည် သူ့နောက်ကိုသာ လိုက်မည်ကို သူနားလည်၏။ ထိပ်သီးတန်ခိုးရှင်သုံးဦးသည် သူ့ကို လိုက်တိုက်ခိုက်ကြပေမည်။
ဤကား အခြေအနေကို ပြောင်းလဲစေနိုင်သော အခွင့်အရေးဖြစ်နိုင်ပေ၏။
လေပြင်းတစ်ချက် ရိုက်ခတ်သွား၏။ လေပြင်းသည် ပြင်းထန်သော ပူပြင်းမှုကို သယ်ဆောင်လာသည်။ ကောင်းကင်၌ နတ်ငှက်တစ်ကောင် ပေါ်လာ၏။ ထို့နောက်တွင် ပူလောင်မှုသည် အနီးပတ်လည်မှ အရာအားလုံးကို စတင်လောင်ကျွမ်းတော့သည်။ ထို့နောက် နဂါးဘုရင်နှင့် ကျန့်ချန်ကျီတို့လည်း ဦးတည်လာကြ၏။
သူခန့်မှန်းထားသည့်အတိုင်း စွမ်းအားမြင့်တန်ခိုးရှင်သုံးဦးသည် သူ့ကို လာရောက်သတ်ဖြတ်ကြခြင်းဖြစ်သည်။
“နောက်ဆုတ်...”
ကောင်းကင်အာဏာစက်ပြည်ထောင်မှ စွမ်းအားမြင့်တန်ခိုးရှင်များသည် ထွက်ပြေးရန် ကြံရွယ်ကြသော်လည်း သူတို့မြင်သည်ကား နတ်ဆင်အင်ပါယာက ဧရာမခြေလှမ်းများဖြင့် နင်းခြေလာခဲ့သည်။ မဟာလမ်းစဉ်၏ဖိနှိပ်ခြင်းစွမ်းအားသည် နန်းတော်တစ်ခုလုံးကို ပြိုလဲစေ၏။ အင်ပါယာက သူတို့ကို ထွက်ပြေးစေလိုသော်လည်း သူတို့မှာ ထွက်ပြေးနိုင်စွမ်းမရှိကြောင်း နားလည်လိုက်ကြသည်။
ထိုစဉ် လူအုပ်ထဲမှ တစ်စုံတစ်ဦး ထွက်လာသည်။ ရိထျန်းယွီက ထွက်လာသူအား လှမ်းကြည့်လျှင် ဂူတုံးလျှိုဖြစ်နေသည်ကို မြင်၏။
အတိတ်တွင် သူက ကောင်းကင်နတ်တံခါးကို တိုက်ခိုက်စဉ်က ဂူတုံးလျှိုထံသို့ ဤကဲ့သို့ လျှောက်လှမ်းသွားခဲ့ဖူး၏။ သို့သော်လည်း ထိုတိုက်ပွဲတွင် သူသည် အနိုင်မရခဲ့ပေ။
ယခု ဂူတုံးလျှို ထွက်လာပုံက ဆင်တူလှသည်။
မိစ္ဆာကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်များလည်း ရှေ့ကို ထွက်လာကြသည်။ သူတို့၏ဖိအားများသည် ပတ်ဝန်းကျင်ကို ပျံ့လွင့်သွားကာ တစ်ဘက်လူများမှ အလစ်တိုက်ခိုက်မည်ကို ကာကွယ်ထား၏။ ရီဖူရှင်းက တိုက်ပွဲနေရာကို တည်ငြိမ်စွာ ကြည့်နေသည်။
သူက ရိထျန်းယွီ၏အသက်ကို နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ချမ်းသာပေးခဲ့ခြင်းမှာ သူ၏အစ်ကို၃အတွက်ဖြစ်သည်။
ဤက သူတို့၏ကံကြမ္မာဖြစ်၏။
ဝုန်း...
အက်ကြောင်းမဲ့ဝင်ရိုး၏အရှိန်အဝါ ထွက်ပေါ်လာလျှင် ရိထျန်းယွီအား ကြီးမားသော အန္တရာယ်အငွေ့အသက်ကို ပေး၏။
သူ၏အဖေက သူ့အား ထွက်ခွာသွားစေလိုသော်လည်း သူထွက်မပြေးခဲ့။ သူက အခြေအနေကို တိုက်ရိုက်ရင်ဆိုင်လိုသည်။
ဤကား သူ၏ကံကြမ္မာဖြစ်သည်။ သူ ထွက်ပြေး၍ မရပေ။
ရိထျန်းယွီထံမှလည်း ကြီးမားသော အရှိန်အဝါများပေါက်ကွဲထွက်လာကာ ရှေ့ကို တက်လာခဲ့သည်။ သူ့အနေဖြင့် ရန်ဟောင်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် ပထမဆုံးသော တိုက်ပွဲဖြစ်၏။ သို့သော်လည်း သူ၏နောက်ဆုံးတိုက်ပွဲလည်း ဖြစ်သွားနိုင်ပေသည်။
***