← Chapters

ခင်ဗျား ကျုပ်ကို လျှော့တွက်ခဲ့တယ်

Vol. 57 Ch. 928

ခင်ဗျား ကျုပ်ကို လျှော့တွက်ခဲ့တယ်

Vol. 57 Ch. 928

ထိုအချိန် ချန်လွေ့၏ စိတ်ထဲ၌ အန္တရာယ် သတိပေးချက်များ အပြည့် ဖြစ်နေပြီး မိုက်ကယ်ဘက်မှ အန္တရာယ်ရှိတဲ့ သတ်ဖြတ်ချင်စိတ် အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာသည်။ ယခင်က ဖိနှိပ်ထားခဲ့သော ယုံကြည်မှုစွမ်းအားကလည်း ဖော်ပြ၍မရသော စွမ်းအားဖြင့် လှိမ့်တက်လာတော့သည်။

ထို့နောက် ချန်လွေ့၏ မြင်ကွင်းတစ်ခုလုံးက အနီရောင် အလင်းဖြင့် ဖုံးလွှမ်းသွားလေသည်။

ထိုအနီရောင်က ရိုးရှင်းသောမီးတောက် သို့မဟုတ် တောက်ပခြင်းမဟုတ်ဘဲ နေကဲ့သို့ ချစ်ချစ်တောက် အနီရောင် ဖြစ်သည်။ နေတွင်ပင် ထိုမျှ ချစ်ချစ်တောက် အနီရောင် မရှိနိုင်သော်လည်း ထိုအနီရောင်က ချန်လွေ့အား ‘နေ’ဟူသော အထင်မျိုး ပေးစွမ်းနေခဲ့သည်။

ထိုအရာက မရဏနေပင်။

သေခြင်းတရား ရောက်ရှိလာသောအခါ မည်သည့်အရာ နှင့်မျှ ခုခံ၍ မရနိုင်ပေ။

ယခုတွင် ချန်လွေ့ ထိုကဲ့သို့ ခံစားနေရသည်။ သူက မိုက်ကယ်၏ လှုပ်ရှားမှုကို လုံးဝ မမြင်ရပေ။ ထိုခံစားမှုသာ ကျန်ရစ်နေ၏။

သူ့အပေါ် ပြင်းထန်တဲ့ အနီရောင်နေ လင်းလက် သွားသည်နှင့် သူ လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။

ထိုအရာက သေချာပေါက် အလင်းဒြပ်စင် တိုက်ခိုက်မှု တစ်ခု ဖြစ်သော်လည်း ချန်လွေ့ကို အသည်းအသန်နီးပါး သေနိုင်သော ခံစားချက်မျိုး ပေးနေသည်။ ဥပမာ [ကျက်သရေအလင်းခန္ဓာ]ဖြင့် ထိခိုက်မှု၏ ၉၀%ကို လျှော့ချ နိုင်လျှင်ပင် ကျန်သော၁၀% က သူ့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။

နတ်ဘုရား-ယောင်၏ စွမ်းအားက တိုင်းပြည်အဆင့် သို့မဟုတ် နတ်ဘုရားတစ်ပိုင်း လုံးဝ မယှဉ်နိုင်သော အရာတစ်ခုပင်။ [ဓူဝံကြယ်နီအသွင်ပြောင်းခြင်း] ကို အသက်သွင်း လိုက်လျှင်ပင် နတ်ဘုရား-ယောင်အဆင့် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်ကို ရင်ဆိုင်နေရသည်ဖြစ်ရာ တစ်စက္ကန့်အတွင်း သေချာပေါက် အသတ်ခံရပေလိမ့်မည်။ ထို့ပြင် ထိုသူက နတ်ဘုရားအဆင့်နှင့် အနီးကပ်ဆုံးဖြစ်သူ မိုက်ကယ် ဖြစ်နေသေးသည်။

မိုက်ကယ်၏ တုံ့ပြန်မှုက လုံးဝ အချိန်ကိုက် ဖြစ်သည်။ တစ်ခါတည်း သတ်ပစ်မယ်။ ဖိုက်သွန်ကို အဲဒီ‘ဗုံးခန္ဓာ’ စွမ်းအား ထုတ်ဖို့ အချိန်မပေးဘူး။

“မှတ်ဉာဏ် ဘယ်လောက်ပဲ နက်နဲပါစေ၊ မေ့သွားမယ့် တစ်နေ့နေ့ ရှိလာမှာပဲ။ ပိုင်ဆိုင်မှု ဘယ်လောက် များပြားပါစေ၊ ဆုံးရှုံးရမယ့် တစ်နေ့နေ့ ရှိလာမှာပဲ။”

“လောကကြီးမှာ အရာရာတိုင်းအတွက် အကျိုးအပြစ် ရှိတယ်။”

ဖိုက်သွန်၏ ကြည်လင်သောအသံ ထွက်ပေါ်လာ၏။ အသံ၏ အရှိန်က အလင်း၏အရှိန်ထက် နှေးသင့်သော်လည်း ဖိုက်သွန်၏အသံက အရင်ဦးစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအသံ အောက်တွင် ပြင်းပြသောအနီရောင်က တောက်ပမှု အားလုံး ‘ဆုံးရှုံး’သွားသကဲ့သို့ ရုတ်တရက် မှိန်ဖျော့ သွားခဲ့သည်။

ထိုအရာက မှော်အစွမ်းတစ်ခု မဟုတ်ဘဲ ‘ဥပဒေသကို ထုတ်ပြောခြင်း’နှင့် ဆင်တူသော စွမ်းအားတစ်မျိုး ဖြစ်ပြီး ယုံကြည်မှု၊ ရွတ်ဖတ်မှု၊ တိုင်းပြည် အစရှိသည့် အရာအမျိုးမျိုး ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိုအရာကို အရှိန်အဝါဟု ခေါ်၍ ရနိုင်ပေသည်။

ခုနက ဖိုက်သွန် ချန်လွေ့နှင့် တမင်တကာ စကားပြော ခဲ့ခြင်းမှာ ကြိုတင်ကာကွယ်မှုအဖြစ် စွမ်းအင်စုဆောင်းရန် ဖြစ်သည်။ ထို့ကြောင့် မိုက်ကယ်၏ တုံ့ပြန်မှုမှာ သူ မျှော်လင့်ထားသည့် အတိုင်းပင်။

ချန်လွေ့ သတိပြန်ရလာသောအခါ မိုက်ကယ်၏နောက် ၁၀၀မီတာအကွာသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ မိုက်ကယ်၏ လက်ထဲ၌ ချစ်ချစ်တောက် အနီရောင် ဓားရှည်တစ်လက် ရှိနေသည်။ ဓားလက်ကိုင်က လက်ဝါးကပ်တိုင် ပုံစံ ရှိနေ၏။ ထိုအရာက ခုနက “မရဏ” နေရောင်ကို ထုတ်လွှတ်ခဲ့သော ကြောက်မက်ဖွယ်ရာ လက်နက်ပင်။ ပေါ်လာတာကို တွေ့လိုက်ရတယ်။

သို့သော် ချစ်ချစ်တောက် နီရဲနေသော ဓားရှည်က အနည်းငယ် မှိန်ဖျော့နေပုံ ရသည်။ ဖိုက်သွန်၏ [ပိတ်ပင်ခြင်း] စွမ်းအားသည် အလွန်ပင် အစွမ်းကြီးလှပြီး ‘နေ’၏ စွမ်းအားကို အမှန်တကယ်ပင် ဖယ်ရှားလိုက်လေသည်။

လူသားလောကတွင် အမှောင်ဒြပ်စင်များက အထူးသဖြင့် သိဒ္ဓိအလင်းတောင်တွင် အလင်းဒြပ်စင်ထက် ပို၍အားနည်း သော်လည်း ယခုအချိန်သည် အမှောင်ဒြပ်စင်များ အတက်ကြွဆုံး အချိန်ဖြစ်ရာ ညဘက် ဖြစ်သည်။ ဖိုက်သွန်၏ စွမ်းအားအောက်တွင် လရောင်ပင် မှောင်မိုက်သွားပြီး သိဒ္ဓိအလင်းတောင် တစ်ခုလုံး မှောင်မိုက်မှုထဲ ကျရောက် သွားတော့သည်။

“မြင့်မြတ်တဲ့ အဟန့်အတားက ငရဲလိုပဲ။ အလင်းရောင် လက်က မကောင်းမှု မြူတွေအားလုံးကို အဆံုးသတ်မှာ စုတ်ဖြဲပစ်လိမ့်မယ်။” မိုက်ကယ်၏အသံက ကောင်းကင်မှ နေ၍ ခန့်ညားတည်ကြည်မှုကို ဖော်ပြနေ၏။

ရွှေရောင် အလင်းတန်း တောက်ပ လာသောအခါ မှောင်မိုက်ခြင်းက ကွယ်ပျောက်သွားခဲ့သည်။ ရွှေရောင် အလင်းတန်းသည် ရွှေရောင်တောင်ပံ၆စုံရှိရာ မိုက်ကယ်၏ အနောက်မှ လာခြင်း ဖြစ်သည်။ ကာမေရယ် ကဲ့သို့ပင် ထိုအတောင်ပံများက အစစ်အမှန်များ ဖြစ်ကြသည်။ ရွှေရောင် အမွေးအတောင်များသည် ကြွယ်ဝပြီး နှိုင်းယှဉ်မရသော မြင့်မြတ်သည့် အငွေ့အသက်များ ထုတ်လွှတ်နေ၏။ မိုက်ကယ်က ရွှေရောင်တောင်ပံ ၁၂ခုကို ဖြန့်လိုက်သည်။ ချန်လွေ့ ခေါင်းမူးသွားပြီး နေရာလွတ်တစ်ခုလုံးက ရွှေကြေးမုံ များစွာအဖြစ်သို့ အလင်းယိုင်သွားကာ သူရှိနေသော နေရာလွတ်ကို ပိုင်းခြားလိုက်၏။

အတောင်ပံ ဖြန့်ရုံနဲ့ နေရာလွတ်ကုိ ပိုင်းခြားနိုင်တယ်။

ချန်လွေ့က ဖိုက်သွန်သည် မိမိ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ စိတ်ကူးမယဉ်နိုင်သော ရွှေ့ပြောင်းမှုများ၊ တယ်လီပို့ခုန်ခြင်းနှင့် ခုန်ပေါက်ခြင်းများ ပြုလုပ်နေကြောင်း ခံစားမိသည်။ ၎င်းသည် သာမန်နေရာလွတ် တစ်ခုသာဆိုလျှင် လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုရွှေကြေးမုံ နေရာလွတ်တွင် ရောင်ပြန်ဟပ်နိုင်သော စွမ်းရည်တစ်ခု ရှိသည်။ မည်မျှပင် ထူးခြားဆန်းကြယ်သော ပြောင်းရွှေ့မှု၊ သို့မဟုတ် တိုက်ခိုက်မှုပင် ဖြစ်ပါစေ ပြန်လည် ရောင်ပြန် ဟပ်လာမည် ဖြစ်သည်။

ထိုအရာက ... နေရာလွတ် ဥပဒေသပင်။

ချန်လွေ့ တိတ်တဆိတ် အံ့ဩသင့် သွားခဲ့သည်။ ထိုအချိန်တွင် ဖိုက်သွန်က မည်သို့မျှ မလုပ်ဆောင်နေဟန် တူသော်လည်း အနီးအနားရှိ ကြေးမုံမှာ စတင်ယိုယွင်းလာပြီး တိတ်တဆိတ် ပျက်စီးသွားခဲ့သည်။

အဆိပ်ပဲ! ဖိုက်သွန်ရဲ့ ချစ်မြတ်နိုးမှု အဆိပ်က နေရာလွတ် ဥပဒေသကိုတောင် ဖောက်ထွင်းနိုင်တယ်။

အချိန်လိုပဲ၊ အရာအားလုံးကို မသိမသာနဲ့ တိတ်တဆိတ် ဖောက်ထွင်းနေတာ။

ဒါနဲ့ယှဉ်ရင် ပါ့ဂ်လီအိုရဲ့အဆိပ်က ကလေးကစားစရာပဲ။

မျက်စိတစ်မှိတ်အတွင်း အနီရောင်အလင်း ပြန်ပေါ်လာပြီး ခန့်ညားထည်ဝါသော စွမ်းအားတစ်ခု လှိမ့်တက်လာသည်။ ချန်လွေ့က မီးဖိုထဲ ရောက်နေသလို ခံစားနေရသည်။ သူ့အရေပြားနှင့် သွေးများပင် ကွဲထွက်သွားပြီး ဝိညာဉ်ပင်လျှင် မွန်းကြပ်နေ၏။ ကြောက်မက်ဖွယ်ရာ ထိုခံစားချက်ကို ဖယ်ရှားရန် အချိန်အတော်ကြာခဲ့သည်။ သူ၏မျက်နှာမှ သွေးများ စိမ့်ထွက်လာသည်ကို တွေ့လိုက်ရပြီးနောက် ၎င်းတို့က အလျင်အမြန်ပင် အငွေ့ပျံသွားခဲ့သည်။

ထိုအချိန် ချန်လွေ့နှင့် မိုက်ကယ်ကြား အတော်လေး ဝေးကွာသွားပြီ ဖြစ်ပြီး သူတို့နှစ်ဦးကြားမှ ခြေလှမ်းများက ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်ကာ အဆုံးမဲ့ တွင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ရွှေရောင်တောင်ပံအချို့ လေထဲမှာ ဖြည်းဖြည်းချင်း လွင့်မျောနေ၏။

စက္ကန့်ပိုင်းအတွင်းမှာပဲ ဖိုက်သွန်နှင့် မိုက်ကယ်တို့က ပြင်းထန်တဲ့ ရင်ဆိုင်တိုက်ခိုက်မှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြသည်။ ဖိုက်သွန်က ဝိညာဉ်တည်ရှိမှု ဖြစ်နေရာ သူက အသေအချာပင် အကြီးအကျယ် ဒဏ်ရာရခဲ့ပြီး လုံးဝ အရေးနိမ့်နေခဲ့သည်။

“မင်းက တကယ်ပဲ အဆိပ်ပြင်း ဥပဒေကို ဟိုးကတည်းက ခင်းကျင်းထားတာကိုး။ ဒါပေမယ့် အကြောက်စရာ အကောင်းဆုံးကတော့ မင်းရဲ့ ‘ပိတ်ပင်ခြင်း’ စွမ်းအားပဲ။” မိုက်ကယ်က ပြုံးလိုက်သည်။ “ကံဆိုးချင်တော့ မင်းက ငါနဲ့ တွေ့ရတာပဲ။ ဒါက သိဒ္ဓိအလင်းတောင်ထိပ်။ ဒါကြောင့် မင်း အနိုင်ရဖို့ အခွင့်အရေး မရှိဘူး။ မင်းရဲ့လက်ရှိ ဝိညာဉ် တည်ရှိမှုနဲ့ ဒီလိုပင်ပန်းနွမ်းနယ်မှုကို ဘယ်နှကြိမ်လောက် ခုခံနိုင်မှာလဲ။ တကယ်လို့ ...”

မိုက်ကယ် စကားမဆုံးခင်မှာပဲ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ချန်လွေ့၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ဖောင်းကားလာပြီး နဂိုကတည်းကက ကြောက်စရာကောင်းသော ပျက်စီးခြင်း ဇစ်မြစ်စွမ်းအားက ထပ်မံ မြင့်တက် လာခဲ့လေသည်။

ဖိုက်သွန်က ဂရုမစိုက်သလို ပြောလိုက်၏။ “ကျွန်မ ရှင်နဲ့ အစကတည်းက တိုက်ခိုက်ပြီး မစီစဉ်ထားဘူး။ စကားပြောနေတုန်း ဒီနယ်မြေ အစီအရင်ကို အဆိပ်နဲ့ ဖျက်ဖို့ပဲ သုံးခဲ့တာ။ ကျွန်မရဲ့ လက်ရှိအနေအထားက ဖန်တီးခြင်းစာအုပ်နဲ့ အတော်လေး ဝေးနေသေးပေမယ့် ဖန်တီးမှုရဲ့ အားကောင်းတဲ့ ဇစ်မြစ်စွမ်းအားကို ကျွန်မ ခံစားမိနေပြီ။ ဒီအတားအဆီး အစီအရင် ပျက်စီးသွားတဲ့အခါ ပျက်စီးခြင်းဇစ်မြစ်စွမ်းအား ပေါက်ကွဲလိုက်တာနဲ့ ဆင့်ကဲ ပေါက်ကွဲမှု ဖြစ်စေနိုင်တယ်။ အဲဒါဆို သိဒ္ဓိအလင်းတောင် တစ်ခုလုံး ပြိုကျဖို့ အန္တရာယ်ရှိတာအပြင် ရှင်နဲ့ကျွန်မပါ ချေမှုန်းခံရနိုင်တယ်။ ကျွန်မက ခန္ဓာကိုယ် ဆုံးရှုံးခဲ့ပြီ။ နတ်ဆိုးဘုံကနေ ရှင့်ရဲ့ ကောင်းကင်တမန် ၃ပါး ခိုအောင်းရာကို လာရဲပြီဆိုကတည်းက ကျွန်မ စိတ်ပြင်ဆင်ပြီးသား။ ပြီးတော့ ကောင်းကင်တမန်ခေါင်းဆောင် ရှင်နဲ့ ရာဖယ်ရယ်၊ ဂေဘရီရယ်တို့အပါအဝင် အားလုံးက ဘာမှ မရှိတော့ဘဲနဲ့ အရာအားလုံး စတေးဖို့ ပြင်ဆင်ထားတဲ့ ကျွန်မလိုမိန်းမနဲ့ အတူတူ သေဖို့ စိတ်ပြင်ဆင်ထားပြီးပြီလား။”

မိုက်ကယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ထဲမှ အနီရောင်ဓားရှည်ကို ဖြည်းဖြည်းချင်း အောက်သို့ ချလိုက်သည်။ ဖိုက်သွန်၏ စကားများမှာ ကြွားလုံးထုတ်ခြင်း မဟုတ်ပေ။ ခုနက ထို‘ဗုံးခန္ဓာ’ကို အချိန်မီ မသတ်နိုင်ခဲ့ခြင်းက အမှန်တကယ် စိတ်ပျက်စရာပင်။

ချန်လွေ့၏ ခန္ဓာကိုယ်မှ မြူအများအပြား ထွက်ပေါ် လာခဲ့သည်။ မြူများသည် နတ်မိမယ်တစ်ပါးကဲ့သို့ အိပ်မက် ဆန်သော အမျိုးသမီးတစ်ယောက်ပုံစံ စုစည်းသွား၏။

ဖိုက်သွန်၏ဝိညာဉ်က နောက်ဆုံးတွင် ခွဲထွက်လာ၏။

“ကောင်းပြီ။ ဆာ-ကောင်းကင်တမန် ခေါင်းဆောင်။ ရှင် ငါ့ကို မတားတော့ဘူး ထင်ပါတယ်။ ကျွန်မ အခု အလင်းခန်းမကို သွားမယ်။ ဒီလူမှာ ငါ့ရဲ့ စိတ်ဝိညာဉ်-အသိစိတ်အချို့ ရှိနေမယ်။ သူက ဒီမှာပဲနေနေမယ်။ ကျွန်မရဲ့ နည်းလမ်းတွေကို ရှင် သိပါတယ်။ ရှင့်ရဲ့ နေရာလွတ်ကို ပိတ်ဆို့တဲ့အမြန်နှုန်းက ကျွန်မရဲ့ ဝိညာဉ်အာရုံခံစားမှုကို ယှဉ်လို့မရဘူး။ အဲဒါကြောင့် မလုပ်ခင် ပေါက်ကွဲမှု ဖြစ်သွားလိမ့်မယ်။” ဖိုက်သွန်က ဆွဲဆောင်မှုရှိတဲ့ အပြုံးမျိုး ပြသလိုက်၏။ “စိတ်မပူပါနဲ့။ ကျွန်မက ကတိတည်ပါတယ်။ တစ်နာရီကြာပြီးရင် ထွက်သွားမယ်။ ဖန်တီးခြင်းစာအုပ်ကို လုံးဝမထိဘူးလို့ ကတိပေးတယ်။ ဒါပေမယ့် ရှင် ထပ်လှုပ်ရှားရဲရင်တော့ နတ်ဘုရားတွေ ဆည်းဆာချိန် အကျိုးဆက်တွေကို အတူတူ ခံစားရကြတာပေါ့။ ကျွန်မ လုပ်မယ်ဆိုတာ ရှင် သိပါတယ်။ မိတ်ဆွေဟောင်းကြီး။ အရင်ကလို ကျွန်မ ဒီလို သတ္တိရှိပြီးတော့ ပြတ်သားနိုင်တယ်။ အူရီရယ်ကိုသတ်ဖို့အတွက် ဘာမဆိုလုပ်ခဲ့သလိုမျိုးပေါ့။”

‘အူရီရယ်’ဟူသော နာမည်ကို ပြောလိုက်သောအခါ မိုက်ကယ်၏ မျက်လုံးထဲမှ သူငယ်အိမ်က အနည်းငယ် ကျုံ့သွားခဲ့သည်။ သူ့မျက်လုံးများတွင် အေးစက်သော အလင်းတန်း လင်းလက်သွားခဲ့သည်။ “မင်းရဲ့ ရူးသွပ်မှုကို ငါ သံသယမဝင်ဘူး။ ဒါပေမယ့် မင်းရဲ့ ကတိကိုလည်း ငါ လုံးဝမယုံဘူး။”

“ရှင်က ကျွန်မရဲ့ ရူးသွပ်မှုကို ယုံကြည်ဖို့ ရွေးချယ် ထားတာဆိုတော့ ကျွန်မရဲ့ ကတိကိုလည်း ယုံကြည်ဖို့ပဲ ရွေးချယ်လို့ရမယ်လေ။” ဖိုက်သွန်က အေးအေးဆေးဆေးပင် သီချင်းလေးတစ်ပုဒ် ညည်းညူနေခဲ့သည်။ သူက လှည့်ထွက် သွားခဲ့ပြီး ပျော်ရွှင်နေတဲ့ နတ်သူငယ် တစ်ယောက်လို လှပပြီး အိပ်မက်ဆန်သော ပုံရိပ်ဖြင့် ထွက်သွားလိုက်သည်။

မိုက်ကယ်၏ ဓားကိုင်ထားတဲ့လက်က တင်းတင်းကြပ်ကြပ် ဖြစ်နေပြီး ချန်လွေ့ကို လှမ်းကြည့်လိုက်သော်လည်း နောက်ဆုံး မလှုပ်ရှားတော့ပေ။

“မဒမ်-ဖိုက်သွန်...” ချန်လွေ့က ပြောလိုက်သည်။ “တကယ်တော့ မိုက်ကယ် တစ်နာရီကြာအောင် ဘာမှမလုပ်ရင်တောင် ခင်ဗျား ကျုပ်ကို ဖောက်ခွဲပစ်မှာပဲ မဟုတ်လား။”

ဖိုက်သွန် ရပ်ပြီး လှည့်ကြည့်လိုက်သည်။ “မင်းက မိုက်ကယ်ကို သတိပေးဖို့ လုပ်နေတာလား။ ဒါမှမဟုတ် အခု မင်းရဲ့ မူလခန္ဓာကိုယ်ကို လုံးဝဖျက်ဆီးပစ်ဖို့ ငါ့ကို သတိပေးနေတာလား။”

“ဒါက သတိပေးတာမဟုတ်ဘူး။ အာရုံခံစားမှု တစ်ခုပါ။ မဒမ်-ဖိုက်သွန်။ ခင်ဗျားရဲ့ အကြံတွေကို ကျုပ် လျှော့တွက်ခဲ့မိတာ ဝန်ခံရမယ်။ အခု ကျုပ် ခင်ဗျားကို စကားတစ်ခွန်း ပြောချင်တယ်။ နောက်ဆုံးစကားလည်း ဖြစ်ရင် ဖြစ်သွားနိုင်တယ်။”

“မနှုတ်ဆက်ခင် နောင်တတွေနဲ့ ဆဲဆိုဖို့လား။ ဒါမှမဟုတ် မသေခင် နောက်ဆုံးစကား ပြောဖို့လား။” ဖိုက်သွန် က ပြုံးလိုက်သည်။ “တကယ်တော့ အရေးမကြီးပါဘူး။ ငါ စိတ်ကောင်းဝင်ရင် တစ်နာရီအတွင်း မင်းကို ခေါ်ထုတ်သွား နိုင်ပါတယ်။”

ချန်လွေ့ သက်ပြင်းချလိုက်သည်။ “ကျုပ်ပြောချင်တာက... ခင်ဗျား ကျုပ်ကို အလုံအလောက် အာရုံစိုက်ပြီးပြီလို့ ထင်ခဲ့ပေမယ့် ကံဆိုးချင်တော့ ခင်ဗျားက ကျုပ်ကို လျှော့တွက်မိခဲ့တုန်းပဲ။”

ဖိုက်သွန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်အောက်ခံ-သခင်- စာချုပ် ပျက်စီးသွားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ စာချုပ်ပျက်ပြယ် သွားနိုင်သည်ဟု မျှော်လင့်ထားသော်လည်း အားနည်းသော ထိုလူက စာချုပ်ကို ဖျက်သိမ်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် အစေခံ-သခင်စာချုပ်ကို ဖျက်သိမ်းခြင်းက သူအပေါ်တွင် ကြီးမားသော တားဆီးမှု မရှိခဲ့ပေ။

သို့သော် နောက်တစ်ခဏတွင် ချန်လွေ့၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အစိတ်အပိုင်း တုန်လှုပ်သွားသည်ကို ဖိုက်သွန် ခံစားလိုက်ရ၏။ သူ၏ ဝိညာဉ်သည် ထူးဆန်းသော နေရာလွတ် တစ်ခုထဲသို့ ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာက ကြီးမားသော နေအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အဆုံးမဲ့ ကြယ်စင်စုက တောက်ပသော နေများစွာကို ပတ်လည် လှည့်နေပြီး ထူးခြားသော စည်းချက်ဖြင့် ကျယ်ပြောလှသော အဆုံးမရှိသော စွမ်းအားကို ပြသနေ၏။

တိုင်းပြည်လား။

ဖိုက်သွန်က တိတ်တိတ်လေး လှောင်ပြောင်လိုက်၏။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အဆင့်ပဲ ရှိသေးတာ။ ဒီလို ဥပဒေသနဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်က တကယ့်တိုင်းပြည် မဟုတ်ဘူး။ ယုံကြည်မှုနဲ့ အသက်စွမ်းအား ခဏ ထားထားဦး။ ပုံရိပ်ယောင်က ဘာမှလုပ်စရာမလိုဘဲ လုံးဝ ရှုံးနိမ့်သွားနိုင်တယ်။

ရုတ်တရက် ဖိုက်သွန်၏ အကြည့် ပြောင်းလဲသွား၏။ အကြောင့်မှာ နေအဖွဲ့အစည်းမှ ထွက်ပေါ်လာသော ပြင်းထန်ပြီး ကျယ်ပြန့်သည့် ယုံကြည်မှုစွမ်းအားနှင့် အသက် အငွေ့အသက်ကို အသေအချာ ခံစားလိုက်ရခြင်းကြောင့်ပင်။

မရေမတွက်နိုင်တဲ့ သက်ရှိတွေ။ ဖော်ပြလို့မရအောင် ကျယ်ပြောတဲ့ ယုံကြည်မှုတွေ။

ငါ့ရဲ့တိုင်းပြည်၊ မဟုတ်ဘူး။ နတ်ဘုရား-ယောင် တိုင်းပြည် အားလုံး ပေါင်းရင်တောင် ဒီလိုမျိုး ယုံကြည်မှုနဲ့ အသက် စွမ်းအား အဆင့်မျိုး မရှိနိုင်ဘူး။

ဒါက လုံးဝကို...နတ်ဘုရားရဲ့ တိုင်းပြည်ပဲ!

သူ့မှာ ဘယ်လိုလုပ် ဒီလိုမျိုး တိုင်းပြည် ရှိနေတာလဲ!

သူကို ပိုပြီးပင် ထိတ်လန့်စေသည်မှာ နေရာလွတ်ထဲ ကြီးမားတဲ့ တွင်းနက်ကြီးတစ်ခု ပေါ်လာခြင်းပင်။ သူ၏ ဝိညာဉ်က ရုတ်တရက် ဆုတ်ဖြဲခံနေရသလို ကြောက်မက်ဖွယ် ကောင်းသော ခံစားမှုမျိုး ခံစားလိုက်ရ၏။ ကြောက်စရာ ကောင်းတဲ့ ဝါးမျိုစွမ်းရည်ရှိသည့် ထိုတွင်းနက်ကြီးက သူကို အလိုလို ဆွဲငင်နေတော့သည်။

ဖိုက်သွန်က ချက်ချင်းပင် စွမ်းအားကို အသုံးပြု၍ ခုခံသော်လည်း တွင်းနက်သည် နေအဖွဲ့အစည်းတစ်ခုလုံး၏ စကြဝဠာနိယာမကို ပိုင်ဆိုင်ထားသောကြောင့် အသက် စွမ်းအားနှင့် ယုံကြည်မှုစွမ်းအားကိုပါ ပိုင်ဆိုင်ထားပြီး လုံးဝ ခုခံနိုင်မည် မဟုတ်ပေ။

ခဏအကြာ ဖိုက်သွန်၏ ဝိညာဉ်ကို တွင်းနက်ကြီးက စုပ်ယူလိုက်တော့သည်။

သိဒ္ဓိအလင်းတောင်ထိပ်တွင် ဖိုက်သွန်၏ မူလခန္ဓာက ဝိညာဉ် အစိတ်အပိုင်း ပြတ်တောက်သွားခြင်းအပါအဝင် ထိုအရာအားလုံးကို ခံစားလိုက်ရသောအခါ အသံကို မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်၏။ “မဖြစ်ဘူး!”

ချန်လွေ့က ငြိမ်သက်စွာ ရပ်နေသော ကောင်းကင်တမန် ခေါင်းဆောင်ကို လှမ်းကြည့်လိုက်ပြီး ပခုံးတွန့်လိုက်၏။ “ဆာ-မိုက်ကယ်...။ ပေါက်ကွဲမှုနဲ့ ခြိမ်းခြောက်တာကို လုံးဝ မပယ်ဖျက်နိုင်ခင် ခင်ဗျားရဲ့ ကာကွယ်မှုကို ကျုပ် ရဖို့ လိုအပ်မယ် ထင်တယ်။”

All Chapters