← Chapters

မိုက်ကယ်၏ ထိတ်လန့်မှု

Vol. 57 Ch. 929

မိုက်ကယ်၏ ထိတ်လန့်မှု

Vol. 57 Ch. 929

ထိုအချိန် ဖိုက်သွန်က ပုံရိပ်ယောင် တစ်ခုခုထဲ ရောက်နေသည် ဟူ၍ပင် ထင်လိုက်မိ၏။ တိုင်းပြည်အဆင့်ပဲ ရှိတဲ့ကောင်က ငါ့ရဲ့ ဝိညာဉ်ကိုယ်ပွားကို တကယ်ကြီး ဝါးမျိုခဲ့တယ်။

ဆိုလိုသည်မှာ သူက ထိုဗုံး၏ ‘အဝေးထိန်းခလုတ်’ကို ဆုံးရှုံးသွားပြီး သေသေချာချာ စီစဉ်ခဲ့သည်များ လုံးဝ ပျက်စီးသွားပြီဟူသော အဓိပ္ပာယ်ပင်။

“ကံဆိုးချင်တော့ ခင်ဗျားရဲ့အဆိပ်က ကျုပ်အပေါ် ဘာမှ အကျိုးသက်ရောက်မှုမှမရှိဘူး။” ချန်လွေ့၏ ဖောင်းပွနေသော ခန္ဓာကိုယ်က တဖြည်းဖြည်း မူလအခြေအနေကို ပြန်ရောက် လာခဲ့သည်။ “ခင်ဗျား ပြောသလိုပဲ ဖြစ်မှာပါ။ ကျုပ်လို လူအတစ်ယောက်အတွက် ‘အချစ်’က အကြီးမားဆုံး အချုပ်အနှောင်ပဲ။ ဒါပေမယ့် ခင်ဗျား မသိတာကတော့ အဲဒါကလည်း အကြီးမားဆုံး လှုံ့ဆော်မှု ဆိုတာပဲ။ အဲဒါကြောင့် ခင်ဗျားရဲ့အဆိပ်က ကျုပ်အတွက် ခွန်အား ဖြစ်လာတယ်။ နတ်ဆိုးဘုံကို ပြန်သွားပြီး လက်စားချေဖို့ မစဉ်းစားနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က ပတ်သက်တဲ့ သူတွေ အားလုံးကို ပြောင်းရွှေ့ထားပြီးပြီ မို့လို့ပဲ။ ဪ... ဒါနဲ့... ခင်ဗျား ဒီနေ့ ဒီကနေ ထွက်သွားနိုင်မနိုင် ဆိုတာက မသေချာသေးဘူးနော်။”

“သေစမ်း!” ဖိုက်သွန်က မီးခိုးငွေ့တစ်ခုအဖြစ် ပြောင်းလဲပြီး ချန်လွေ့ဆီ အမြန် ပြေးလာခဲ့သည်။

ဘေးမှ စောင့်ကြည့်နေသော မိုက်ကယ်က နောက်ဆုံး လှုပ်ရှားလာခဲ့သည်။ ချစ်ချစ်တောက် နေရောင်က ထပ်မံ တောက်ပလာပြီး ဖိုက်သွန်ဆီသို့ ချစ်ချစ်တောက် ရောင်ခြည် ထောင်နှင့်ချီက လှိမ့်တက်သွားတော့သည်။

ဖြစ်ပျက်ခဲ့သည်က အနည်းငယ် မယုံနိုင်စရာပင်။ ခုနက ဖိုက်သွန်သည် အရင် စတင်ခဲ့သည်ဖြစ်ရာ လှည့်ကွက် တစ်ခု မဟုတ်လောက်ပေ။ ဒီပုရွက်ဆိတ်မှာ ဖိုက်သွန်ရဲ့ ထိန်းချုပ်မှု ကနေ လွတ်နိုင်မယ့်စွမ်းရည် ရှိနေမယ်ဆိုတာ မယုံနိုင်ဘူး။ သူ့ကို ဖိုက်သွန် ထပ်ပြီးတော့ ထိန်းချုပ်လို့ မဖြစ်ဘူး။

ဖိုက်သွန်က ချန်လွေ့အနားသို့ ရောက်တော့မည့် အချိန်တွင် နေနီစွမ်းအားဖြင့် တားဆီး ခံလိုက်ရ၏။ သူက ထိတ်လန့်ပြီး ဒေါသထွက်သွားခဲ့သည်။

နေနီ အလင်းရောင်က အလျင်အမြန် မှိန်စပြုလာ သော်လည်း ဓားရှည်၏ အငွေ့အသက်က စီးဆင်းနေသော မြစ်တစ်စင်း ကဲ့သို့ အဆုံးမရှိ ဖြစ်နေသည်။ ဖိုက်သွန်က အစွမ်းထက်သော်လည်း မိုက်ကယ်၏ ခန့်ညားသော တိုက်စစ်ကို ရင်ဆိုင်ရသောအခါ တဖြည်းဖြည်းနှင့် စတင်၍ အားနည်းလာခဲ့သည်။ အရေးအကြီးဆုံးမှာ သူ့စိတ်က အနှောင့်အယှက် ဖြစ်သွားခြင်းပင်။

ဒီဘာမဟုတ်တဲ့ကောင်က ငါ့ရဲ့ နဂိုက ပြီးပြည့်စုံတဲ့ အစီအစဉ်ကို .....

“အားနည်း! ဆုံးရှုံး! ပိတ်ပင်!”

ယခုတစ်ခေါက် ချစ်ချစ်တောက် အနီရောင်အလင်းက အလွန်အမင်း ဖျော့တော့သွားသော်လည်း ယခင်ကကဲ့သို့ လုံးဝ မပိတ်ပင် ခံရတော့ပေ။ မိုက်ကယ်၏ အနီရောင် လက်ဝါးကပ်တိုင်ဓားက ဖိုက်သွန်ကို ချိန်ထား၏။ “နတ်ဆိုးတွေက အလင်းကို မုန်းကြတယ်။ လှည့်စားတတ်တဲ့ နတ်ဆိုးတွေကို ဘယ်တော့မှ မသနားနဲ့။”

မရေမတွက်နိုင်သော ချစ်ချစ်‌တောက် အနီရောင်များက ကြယ်ကြွေကဲ့သို့ ရှေ့ကို တဝီဝီနှင့် သွားနေပြီး ဖိုက်သွန်ကို ချက်ချင်း ထိမှန်သွားခဲ့သည်။ နေရာလွတ် တစ်ခုလုံး တုန်ခါသွား၏။

ပြင်းထန်သော ပေါက်ကွဲမှုအတွင်း ဖိုက်သွန်၏ အသံ ထပ်မံထွက်ပေါ်လာသည်။ သို့သော် ယခုမူ ဆွဲဆောင်မှုရှိပြီး ငြိမ်သက်ခြင်း မရှိတော့ဘဲ ကသောင်းကနင်း တရှူးရှူး အသံများသာ ဖြစ်နေတော့သည်။

“စစ်မှန်တဲ့ ရက်စက်မှု၊ စစ်မှန်တဲ့ အဆိပ်အတောက်က လူ့သဘာဝနဲ့ လူ့ရဲ့စိတ်ပဲ။”

မိုက်ကယ်က မျက်မှောင်ကြုတ်ပြီး မျက်နှာကို အနက်ရောင် အငွေ့များ အုပ်မိုးသွားသည့်အတွက် ရင်ဘတ်ကို ဖိလိုက်သည်။ တောင်ပံ ၁၂ခုမှ အမွေးများ ပြုတ်ကျကာ အနက်ရောင် ပြောင်းသွား၏။ အများစုက မြေပြင်ပေါ် မကျခင် အငွေ့မည်းအဖြစ် ပြောင်းသွားသည်။ အနီးအနားရှိ အရာအားလုံးကလည်း အလျင်အမြန် ယိုယွင်းပျက်စီးကာ ကွာကျနေသည်။

“ဘုရားသခင်၏ ကျေးဇူးတော်က သမုဒ္ဒရာလို ကျယ်ပြောတယ်။ အလင်းရောင် တောက်ပတဲ့အခါ သည်းမခံနိုင်တဲ့ အမှောင်ထုက လုံးဝ ကင်းစင်သွားလိမ့်မယ်။” မိုက်ကယ်က အနီရောင် လက်ဝါးကပ်တိုင်ဓားကို နဖူးပေါ် တင်လိုက်သောအခါ အလင်းတန်းများ လင်းလက်လာပြီး အလင်းဖြူစက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ အဆိပ်ရှိသော အနက်ရောင်အငွေ့များ တဖြည်းဖြည်း မှေးမှိန်သွား၏။

ဖိုက်သွန်ကို လွှမ်းခြုံထားသော ချစ်ချစ်တောက် အနီရောင်စွမ်းအားကလည်း ပေါက်ကွဲထွက်လာသော အနက်ရောင်မြူများကြောင့် တိုက်စားခံရသည်။ သို့သော် ဖိုက်သွန်၏ အခြေအနေက မိုက်ကယ်ထက် များစွာ ပိုဆိုးနေသည်။ သူ၏ ခန္ဓာကိုယ်က အတော်လေး ပိန်ပါးပြီး မျက်လုံးများလည်း သုန်မှုန်နေခဲ့သည်။

ဖိုက်သွန်က ထိပ်တန်း အစွမ်းထက် နတ်ဘုရား-ယောင် တစ်ဦးဖြစ်သော်လည်း လက်ရှိ ဝိညာဉ်ပုံစံအရ မိုက်ကယ်ကို သူ့‘အိမ်’တွင် အနိုင်ရရန် အခွင့်အလမ်းက ‘အလွန်အမင်း နည်းပါးသည်’ ဟူ၍သာ ဖော်ပြ၍ ရနိုင်ပေသည်။

ဖိုက်သွန် နှင့် မိုက်ကယ်တို့၏ ပြင်းထန်သောတိုက်ပွဲက တိုတောင်းပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ နတ်ဘုရား-ယောင် နှစ်ယောက်လုံးက ချန်လွေ့အား တိုက်ခိုက်ခြင်းမရှိဘဲ နားလည်မှုဖြင့် ရှောင်ရှားနေကြသည်။ မိုက်ကယ်က ချန်လွေ့ထံ ဝင်ရောက်စွက်ဖက်ခြင်းကို မလိုလားပေ။ ချန်လွေ့ မလွတ်မြောက်မည်ကို စိုးရိမ်နေ၏။ ဖိုက်သွန်ကမူ ချန်လွေ့ကို ထိန်းချုပ်မှု ပြန်လည်ရချင်နေသည်။

“ပေါက်ကွဲမှု” အန္တရာယ်တွင် ရှိနေသေးကြောင်း ချန်လွေ့၏ အကြံအဖန် စကားလုံးကြောင့်သာ မဟုတ်လျှင် သူက မိုက်ကယ်၏ လက်ချက်ဖြင့် အရင်ကတည်းက သေသွားပြီ ဖြစ်လေသည်။

မိုက်ကယ်က ချန်လွေ့ကို အချိန်မရွေး အကျဉ်းချပြီး သုတ်သင်လိုမည်မှာ သေချာသည်။ ဖိုက်သွန်လည်း သူ့ကို လွှတ်ပေးမည် မဟုတ်ပေ။ သို့သော် သူတို့နှစ်ဦးလုံးက ယခု ထို‘ပုရွက်ဆိတ်’ကို ရှောင်ရှားရမည်ဖြစ်သည်။ ထိုအရာမှာ “အခြေအနေက လူထက် ပိုအင်အားကြီးတယ်” ဟူသော အရာပင်။

ကျန်ရှိသော အရှိန်အဟုန်၏ သက်ရောက်မှုများကို ရှောင်ရှားရန် ကဲ့သို့ပင် ချန်လွေ့က ဆုတ်ခွာနေခဲ့သည်။ သူ၏ ရှောင်တိမ်းသော ဦးတည်ရာက နတ်ဘုရား-ယောင်များ ဆတ်ဆတ်ထိမခံသော တောင်ဘက်သို့ မဟုတ်ဘဲ ဘေးဖက်မှ တိုင်ကျိုးနောက်သို့ ဖြစ်သည်။

ရုတ်တရက် မိုက်ကယ်နှင့် ဖိုက်သွန်တို့က တပြိုင်နက် ကျိုးပဲ့နေသောတိုင်ကို ကြည့်လိုက်ကြ၏။ သူတို့သည် မူမမှန်သော အရာတစ်ခုကို အာရုံခံစားမိလိုက်ပုံ ရသည်။ ကျိုးပဲ့နေသောတိုင်က အမှုန်အဖြစ် ပြောင်းလဲသွားပြီး ကွဲထွက်သွားပြီး နောက်ကွယ်မှ တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ‘ပုရွက်ဆိတ်’ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှ ပျက်စီးခြင်း အငွေ့အသက်၏ အနှစ်သာရ ယဲ့ယဲ့လေး ထွက်ပေါ်နေသော်လည်း ခန္ဓာကိုယ်တွင် အက်ကြောင်းများနှင့် ဆင်တူသော ဒဏ်ရာများ ရေးရေးလေး ရှိနေကာ ထိခိုက်မှု တစ်ခုခုကြောင့် ဒဏ်ရာရခဲ့ဟန်တူသည်။

မိုက်ကယ် မျက်မှောင်ကြုတ်လိုက်၏။ ‘ပုရွက်ဆိတ်’ က ခုနက ထွက်သွားလိုက်တာကို ငါ သေသေချာချာ ခံစားမိတယ်။ ဒါပေမယ့် သူက ဒီမှာပဲ ရှိနေသေးတယ်။ သန့်စင်တဲ့ ပျက်စီးခြင်း အငွေ့အသက်က ပျက်စီးခြင်း ဇစ်မြစ်စွမ်းအား ဆိုတာ အသေအချာပဲ။ ခုနက ခံစားမှုက ငါ့အာရုံကို လှည့်စားဖို့လုပ်ထားတဲ့ ဖိုက်သွန်ရဲ့ နည်းလမ်း တစ်ခု ဖြစ်နိုင်တယ်။

ဒီဒဏ်ရာတွေကို ကြည့်ရမယ်ဆိုရင် ပျက်စီးခြင်း ဇစ်မြစ်ရဲ့ စွမ်းအားတွေ ထုတ်လွှတ်နေတဲ့ ‘ပုရွက်ဆိတ်’က ဖန်တီးခြင်း ဇစ်မြစ်ရဲ့ စွမ်းအားနဲ့ နီးကပ်နေသရွေ့ သူက ဖိုက်သွန်ရဲ့ လျှို့ဝှက်ပညာရပ်နဲ့ ထိန်းချုပ်ပြီး ပေါက်ကွဲမခံရဘူး ဆိုရင်တောင် ဆန့်ကျင်ဘက် ဖန်တီးခြင်း စွမ်းအားကြောင့် လုံးဝပျက်စီးသွားလိမ့်မယ်။ ပျက်စီးခြင်းဇစ်မြစ်ကို အဲဒီကောင် လုံးဝ ထိန်းချုပ်လိုက်တာနဲ့ ငါ သူ့ကို ဓားတစ်ချက်တည်းနဲ့ နောင်လာမယ့် ပြဿနာတွေကို ဖြေရှင်းလိုက်ရုံပဲ။

ထိုအကြောင်းကို တွေးလိုက်ပြီးသည်နှင့် မိုက်ကယ်က စိတ်ထဲရှိ အကြီးမားဆုံးသော ကြောက်စိတ်များကို ဖယ်ရှားလိုက်နိုင်ပြီး နောက်မှ ရွှေရောင်အတောင်ပံများက အားကောင်းသော အလင်းရောင်တစ်ခု ထုတ်လွှတ်ကာ ဖိုက်သွန်ကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။

ဖိုက်သွန်ကလည်း ပြောင်းလဲမှု အချို့ကို သတိပြုမိသွား၏။ ချန်လွေ့ ထုတ်လွှတ်သော ပျက်စီးခြင်း အငွေ့အသက်က မှန်ကန်တဲ့ဇစ်မြစ် ဖြစ်သော်လည်း တစ်ခုခု လွဲနေသလို သူ အမြဲတမ်း ခံစားနေရသည်။ သူက အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သည့် မိုက်ကယ်ကို ရင်ဆိုင်နေရသည့် အတွက်ကြောင့်သာ သူ့တွင် စဉ်းစားရန် အချိန်မရှိနေခြင်း ဖြစ်သည်။

နှစ်ဦးကြား တိုက်ပွဲက ပို၍ ပို၍ ပြင်းထန်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ စွမ်းအား အကုန်လုံး ဆုံးရှုံးထားသော ဖိုက်သွန်က အလွန်အမင်း ဆိုးရွားသော အခြေအနေတွင် ရှိနေခဲ့သည်။

သိဒ္ဓိအလင်းတောင်ထိပ်သည် ကျောင်းတော်၏ အဟန့်အတား အများဆုံးနေရာ ဖြစ်သည်။ ပုပ်ရဟန်းမင်းနှင့် ဂုိဏ်းချုပ် ၂နှစ်ယောက်ပင် ပုံမှန်အခြေအနေ၌ ဝင်ရောက်ခွင့်မရပေ။ ယခု အင်အားကြီးသော ရန်သူက ကျူးကျော်လာသောကြောင့် ခေါင်းဆောင် ၃ဦးဖြစ်သော ပုပ်ရဟန်းမင်း ဗန်တီစ်၊ ဂိုဏ်းချုပ် ပါစ်မီရာနှင့် သိဒ္ဓီမိန်းမပျို ယူဒိုရာတို့အားလုံး အလျင်အမြန် ရောက်လာကြသည်။ သူတို့သည် မိုက်ကယ်ထံမှ စွမ်းအား အဆက်အသွယ် တစ်ခုခုကို ရရှိခဲ့ကြပြီး တားမြစ်နယ်မြေထဲသို့ မဝင်ရောက်ခဲ့ကြပေ။ သူတို့က သိဒ္ဓိအလင်းမြို့၏ ကမောက်ကမဖြစ်မှုကို အလျင်အမြန် ငြိမ်သက်စေခဲ့ပြီး တားမြစ်နယ်မြေပြင်ပတွင် စစ်တပ်ကို အသင့်အနေအထား ထားရှိခဲ့သည်။

ချစ်ချစ်တောက် အနီရောင်ပေါက်ကွဲမှု လျှပ်တပြက် အတွင်း ဖိုက်သွန်က ရှောင်တိမ်းမရခဲ့ဘဲ ညာလက်ကို မိုက်ကယ်၏ ဓားရှည်က အလယ်မှ ပိုင်းဖြတ်သွားခဲ့သည်။ လက်အသစ်တစ်ချောင်း အမြန် ပြန်ဖြစ်လာသော်လည်း သူ၏ ဝိညာဉ်စွမ်းအားက သိသိသာသာ အားနည်းသွားခဲ့သည်။ မိုက်ကယ်က ထိုရန်သူဟောင်းကို လုံးဝ သတ်တော့မည့် အချိန်တွင် ရုတ်တရက် တစ်ခုခုကို အာရုံခံမိသွားပြီး မယုံကြည်နိုင်စွာ ထိတ်လန့်သွား၏။ အလင်း နတ်ဘုရားကျောင်း အစီအရင် အသက်ဝင်သွားပြီ။

တစ်ယောက်ယောက်က ကျူးကျော်နေပြီ!

ဘယ်သူလဲ။

မိုက်ကယ် ရုတ်တရက် သတိရလိုက်၏။ ဘေးနားတွင် ပုန်းအောင်းနေသော ‘ပုရွက်ဆိတ်’ ကို ကြည့်နေသည့် ထိတ်လန့်နေသော အကြည့်က ဒေါသနှင့် သတ်ဖြတ်ချင်စိတ် အဖြစ် ပြောင်းလဲသွားတော့သည်။

“ဆာ-မိုက်ကယ်၊ ခင်ဗျား နောက်ဆုံးတော့ သတိထား မိသွားပြီလား။” ချန်လွေ့က သူ ဖော်ထုတ်ခံရမှန်း သိလိုက်ပြီး မျက်လုံးများ အနီရောင် လင်းလက်နေပြီး ထူးဆန်းသော အပြုံးတစ်ခုကို ပြသခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး လျင်မြန်စွာ ဖောင်းပွလာပြီး ပျက်စီးခြင်းဇစ်မြစ်၏ စွမ်းအားက ချက်ချင်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။ ယခင်က ဖိုက်သွန်ကဲ့သို့ လျှို့ဝှက်ပညာရပ်စွမ်းအား မရှိသော်လည်း အတော်လေး မယုံနိုင်စရာ ကောင်းလှသည်။

မိုက်ကယ်နဲ့ ဖိုက်သွန်တို့ နှစ်ယောက်လုံး အံ့အားသင့် သွားကြသည်။ အထူးသဖြင့် ဖိုက်သွန်ပင်။ ငါ နဂိုက ခံစားမိတာ မှန်နေတာပဲ။ အဲဒီ “ချန်လွေ့”က တကယ်တော့...

အဲဒီစကားက လုံးဝ မှန်တယ်။ တကယ်တော့ ငါ တစ်ယောက်တည်း မဟုတ်ဘူး။ မိုက်ကယ်ကတောင် သူ့ကို လျှော့တွက်မိခဲ့တာ။

သူ့ရဲ့ စွမ်းအားက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းပဲ ရှိပေမယ့် သူ့စိတ်နဲ့ နည်းလမ်းတွေက ထိပ်ဆုံးအဆင့်မှာ ရပ်တည်နေတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေထက် မနိမ့်ဘူး။ ဒီလူသာ နောင်တစ်ချိန် ပိုပြီး အစွမ်းထက်တဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် မိုက်ကယ်နဲ့ငါ အပါအဝင် အစွမ်းထက် ပုဂ္ဂိုလ်အားလုံး မော့ကြည့်ရမယ့် တည်ရှိမှုတစ်ခု ဖြစ်လာနိုင် လောက်တယ်။

ဒီလိုလူမျိုးက ဘယ်လိုလုပ် ထိန်းချုပ်ခံ ချင်မှာလဲ။

သူ စဉ်းစားနေရင်း သူ၏ပုံရိပ်က လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး တောင်အောက်ဘက် မိုက်ကယ်ရဲ့ နောက်ကျောဘက်သို့ ချက်ချင်း ရောက်လာခဲ့သည်။

မိုက်ကယ်သည် ဖိုက်သွန်ကို လုံးဝဂရုမစိုက်ခဲ့ပေ။ အကြောင်းမှာ ထို‘ပုရွက်ဆိတ်’သည် ချက်ချင်း ဖယ်ရှားပစ် ရမည့် ကပ်ဆိုး ဖြစ်နေ၍ပင်။ သူသည် ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင် အလင်းတန်းတစ်ခုက ‘ချန်လွေ့’ နဖူးကို ထိုးဖောက်သွားခဲ့သည်။ ချန်လွေ့ မပေါက်ကွဲခင်တွင် ခန္ဓာကိုယ်က အပိုင်းပိုင်းဖြစ်ကာ အမှုန်အဖြစ် ပျောက်ကွယ် သွားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် တူညီသော ‘ချန်လွေ့’ နှစ်ဦး ဘေးတစ်ဖက်စီတွင် ပေါ်လာ၏။ မိုက်ကယ် ထပ်မံ၍ မတိုက်ခိုက်ခင်မှာပင် အပြင်းအထန် ပေါက်ကွဲ သွားတော့သည်။

“ဘုန်း...ဘုန်း...”

တားမြစ်နယ်မြေ အပြင်ဘက်တွင် လူတိုင်းက တောင်တစ်ခုလုံး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ သိဒ္ဓိအလင်းတောင်ထိပ်တွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ သလိုမျိုးပင်။ အနီးအနားရှိ မှော်စက်ဝိုင်းဖြင့် ကာကွယ်ထားသော တောင်များနှင့် ကျောက်လှေကားများ တစ်ခုပြီး တစ်ခု ပြိုကျသွားသည်။ ထို့အပြင် ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းများ စတင်ပေါ်လာပြီး ဆက်လက်ကျယ်ပြန့်လာတော့သည်။

ခေါင်းဆောင်ကြီး ၃ဦးလည်း ထိတ်လန့်သွားကြသည်။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုသည် သိဒ္ဓိ ကျောင်းတော်နှင့် သိဒ္ဓိအလင်းတောင်၏ အမြင့်မြတ်ဆုံး ကျောင်းတော်၏ ဗဟိုချက်တွင် ဖြစ်ခဲ့ခြင်းပင်။ ထိုအရာက ကျောင်းတော်၏ သမိုင်းကြောင်းတွင် ပထဆုံး ဖြစ်လေသည်။

ထိုအချိန် သူတို့က ကောင်းကင်မှ လရောင်ကို လုံးဝ ဖုံးကွယ်လိုက်သော တောင်ထိပ်မှ တက်လာသည့် အနီရောင် နေကို မြင်လိုက်ရ၏။ ထိုအရာက ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။

နေနီ၏ အလင်းရောင်အောက်တွင် တုန်ခါမှုနှင့် ပြိုကျမှုတို့ တဖြည်းဖြည်း ရပ်တန့်သွား၏။ နေနီ၏ အလင်းရောင် ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အက်ကွဲကြောင်းများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်။

“ဒါက ကောင်းကင်တမန် ဆာ-မိုက်ကယ်ရဲ့ သိဒ္ဓိ လက်ဝါးကပ်တိုင်ဓားပဲ!”

“ဆာ-မိုက်ကယ်က ဒီမှာ ရှိနေတာ ဆိုတော့ ဘာမှ စိတ်ပူစရာ မလိုဘူး!”

“...”

ထို့နောက် အလင်းစစ်သည်တော်များက စိတ်ဓာတ် တက်ကြွစွာဖြင့် ကျယ်လောင်စွာ အားပေးလိုက်ကြသည်။

သို့သော် ထိုအချိန် မိုက်ကယ်၏ မျက်နှာတွင် အနည်းငယ်မျှပင် စိတ်အေးလက်အေးခြင်း မရှိပေ။ မှိုင်းမှောင်ပြီး လေးနက်ခြင်းသာ ရှိသည်။ ငြိမ်းချမ်းပုံရသော အကြည့်တွင် အဆုံးမဲ့ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေ၏။

ခုနက ပေါက်ကွဲမှု စွမ်းအားက အတော်လေး အံ့သြစရာ ကောင်းတယ်။ အထူးသဖြင့် ဖန်တီးမှု စွမ်းအားနဲ့ ရောနှောနေတဲ့ ပျက်စီးခြင်း ဇစ်မြစ်က ပိုပြီးတော့တောင် အံ့သြစရာ ကောင်းတယ်။ ငါ အချိန်မီ ခုခံကာကွယ် နိုင်ခဲ့ပေမယ့် ဒဏ်ရာ နည်းနည်းတော့ ရခဲ့တယ်။

မုန်းစရာ အကောင်းဆုံးကတော့ အဲဒီတိုင်းပြည်အဆင့် ပုရွက်ဆိတ်လေးက ငါ့ကို လှည့်စားခဲ့တာပဲ။ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးနဲ့ နတ်ဘုရားအဆင့်နဲ့ အနီးစပ်ဆုံး ပုဂ္ဂိုလ်ကို လှည့်စားခဲ့တယ်။

ခွင့်မလွှတ်နိုင်ဘူး။

အဲဒီပုရွက်ဆိတ် သေရမယ်။

မိုက်ကယ်သည် ဖိုက်သွန်နောက် မလိုက်ဘဲ အလင်း စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အလင်း နတ်ဘုရားကျောင်းဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။

မိုက်ကယ်သည် နေရာရွှေ့ပြောင်းခြင်းကို အသက်မသွင်း ခဲ့သော်လည်း သူ၏အမြန်နှုန်းက အလွန်လျင်မြန်သောကြောင့် မျက်မိတစ်မှိတ်အတွင်းမှာပင် အဖြူရောင် အလင်းများ ဝန်းရံထားသော အလင်းနတ်ဘုရားကျောင်း အနားသို့ ရောက်သွားခဲ့သည်။ သူသည် ထိုမုန်းစရာကောင်းသော ပုံရိပ်သည် ယိုင်တိယိုင်ထနှင့် အလင်းနတ်ဘုရားကျောင်းမှ နောက်ပြန် လဲကျလာသည်ကို မြင်လိုက်ရ၏။ ထိုသူက အကြီးအကျယ် ဒဏ်ရာရထားဟန်တူသည်။

ဒီ‘ပုရွက်ဆိတ်’က အလင်း နတ်ဘုရားကျောင်းရဲ့ စွမ်းအားကြောင့် တွန်းကန်ခံရမှာကို မျှော်လင့်ထားပြီးသားပဲ။ ဖန်တီးခြင်းစာအုပ်ကိုယ်တိုင်က အတော် အစွမ်းထက်တယ်။ နတ်ဘုရား-ယောင် တောင်မှ ဒီဘုရားကျောင်းကို ထိခိုက်မှု မရှိဘဲ ချဉ်းကပ်နိုင်မှာ မဟုတ်ဘူး။ ဝင်ဖို့ကြိုးစားတဲ့ သာမန် အစွမ်းထက်ပုဂ္ဂိုလ်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။

ထိုမျှသာမက ဘုရားကျောင်း၏ အစွန်အဖျားတွင် မိုက်ကယ်ကိုယ်တိုင် ခင်းကျင်းထားသော အစွမ်းထက် အစီအရင် တစ်ခု ရှိနေသည်။ လေးနက်သော ရှေးမှော်စာ အခင်းအကျင်းများအပြင် မိုက်ကယ် အကျွမ်းကျင်ဆုံး ဖြစ်သော အလင်းဒြပ်စင်နှင့် မီးဒြပ်စင်တို့၏ အရှိန်အဝါ စွမ်းအားများလည်း ပါဝင်နေသည်။ ကျူးကျော်သူတိုင်းက အပြင်းအထန် ထိခိုက်သွားမည်မှာ အသေအချာပင်။ သာမန် နတ်ဘုရား-ယောင် အဆင့်သည်ပင် ထိုနေရာကို ကျူးကျော်ရန် မစဉ်းစားသင့်ပေ။ တိုင်းပြည်အဆင့် “ပုရွက်ဆိတ်”အတွက်မူ ပြောစရာပင် မလိုချေ။ သူက ချက်ချင်း ချေမှုန်းမခံရလျှင်ပင် ကံကောင်းနေပြီ ဖြစ်သည်။

ယခင်နှင့် အနည်းငယ် ကွာခြားနေသည်မှာ ဒီပုရွက်ဆိတ်၏ ခန္ဓာကိုယ်ပေါ်၌ ခမ်းနားထည်ဝါတဲ့ အနီရောင် ချပ်ကာနှင့် နောက်ကျောတွင် တောင်ပံ၄ခု ပါလာပြီး တောက်ပသော ကြယ်အလင်းရောင် ထုတ်လွှတ်နေခြင်းပင်။ အက်ကြောင်းများ အတော်များများ ရှိနေသော်လည်း ဖော်ပြ၍ မရသော တောက်ပမှုနှင့် လင်းလက်မှုကို မဖုံးကွယ် ထားနိုင်ပေ။ နတ်ဘုရား-ယောင်ဖြစ်သော မိုက်ကယ်ပင် အံ့အားသင့်သော ခံစားချက်ကို အသေအချာ ခံစားလိုက်ရ၏။

[ယုံကြည်မှုသံချပ်ကာ]။ ဒီ‘ပုရွက်ဆိတ်’ အငွေ့အသက်ရဲ့ စွမ်းအားက... တကယ်တော့ နတ်ဘုရားတစ်ပိုင်း အဆင့်ပဲ။

အတော်လေး ဉာဏ်များတဲ့ကောင်ပဲ။ သူက ငါ့ရဲ့ အမြင်ကို ထပ်ပြီးတော့ လှည့်စားနိုင်ခဲ့တယ်။

ဒါပေမယ့် နတ်ဘုရားတစ်ပိုင်းအဆင့် ဆိုရင်တောင် နတ်ဘုရား-ယောင် အရှေ့မှာတော့ ပုရွက်ဆိတ်တစ်ကောင်ပဲ။

သေလိုက်စမ်း!

မဟုတ်ဘူး။ သူ့ကို အရှင်ဖမ်းရမယ်။ ပြီးရင် သူ့ဝိညာဉ်ကို ဆွဲထုတ်ပြီး ဒီနတ်ဆိုးကို သိဒ္ဓိအလင်းထဲမှာ ထာဝရ ညှဉ်းပန်း နှိပ်စက်ရမယ်။ မိုက်ကယ်က သိဒ္ဓိ လက်ဝါးကပ်တိုင် ဓားကို ဆုပ်ကိုင်လိုက်၏။

ရုတ်တရက် ကောင်းကင်တမန် ခေါင်းဆောင်၏ မျက်လုံးသူငယ်အိမ် ကျဉ်းမြောင်းသွားခဲ့သည်။ အကြောင်းမှာ ချပ်ကာလူ၏ လက်ထဲတွင် အခြားအရာတစ်ခု ရှိနေသည်ကို မြင်လိုက်ရခြင်းကြောင့်ပင်။ ဘွတ်ဖိနပ်တစ်ရံ...

အလင်းနတ်ဘုရားကျောင်းထဲက....လေတံဆိပ်ပဲ။

All Chapters