← Chapters

ထွက်ပြေးလွတ်မြောက်ခြင်း

Vol. 57 Ch. 930

ထွက်ပြေးလွတ်မြောက်ခြင်း

Vol. 57 Ch. 930

လေတံဆိပ်....

မိုက်ကယ်၏ ထိတ်လန့်မှုက မသေးလှပေ။ လေတံဆိပ်က အလင်းနတ်ဘုရားကျောင်း၏ အစွန်အဖျား၌ မြှုပ်နှံထားသော ယဇ်ပလ္လင်တစ်ခုသာဖြစ်ပြီး ဖန်တီးခြင်းစာအုပ်ရှိရာ ခန်းမ၏ ဗဟိုချက်နှင့် အတော်အတန် ဝေးကွာနေသေးသော်လည်း မည်သို့ပင်ဆိုစေကာမူ အလင်းနတ်ဘုရားကျောင်းအတွင်း၌ ဖြစ်နေသေးသည်။

ဖန်တီးခြင်းဇစ်မြစ်၏ ဥပဒေသစွမ်းအား မရှိဘဲနှင့် မည်သည့် နတ်ဘုရား-ယောင်အဆင့်ကမှ အကာအကွယ် အစီအရင် အရှိန်အဝါကို လုံးဝလျစ်လျူရှုပြီး အလင်း နတ်ဘုရားကျောင်းသို့ တိုက်ရိုက်ဝင်ရောက်ခြင်း၊ ရွှေ့ပြောင်းခြင်း မပြုလုပ်နိုင်ပေ။ အတင်း အင်အားသုံး၍သာ ကျူးကျော်နိုင်မည် ဖြစ်သည်။

ယခုတွင် လေတံဆိပ်သည် သူ၏လက်ထဲတွင် ရှိနေသည် ဖြစ်ရာ အဖြေတစ်ခုတည်းသာ ရှိတော့သည်။ နတ်ဘုရား တစ်ပိုင်း အဆင့်သာရှိသော ထို‘နတ်ဆိုး’က မိုက်ကယ် ကိုယ်တိုင် ခင်းကျင်းထားသော ‘အလင်းမီးအရှိန်အဝါ’ အစီအရင်ကို ဖြိုခွဲရန်အတွက် အားကောင်းသော ဖန်တီးခြင်း ဇစ်မြစ်စွမ်းအားကို သယ်ဆောင်လာပြီး ကျောင်းတော်သို့ ကျူးကျော်ဝင်ရောက်ကာ လေတံဆိပ်ကို ယူဆောင်သွားခြင်း ဖြစ်သည်။

နောက်မှလိုက်လာသော ဖိုက်သွန်လည်း အလားတူ အံ့အားသင့်နေ၏။ သူက ပေါက်ကွဲမှုဖြစ်စဉ်အတွင်း မိုက်ကယ်နောက်တွင် အလျင်အမြန် ပုန်းအောင်းခဲ့သဖြင့် ဒဏ်ရာမရခဲ့ပေ။ ချန်လွေ့၏လက်ထဲမှ ဘွတ်ဖိနပ်တစ်စုံကို မြင်သောအခါ ဖိုက်သွန်၏ စိတ်ထဲတွင် ‘မယုံနိုင်စရာ’ ဟူသော စကားလုံးတစ်လုံးတည်းသာ ရှိတော့သည်။

မိုက်ကယ်က ဒေါသတကြီး ဆဲဆိုလိုက်သည်။ သိဒ္ဓိ လက်ဝါးကပ်တိုင်ဓားပေါ်မှ ပူပြင်းသော အနီရောင် အလင်း တောက်ပလာသည်။ မရဏ နေမင်းသည် တစ်ဖန်ပြန်လည် ထွက်ပေါ်လာပြီး မီးလျှံများက ပတ်ဝန်းကျင်သို့ ပစ်လွှတ်နေ၏။

ချန်လွေ့သည် အလင်းနတ်ဘုရားကျောင်းမှ အပြေး ထွက်လာသည့်အချိန်တွင် မိုက်ကယ် ရောက်ရှိလာခြင်းကို သတိမထားမိသေးသော်လည်း [သရုပ်ခွဲမျက်လုံး] မှတစ်ဆင့် အာရုံခံမိထားပြီ ဖြစ်သည်။ နောက်စက္ကန့်တွင် သူ့ကို သေခြင်းတရား၏ ‘နေရောင်ခြည်’ ဖုံးလွှမ်းသွားတော့သည်။

ထိုတိုက်ခိုက်မှု မရောက်ခင်မှာပင် ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် [ဓူဝံကြယ်နီအသွင်ပြောင်းခြင်း]၏ ချပ်ကာက ဖြည်းဖြည်းချင်း ကွဲအက်လာသည်။ ကြယ်ချပ်ကာထဲသို့ ပေါင်းစပ်ထားသော အမျက်ဘုရင်ချပ်ကာသည်ပင် အလွန် အားနည်းသော အခြေအနေတွင် ရှိနေ၏။

ထိမိသည်နှင့် အမျက်ဘုရင်ချပ်ကာ၏ အကာအကွယ် ရှိသည့်တိုင် ခုခံနိုင်မည် မဟုတ်ပေ။ ထိုအချိန် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့သည် ကြေမွသွားပေလိမ့်မည်။

ချန်လွေ့က နတ်ဘုရား-ယောင် ထိပ်သီးအဆင့် တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် တိုက်ရိုက်ရင်ဆိုင်ရခြင်း ဖြစ်သည်။ ထိုဖိနှိပ်မှုမျိုးအောက်တွင် သူက လုံးဝရှောင်တိမ်း၍ မရနိုင်သဖြင့် အတင်းအကျပ် ခုခံရုံသာ ရှိသည်။ ဖိအားကို လျင်မြန်စွာ လျှော့ချရန်အတွက် တိုင်းပြည် ယုံကြည်မှု စွမ်းအားကို အပြည့်အဝ လည်ပတ်စေလိုက်သည်။ တချိန်တည်းမှာပင် သူ၏လက်ထဲ၌ မှိန်ဖျော့သော ကြယ်အလင်းတစ်ခု ပေါ်လာပြီး နက်နဲသော လမ်းကြောင်း တစ်ခု ရေးဆွဲလိုက်၏။

[ကြယ်လမ်းလွှဲ]!

ချစ်ချစ်တောက် အနီရောင် သေခြင်းတရားအလင်းသည် ချောမွေ့သောအရာတစ်ခုနှင့် တိုက်မိသကဲ့သို့ ကွေ့ဝိုက် သွား၏။ အလင်းများစွာက မိုက်ကယ်ဆီသို့ အမှန်တကယ် တန်ပြန်သွားခဲ့သည်။

မိုက်ကယ်က ထိုသို့သော လှုပ်ရှားမှုကို မမျှော်လင့် ထားသဖြင့် အငိုက်မိသွားသည်။ သူက အနှိုင်းမဲ့ တိုက်ကွက်ဖြင့် ပြန်ထိမိသွားပြီး ရွှေရောင်တောင်ပံများ အနည်းငယ် ကြွေကျလာသည်။ ထိုတိုက်ခိုက်မှုကို ဖိုက်သွန်ကဲ့သို့ အဆင့်တူ အစွမ်းထက် ပုဂ္ဂိုလ်က တန်ပြန်ခြင်းဆိုလျှင် ကိစ္စမရှိသော်လည်း ထိုလူက နတ်ဘုရား တစ်ပိုင်း အဆင့်ရှိသူသာ ဖြစ်သည်။ မိမိကိုယ်ကို အလွန်အမင်း တန်ဖိုးထားပြီး ‘နတ်ဘုရားအဆင့်နှင့် အနီးစပ်ဆုံး’ဟု ဆိုခဲ့သော နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်း အတွက်မူ ကြီးမားသော ရှက်ရွံ့စရာ ဖြစ်၏။

မိုက်ကယ်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။ သိဒ္ဓိလက်ဝါးကပ်တိုင်ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ၎င်း၏စွမ်းအားက ရုတ်တရက် နှစ်ဆ တိုးလာသော်လည်း ထိုမုန်းစရာကောင်းသော ‘နတ်ဆိုး’ ကို မထိနိုင်သေးပေ။ သူ့နောက်တွင် ရှိနေသော ဖိုက်သွန်က တိတ်တဆိတ် အံ့အားသင့်နေသည်။

ဖိုက်သွန်သည် မိုက်ကယ်နှင့် ယခင်က တိုက်ခိုက်မှုတွင် စွမ်းအင်များစွာ ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်တွင် သူက အလျင်စလို လှုပ်ရှားခြင်းမရှိဘဲ ဝေးဝေးတွင် ပုန်းနေခဲ့သည်။ သူသည် အခွင့်အရေးကို စောင့်ဆိုင်းရင်း အလျင်အမြန် ပြန်လည်နာလန်ထူရန် အချိန်ယူနေခဲ့သည်။

ချန်လွေ့က [ကြယ်လမ်းလွှဲ]သည် အမှန်တကယ် အစွမ်းထက်ကြောင်း သိရှိသည်။ နတ်ဘုရား-ယောင် အဆင့်၏ တိုက်ခိုက်မှုများကိုပင် လမ်းလွှဲကာ တန်ပြန်နိုင်သော်လည်း ထိုစွမ်းရည်က ၁၀စက္ကန့်သာ အကျိုးသက်ရောက်မှု ရှိသည်။ ဓား၏ လက်ကျန် စွမ်းအားဖြင့်သာ ထိမိခဲ့လျှင်ပင် သူသည် လုံးဝပြိုလဲသွားမည် ဖြစ်သည်။

ထိုအချိန် အရေးအကြီးဆုံးအရာမှာ ချက်ချင်း ထွက်ပြေးရန် ဖြစ်သည်။ ချန်လွေ့၏စိတ် အနည်းငယ် လှုပ်ရှားသွားပြီး ရှေ့တွင် [ကြယ်ဂိတ်] ပေါ်လာသည်။

နေရာလွတ်တံခါးကို မြင်သောအခါ မိုက်ကယ်က ပို၍ပင် အံ့အားသင့်သွားသည်။ အလင်းနတ်ဘုရားကျောင်းက ဖန်တီးခြင်းဇစ်မြစ်၏ တည်နေရာဖြစ်သည်။ နတ်ဘုရား-ယောင် အဆင့်မှ အစွမ်းထက်သော ပါရမီ သို့မဟုတ် အထူး အဆောင်ပစ္စည်းတစ်ခု မဟုတ်ပါက နေရာလွတ်စွမ်းအား အကုန်လုံး ပယ်ချခံရမည်ဖြစ်သည်။ ထို‘နတ်ဆိုး’သည် သိဒ္ဓိလက်ဝါးကပ်တိုင်ဓား၏ စွမ်းအားကို ခုခံရင်း မယုံနိုင်စရာ ကောင်းလော်အောင်ပင် နေရာလွတ်တံခါးကို ဖွင့်နိုင်ခဲ့သည်။

သူ့မှာ လျို့ဝှက်ချက် တစ်ခုခု ရှိရမယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ငါသူ့ကို ရအောင်ဖမ်းမယ်။

မိုက်ကယ်က မြေပြင်ပေါ် ကျနေသော ရွှေအတောင်များကို ကြည့်လိုက်ရာ ထိုအတောင်များက ချက်ချင်းပင် မရေတွက်နိုင်သော ရွှေရောင် အလင်းစက်များအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ပျောက်ကွယ်သွားသည်။ ထိုအချိန် ချန်လွေ့၏ [ကြယ်လမ်းလွှဲ] အစွမ်းက အချိန် ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် မိုက်ကယ်၏ တိုက်ခိုက်မှုကို နောက်ထပ် လမ်းလွှဲ၍ မရတော့ပေ။ မရဏ နေရောင်ခြည် များစွာက သူ၏ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားတော့သည်။

ချန်လွေ့၏ ခန္ဓာကိုယ် ချက်ချင်းကွဲကြေသွားသော်လည်း အပိုင်းအစများသည် ထူးဆန်းသော ယင်ကောင်များ အဖြစ်သို့ ပြောင်းလဲကာ အပြာရောင် [ကြယ်ဂိတ်] ဆီသို့ ပျံသန်းသွားခဲ့သည်။ ချစ်ချစ်တောက် အနီရောင် မရဏနေမင်းသည် ယင်ကောင်များပေါ်တွင် တောက်ပ နေသော်လည်း အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

“မြေတံဆိပ်..”

“နတ်ဘုရားဝါးမျိုမျက်နှာဖုံး!”

မိုက်ကယ်နှင့် ဖိုက်သွန်တို့သည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ အမည်နှစ်ခု ဖြစ်သော်လည်း အမှန်တကယ်တကယ် အရာတစ်ခုတည်းပင်။

အဆောင်ပစ္စည်း ၇ခုထဲမှ တစ်ခု သို့မဟုတ် အမြင့်ဆုံး အဆောင်ပစ္စည်း၏ ၇ပုံ ၁ပုံပင်။

ဖိုက်သွန်က ထိုလူသားကို မည်မျှအထိ လျှော့တွက်ခဲ့ကြောင်း နောက်ဆုံး နားလည်သွားခဲ့သည်။ သူသည် ချန်လွေ့ကို လုံလောက်စွာ ဂရုစိုက်ပြီဟု အမြဲတမ်း ထင်ခဲ့သည်မှာ ရယ်စရာကောင်းလှ၏။

မြေတံဆိပ်သည် ဘယ်ဇီဘတ် တော်ဝင်မျိုးနွယ်၏ နတ်ဘုရားဝါးမျို မျက်နှာဖုံးဟုလည်း လူသိများသည်။ ၎င်းသည် စိတ်ဝိညာဉ်ထိန်းချုပ်မှု အားလုံးကို ခုခံနိုင်သည်ဟု ဆိုသည်။ အရင်က ငါ့ရဲ့ ဝိညာဉ်ထိန်းချုပ်မှုကို ဖယ်ရှားဖို့ ဒီကောင်က နတ်ဘုရားဝါးမျိုမျက်နှာဖုံးကို လုံးဝ မသုံးခဲ့ဘူး။ ပြိးတော့ မိုက်ကယ်တောင် မပြီးတဲ့ အဆိပ်ကို သူ လျစ်လျူရှု ခဲ့တယ်။

ပိုပြီးတော့ အံံ့သြစရာကောင်းတာကတော့ သူက ငါနဲ့ မိုက်ကယ်၊ နတ်ဘုရား-ယောင် နှစ်ယောက် စောင့်ကြည့် နေတဲ့ကြားက ထူးဆန်းတဲ့ အစားထိုးတစ်ခုကို သုံးပြီးတော့ အလင်းနတ်ဘုရားကျောင်းထဲကို ခိုးဝင်ပြီး နတ်ဘုရား-ယောင် အဆင့်တောင် မဝင်နိုင်တဲ့ အင်အားကြီး အစီအရင်ကို ချိုးဖျက်ပြီးတော့ အရိပ်လေပြေဘွတ်ဖိနပ် (လေတံဆိပ်)ကို ရခဲ့တာပဲ။

နေပါဦး။ သူက လူသား ဖြစ်နေတာ ဘယ်လိုလုပ် နတ်ဘုရားဝါးမျိုမျက်နှာဖုံးကို အသက်သွင်းနိုင်ရတာလဲ။

ဒီလူက တကယ်ပဲ နတ်ဆိုးဘုံက ဘယ်ဇီဘတ် တော်ဝင် မိသားစုဝင်လား။

‘ချန်လွေ့’ဆိုတဲ့ နာမည်ကလည်း နာမည်အတုပဲ ဖြစ်လောက်တယ်။

ရုတ်တရက် ဆိုသလို အမြဲယုံကြည်မှု ရှိခဲ့သော ဖိုက်သွန်က ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို သံသယဝင်လာခဲ့သည်။

နတ်ဆိုးယင်ကောင်များက [ကြယ်တံခါး] ဆီသို့ ပျံသန်း နေစဉ် အံ့အားသင့်နေသော မိုက်ကယ်၏ မျက်နှာတွင် ခနဲ့သလို ပုံစံမျိုး ပေါ်လာသည်။ ထွက်ပြေးချင်တာလား။

သူ၏ နေရာလွတ်ဥပဒေသနှင့် အလင်းနတ်ဘုရားကျောင်း အနီးရှိ ဖန်တီးခြင်း ဇစ်မြစ်စွမ်းအားတို့ကြောင့် ဖိုက်သွန်ပင် ထွက်ပြေး၍ မရနိုင်ပေ။

နတ်ဆိုးယင်ကောင်များ၏ အရှိန်က အလွန်မြန်ဆန်ပြီး အချိန်အကြာကြီး ပျံသန်းနေသော်လည်း လက်တစ်ကမ်း အကွာရှိ နေရာလွတ်တံခါးသို့ မရောက်နိုင်သေးပေ။

ချန်လွေ့ ပတ်ပတ်လည်ရှိ နေရာလွတ် ရွှေရောင် အလင်းစက်များဖြင့် ပြည့်နှက်နေပြီး ပိုးစုန်းကြူးများကဲ့သို့ သူ့ကို ဝန်းရံထားသည်။ သူက အဆုံးမရှိသော ပတ်လမ်းအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားနေရသည်။ သူ မည်သို့ပင် ရှေ့သို့ ရွေ့လျားနေစေကာမူ ထူးဆန်းသော ‘ပိုးစုန်းကြူးများ’နှင့် တွဲလျက်ရှိသော နေရာလွတ် ဥပဒေသကြောင့် ခုနှိမ်ခံနေရသည်။

ချန်လွေ့က ထိုအရာမှာ မိုက်ကယ်၏ စွမ်းအားကြောင့် ဖြစ်ကြောင်း သိရှိသည်။ [နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း]၏ အကျိုးသက်ရောက်မှုသည် ကုန်ဆုံး တော့မည် ဖြစ်သည်။ သေရေးရှင်ရေး အရေးကြီးဆုံး အချိန်ဖြစ်သဖြင့် သူက ချက်ချင်းပင် နောက်ဆုံးဝှက်ဖဲကို မစဉ်းစားဘဲ အသက်သွင်းလိုက်တော့သည်။

မိုက်ကယ်က နေရာလွတ်စွမ်းအားသည် ‘နတ်ဆိုး’ ဆီသို့ မထိန်းချုပ်နိုင်ဘဲ စီးဆင်းနေကြောင်း ရုတ်တရက် အာရုံခံ လိုက်မိသည်။ ထို့နောက် ရွှေရောင်‘ပိုးစုန်းကြူးများ’ ပတ်ပတ်လည်တွင် ဖောက်ထွင်းမြင်နိုင်သော ‘နံရံ’ တစ်ခု ပေါ်လာ၏။ အဖြူရောင်ကျောက်စိမ်း ကဲ့သို့သော အလင်း စွမ်းအားတစ်ခု ထင်ရှားပေါ်လွင်လာပြီး မိုက်ကယ်နှင့် ‘ပိုးစုန်းကြူးများ’အကြား ချိတ်ဆက်မှုက အမှန်တကယ် ပြတ်တောက်သွားခဲ့သည်။

ရွှေရောင်အလင်းစက်များ မှေးမှိန်သွားပြီး မြေပြင်ပေါ်သို့ ပြန်လည်ကြွေကျကာ တောင်ပံများအဖြစ် ပြန်လည်စုစည်း သွားသည်။

မိုက်ကယ်သည် ထိုနေရာရှိ နေရာလွတ်ဥပဒေသကို အပြည့်အဝ ထိန်းချုပ်၍ မရနိုင်တော့ကြောင်း သေသေချာချာ ခံစားလိုက်မိသည်။ အကြောင်းမှာ နေရာလွတ် ဥပဒေသ၏ အစိတ်အပိုင်းတစ်ခုကို တစ်ဖက်လူ၏ ဖောက်ထွင်းမြင်ရသော ‘နံရံ’ က ထိန်းချုပ်ထားပြီး ဖြစ်သောကြောင့်ပင်။

မဟုတ်ဘူး။ ဒီတစ်ခုလုံးက အဆောက်အအုံ အမြင့်.....မျှော်စင် ဖြစ်လောက်တယ်။

“ကျက်သရေမျှော်စင်!” မိုက်ကယ်သည် သိဒ္ဓိ ကျောင်းတော်မှ နှစ်ပေါင်းများစွာ ပျောက်ဆုံးခဲ့သော အဆင့်မြင့် နေရာလွတ် ပစ္စည်းတစ်ခုကို ရုတ်တရက် သတိရသွားပြီး တစ်ဖန်ပြန်လည် တုန်လှုပ်သွားပြန်သည်။ ထိုနတ်ဆိုးသည် ထိုအချိန်က ဘုရားကျောင်းကို သစ္စာဖောက်ခဲ့သော သိဒ္ဓိနဂါး ရိုဒရီဂူးဇ်နှင့် အမှန်တကယ် ဆက်နွှယ်နေသလော။

ကောင်းကင်တမန် ခေါင်းဆောင်သည် ယခင် နှစ်ပေါင်း ထောင်ပေါင်းများစွာ သိန်းပေါင်းများစွာအတွင်း ယခုကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်းမျိုး မရှိခဲ့ဖူးပေ။

ကျက်သရေမျှော်စင်ကို ‘နတ်ဆိုး’လက်ထဲတွင် ချောချောမွေ့မွေ့ အသုံးပြုနိုင်ပုံ မပေါ်ပေ။ ၎င်းကို ပြင်ပ အရာဝတ္ထုတစ်မျိုးဖြင့် ထိန်းချုပ်ထားပြီး အတားအဆီး နံရံသည် နိမိတ်ပုံရိပ် တည်ရှိမှုနှင့်သာ ဆင်တူသည်။ ထို့သို့ဖြစ်သော်လည်း ယင်ကောင်များရှေ့ရှိ နေရာလွတ် အတားအဆီး စွမ်းအားက လုံးဝပြိုကွဲသွားခဲ့သည်။ ယင်ကောင်များသည် နေရာလွတ်တံခါးသို့ ချောချောမွေ့မွေ့ ပြေးဝင်သွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

မိုက်ကယ်၏ ဥပဒေသစွမ်းအားနှင့် ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားတို့ကြောင့် ဖိနှိပ်ခံရပြီး ကျက်သရေမျှော်စင်ကို အတင်းအကျပ် အသက်သွင်းထားရသဖြင့် ၎င်း၏စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။ အဆောင်ပစ္စည်း၏ အာကာသစွမ်းအားသည် လျင်မြန်စွာ မှေးမှိန်လာ၏။

မိုက်ကယ်သည် ကျက်သရေမျှော်စင်၏ ကာကွယ်ရေးကို လုံးဝဖြိုခွင်းရန် အကြီးမားဆုံး တိုက်ခိုက်မှု ပြုလုပ်ရန်အတွက် စွမ်းအားကို ချက်ချင်း စုစည်းလိုက်သည်။ ထိုလူသည် ကျက်သရေမျှော်စင်ကို ပိုင်ဆိုင်ထားသော်လည်း အစွမ်း အစစ်အမှန်ကို အသုံးမပြုနိုင်ပေ။ သူက နေရာလွတ် တံခါးထဲ ဝင်လိုက်ရုံနဲ့ နေရာလွတ်ဥပဒေသကို ကျွမ်းကျင်တဲ့ နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်း တစ်ယောက်ဆီကနေ လွတ်မယ်လို့ ထင်နေတာလား။ ငါသူ့ကို နေရာလွတ် တံခါးထဲက‌နေ ဆွဲထုတ်ရမယ်။ ပြီးရင် လေတံဆိပ်၊ မြေတံဆိပ်နဲ့ ကျက်သရေမျှော်စင်ကို ပြန်ယူမယ်။

မိုက်ကယ်၏ ကျောဘက်ရှိ အတောင်ပံ ၁၂ခုသည် တဖျတ်ဖျတ်ခတ်လိုက်ရာ ကျက်သရေမျှော်စင်၏ နိမိတ်ပုံရိပ် ချက်ချင်း စုတ်ပြတ်သွားခဲ့သည်။ သို့သော် သူ၏ နောက်ထပ် လှုပ်ရှားမှုမှာ ကျက်သရေမျှော်စင်၏ နေရာလွတ်ထဲသို့ အလျင်စလိုဝင်ရောက်ခြင်း မဟုတ်ဘဲ နောက်သို့လှည့်၍ ဓားကို ဆွဲထုတ်လိုက်ခြင်း ဖြစ်သည်။

သိဒ္ဓိလက်ဝါးကပ်တိုင်ဓားသည် မျဉ်းကွေးတစ်ခုကို ဆွဲလိုက်သောအခါ နောက်ကွယ်မှ ချုံခိုတိုက်ခိုက်ရန် စီစဉ်နေသော ဖိုက်သွန်သည် ခပ်ဝဲဝဲလေး ဖြတ်တောက် ခံရလုနီးပါး ဖြစ်သွားပြီး သူ၏နောက်ကွယ်ရှိ နေရာလွတ်က တစ်ဝက်စီ ပိုင်းခြားသွားခဲ့သည်။

ဖိုက်သွန်သည် ညည်းလိုက်ပြီး လုံးဝမရပ်တန့်ခဲ့ပေ။ သူက မိုက်ကယ်၏ တိုက်ခိုက်မှုကို ကြိုတင်မှန်းဆထားပြီး အတင်းအကျပ် ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။ ထိုစွမ်းအားကို အခွင့်ကောင်းယူကာ တစ်ဝက်နီးပါး ကွဲကြေနေသော ခန္ဓာကိုယ်ကို ကျက်သရေမျှော်စင်၏ အစီအရင်အတွင်းသို့ အရင်ဦးစွာ ပြေးဝင်သွားလိုက်သည်။

ကျက်သရေမျှော်စင်၏ နိမိတ်ပုံရိပ်သည် မိုက်ကယ်ကြောင့် ကြေမွသွားခဲ့သော်လည်း နေရာလွတ်စွမ်းအားမှာ လုံးဝ မှေးမှိန်သွားခြင်း မရှိသေးပေ။ ဖိုက်သွန်သည် [ကြယ်ဂိတ်] ရှေ့သို့ အပြေးဝင်ရောက်သွားသောအခါ ခန္ဓာကိုယ်ပေါ်ရှိ မြူများ၏ တောက်ပမှုများ တစ်ဝက်ခန့် မှေးမှိန်သွား သော်လည်း အပြာရောင် ‘တယ်လီပို့လမ်းကြောင်း’ဆီသို့ မဆိုင်းမတွ ပြေးဝင်သွားလိုက်သည်။

သူ၏ ဒဏ်ရာများနှင့် ပင်ပန်းနွမ်းနယ်မှုများ ပြင်းထန် သော်လည်း တယ်လီပို့လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်ပါက သိဒ္ဓိအလင်းတောင်မှ လွတ်မြောက်ပြီး လျို့ဝှက် ဆန်းကြယ်သော ‘ချန်လွေ့’ကို ဖမ်းဆီးနိုင်မည် ဖြစ်သည်။ ထိုလူ၏ လျှို့ဝှက်ချက် များစွာကို မပြောနှင့်။ အနည်းဆုံး သူက အမြင့်ဆုံး အဆောင်ပစ္စည်း၏ အပိုင်း ၂ ပိုင်းနှင့် နေရာလွတ် အဆောင်ပစ္စည်းဖြစ်သော ကျက်သရေမျှော်စင် ကိုပင် ရရှိနိုင်မည် ဖြစ်သည်။

ထိုအချိန် နတ်ဆိုးယင်ကောင်များသည် မှိန်ဖျော့ပြီး ကြယ်အလင်းရှိသော အပြာရောင်တံခါးထဲ ပျံဝင်သွားပြီး ဖိုက်သွန်က နောက်မှလိုက်ဝင်ခဲ့သော်လည်း မယုံနိုင်စရာ အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ဖိုက်သွန်၏ ခန္ဓာကိုယ်သည် ဝင်ရောက်၍မရဘဲ ထိုတောက်ပနေသေးသော ‘တံခါး’ သည် ပုံရိပ်ယောင်သက်သက်သာ ဖြစ်သကဲ့သို့ တိုက်ရိုက်ဖြတ်သန်း သွားခဲ့သည်။

ဒါပေမဲ့ ခုနက သူ ဒီ”တံခါး”ကို ဝင်သွားခဲ့တယ်လေ။

ဖိုက်သွန် အနည်းငယ် အာရုံလွင့်နေစဉ် နောက်ကွယ်မှ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်း ရောက်ရှိ လာခဲ့သည်။ ရှောင်တိမ်းရန် နောက်ကျသွားလေပြီ။

နဂိုက ဖိုက်သွန်၏ အစီအစဉ်မှာ ချန်လွေ့ကို ဖမ်းဆီးပြီး နေရာလွတ်တံခါးထဲသို့ ထွက်ပြေးရန်ဖြစ်ကာ ထို့နောက် မိုက်ကယ်၏ လိုက်လံမှုမှ လွတ်မြောက်ရန် ဝင်ပေါက်ကို ဖျက်ဆီးပစ်မည် ဖြစ်သည်။ မမျှော်လင့်ဘဲ သူသည် ထိုအလင်းတံခါးထဲသို့ မဝင်နိုင်ခဲ့ပေ။ ဖိုက်သွန်၏ အခြေအနေနှင့် စွမ်းအားသည် မိုက်ကယ်ထက် အားနည်းနေပြီ ဖြစ်သည်။ ထိုအဆင့်တိုက်ပွဲတွင် အမှားအယွင်း သေးသေးလေး တစ်ခုကပင် ရလဒ်တစ်ခုလုံးကို ထိခိုက်စေနိုင်သည်။ ထိုအတွက်အချက် အမှားအယွင်းက သူ၏ ရှုံးနိမ့်မှုကို အဆုံးအဖြတ် ဖြစ်စေခဲ့သည်။

စူးစူးရှရှ အော်ဟစ်သံများကြားတွင် ခန္ဓာကိုယ်သည် အနီရောင်အလင်းဖြင့် နှစ်ပိုင်း ပြတ်တောက်သွားပြီး ပြတ်တောက်သွားသော မျက်နှာပြင်များက လျင်မြန်စွာ လောင်ကျွမ်းစပြုလာသည်။ ၎င်းသည် တကယ့် ခန္ဓာကိုယ် မဟုတ်သော်လည်း ထိုတိုက်ခိုက်မှုကြောင့် ဖိုက်သွန် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။

ခဏတာအတွင်းမှာပဲ အလှည့်အပြောင်း များစွာ ဖြစ်ခဲ့သည်။ ဖိုက်သွန်လည်း ရက်စက်သောသူ တစ်ဦး ဖြစ်သည်။ သူ အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ ကျက်သရေမျှော်စင်နှင့် ဖန်တီးခြင်းစာအုပ်သည် မိုက်ကယ်၏ နေရာလွတ်ဥပဒေကို ဆက်လက်သက်ရောက်မှု ရှိနေဆဲ ဖြစ်သဖြင့် သူသည် တဝက် မြူခန္ဓာကို ဖောက်ခွဲလိုက်၏။

ထိုသို့သော ဝိညာဉ် ဖောက်ခွဲမှုစွမ်းအားအောက်တွင် ချိပ်ပိတ်ထားသော နေရာလွတ်ထဲမှ အက်ကြောင်းများ ပေါ်လာပြီး ဖိုက်သွန်၏ ကျန်ရှိနေသော ခန္ဓာကိုယ်က အစိမ်းရောင်မြူအဖြစ်သို့ ပြောင်းလဲကာ အက်ကြောင်းထဲသို့ စိမ့်ဝင်သွားခဲ့သည်။ သူက အက်ကြောင်းများနှင့်အတူ မကြာမီ ပျောက်ကွယ်သွားတော့သည်။

မိုက်ကယ်က ဖိုက်သွန်နောက် မလိုက်ဘဲ ချက်ချင်းပင် မှေးမှိန်သွားသော [ကြယ်တံခါး]ရှေ့တွင် ပေါ်လာပြီး ပြေးဝင်သွားသည်။ သို့သော် ဖိုက်သွန်ကဲ့သို့ပင် သူလည်း ဝင်ရောက်၍ မရနိုင်ခဲ့ပေ။ မိုက်ကယ်၏ ရွှေရောင် မျက်လုံးများက အေးစက်စွာ တောက်ပလာ၏။ သူကသိဒ္ဓိလက်ဝါးကပ်တိုင်ဓားကို လွှဲရမ်းလိုက်ရာ အနီရောင် အလင်း များစွာက အလင်းတံခါးကို ဝါးမျိုလိုက်တော့သည်။

သို့သော် အလင်းတံခါး ဖောက်ထွင်းမြင်နိုင်နေပြီး အားကောင်းသော နေရာလွတ်ဥပဒေသ ပါဝင်သည့် အနီရောင် အလင်းကပင် အတားအဆီးမရှိ ဖြတ်သန်းသွား၏။ မှေးမှိန်နေသော ကြယ်အလင်းက ‘နတ်ဘုရားအဆင့်နှင့် အနီးစပ်ဆုံး’ဟူသော သူ့ကို လှောင်ပြောင်နေသကဲ့သို့ပင်။

ဝင်လို့မရဘူး။ တိုက်ခိုက်လို့လည်း မရဘူး။ ဒါက ဘယ်လို နေရာလွတ်ဥပဒေသလဲ။

နောက်စက္ကန့်တွင် သူ၏ ဒေါသတကြီး ဟိန်းသံက ကောင်းကင်ယံကို လှုပ်ခတ်စေပြီး ကမ်းပါးဖြူ တစ်ခုလုံး တုန်လှုပ်သွားတော့သည်။

All Chapters