လက်ဆောင်
Vol. 57 Ch. 932
သိဒ္ဓိအလင်းတောင်-
သိဒ္ဓိကောင်းချီးခန်းမ လဟာပြင်၌ -
မိုက်ကယ်က သုန်မှုန်သော မျက်နှာဖြင့် တောင်ပံ ၁၂ခု ရှိသော ဧရာမ တမန်တော် ရုပ်ထုအရှေ့တွင် ရပ်နေ၏။
ရုပ်တုရှေ့တွင် အဖြူရောင်အလင်းဖြင့် စုစည်ထားသော အနက်ရောင်ဆံပင်ရှည်နှင့် အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် ပုံမှန်မဟုတ်သော အငွေ့အသက်မျိုး ရှိနေ၏။
“နတ်ဆိုး ဖိုက်သွန်လား။” ဆံပင်အနက်နှင့် အမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။ “သိဒ္ဓိအလင်းတောင်ကို ကျူးကျော် ဝင်ရောက်ဖို့ အဲဒီမိန်းမမှာ ဒီလောက်သတ္တိ ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ နှစ်တွေကြာလာတာနဲ့အမျှ ငါတို့ ပေါ့လျော့သွားတာလား။ ဒါမှမဟုတ် ငါတို့ မပေါ်လာတာ ကြာသွားလို့ အဲဒီမကောင်းတဲ့သူတွေက ငါတို့ကို ဂရုမစိုက်တော့တာလား။ ဂေဘရီရယ်ကို အကျဉ်းထောင်နက် ကန္တာရကနေ နှိုးပြီးတော့ နတ်ဆိုးဘုံဆီ သွားကြမလား။”
“အခုလောလောဆယ်တော့ မလိုသေးဘူး။ အရေး အကြီးဆုံး တာဝန်က ယုံကြည်မှုစွမ်းအားကို ပိုပြီးတော့ စုပ်ယူဖို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်၁၀၀ ကြာရင် လောက နှစ်ခုကြားမှာရှိတဲ့ ချိပ်ပိတ်က လျော့ရဲသွားမှာပဲလေ။ အဲဒီ အချိန်ကျမှ ‘မိတ်ဆွေဟောင်းတွေ’နဲ့ ပြန်တွေ့ဆုံဖို့က နောက်မကျသေးပါဘူး။ ဒါပေမယ့် ဒီတစ်ခါ ‘လေတံဆိပ်’နဲ့ တောင်ပံ ၄ခု အစေခံ နှစ်ယောက်ကို ဆုံးရှုံးခဲ့ရတာ ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပဲ။”
ထိုသို့ပြောရင်း မိုက်ကယ်၏ မျက်လုံးများက အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားသည် “ဖိုက်သွန်က ခန္ဓာကိုယ်ပျက်စီးသွားပြီး ငါ့ကြောင့် ထပ်ပြီးတော့ ဒဏ်ရာ အပြင်းအထန် ရခဲ့တာဆိုတော့ စိတ်ပူစရာမလိုဘူး။ ငါ အလျင်စလို နိုးလာရပြီးတော့ အပြည့်အဝ မချေဖျက်ရသေးတဲ့ ယုံကြည်မှုဇစ်မြစ်ကို ဖိနှိပ်ဖို့ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ခွဲခြားမထားခဲ့ရဘူးဆိုရင် သူ့ကို သတ်လိုက်ပြီးပြီ။ ဒါပေမယ့် အဲဒီနတ်ဆိုးပုရွက်ဆိတ်က တကယ်ပဲ ငါထင်ထားတာထက် ကျော်လွန်နေတယ်။ သူက နတ်ဘုရား တစ်ပိုင်း အဆင့်ပဲရှိပေမယ့် ‘မြေတံဆိပ်’ နဲ့ ‘ကျက်သရေမျှော်စင်’ ရှိနေတာ။ ငါ့ရဲ့ စောင့်ကြည့်မှု အောက်ကနေ တကယ်ပဲ လွတ်မြောက်သွားခဲ့တယ်။”
“ကျက်သရေမျှော်စင်လား။” ဆံပင်အနက်နှင့် အမျိုးသားက မျက်ခုံးပင့်လိုက်သည်။ “သစ္စာဖောက် ရိုဒရီဂူးဇ်က နတ်ဆိုးဘုံကို ထွက်ပြေးသွားတာ ဖြစ်မယ်။ ဒါပေမယ့် ကျက်သရေမျှော်စင်က နတ်ဆိုးတွေလက်ထဲမှာ ရှိနေတယ်ဆိုတော့ ရိုဒရီဂူးဇ် သေသွားလောက်ပြီ။ ဒါက သတင်းကောင်းပဲ။ ဒီဖြစ်ရပ်ပြီးရင် ဖိုက်သွန်နဲ့ နတ်ဆိုးက နောက်ထပ် မလာရဲတော့ဘူးဆိုတာ သေချာတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်က ငါတို့အတွက် သတိပေးသလို ဖြစ်နေတယ်။ မရဏနက်နောက်လိုက်ပဲဖြစ်ဖြစ်၊ တခြားရန်သူတွေပဲဖြစ်ဖြစ်၊ ငါတို့ သတိလွတ်လို့ မဖြစ်ဘူး။”
မိုက်ကယ် သက်ပြင်းချလိုက်၏။ “မင်းပြောတာ မှန်တယ်။ ရာဖယ်ရယ်။ အဓိက ပြဿနာတစ်ခု ရှိသေးတယ်။ နှင်းဒဲလက်ပန်းပင်က အနည်းဆုံး နှစ်၁၀,၀၀၀ ကြာမှ အသစ် ပြန်ပေါက်နိုင်တာ။ ဒီအချိန်အတွင်းမှာ ကျောင်းတော်က [ကောင်းချီးအလင်းခန္ဓာ] ကို ထပ်ပြီး မပြောင်းလဲနိုင်တော့ဘူး။ ဒါကြောင့် သိဒ္ဓိအင်ပါယာနှစ်ခုရဲ့ အရင်းအမြစ်တွေကိုပဲ အားကိုးရမယ်။ ဒီလိုဆိုရင် ယုံကြည်မှုစွမ်းအား၊ တိုက်ခိုက်ရေး စွမ်းအားနဲ့ သြဇာအာဏာတွေ အများကြီး လျော့နည်းသွားလိမ့်မယ်။”
ဆံပင်အနက်နှင့် အမျိုးသားက မိုက်ကယ်ကဲ့သို့ပင် ကောင်းကင်တမန်တော် ၃ပါးထဲမှ တစ်ပါးဖြစ်သော ရာဖယ်ရယ် ဖြစ်သည်။ သူက ပြန်ဖြေလိုက်သည်။ “သတင်းကောင်းတစ်ခု ရှိတယ်။ တိမ်စီးအင်ပါယာက ပျောက်ဆုံးသွားတဲ့ သိဒ္ဓိအမွေအနှစ်ကို ရှာတွေ့ခဲ့ပြီ။”
မိုက်ကယ်၏ မျက်လုံးများ လင်းလက်သွား၏။ “တကယ် သတင်းကောင်းပဲ။ အဲဒါက အခု လတ်တလော အရေးပေါ် လိုအပ်ချက်တွေကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပေးနိုင်တယ်။”
“မရဏနက် နောက်လိုက်တွေကလည်း ဒီသိဒ္ဓိ အမွေအနှစ်ကို စိတ်ဝင်စားနေတယ်လို့ ကြားတယ်။ စိတ်ချရအောင် ကူညီဖို့အတွက် သိဒ္ဓိတပည့် ၃ယောက်ကို စေလွှတ်ထားပြီးပြီ။” ရာဖယ်ရယ်က စဉ်းစားရင်း ပြောလိုက်သည်။ “အိပ်မက်ဆိုးတောနက်ကို ရှာဖွေ တွေ့ရှိတာက တကယ် အံ့သြစရာနဲ့ မမျှော်လင့်ထားတာပဲ။ အဲဒီ မိုက်မဲတဲ့ အော့ခ်တွေက မရဏနက်နောက်လိုက်ကြောင့် နှစ်တွေအကြာပြီး အမြင်ဖုံးနေခဲ့တယ်။။ ဒီတစ်ခါ အိပ်မက်ဆိုး တောနက်ထဲကို သွေးချောင်းစီးစေဖို့ ခုံသမာဓိအဖွဲ့နဲ့အတူ တောင်ပံ ၈ခုနဲ့ တမန်တော်တစ်ယောက် စေလွှတ်ခဲ့တယ်။ မကောင်းတဲ့ ယုံကြည်မှု ရှိတယ်လို့ သံသယရှိတဲ့ မျိုးနွယ်စု အားလုံးကို အနာဂတ် ပြဿနာတွေ မဖြစ်အောင် သုတ်သင် ရှင်းလင်းခဲ့တယ်။”
“မင်းလုပ်တာ မှန်တယ်။ အဲဒီ ကိုးကွယ်သူတွေက တကယ် သေသင့်တယ်။” မိုက်ကယ်၏ မျက်လုံးများက အေးစက်စွာ လင်းလက်လာခဲ့သည်။ “နတ်ဆိုးဘုံက ကျဆုံးသူတွေနဲ့ ယှဉ်ရင် အသူရာချောက်နက်က အကြီးမားဆုံးရန်သူပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူတွေကို ဒီလောကဆီ ပြန်မလာအောင် ငါတို့ တားရမယ်။ အနည်းဆုံး ငါတို့ တကယ့်နတ်ဘုရားတွေ ဖြစ်လာပြီးမှပဲ ဖြစ်သင့်တယ်။ မဟုတ်ရင် အရာအားလုံး လုံးဝပျက်စီးသွားလိမ့်မယ်...”
“အင်း။ ငါ့ရဲ့ဝိညာဉ် အရှိန်အဝါက ပြည့်စုံလုနီးပါး ရှိနေပြီ။ ဒီအချိန်အတွင်း ဒီလောကရဲ့ လှုပ်ရှားမှုတွေကို ငါ အာရုံစိုက်လိုက်မယ်။ မင်း ဆက်အိပ်နေတော့။”
မိုက်ကယ် ခေါင်းညိတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပိန်ပါးသွားပြီး နောက်ဆုံးတွင် လေထဲသို့ ပျောက်ကွယ်သွားခဲ့တော့သည်။
နဂါးတောင်ကြား -
နေ့လယ်ပိုင်းတွင် -
ခြံဝင်းထဲတွင် လက်ဖက်ရည်နံ့ သင်းသင်းလေး ထွက်ပေါ် နေသည်။ အစ်ဇဘယ်လာသည် အနုစိတ်သော လက်ဖက်ရည်ခွက်များ တင်ထားသည့် စားပွဲငယ်လေးရှေ့တွင် ထိုင်နေ၏။
နတ်ဆိုးဘုံ၏ တစ်နှစ်ပတ်လုံး ရာသီဥတု တသမတ်တည်း ရှိနေခြင်းနှင့်မတူဘဲ လူသားလောကတွင် အလင်းဒြပ်စင် ကြွယ်ဝရုံသာမက ရာသီဥတု ၄မျိုးလည်း ရှိသည်။ ပူပြင်းသော နွေရာသီဖြစ်ရာ လူသားလောကသို့ ယခုမှ ရောက်ဖူးသော အစ်ဇဘယ်လာအတွက် အနည်းငယ် ကျင့်သားမရ ဖြစ်နေသည်။
သိပ်မကြာခင်က သူသည် နဂါးတောင်ကြားတွင် ထူးခြားကောင်းမွန်သော မျိုးစိတ်နှင့် အထိအတွေ့ ရှိသော ‘လက်ဖက်ရွက်’ အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့က အလင်းဒြပ်စင်စွမ်းအား ပါရှိသည်။ သောက်ပြီးနောက် ခန္ဓာကိုယ်က ရာသီဥတု ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်ခြင်းတွင် ပိုမိုအားကောင်းလာရုံ သာမက ထိုကဲ့သို့ ပတ်ဝန်းကျင်တွင် မွေးရာပါစွမ်းရည်နှင့် ပုံမှန် တိုက်ခိုက်ရေး စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့သည်။ ထို့အပြင် နဂါးဧကရာဇ် ပါဂရစ်ဇ် ပေးအပ်ထားသော သိဒ္ဓိကြေးခွံကိုလည်း ပိုမိုလျင်မြန်စွာ စုပ်ယူနိုင်ခဲ့သည်။
နဂါးဧကရာဇ် ပါဂရစ်ဇ်သည်ပင် ယခု အစ်ဇဘယ်လာ၏ နတ်ဆိုးအသွင်ကို မမြင်နိုင်တော့ပေ။ ၎င်းမှာ မိစ္ဆာ မျက်ရည်ပြာနှင့် ထိုသိဒ္ဓိကြေးခွံတို့ကြောင့်ပင်။
အစ်ဇဘယ်လာသည် ပထမဆုံးအနေဖြင့် တစ်ဖက် စားပွဲပေါ်ရှိ ခွက်ဗလာများကို အကျင့်အတိုင်း ဖြည့်ပြီးနောက် ရှေ့မှ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ အနံ့ကို ရှူရှိုက်ပြီး တစ်ငုံသောက်လိုက်၏။
နတ်ဆိုးဘုံတွင် သူ၏ ညီအစ်မများနှင့် သူငယ်ချင်းများ အားလုံး သူ၏လက်ဖက်ရည်ကို မြည်းစမ်းဖူးသော်လည်း အများစုမှာ သောက်မတတ်ကြပေ။ သူ၏ အကောင်းဆုံး သူငယ်ချင်း မစ်-ဘတ်တီသည်ပင် ထိုအတိုင်းပင်။ ချန်လွေ့မှလွဲ၍ ဇိုလာ တစ်ယောက်တည်းသာ အမှန်တကယ် နှစ်သက်၏။ မစ်-နတ်မိမယ်နဂါးသည် ‘အခါးရည်’ဟု ခေါ်ခဲ့သော ထိုအရာကို စွဲလမ်းနေပြီဖြစ်သည်။ အချိန်ရတိုင်း သူ၏ အိမ်ငယ်လေးသို့ လက်ဖက်ရည်တစ်ခွက် သောက်ရန် လာတတ်သည်။
ယခု နဂါးတောင်ကြားတွင် ဇိုလာအပြင် မာရီယာနှင့် စပန်တို့သည်လည်း သူ၏ လက်ဖက်ရည် ပညာကို နှစ်သက်နေကြသည်။ မွေးစားမိဘ အသစ်များက သူ့အပေါ် အမှန်တကယ်ပင် ကြင်နာတတ်ကြပြီး ကြာမြင့်စွာ ပျောက်ဆုံး နေခဲ့သော ချစ်ခင်တွယ်တာမှုကို ခံစားရစေခဲ့သည်။ လွန်ခဲ့သည့် ၂ရက်အတွင်း နဂါးဧကရာဇ် ပါဂရစ်ဇ်သည် လေ့ကျင့်ရေး အရင်းအမြစ်များစွာ ပို့ပေးခဲ့သည်။ နတ်သူငယ်ဘုရင်နှင့် သူ၏ဇနီးသည် ဇိုလာနှင့် စိတ်မပါ့တပါ ဖြစ်နေသော ‘နဂါးဧကရာဇ်ညီတော်၏သား’အပြင် သူ၏ ဇနီးနှင့် အမှန်တကယ်ခန့်ညားသော ချွဲကျိကောင်တို့ကို တံခါးပိတ်လေ့ကျင့်ရန် ခေါ်သွားခဲ့သဖြင့် သူတို့က ယခု ရှိမနေကြပေ။
တစ်ယောက်တည်း ဖြစ်သော်လည်း သက်တောင့် သက်သာနှင့် ပေါ့ပါးသော ခံစားချက် ရှိနေဆဲဖြစ်ပြီး လူအုပ်ကြားတွင် ခံစားခဲ့ရသော အထီးကျန်ဆန်မှုနှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်နေသည်။
သူ စိုးရိမ်မိနေသည့် တစ်ခုတည်းသော အရာမှာ သူ့အကြောင်းပင်။ သူ အခု ဘာလုပ်နေလဲ မသိဘူး။
ဖိုက်သွန်ရဲ့ စွမ်းအားက နတ်ဘုရား-ယောင် အဆင့်ပဲ။ တကယ်လို့ သူ....
သူ စိုးရိမ်ပူပန်နေပြီး ဘေးနားတွင် ရှိနေချင်သော်လည်း ထိုကဲ့သို့ စောင့်ဆိုင်းရုံသာ တတ်နိုင်လေသည်။
“ဒီက မိန်းမလှလေး။ မဒမ်-မာရီယာ ရှိလား မသိဘူး။”
နောက်မှ မရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာပြီး အစ်ဇဘယ်လာက နောက်လှည့် ကြည့်လိုက်သည်။ မြွေမျက်လုံးနှင့် ထူးဆန်းသော အမျိုးသားတစ်ဦး ဖြစ်သည်။ ထိုသူက နဂါးတစ်ကောင် ဆိုသည်မှာ အသေအချာပင်။
နဂါးသည် တပ်မက်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ ထိုအကြည့်က အစ်ဇဘယ်လာကို မျက်မှောင်ကြုတ်သွားစေပြီး သူ ခေါင်းခါလိုက်၏။ “မရှိဘူး။”
“မင်းက... မစ်-အစ်ဇဘယ်လာလား။ ဆာ-စပန်နဲ့ မဒမ်-ဇိုလာ ဘယ်မှာလဲ။”
“အရှင်မင်းကြီး ပါဂရစ်ဇ် ပေးထားတဲ့ ရတနာတွေကြောင့် အဖေနဲ့အမေက ညီမဇိုလာနဲ့အတူ သွားလေ့ကျင်ကြတယ်။” အစ်ဇဘယ်လာက နဂါးကို သတိပေးရန် ရည်ရွယ်ချက်ဖြင့် နဂါးဧကရာဇ်နာမည်ကို ထုတ်ဖော်ပြောလိုက်သည်။
“အိုး...” နဂါးများက ပြန်ဖြေသော်လည်း သူ့ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ “တစ်ယောက်တည်း လက်ဖက်ရည် သောက်ရတာ အထီးမကျန်ဘူးလား။”
ထိုအကြည့်က အစ်ဇဘယ်လာကို စက်ဆုပ် ရွံရှာသွား စေခဲ့သည်။ သို့သော် ထိုစကားကြောင့် မဒမ်-ဒေါ်လေး၏ အပြာရောင်မျက်လုံးများကို လင်းလက်သွားစေ၏။ သူသည် နဂါးကို သေသေချာချာ ကြည့်ကာ ပြောလိုက်သည်။ “အင်း။ တစ်ယောက်တည်းဆိုတော့ အထီးကျန်တာပေါ့။”
“မင်းရဲ့ အထီးကျန်မှုကို ဖြေဖျောက်ဖို့ ငါ အဖော်ပြုပေးဖို့ လိုအပ်လား။ မိန်းမလှလေး။”
မစ်-ရင်းနီသည် မြွေမျက်စိကို ကြည့်နေစဉ် သူ၏ မျက်လုံးများက ညှို့ငင်နေခဲ့သည်။ “ပထမဆုံး မေးတာ တစ်ခု အရင်ဖြေပေးပါ။ ရှင်မြင်ဖူးသမျှ အမျိုးသမီးတွေထဲမှာ ကျွန်မက အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးလား။”
“ဒါပေါ့။” နဂါးက ပခုံးတွန့်လိုက်သည်။
“ကျွန်မက ရှင်အကြိုက်ဆုံး၊ အချစ်ဆုံး အမျိုးသမီးလား။”
“အင်း... ဟုတ်တယ်။”
“ဒါဆို အခု မင်း အသံအကျယ်ကြီးနဲ့ ပြောလိုက်။ ‘အချစ်ဆုံး ရင်းနီက လွဲပြီးတော့ ကျန်တဲ့အမျိုးသမီးတွေကို မနှောင့်ယှက်တော့ဘူး’ လို့။ မစ်-ရင်းနီက ထူးထူးဆန်းဆန်း ပြုံးလိုက်၏။ “မစ်-ရင်းနီက ထူးခြားစွာ ပြုံးလိုက်သည်။ သူက မျက်တောင်ခတ်နေရင်း အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။ “အဲဒီလိုပြောရင် ကျွန်မမှာ ရှင့်အတွက် အထူးဆုလာဘ် တစ်ခု ရှိတယ်။”
“ဒါ...” မြွေမျက်လုံးနှင့် အမျိုးသားသည် မထိန်းနိုင် တော့ဘဲ ခါးသီးစွာ ပြုံးလိုက်၏။ “မင်း ကိုယ့်ကို ဘယ်လိုမှတ်မိတာလဲ။”
မစ်-ရင်းနီက နောက်ကွယ်တွင် ဝှက်ထားသော အသံဖမ်း ကျောက်တုံးကို မြှောက်ပြီး သက်ပြင်းချလိုက်သည်။ “နည်းနည်းပဲ လိုတော့တာကို။ နှမြောစရာပဲ။”
မြွေမျက်လုံးနှင့် အမျိုးသားမျက်နှာက ချန်လွေ့၏ ပုံစံသို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။ သူသည် အစ်ဇဘယ်လာ ရှေ့စားပွဲတွင် ထိုင်ပြီး အသံဖမ်းကျောက်ကို ကြည့်လိုက်ရာ နဖူးမှ ချွေးများစီးကျလာပြီး သက်ပြင်းချလိုက်၏။ တကယ်သာ ပြောလိုက်မိရင် ဒီနတ်ဆိုးမလေး အသံဖမ်း လိုက်မိပြီးတော့ မောင်းမဆောင်ထဲမှာ ဖွင့်လိုက်တာနဲ့ မောင်းမဆောင် တဝက်လောက် ချက်ချင်းပြိုလဲသွားလိမ့်မယ်။
မဒမ်-ဒေါ်လေးက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး အသံဖမ်းကျောက်ကို သိမ်းဆည်းလိုက်ကာ ထိုင်ရာမှထကာ လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ “ဘက်တီ၊ ဒိုဒိုနဲ့ ဇိုလာက လွဲပြီးတော့ ဘယ်သူမှ ‘လက်ဖက်ရည်’လို့ ခေါ်တာကို မသိကြဘူး။ အဖေနဲ့ အမေတောင် ‘အခါးရည်’လို့ပဲ ခေါ်တာ သိကြတယ်။ ဒီလို အားနည်းချက်တစ်ခုရယ်၊ ရှင် အကျင့်ပါနေတာတွေရယ် ပေါင်းတော့ အားနည်းချက်ကြီး တစ်ခု ဖြစ်သွားတာပဲ။”
“ဒီလိုကိုး...” ချန်လွေ့က ခေါင်းကုတ်ရင်း ပြုံးကာ ပြောလိုက်သည်။ “တကယ်တော့ ဒီလိုအားနည်းချက် မရှိရင်တောင် ပိုပြောမိရင် မိန်းမဆီကနေ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်လောက်ဘူး။”
အစ်ဇဘယ်လာက ‘မိန်းမ’ ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို အလိုလို နားလည်ပြီး ချိုမြိန်မှုကို ခံစားခဲ့ရသည်။ “ချီးကျူးဖို့ စကားပြောတာ နောက်ကျသွားပြီ။ ဒီစမ်းသပ်မှုက ရှင့်ရဲ့မိန်းမအပေါ် မယုံကြည်ကြောင်း ပြီနေတာပဲ။ ပြီးတော့ ဒါက အတော်လေး ယုတ်မာတဲ့ လုပ်ရပ်လည်း ဟုတ်တယ်။ ရှင် ကျွန်မကို ကောင်းမွန်တဲ့ လက်ဆောင် မပေးရင် တစ်နေ့ကျရင်... တစ်ယောက်ယောက်က ကျွန်မကို တကယ် အလေးထားမထား စမ်းသပ်ဖို့ ချောမောတဲ့ အမျိုးသား တစ်ယောက်ကို မသုံးဘူးလို့ အာမမခံနိုင်ဘူး။”
“ဟုတ်ပါပြီဗျာ...” ချန်လွေ့ ပြုံးလိုက်သည်။ “ကိုယ် လက်ဆောင် ပြင်ထားပါတယ်။ ဒါက ကိုယ့်ရဲ့ ရင်းနီအတွက် အထူးပြင်ဆင်ထားတဲ့ အဖိုးတန် လက်ဆောင် တစ်ခုပါ။”
မစ်-ရင်းနီက မျက်လုံးလှန်လိုက်ပြီး ဆွဲဆောင်မှုရှိသော အမူအရာကို ပြသလိုက်သည်။ “တကယ်လား။ ကြည့်ရတာ ရှင်က ပြင်ဆင်လာခဲ့တဲ့ပုံပဲ။ ဒါပေမယ့် ဒီလက်ဆောင်က ကျွန်မကို ကျေနပ်စေတာ ပိုကောင်း...”
ရုတ်တရက် ဆိုသလို သူ၏စကားများ ရပ်တန့်သွား၏။
ချန်လွေ့တွင် ဖျော့တော့သော အစိမ်းရောင် ဘွတ်ဖိနပ် တစ်စုံ ရှိနေသည်။ ၎င်းသည် ပုံစံအရ ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ အမျိုးသမီးအတွက် သင့်လျော်သော လက်ဆောင်မျိုး မဟုတ်ပေ။
သို့သော် အစ်ဇဘယ်လာ၏ မျက်လုံးများ အေးခဲ သွားခဲ့သည်။ သူက မယုံနိုင်စရာတစ်ခုခုကို မြင်လိုက်ရ သကဲ့သို့ ဖြစ်သွားပြီးနောက် ဖြည်းဖြည်းချင်း မတ်တပ် ရပ်လိုက်၏။
သူ၏ မျက်နှာသည် ယခင်ပေါ့ပါးမှု လုံးဝ ပျောက်ကွယ် သွားပြီး ပုံမှန်ဆွဲဆောင်မှုနှင့် ချစ်ခင်မှုများကို လုံးဝ ပျောက်ဆုံး သွားခဲ့သည်။ ပြင်းထန်သော စိတ်ခံစားမှု တစ်ခုတည်းသာ ရှိတော့သည်။ ထိုစိတ်ခံစားမှုသည် ဖိနှိပ်ခံထားရသော်လည်း ခန္ဓာကိုယ်က အလိုလို တုန်ယင်နေရာ လုံးဝဖိနှိပ်၍ မရနိုင်ခဲ့ပေ။
တုန်ယင်နေသော လက်သည် ဘွတ်ဖိနပ်တစ်စုံကို ထိလိုက်သည်။ နီးကပ်လာသောအခါ သူက ထိတွေ့ရန်ပင် ကြောက်ရွံ့နေခဲ့သည်။ နွေးထွေးသော လက်ဝါးတစ်စုံက သူ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး ဘွတ်ဖိနပ်ပေါ်သို့ တင်ပေးလိုက်၏။
အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော စွမ်းအား အငွေ့အသက်ကို ခံစားမိရင်း အချိန်က ရုတ်တရက် လွန်ခဲ့သော အနှစ်၁၀၀သို့ နောက်ပြန်စီးဆင်းသွားသလို ခံစားရသည်။
ထို့နောက် ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း နှစ်၁၀၀ခန့်မှ ယခုလက်ရှိ အချိန်အထိ ပြန်ရောက်လာခဲ့သည်။
သူ့ရှေ့မှ အမျိုးသားနှင့် တွေ့ဆုံသည့် အချိန်မှစ၍ အရာအားလုံးသည် ပိုမိုမြန်ဆန်လာခဲ့ပြီး လက်ရှိ နဂါးတောင်ကြားအထိပင် ဖြစ်သည်။
သူ့မျက်လုံးများ ဝေဝါးနေ၏။
အလိုလို ကျလာသော မျက်ရည်များကြောင့်ပင်။
ပထမဆုံး အကြိမ်အဖြစ် သူက ခံစားချက်များကို မဖိနှိပ်ထားတော့ပေ။
စိတ်ထဲ၌ ဝှက်ထားသည်များ အပါအဝင် စိတ်ခံစားမှုများ အားလုံးကို လုံးဝမကျန်အောင် ဖွင့်ထုတ်လိုက်၏။
လွန်ခဲ့သော နှစ်၁၀၀ခန့်က မိုးသည်းထဲ၌ ကောင်းကင်ပေါ် မော့ကြည့်ကာ ငိုကြွေးခဲ့သော မိန်းကလေး ကဲ့သို့ပင်။
ခြားနားချက်မှာ ထိုစဉ်က အဆုံးမဲ့ မျှော်လင့်ချက်မဲ့ခြင်းနှင့် နာကျင်မှုများ ရှိနေခဲ့သော်လည်း ယခုမှာမူ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေခြင်းပင်။
စိတ်၏ အနက်ရှိုင်းဆုံးမှ အချုပ်အနှောင်နှင့် နောက်ဆုံး အနှောင်အဖွဲ့ကလည်း အပိုင်းပိုင်း ကွဲကြေကာ အလင်းမြူမှုန် အဖြစ်သို့ ပျံ့လွင့် ပျောက်ကွယ်သွားခဲ့သည်။
သူက စကားမပြောဘဲ သူ၏ခန္ဓာကိုယ်ကို မျက်ရည်များ စိုရွှဲနေသော ရင်ဘတ်ပေါ်သို့ တင်းကျပ်စွာ ဖိထားလိုက်၏။ လက်မောင်းထဲမှ ခွန်အားနှင့် နွေးထွေးမှုကို သူ ခံစားနေရသည်။ ဒဏ္ဍာရီလာ ဇာမဏီငှက်ကဲ့သို့ပင် သူ၏ စိတ်ထဲ၌ စစ်မှန်သော ပြန်လည်မွေးဖွားခြင်း ခံစားချက်မျိုး ဖြစ်လာခဲ့လေသည်။
“ရှင့်ရဲ့ လက်ကျန် ဘဝတစ်လျှောက်လုံး ကျွန်မကို လက်မလွှတ်လိုက်ပါနဲ့။”
ထိုစကားကို တိတ်တိတ်လေး စိတ်ထဲ၌ ပြောပြီးနောက် အပြာရောင် မျက်လုံးများက တဖြည်းဖြည်း ပိတ်သွားခဲ့သည်။ ထိုအချိန် သူသည် ယခင်က မခံစားခဲ့ရဖူးသော ငြိမ်းချမ်းမှုမျိုး ခံစားလိုက်ရ၏။