← Chapters

နတ်ဘုရားအဆင့်နှင့် အနီးဆုံးသူ၊ ကြောက်စရာအကောင်းဆုံး မိန်းမ

Vol. 57 Ch. 927

နတ်ဘုရားအဆင့်နှင့် အနီးဆုံးသူ၊ ကြောက်စရာအကောင်းဆုံး မိန်းမ

Vol. 57 Ch. 927

“မဒမ်-ဖိုက်သွန်။ ခုနက... ကာမေရယ်ဆိုတဲ့လူက တမန်တော်လား။” ချန်လွေ့က လမ်းတလျှောက်တွင် မည်သည့်အတားအဆီးမှ မကြုံခဲ့ရသော်လည်း သိဒ္ဓိအလင်း တောင်ထိပ်တွင် ပြင်းထန်သော အဟန့်အတား ရှိနေသည်။ သူ၏ တိုင်းပြည်အဆင့် စွမ်းအား ထပ်သီးပိုင်းဖြင့်ပင် ရွှေ့ပြောင်းနိုင်ခြင်းမရှိဘဲ အရှိန်ကလည်း ကြီးကြီးမားမား ကန့်သတ်ခံနေရသည်။ ရှေ့သို့ တိုးလေလေ ထိုကဲ့သို့ ပို၍ ဖြစ်လေလေ ဖြစ်နေ၏။

“ဟုတ်တယ်။ ကာမေရယ်က တောင်ပံ၈ခုပါတဲ့ တမန်တော်တစ်ပါးပဲ။ သူက ပုံမှန်ဆိုရင် ရန်လိုတတ်တယ်။ ဒါပေမယ့် အပေါ်ယံကို မြင်ပြီးတော့ လှည့်စားမခံရစေပါနဲ့။ သူ့ရဲ့ ကောက်ကျစ်မှုကို မင်း ခုနက မြင်ခဲ့မှာပါ။ ငါက သူ့ကို သတိလက်လွတ် ဖြစ်နေတုန်း သတ်ပစ်ချင်ခဲ့တာ။ ဒါပေမဲ့ ငါ့ကို သူ သတိထားမိသွားခဲ့တယ်။ သူက ထွက်ပြေးဖို့အတွက် အဖော်တွေကိုတောင် စတေးသွားခဲ့တယ်လေ။”

ချန်လွေ့ မျက်မှောင်ကြုတ် လိုက်၏။။ ဖိုက်သွန်သည် ဝိညာဉ်တည်ရှိမှု ဖြစ်သော်လည်း နတ်ဘုရား-ယောင် အဆင့် ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ထိပ်သီးပိုင်းလေးကို ရှင်းပစ်ဖို့က ဒီလောက်ခက်လို့လား။

ဖိုက်သွန်က ချန်လွေ့၏ သံသယများကို ခံစားမိ လိုက်သည်။ “ငါ့ခန္ဓာကိုယ်သာ ဒီမှာရှိနေရင် သူ့ကို ဖြေရှင်းဖို့ လက်ဖျောက်တီးလိုက်ရုံပဲ။ ဒါပေမယ့် အခု ငါက ဝိညာဉ် ဖြစ်နေတယ်။ ပြီးတော့ ကာမေရယ်မှာ အကာအကွယ် ပါရမီနဲ့ နေရာလွတ်အစွမ်းတွေ ရှိတယ်။ အဲဒါက ငါ့ရဲ့ စွမ်းအားကို ထိန်းချုပ်ထားသလို ဖြစ်နေတယ်။ ဒီနေရာမှာ အချိန်နဲ့ အင်အား အများကြီး သုံးနေရင် မတန်ဘူး။”

ချန်လွေ့က ခေါင်းညိတ်ပြီး ရှင်းပြချက်ကို လက်ခံလိုက်၏။ “အဲဒီ အန်ဂလီနဲ့ အန်ခီလီ ဆိုတဲ့.... အမျိုးသမီး နှစ်ယောက်လည်း တမန်တော်တွေပဲလား။”

“အန်ဂီလီနဲ့ အန်ခီလီတို့က အိန်ဂျယ်တွေ။ ဒါပေမယ့် အဲဒီမိန်းမနှစ်ယောက်က အန်ဂီလီနဲ့ အန်ခီလီဆိုတဲ့ တမန်တော် နှစ်ပါးရဲ့ အမည်နာမကို ခံယူထားတဲ့ အထူး-အဆင့် လူသားတွေ။ တကယ့် အန်ခီလီနဲ့ အန်ဂီလီတို့က ဟိုးကတည်းက သေသွားလောက်ပြီ။ မိုက်ကယ်လို လူတွေက သူတို့ကိုယ်သူတို့ နတ်ဘုရားဖြစ်နေပြီလို့ တကယ် ထင်နေကြတာလား။ သူတို့က နတ်ဘုရားအစေခံတစ်ပါးကို ဒီလိုမျိုး တာဝန်ပေးအပ် ထားတယ်။ သူတို့အားလုံးက မောက်မာနေကြပြီး အတ္တပေမ ဝါဒီသမားတွေပဲ။”

အန်ဂီလီနဲ့ အန်ခီလီက တမန်တော်တွေရဲ့ အမည်ကို ခံယူထားတဲ့ လူသားတွေတဲ့လား။ အစ်ဇ်ယိုရူးလ်ကော။ ဇီဟုန်အန်ကောလား။

တကယ့် တမန်တော်က နတ်သက်ကြွေသွားပြီတဲ့လား။

ချန်လွေ့ တစ်ခုခုကို ဝေဝေဝါးဝါး နားလည်လိုက်သည်။ မေးရင်းနှင့် သူက လှေကားထစ်များကို လျင်မြန်စွာတက်ရင်း ဆက်သွားနေခဲ့သည်။

ရှေ့မှ ယုံကြည်မှုစွမ်းအား ပို၍ ပို၍ ပြင်းထန်လာပြီး အန္တရာယ်ရှိသော ခံစားချက် သယ်ဆောင်ထား၏။ မမြင်နိုင်သော ဖိအားကလည်း တစ်လှမ်းချင်းစီတွင် တိုးလာ နေသည်။ ချန်လွေ့တွင် အချိန် လုံလုံလောက်လောက် ရှိပါက ထိုကဲ့သို့ အလွန်သိပ်သည်းလှသော ယုံကြည်မှု စွမ်းအားကို ကိုယ်ပိုင်အသုံးပြုရန် အတွက် ပြောင်းလဲရန် [ကြယ်ဝါးမျိုခြင်း] ကဲ့သို့ စွမ်းရည်များကို အသုံးပြုကာ ဖြည်းဖြည်းချင်း ခြေဖျက်ပြီး စုပ်ယူနိုင်မည် ဖြစ်သည်။

သို့သော် သူ့တွင် အချိန် မရှိသောကြောင့် သိဒ္ဓိအလင်းတောင်၏ ယုံကြည်မှုစွမ်းအားက အန္တရာယ် အရှိဆုံး လက်နက် ဖြစ်လာခဲ့သည်။

သစ်ရွက်တစ်ရွက်၊ ဖုန်တစ်မှုန်၊ လေတစ်ဝှေ့... ကောင်းကင်မှ လရောင်ပင် သေစေနိုင်သော အရာများအဖြစ် ပြောင်းလဲသွား၏။

အသူရာလည်း “လောကရှိ အရာအားလုံးက လက်နက်များ ဖြစ်သည်” ဟူသော တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ခဲ့ရဖူးသည်။ သို့သော် ထိုအချိန်က အသူရာ၏ စွမ်းအားသည် တိုင်းပြည်အဆင့်ပင် မရောက်သေး သောကြောင့် ခြေလှမ်းတိုင်း ရုန်းကန်ခဲ့ရသည်။ ချန်လွေ့က လက်ရှိစွမ်းအားဖြင့် ထိုအဆင့်၏ တိုက်ခိုက်မှုကို လုံးဝ ခုခံနိုင်မည်၊ ပြီးနိုင်မည်ဟု အစပိုင်းတွင် ထင်ခဲ့သည်။ သို့သော် တိုက်ခိုက်မှု၏ စွမ်းအားသည် ထင်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ သူက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိနေသော်လည်း ထိုပတ်ဝန်းကျင်တွင် ရှိနေခြင်းမှာ ရေခဲပါးပါးလေး အပေါ်တွင် လမ်းလျှောက်နေရ သကဲ့သို့ ဖြစ်နေသည်။ အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရပေမည်။

ချန်လွေ့ အနည်းငယ် သဘောပေါက် သွားခဲ့သည်။ ဒါက ဥပဒေသတစ်ခုရဲ့ စွမ်းအားပဲ။ ဘယ်လောက်ပဲ အစွမ်းထက်ထက် သိဒ္ဓိအလင်းတောင်ထိပ်ပေါ်က ဒီနေရာထဲ ဝင်လာတာနဲ့ ဒီလို သေစေနိုင်တဲ့ အန္တရာယ်ကို ကြုံရမယ်။ ဖိုက်သွန်လို နတ်ဘုရား-ယောင် အဆင့်တောင်မှ ခြွင်းချက် မဟုတ်ဘူး။ အခြေအနေ အချို့ကြောင့် လုံးဝပြီးနိုင်ရင် ဒါမှမဟုတ် ‘ဥပဒေသ’ကို အကြွင်းမဲ့စွမ်းအားနဲ့ လုံးဝ ကျော်လွန် နိုင်မှပဲ ရမယ်။

ချန်လွေ့က စွမ်းရည် အမျိုးမျိုးကို အစွမ်းကုန် အသုံးပြုကာ ဖိုက်သွန်၏ လမ်းညွှန်မှုနှင့် အကူအညီဖြင့် ‘တရစပ်ပစ်ခတ်မှု’များကြားမှ တစ်လှမ်းချင်း ရှေ့သို့ သွားခဲ့သည်။ ယုံကြည်မှုစွမ်းအားကြားတွင် ထူးခြားသော အငွေ့အသက်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ထိုအငွေ့အသက်က ချန်လွေ့ကို ယခင်က တစ်နေရာရာ၌ ခံစားဖူးသကဲ့သို့ မရေမရာသော ရင်းနှီးသည့် ခံစားချက်တစ်ခု ပေးနေခဲ့သည်။ အသူရာ ယခင်က ထိုနေရာသို့ လာရောက်ဖူး၍ မဟုတ်ဘဲ၊ သူ့ကိုယ်တိုင်ဆီမှ စစ်မှန်သော ခံစားချက် ဖြစ်သည်။ သို့သော် သူ မမှတ်မိပေ။

“‘ဖန်တီးခြင်း’ရဲ့ အငွေ့အသက်!” ဖိုက်သွန် အားတက် သွားခဲ့သည်။ သူ၏ လေသံက နည်းနည်း မြောက်သွား၏။ “မြန်မြန်။ ရှေ့ဆက်သွားတော့!”

ချန်လွေ့က ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးနောက် ရုတ်တရက် ရပ်တန့်သွား၏။ အကြောင်းမှာ သူ၏အမြင်အာရုံ အခြား အာရုံခံစားမှုများက သတိမထားမိ သေးသော်လည်း [သရုပ်ခွဲမျက်လုံး]က ရှေ့တွင်ရှိသော ပုံမှန်မဟုတ်သည့် အရာကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။

မျိုးနွယ်စု - မဆုံးဖြတ်နိုင်။

စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။

သူ၏ တုံ့ပြန်မှုက မှန်ကန်သည်။ ဖိုက်သွန်၏အသံ ချက်ချင်းထွက်ပေါ်လာ၏။ “ရပ်တော့!”

သူ့ရှေ့တွင် ပုံရိပ်တစ်ခု ဝိုးတဝါး ပေါ်လာသည်။ ထိုပုံရိပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယုံကြည်မှု တိုက်ခိုက်ရေး စွမ်းအားအားလုံးက အထူးစွမ်းအား တစ်ခုဖြင့် ဆွဲငင်ခံ ရသကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားနောက် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

ထိုငြိမ်သက်မှုက အပေါ်ယံသာ ဖြစ်သည်။ ချန်လွေ့က ပို၍ ကြောက်စရာကောင်းတဲ့ စွမ်းအားတစ်ခုက အဆက်မပြတ် စုဆောင်း၊ ဖိသိပ်၊ စုစည်းနေသည်ကို အသေအချာ ခံစားမိသည်။ ၎င်းကို ဖောက်ခွဲလိုက်သည်နှင့် ကြောက်စရာ စွမ်းအားက သုံးလေးဆ ဖြစ်သွားပေလိမ့်မည်။

လရောင်က ရုတ်တရက် အလွန်တောက်ပလာသော်လည်း နေကဲ့သို့ မစူးရှပေ။ ပို၍ ကြည်လင်ပြီး နူးညံ့ကာ လရောင်တစ်ခုလုံးကို ထိုပုံရိပ်က ဆွဲဆောင်ထားပုံရသည်။

ထိုသူက အပို အနားသတ်များ မရှိသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ပြီးပြည့်စုံ လုနီးပါးဖြစ်သည့် အမျိုးသားတစ်ဦးဖြစ်သည်။ သူ့၏ ရွှေရောင်ဆံပင်ရှည်များက ပခုံးပေါ် ပြန့်ကျဲနေ၏။ မျက်နှာက ဝိုးတဝါး ဖြစ်နေသော်လည်း စိတ်ဖြင့် သူ့ရဲ့ နှိုင်းယှဉ်မရလောက်အောင် ချောမောသည့် မျက်နှာသွင်ပြင်ကို ခံစားနိုင်လေသည်။ ထိုအရာက လုံးဝကို အပြစ်အနာအဆာ ကင်းမဲ့နေ၏။

ချန်လွေ့က ‘အာသာ’သည် ခန့်ညားသူ တစ်ယောက်ဟု ထင်ခဲ့သော်လည်း ထိုလူ အရှေ့တွင်တော့ သိသိသာသာ မှေးမှိန်သွားခဲ့ရသည်။

အထင်ကြီးစရာ အကောင်းဆုံးမှာ တစ်ကိုယ်လုံးမှ ထွက်လာနေသော မြင့်မြတ်သည့် စိတ်နေသဘောထားပင်။ ထိုအရာက နံနက်ခင်းနေရောင်ကဲ့သို့ နူးညံ့ပြီး တည်ကြည်၏။ လူအများ၏ မသိစိတ်မှ ရှက်ရွံ့စေပြီး တချိန်တည်းမှာပဲ ဒူးထောက် ကိုးကွယ်ချင်စိတ်ကို ဖြစ်ပေါ်စေလေသည်။

ထိုကဲ့သို့ ‘ကိုးကွယ်ချင်စိတ်’မျိုးကို ချန်လွေ့သည် စေတန် နှင့် ဆာရီရယ်တို့ကို ရင်ဆိုင်ရသော အချိန်တွင်ပင် မခံစား ခဲ့ရပေ။ ဖရိုဖရဲဘုံမှ ထိုအလွန်ကြီးမားသော “ရုပ်အလောင်း”များကို ရင်ဆိုင်ရသော အခါမှသာ ထိုကဲ့သို့ ခံစားခဲ့ဖူးသည်။

သို့သော်လည်း နေအဖွဲ့အစည်းကဲ့သို့ များပြားသော ‘ရုပ်အလောင်းများ’နှင့် နှိုင်းယှဉ်လျှင် ထိုသူ၏ စိတ်နေသဘောထားက များစွာ လျော့ပါးနေသည်။ ၎င်းမှာ အပေါ်ယံ ‘မြင့်မြတ်ခြင်း’ ပုံစံမျိုး ဖြစ်နေသည်။ ချန်လွေ့၏ လက်ရှိ ယုံကြည်မှုစွမ်းအားကို နားလည်မှုအရ ‘မြင့်မြတ်ခြင်း’၊ ‘တည်ကြည်ခြင်း’နှင့် ‘ကိုးကွယ်ခြင်း’တို့မှာ ‘ရုပ်အလောင်း’ များကဲ့သို့ အတွင်းပိုင်းမှ စစ်မှန်သော အရည်အသွေး များထက် ယုံကြည်မှုစွမ်းအားဖြင့် တည်ဆောက်ထားသော ‘အကာအကွယ်’ ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နေသည်။

ထိုသို့ဆိုသည့်တိုင် ထိုသူ၏ အဟုန်နှင့် စွမ်းအားက ချန်လွေ့၏ လက်ရှိ အခြေအနေထက် သာလွန်နေသည်။ ဖိုက်သွန်၏စွမ်းအားသာ မပါခဲ့လျှင် ထိုသူ ထုတ်လွှတ်သော အငွေ့အသက်ဖြင့်ပင် အနိုင်ယူခံရမည် ဖြစ်သည်။

ဒီလိုစွမ်းအား! ဒီလိုအရှိန်အဟုန်မျိုး!

ကောင်းကင်တမန် (၃)ပါး!

ငါ အရင်က မြင်ခဲ့ဖူးတဲ့ ရာဖယ်ရယ် မဟုတ်ဘူး။ ဒါဆို ဒါက ဂေဘရီရယ် မဟုတ်ရင် ...

“မိုက်ကယ်...” ဖိုက်သွန်၏ အသံက ချန်လွေ့၏ စိတ်ထဲတွင် ထွက်ပေါ်လာပြီး ဖြစ်သည်။

အသေအချာပင်။ ထိုသူက ကောင်းကင်တမန် သုံးပါး၏ ခေါင်းဆောင်ဖြစ်သော မိုက်ကယ်ပင်။

“ဖိုက်သွန်လား....” မိုက်ကယ်က ချန်လွေ့၏ ဝိညာဉ်ထဲမှ ဖိုက်သွန်၏အသံကို ကြားလိုက်ရသလို ပြောလိုက်၏။ အသံက ထူထဲပြီး နူးညံ့သော်လည်း ခန့်ညားတည်ကြည်ခြင်းကို ဖော်ကြူးနေသည်။

“ဟမ့်။ မိုက်ကယ်။ အတော်လေး ကြာခဲ့ပြီနော်။” သူတို့နှစ်ယောက်က အရင်ကတည်းက သိနေခဲ့ကြသော သူများကဲ့သို့ပင်။ မိုက်ကယ်ကို ရင်ဆိုင်ရာတွင် ဖိုက်သွန်က မဖုံးကွယ်နိုင်မှန်း သိ‌သော်လည်း ချန်လွေ့၏ ခန္ဓာကိုယ်မှ မထွက်လာခဲ့ပေ။

“မင်းက ခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်တာလား။ ဒါမှမဟုတ် တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာလား...” မိုက်ကယ်ရဲ့ လေသံက အနည်းငယ် အံ့သြသွား၏။ “ဒီတော့ မင်းက ဖန်တီးခြင်း စာအုပ်ကို ခိုးယူဖို့အတွက် ဒီလို အမြင့်မြတ်ဆုံး ဘုရားသခင် ယုံကြည်မှုနယ်မြေကို ကျူးကျော် ဝင်ရောက် လာတာလား။”

“အမြင့်မြတ်ဆုံး ဘုရားသခင်ယုံကြည်မှု နယ်မြေတဲ့လား။” ဖိုက်သွန်၏အသံက ဖုံးကွယ်မထားသော မထီမဲ့မြင်ပြုတဲ့ သဘောများ ပြည့်နေသည်။ “ဘုရားသခင်ကို လှည့်စားတဲ့ အစေခံ။ လှည့်စားတာ ကြာလွန်းလို့ ကိုယ့်ကိုယ်ကိုယ်တောင် လှည့်စားနေပြီလား။”

မိုက်ကယ်က အလွန်တည်ငြိမ်နေပုံ ရသည်။ “ငါက ကိုယ့်ကိုယ်ကိုယ် မလှည့်စားပါဘူး။ ငါက နတ်ဘုရား မဟုတ်သေးဘူး။ ဒါပေမယ့် အဲဒီလမ်းကြောင်းရဲ့ အစွန်အဖျားလေးကို ထိရုံလေးပါ။”

“အစွန်အဖျားလေးကို ရှင် တကယ် ထိနိုင်ခဲ့တယ် ဟုတ်လား။” ဖိုက်သွန် မရယ်တော့ဘဲ ခဏတာ ငြိမ်သက်နေပြီး သက်ပြင်းချလိုက်၏။ “သိဒ္ဓိကျောင်းတော်ကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့ပြီးတဲ့နောက် ရှင် တကယ် တစ်ခုခု အောင်မြင်ခဲ့ပုံရတယ်။ ဒါပေမယ့် အစွန်အဖျားကို ထိမိရုံနဲ့ ခြေလှမ်းလှမ်းတာ မဟုတ်ဘူးဆိုတာ ရှင်နဲ့ ကျွန်မ ကောင်းကောင်း သိကြပါတယ်။”

“မှန်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါက မင်းနဲ့ စေတန် အရှေ့ကို ရောက်နေပြီးပြီ။” မိုက်ကယ်က ခေါင်း အနည်းငယ် ညိတ်လိုက်သည်။ “ကဲ။ အမှတ်တရ အချိန်တွေ ကုန်သွားပြီ။ နောက်ထပ်ကတော့ မင်း အဖမ်းခံဖို့ ရွေးမလား။ ဒါမှမဟုတ် တိုက်ပွဲမှာ ချေမှုန်းခံမလား။”

“စိတ်မပူပါနဲ့။ ဆာ-ကောင်းကင်တမန်ချုပ်။ ကျွန်မရဲ့ ရည်ရွယ်ချက်ကို အရင်ရှင်းပြပါရစေ။” ဖိုက်သွန်က နူးညံ့စွာ ပြုံးလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ “ကျွန်မ ရှင်တို့အပေါ် ရန်လိုစိတ်မရှိပါဘူး။ မဟုတ်ရင် ဒီလိုမျိုး တန်းတန်းမတ်မတ် လာမှာမဟုတ်ဘူးလေ။ ဒီတစ်ခါက ဖန်တီးခြင်းစာအုပ်အတွက် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ယူသွားဖို့ မဟုတ်ဘူး။ ဖန်တီးမှုရဲ့ စွမ်းအားအပြည့်အစုံကို နားလည်ပြီးတော့ ကျွန်မရဲ့ ကိုယ်ခန္ဓာကို ပြန်လည်ဖန်တီးဖို့ နည်းလမ်းရှိမရှိ ကြည့်မလို့ပါ။ ဒီတစ်ခါ ကူညီပေးရင် ကျွန်မ ရှင့်အပေါ် အကြွေးတင်နေမှာပါ။ နောက်တော့.... တစ်ခုခု ဖြစ်လာရင် ကျွန်မ ရှင့်ဘက်မှာ ရပ်နေပေးမှာပါ။”

“အကူအညီ ဟုတ်လား။” မိုက်ကယ်က ပြုံးလိုက် သော်လည်း စိတ်အနည်းငယ်မျှ ပါပုံမရပေ။ “ရှုံးနိမ့်ခဲ့တဲ့သူ။ ဒီစကားလုံးက ငါတို့ကြားမှာ ပေါ်လာလိမ့်မယ်လို့ မင်း ထင်နေတာလား။”

“ထာဝရရန်သူ၊ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး။ အလင်းနဲ့ အမှောင်က အမြဲတမ်းအတူ ယှဉ်တွဲနေတာ။ ‘အမှောင်’ မရှိရင် ‘အလင်း’က ဘယ်လိုများ ဒီလောက် တောက်ပနိုင်မှာလဲ။”

မိုက်ကယ်က လှောင်ပြောင်လိုက်၏။ “ကံဆိုးချင်တော့ စိတ်ဝင်စားတဲ့ ရှုထောင့်ကကြည့်ရင်တောင် မင်းမှာ ငါ လိုအပ်တာမျိုး မရှိဘူး။ ပြီးတော့လည်း ငါ မင်းကို လုံးဝမယုံဘူး။ မင်း ငါ့ကို အညံ့ခံဖို့ ဆန္ဒ မရှိရင်ပေါ့။”

“ဟားဟား!” ဖိုက်သွန်က အရယ်ရဆုံး အရာကို ကြားလိုက်ရသကဲ့သို့ပင်။ “ရှင့်ကို အရှုံးပေးရမယ် ဟုတ်လား။ မိုက်ကယ်။ ရှင်က ယုံကြည်မှုအချို့ကို ခိုးပြီးတာနဲ့ နတ်ဘုရား ဖြစ်နေပြီလို့ တကယ်ထင်နေတာလား။”

“ငါပြောခဲ့သလိုပဲ၊ ငါ နတ်ဘုရားမဟုတ်သေးဘူး၊ ဒါပေမယ့် နတ်ဘုရားအဆင့်နဲ့ အနီးစပ်ဆုံး ဆိုတာကတော့ အသေအချာပဲ။” မိုက်ကယ်၏ ခန္ဓာကိုယ်ပေါ်က အငွေ့အသက် တဖြည်းဖြည်း ပြောင်းလဲသွား၏။ သူ့၏ ရွှေရောင်ဆံပင်များ လှုပ်ယမ်းနေပြီး ဖိနှိပ်ခံထားရတဲ့ ယုံကြည်မှု စွမ်းအားက ပေါက်ကွဲရန် လက္ခဏာများ ပြသလာသည်။

ချန်လွေ့က ထိုစွမ်းအား၏ ကြီးကျယ်ခမ်းနားမှုကို ဖော်ပြနိုင်ခြင်း မရှိတော့ပေ။ စေတန် သို့မဟုတ် ဆာရီရယ်တို့ပင် ( သူတို့က စစ်မှန်သောစွမ်းအားကို မထုတ်လွှတ် သေးခြင်းကြောင့်လည်း ဖြစ်နိုင်သည် ) ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို သူ့အား မပေးစွမ်းနိုင်ခဲ့ပေ။

“ရှင့်ကို ရွေးချယ်ခွင့်ပေးမယ်။ ဘေးဖယ်နေ။” ဖိုက်သွန်၏ အသံသည် အေးစက်နေသည်။ “မဟုတ်ရင် သေရမယ်။”

“ဒီလို ထူးဆန်းတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုးက...” မိုက်ကယ်က ချန်လွေ့ကို လှမ်းကြည့်ပြီး ခေါင်းခါလိုက်၏။ “သိဒ္ဓိအလင်းတောင်မှာ ငါနဲ့ ယှဉ်ပြိုင်ဖို့ မင်းမှာ ယုံကြည်မှုရှိတဲ့ အကြောင်းရင်းကို ငါ စဉ်းစားလို့မရဘူး။ မင်းက ဝိညာဉ်သက်သက်ပဲ ဆိုတာကို အသာထား။ အကောင်းဆုံး အခြေအနေမှာတောင် မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဒီတိုင်းပြည်အဆင့် ပုရွက်ဆိတ်လေးက မင်း လွတ်မြောက်ဖို့ အတွက် အဓိကကျတယ်လို့ ထင်နေတာလား။”

ဖိုက်သွန်က ရယ်လိုက်ပြီး ချန်လွေ့ရဲ့ ခန္ဓာကိုယ်က ရယ်သံနဲ့အတူ လှုပ်ရှားသွားခဲ့သည်။ သူက မသိစိတ်မှ ပျက်စီးခြင်း ဇစ်မြစ်စွမ်းအားကို ထုတ်လွှတ်လိုက်၏။

“ကျွန်မ ‘ထွက်ပြေးဖို့’ စဉ်းစားနေတာ မဟုတ်ဘူး။ သူကလည်း ပုရွက်ဆိတ်တစ်ကောင် မဟုတ်ဘူး။ သူက... ရှင့်ကို၊ ကျွန်မကို၊ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တစ်ခုပဲ။”

ထိုစကားကို ချန်လွေ့ ကြားလိုက်ရသောအခါ အံ့အားသင့် သွားခဲ့သည်။

“သူ့မှာ ထူးခြားတဲ့ ပျက်စီးခြင်းခန္ဓာကိုယ် ရှိပြီးတော့ ပျက်စီးခြင်းစာအုပ်ရဲ့ ပြီးပြည့်စုံတဲ့ ဇစ်မြစ်စွမ်းအားနဲ့ ပေါင်းစပ်ထားတယ်။ ဒီလိုအခြေအနေမျိုးက ဖန်တီးခြင်း စာအုပ် အခြေအနေနဲ့ တော်တော်လေး နီးစပ်တယ်။ ဒီလူထဲက ပျက်စီးခြင်းစွမ်းအားကို လျှို့ဝှက်ပညာရပ်နဲ့ နှိုးဆွပြီး ပေါက်ကွဲအောင် လုပ်လိုက်တာနဲ့ သူ့ရဲ့ဇစ်မြစ်ထက် အဆများစွာ ပိုကြီးတဲ့ ပေါက်ကွဲမှုဖြစ်လာလိမ့်မယ်...။ ပြီးပြည့်စုံတဲ့ ပျက်စီးခြင်းဇစ်မြစ်နဲ့ ပြီးပြည့်စုံတဲ့ ဖန်တီးခြင်း ဇစ်မြစ်တွေရဲ့ စွမ်းအားတွေ ရောနှောသွားတဲ့အခါ ဘာဖြစ်လာမလဲ ဆိုတာ ရှင်သိမှာပဲ။” ဖိုက်သွန်၏ ကြွပ်ဆတ်ဆတ် ရယ်သံ ထွက်ပေါ်လာ၏။ အလွန် ချိုမြိန် သော်လည်း ချန်လွေ့၏ နားထဲဤ အလွန်ပင် ကြက်သီးထစရာ ကောင်းနေသည်။

ချန်လွေ့က မည်သည်ကြောင့် ဖိုက်သွန်က မိမိကို လူသားလောကနှင့် သိဒ္ဓိအလင်းတောင်ဆီသို့ ခေါ်လာရသည့် အကြောင်းရင်းကို နောက်ဆုံး သ‌ဘောပေါက်သွားခဲ့သည်။

မိုက်ကယ်၏ မျက်လုံးများ ရုတ်တရက် သုန်မှုန်သွားသည်။ ထို‘ပုရွက်ဆိတ်’၏ စွမ်းအားက အားနည်းသော်လည်း အလွန်သန့်စင်သော ပျက်စီးခြင်းဥပဒေသကို ပိုင်ဆိုင်ထား၏။ ဒါက တကယ်ပဲ ပျက်စီးခြင်း ဇစ်မြစ်ရဲ့ ပြီးပြည့်စုံတဲ့ စွမ်းအားလား။

ဖိုက်သွန်၏ရယ်သံက ပိုမိုဆွဲဆောင်မှု ရှိလာပြီး ချန်လွေ့ထဲရှိ ပျက်စီးခြင်းဇစ်မြစ် အငွေ့အသက်က ရုတ်တရက် အဆပေါင်းများစွာ တိုးလာခဲ့သည်။ မိုက်ကယ်ပင် အံ့အားသင့် သွားခဲ့သည်။

ပျက်စီးခြင်းနှင့် ဖန်တီးခြင်းတို့သည် အစောဆုံး ဇစ်မြစ်နှစ်ခု ဖြစ်ကြပြီး လုံးဝဆန့်ကျင်ဘက်စွမ်းအား နှစ်ခုလည်း ဖြစ်သည်။ အခြားစွမ်းအားတစ်ခု ကြားခံအဖြစ် မရှိလျှင် ပြီးပြည့်စုံသော ဇစ်မြစ်၏ ပေါက်ကွဲစွမ်းအား တိုက်ရိုက် ရောနှောသွားပါက ဖျက်ဆီးမှုကို အဆတိုးပွား စေသော ပြောင်းလဲမှုတစ်မျိုး ဖြစ်ပစေလိမ့်မည်။ ထိုအချိန် အရာအားလုံး ပျက်စီးပြီးသွားမှသာ ပြန်လည် မွေးဖွား လာမည် ဖြစ်သည်။ ထိုဖြစ်စဉ်သည် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသော်လည်း မူရင်းအရာများ ပျောက်ကွယ်သွားမည် ဖြစ်သည်။

မိုက်ကယ်သည် ထိုသို့သော ‘ကြားခံ’ စွမ်းအားမျိုးကို သေချာပေါက် ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုစွမ်းအား အမှန်တကယ်ပေါက်ကွဲပါက မိုက်ကယ် အသက်ရှင်လျက် လွတ်နိုင်စေကာမူ သိဒ္ဓိအလင်းတောင်နှင့် ကမ်းပါးဖြူတစ်ခုလုံးပင် ပျက်စီးသွားမည် ဖြစ်သည်။ သူ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများလည်း ပျက်စီးသွားမည် ဖြစ်သည်။

စစ်မှန်သော ဖန်တီးခြင်း စာအုပ်နှင့် ပျက်စီးခြင်း စာအုပ်တို့ တိုက်ရိုက်ရောယှက်မိပါက လောကကြီးတစ်ခုလုံး၊ ဂြိုဟ်တစ်ခုလုံးက...

ချန်လွေ့သည် ဖိုက်သွန်၏ ဝိညာဉ်စွမ်းအားမှ လွတ်မြောက်ရန်၊ ပျက်စီးခြင်းဇစ်မြစ် စွမ်းအားကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်သည် ရုပ်သေးရုပ်ကဲ့သို့ပင် ထိန်းချုပ်မှုအောက်မှ လံုးဝ ကင်းလွတ်နေသည်ဟု ခံစားလိုက်ရသည်။ သူ ထိတ်လန့်ပြီး ဒေါသထွက်သွား၏။ “မဒမ်-ဖိုက်သွန်။ ခင်ဗျား...”

“အံ့ဩသွားလား။ ငါက မင်းနဲ့ လက်အောက်ခံ-သခင် စာချုပ် ချုပ်ပြီးတာနဲ့ လုံးဝစိတ်အေးလက်အေး ဖြစ်သွားပြီလို့ ထင်နေတာလား။ ကံဆိုးချင်တော့ ငါက ဆာရီရယ် မဟုတ်ဘူး။” ဖိုက်သွန်၏ အသံက နူးညံ့လွန်း၍ ချန်လွေ့ ကြက်သီးမွှေးညှင်းများ ထသွားခဲ့သည်။ “မင်းရဲ့စွမ်းအားက နည်းပါးပေမယ့် ငါ မင်းကို အထင်မသေးခဲ့ဘူး။ ဆာရီရယ်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်တဲ့သူက ဒီလိုရိုးရှင်းတဲ့သူ ဖြစ်နိုင်မလား။ မင်း ကာမေရယ်ဆီ ရောက်နေတုန်းက အချိန်ကို မှတ်မိလား။ အဲဒီ အံ့သြဖွယ်ရာ စိတ်ဝိညာဉ် ပေါင်းစပ်မှု... အဲဒီတုန်းက ငါ မင်းကို အမှန်တကယ် ထိန်းချုပ်ခဲ့တာ။”

ချန်လွေ့ ရုတ်တရက် သဘောပေါက်သွား၏။ ဖိုက်သွန် က သူ့ဝိညာဉ်ကို ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ပေါင်းစည်းခဲ့ခြင်းမှာ ကာမေရယ်ကို ကိုင်တွယ်ရန် မဟုတ်ဘဲ၊ ကာမေရယ် ကို အသုံးချ၍ နတ်ဘုရားတစ်ပိုင်းဖြစ်သော ကာမေရယ် ကို ချန်လွေ့ ‘မနိုင်’ဟူသော အချက်ကို အသုံးပြုကာ သူ့ကို အမှန်တကယ် ထိန်းချုပ်ရန် ဖြစ်သည်။ ထို့ကြောင့် သူက အတော် ကြိုးစားခဲ့သော်လည်း ကာမေရယ် လွတ်မြောက် သွားခဲ့ခြင်းပင်။ ကာမေရယ် မရှိလျှင်ပင် မိုက်ကယ်ကဲ့သို့သော အင်အားကြီးရန်သူကို ရင်ဆိုင်ရသောအခါ ဖိုက်သွန် သည် ‘ပေါင်းစည်းခြင်း’ ကို ပြုလုပ်ရန် အခွင့်အရေးယူမည်ဖြစ်သည်။

လက်အောက်ခံ-သခင်စာချုပ် ချုပ်ဆိုခြင်းသည် ချန်လွေ့၏ လှည့်စားမှု အောင်မြင်ပုံပေါ်သော်လည်း တကယ်တမ်းတွင် သူကိုယ်တိုင် လှည့်ဖြားခံခဲ့ရပြီး သတိလက်လွတ် ဖြစ်သွားခဲ့လေသည်။ ယခု ပြန်စဉ်းစားကြည့်လျှင် ဖိုက်သွန် သည် နတ်ဆိုးဘုံတွင် သူ့ကို ပျက်စီးခြင်းဇစ်မြစ် ဥပဒေသ၏ နက်နဲမှုကို ဂရုတစိုက် သင်ကြားပေးခဲ့ခြင်းကလည်း ယခုအတွက်ပင် ဖြစ်လေသည်။

ထိုသို့သော စိတ်နှင့် နည်းလမ်းများကြောင့် ထိုမိန်းမကို ‘ကြောက်မက်ဖွယ်ကောင်းသည်’ဟုသာ ဖော်ပြနိုင်၏။ အလွန် သတိထားတတ်သော ချန်လွေ့ပင် လှည့်ဖြားခံခဲ့ရ၏။

“ခင်ဗျား ဘာနည်းလမ်းကို သုံးခဲ့တာလဲ” ချန်လွေ့က ဒေါသတကြီး ပြောလိုက်သည်။

“စိတ်ဝိညာဉ် ပေါင်းစည်းခြင်းအပြင် ပျက်စီးခြင်း ဥပဒေသနဲ့ အရှိန်အဟုန်ကို ပေါင်းစပ်ထားတဲ့ အဆိပ် တစ်မျိုးလည်း ရှိသေးတယ်။ ကျွန်မက အဲဒါကို ‘ချစ်မြတ်နိုးမှု’ လို့ နာမည်ပေးထားတယ်။ မင်းလို လူအတစ်ယောက် အတွက် မိသားစု၊ မိတ်ဆွေ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာဆိုတာ အကြီးမားဆုံး အချုပ်အနှောင်နဲ့ အစွမ်းအထက်ဆုံး အဆိပ်ပဲ။ အဲဒါကြောင့် မင်းမှာ ထူးခြားတဲ့စွမ်းရည်နဲ့ ဉာဏ်ပညာ ရှိနေရင်တောင် ငါ မင်းကို အလွယ်တကူ ထိန်းချုပ်နိုင်တယ်။”

All Chapters