ကာမေရယ်
Vol. 57 Ch. 926
အလွန်ကြီးမားသော 'မိုက်ကယ်’တောင်က မိမိအား ဆုပ်ကိုင်မရသော ဖိအားခံစားချက်တစ်ခု ပေးနေသဖြင့် ချန်လွေ့ မနေရဲတော့ပေ။ ပုပ်ရဟန်းမင်းရှိရာ ကောင်းကင် ချိပ်ပိတ်ခန်းမသို့ သတိဖြင့် ရှောင်ကွင်းကာ အသူရာ၏ ယခင်လမ်းကြောင်းအတိုင်း သိဒ္ဓိအလင်းတောင်ထိပ်သို့ ဦးတည် သွားခဲ့သည်။
ထူးဆန်းစွာပင် ကောင်းကင်ချိပ်ပိတ်ခန်းမကို ရှောင်ကွင်း ပြီးနောက် ရှေ့မှ လမ်းသည် အသူရာ မှတ်မိနေသော လမ်းကြောင်းနှင့် လုံးဝ ကွာခြားသွားသည်။ မူလက ကြမ်းတမ်းသော တောင်လမ်းသည် လှေကားထစ်များ ဖြစ်လာသည်။ သူ မည်သည့်ဘက်သို့ သွားသည်ဖြစ်စေ၊ ကျောက်စိမ်းဖြူကဲ့သို့ လှေကားထစ်များက ကြိုတင်ပြင်ဆင် ထားသကဲ့သို့ ခြေဖဝါးအောက်တွင် ပေါ်လာ၏။
ဖိုက်သွန်၏အသံ ထွက်ပေါ်လာ၏။ “ဒါက နေရာလွတ် လမ်းပြပဲ။ ဒါက မင်းကို ရန်သူရဲ့ အင်အားအကြီးဆုံး တပ်ဖွဲ့တွေ စုဝေးတဲ့နေရာကို ပို့ပေးလိမ့်မယ်။ မင်း ခုနက မှော်စက်ဝိုင်းကို ဖွင့်လိုက်လို့ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်မယ်။ ဒါပေမယ့် မင်းက အတင်း ကျူးကျော် ဝင်ရောက်ပြီးသားဆိုတော့ ဖော်ထုတ်ခံရမှာကို ကြောက်စရာ မလိုဘူး။ ဒါက ရိုးရိုးသာမန် နေရာလွတ် လမ်းပြတစ်ခုပဲ။ နောက်ပိုင်း ငါပြောတဲ့ လမ်းကြောင်းအတိုင်း အရှိန်အပြည့်နဲ့ သွား။ လမ်းမှာ မြင်သမျှကို ဂရုမစိုက်နဲ့။”
ဟုတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီတစ်ခေါက် အစွမ်းကုန် သုံးရမှာပဲ။ ချန်လွေ့ တွေးမနေတော့ဘဲ အရှိန်တင်လိုက်၏။ မရေမတွက်နိုင်သော စစ်သည်တော်များ၏ ပုံရိပ်များက လှေကားထစ်များမှ ထွက်ပေါ်လာတော့သည်။
ချန်လွေ့၏ သာမန်အာရုံခံစားမှုတွင် သူတို့အားလုံးသည် အစစ်အမှန်များဖြစ်ပြီး အလွန်အစွမ်းထက်ကြသည်။ သူ ရှောင်တိမ်းခြင်းမပြုပါက သေချာပေါက် ထိခိုက်ဒဏ်ရာရမည် ဖြစ်သည်။ သို့သော် [သရုပ်ခွဲမျက်လုံး] တွင် အသက် တည်ရှိမှု ပြသခြင်းမရှိဘဲ စူပါစနစ်တွင် စိတ်ဝိညာဉ် ကျူးကျော်ခြင်း အချက်ပေးသံများ ပေါက်ကွဲထွက်လာသည်။ ထိုအရာများက သိဒ္ဓိအလင်းတောင်၏ ယုံကြည်မှု စွမ်းအားကြောင့် ဖြစ်လာသော အစွမ်းထက် ပုံရိပ်ယောင်များဖြစ်ပုံရသည်။ တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များပင် ခြွင်းချက် မဟုတ်ပေ။
ထိုအရာများက ရိုးရိုးရှင်းရှင်း ပုံရိပ်ယောင်များသာ မဟုတ်ဘဲ ဝိညာဉ်တိုက်ခိုက်မှုတစ်မျိုးလည်း ဖြစ်သည်။ စူပါစနစ်ထဲ၌ အလွန်ကြီးမားသော တွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ အချိန်မီ မပြောင်းလဲနိုင်သော ပြင်ပအားများကို [ကြယ်ဝါးမျိုခြင်း]က ဝါးမျိုလိုက်၏။
“မင်းရဲ့စွမ်းရည်က ငါထင်တာထက် ပိုပြီးတော့ အစွမ်းထက်တာပဲ။ ယုံကြည်မှုပါတဲ့ ဝိညာဉ်တိုက်ခိုက်မှုကို မင်း တကယ်ပဲ လျစ်လျူရှုနိုင်ခဲ့တယ်။” ဖိုက်သွန်က ချီးကျူးလိုက်သည်။ “အခု ဘယ်ဘက်ကို တယ်လီပို့ခုန်ပြီး ရှေ့ကို ခြေလှမ်း ၁၀ လှမ်းသွား...”
ချန်လွေ့က စိတ်ကို အစွမ်းကုန် စုစည်းကာ ထိုပုံရိပ်ယောင်များကို လျစ်လျူရှုလိုက်၏။ သူက ဖိုက်သွန် ပြောသည့် အနေအထားအတိုင်း လျင်မြန်စွာ ရွေ့လျားခဲ့သည်။ သူ အကြိမ်မည်မျှ အနေအထား ပြောင်းလဲခဲ့ရကြောင်း မသိတော့ပေ။ သူ့ခြေထောက်အောက်မှ လှေကားထစ်များ နောက်ဆုံးတွင် မှေးမှိန်သွားကာ ကြမ်းတမ်းသော တောင်လမ်း တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ပြန်လှည့်ကြည့်လိုက်ရာ မိုက်ကယ်၏ ဧရာမ‘ရုပ်ထု’သည် အဝေးတွင် ကျန်ခဲ့လေပြီ။ သူက ကောင်းကင်ချိပ်ပိတ် တောင်ထွတ်၏ နယ်ပယ်မှ လွန်သွားခဲ့ပြီဖြစ်သည်။
သူ့ရှေ့တွင် မြူများဖုံးနေသော တောင်ကြီးတစ်လုံးရှိပြီး အခြေအနေအတိအကျကို မမြင်ရသော်လည်း မယှဉ်နိုင်သော ကြွယ်ဝသည့် ယုံကြည်မှုစွမ်းအားကို ခံစားမိသည်။ ထိုနေရာက ယခုတစ်ခေါက်၏ ပန်းတိုင်ဖြစ်သော သိဒ္ဓိအလင်းတောင်၏ တားမြစ်နယ်မြေဖြစ်ရာ သိဒ္ဓိ အလင်းတောင်ထိပ်ပင်။
သိဒ္ဓိအလင်းတောင်ထိပ်တွင် မှော်စက်ဝိုင်း မရှိပုံရသည်။ သို့မဟုတ် မလိုအပ်တော့ဟု ပြော၍ ရပေသည်။
ချန်လွေ့သည် သိဒ္ဓိအလင်းတောင်ထိပ်သို့ ပထမဆုံး ဝင်ရောက်စဉ် သိဒ္ဓိနဂါး ရာဒါမာရိုအား အသူရာ သတ်ခဲ့သည်ကို သတိရမိလိုက်သည်။ ထို့နောက် နောက်ပိုင်းတွင် အလင်းနတ်ဘုရားကျောင်းသို့ သွားရာလမ်း တလျှောက်တွင် ယုံကြည်မှုစွမ်းအား၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးသည် ယခင် ဝိညာဉ်တိုက်ခိုက်မှု သို့မဟုတ် ပုံရိပ်ယောင်မဟုတ်ဘဲ လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အမှန်တကယ် ချေမှုန်းနိုင်သည်။ အသူရာ၏ အထူး ခန္ဓာကိုယ်ပင်လျှင် အသည်းအသန် ခုခံခဲ့ရသည်။ နောက်ဆုံး အလင်းနတ်ဘုရားကျောင်းကို မြင်လိုက်ရသော အခိုက် အတန့်၌ အသူရာ ချေမှုန်းခံလိုက်ရ၏။
ထိုအချိန်က အသူရာ၏ အဓိကရည်ရွယ်ချက်မှာ စစ်သည်များကို မျှားခေါ်ပြီး လှည့်စားသော နည်းဗျူဟာကို အကောင်အထည်ဖော်ရန် ဖြစ်လေသည်။ ၎င်းမှတစ်ဆင့် နှင်းဖုံးတောင်ထွတ် စင်မြင့်ရှိ နှင်းဒဲလက်ပန်းကို ခိုးယူရန် ဖြစ်သည်။ ထိုအချိန်က အသူရာရော ချန်လွေ့ပါ အထူးအဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့် သူတို့က သိဒ္ဓိအလင်းတောင်၏ တကယ့်စွမ်းအားကို အာရုံမခံမိဘဲ မည်သည့် တကယ့် အတားအဆီးနှင့်မျှလည်း မကြုံတွေ့ ခဲ့ရပေ။ အရေးကြီးဆုံးမှာ “မြင့်မြတ်ပြီး လေးစားအပ်သော သိဒ္ဓိအလင်းတောင်”ကို နှစ်ပေါင်းများစွာကြာအောင် မည်သူမှ မကျူးကျော်ခဲ့သည့်အတွက် အစောင့်အရှောက် အများစုက အိပ်စက်နေသော အခြေအနေ၌ ရှိနေ၍ပင်။
သို့သော် နှင်းဒဲလက်ပန်း ခိုးယူခံရမှုက လိပ်ပြာငယ် တစ်ကောင် ကဲ့သို့ပင်။ လှုပ်ရှားနေသော အတောင်ပံများသည် ဆင့်ကဲသက်ရောက်မှုကို ဖြစ်စေခဲ့သည်။ အစ်ဇ်ယိုရူးလ်၊ ဇီဟုန်အန်နှင့် ရာဖယ်ရယ်တို့၏ ကိုယ်ပွားများပင် နိုးထလာကြသည်။ အထူးသဖြင့် အတောင်ပံ၄ဖက်နှင့် တမန်တော် ၂ပါး ကျဆုံးသောအခါ သိဒ္ဓိအလင်းတောင်သည် စစ်မှန်သောစွမ်းအား‘ပုံစံ’ ကို အသက်သွင်းခဲ့သည်။
ချန်လွေ့ ခဏတာ လမ်းလျှောက် ခဲ့ပြီးနောက် ရုပ်ထု(၃)ခုပါသော စင်မြင့်တစ်ခုက ရှေ့တွင် ထပ်မံ ပေါ်လာသည်။ နောက်တွင် တောင်ပေါ်သို့ တက်ရန် လှေကားထစ်များ ရှိနေ၏။
ရုပ်ထု(၃)ခုထဲတွင် အမျိုးသားသည် အမြင့်ဆုံးနှင့် အသန်မာဆုံးဖြစ်သည်။ သူသည် ၁၀မီတာခန့် မြင့်မားပြီး နောက်ကျောတွင် အတောင်ပံ ၈ခု ပါရှိကာ ခန့်ညား ထည်ဝါသည်။ သူ့ဘေးတွင် အတောင်ပံ ၄ခု ပါသော အမျိုးသမီး ရုပ်ထု(၂)ခု ရှိသည်။
ချန်လွေ့က စင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်မှ လသည် နေကဲ့သို့ အားကောင်းသော အလင်းရောင်ဖြင့် တောက်ပလာခဲ့သည်။ ကြီးကျယ် ခမ်းနားသော စွမ်းအင်တစ်ခုက ချက်ချင်းပင် တစ်နေရာလုံးကို ဖုံးလွှမ်းသွားတော့သည်။
“တားမြစ်နယ်မြေကို ကျူးကျော်တဲ့သူ သေရမယ်...”
လှပသော အမျိုးသမီးနှစ်ယောက်၏ အသံက တပြိုင်နက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တောက်ပသော အလင်းရောင်နှင့်အတူ အစွမ်းထက် အားအင် တစ်ခုက ချန်လွေ့ကို ဖိနှိပ်လာတော့သည်။
ချန်လွေ့၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး လက်ကို ဓားပုံစံ ပြောင်းလဲလိုက်သည်။ ထက်မြက်သော ဓားချီစွမ်းအင် အောက်တွင် ရောင်စုံအလင်းများ စုတ်ပြတ်သွား၏။ သို့သော်လည်း ပြန့်ကျဲနေသော ရောင်စုံအလင်းများသည် ပိုမိုအားကောင်းသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာကာ ကြက်ခြေခတ်ပုံစံကွက်များအဖြစ် ပေါင်းစပ်သွားခဲ့သည်။ နေရာလွတ်ပင် အစိုင်အခဲဖြစ်သွားကာ လူများကို လှုပ်ရှား၍ မရအောင် ဖြစ်သွားစေခဲ့သည်။
ထိုအချိန်တွင် အလွန်ကြီးမားသော အဖြူရောင် အလင်းစက်လုံး (၇)လုံး ပေါ်ထွက်လာသည်။ ထိုအလင်းစက်လုံးများက မမြင်နိုင်သော ချည်များဖြင့် ချိတ်ဆက်ထားပုံရသည်။ ၎င်းတို့က မျက်စိတစ်မှိတ် အတွင်းမှာပင် ပေါက်ကွဲသွားကြသည်။ သူတို့၏ ချိတ်ဆက်မှုက အလင်းစက်လုံး ပေါက်ကွဲမှု စွမ်းအားကို နှစ်ဆတိုးစေနိုင်သော အထူးတိုးမြှင့်မှုတစ်ခု ဖြစ်နေဟန် တူသည်။ ထိုပေါက်ကွဲမှုစွမ်းအားးက အတော်လေးကို ကြောက်စရာ ကောင်းလှသည်။ ရောင်စုံ အလင်းပုံစံကွက်အားလုံးက ချက်ချင်းပင် အပိုင်းပိုင်းဖြစ်ပြီး ချေမှုန်းခံလိုက်ရတော့သည်။
[အရုဏ်ဦး ပစ်ချက်]!
ယခင်က [အရုဏ်ဦးပစ်ချက်] နှင့် [အရှိန်အဝါဓားသွား] တို့၏ စွမ်းအားသည် ကိုယ်ပိုင်အားသာချက်များ ရှိပြီး မီးသင့်နဂါးနှင့် အခြားသော အစွမ်းထက် တိုက်ကွက်များကို မယှဉ်နိုင်ခဲ့ပေ။ ချန်လွေ့သည် ပျက်စီးခြင်းခြင်း ဥပဒေသကို လေ့လာပြီးနောက် [အရုဏ်ဦးပစ်ချက်]နှင့် ပတ်သက်၍ နားလည်မှု အသစ်တစ်ခု ရရှိခဲ့သည်။ ၎င်းမှာ ပျက်စီးခြင်း ဥပဒေသကို အသုံးပြုရာတွင် အလျင်မြန်ဆုံးနှင့် အသက်သာဆုံး တိုက်ကွက်ပင် ဖြစ်လေသည်။ လက်ရှိ တိုက်ကွက်ကို [ကြယ်(၇)ပွင့် ပေါက်ကွဲခြင်း] ဟုခေါ်ကာ [အရုဏ်ဦးပစ်ချက်]မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ပျက်စီးခြင်းဥပဒေသ၏ ဖွဲ့စည်းပုံနှင့် ချိတ်ဆက်မှုအောက်တွင် ပေါက်ကွဲမှု တစ်ခုတိုင်းက စွမ်းအားနှစ်ဆ တိုးလာခဲ့သည်။ [အရုဏ်ဦးပစ်ချက်] ၇ခု၏ ပေါက်ကွဲမှုသည် [အရုဏ်ဦးပစ်ချက်] တစ်ခုတည်း၏ ၇ ဆဖြစ်လေသည်။
ပျက်စီးခြင်းဥပဒေသ၏ အနှစ်သာရကို သူ ပိုမို၍ နားလည်နိုင်လျှင် ထို‘တိုးပွားခြင်း’သည် ‘နှစ်ဆ’ ဖြစ်လာနိုင်၏။ အဟုန်ကလည်း သေချာပေါက် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာမည် ဖြစ်သည်။
[ကြယ်(၇)ပွင် ပေါက်ကွဲခြင်း] ကို စတင်လိုက်သည်နှင့် တပြိုင်နက် ရောင်စုံ အလင်းရောင်များ ပျောက်ကွယ် သွား၏။ သို့သော် စွမ်းအားအပြည့်အဝ မပေါက်ကွဲခင် လက်ဖဝါး တစ်ဖက်တည်းဖြင့် ချေမှုန်းခံလိုက်ရ၏။
“ဟမ့်။ နိမ့်ကျတဲ့ကောင်။ ငါ ကာမယ်ရယ် အရှေ့မှာ မောက်မာရဲတယ်လား။”
စကားပြောလိုက်သူမှာ သန်မာသော အမျိုးသား ဖြစ်ပြီး လက်ထဲတွင် ငွေလှံတစ်လက် ကိုင်ထားကာ နောက်ကျောတွင် အတောင်ပံ ၈ခု တောက်ပနေ၏။ သူ့နောက်တွင် အတောင်ပံ ၄ခုပါသော အမျိုးသမီး ၂ဦးက အနည်းငယ် ထိတ်လန့် နေပုံရသည်။
[သရုပ်ခွဲမျက်လုံး]တွင် ကာမေရယ်၏ အချက်အလက်ကို ပြသထား၏။
မျိုးနွယ်စု - တမန်တော် (တောင်ပံ ၈ခု)
စွမ်းအားအကဲဖြတ်မှု - SSS+
ခန္ဓာအမျိုးအစား - SSS+
ခွန်အား - SSS+
စိတ်ဝိညာဉ် - SSS
အမြန်နှုန်း- SSS+
[စိစစ်မှု]- အလင်းဂုဏ်သတ္တိ။ လက်နက်ကျွမ်းကျင်မှု၊ တိုက်ခိုက်လိုစိတ် တိုးမြှင့်မှု၊ နေရာလွတ် ပါရမီ၊ ကာကွယ်ရေး ပါရမီ။
အန္တရာယ်အဆင့်- အလွန်အမင်း အန္တရာယ်များ။
အမျိုးသမီးနှစ်ဦး၏ စွမ်းအားမှာ SS- နှင့် SS ဖြစ်ပြီး နှစ်ဦးလုံးက တိုင်းပြည်အဆင့်များ ဖြစ်ကြသည်။ သို့သော် ချန်လွေ့ကို အံ့အားသင့်စေသည်မှာ သူတို့၏ မျိုးနွယ်စုက ‘လူသား’ ဖြစ်နေခြင်းပင်။
ကာမေရယ်၏ တောင်ပံများမှာ အစစ်အမှန် တောင်ပံများ ဖြစ်ကြောင်း ချန်လွေ့ သတိပြုမိသည်။ ငွေရောင် အတောင်များသည် တောက်ပသော မြင့်မြတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေပြီး အမွှာဖြစ်နိုင်သည်ဟု ထင်ရသော အမျိုးသမီး၂ဦး၏ နောက်ကျောမှ တောင်ပံများသည် ဇီဟုန်အန်နှင့် အစ်ဇ်ယိုရူးလ်တို့ကဲ့သို့ အလင်းဖြင့် စုစည်းထားခြင်းဖြစ်ပြီး ကိုယ်ထည် မရှိပေ။ ဇီဟုန်အန်နှင့် အစ်ဇ်ယိုရူးလ်တို့၏ မူရင်းမျိုးနွယ်စုကိုလည်း ‘လူသား’အဖြစ် ပြသထားကြောင်း ချန်လွေ့ မှတ်မိသွားသည်။
ဘာတွေဖြစ်နေတာလဲ။
သို့သော် ချန်လွေ့တွင် စဉ်းစားရန် အချိန်မရပေ။ ကာမေရယ်သည် လက်ထဲမှ ငွေလှံကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်နှင့် တပြိုင်နက် နေကဲ့သို့ တောက်ပသော အလင်းရောင်သည် လှံမှ ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပိုင်း အဆင့်၏ အထွတ်အထိပ် စွမ်းအားသည် သူ့ကို အသေမှတ်ထားလိုက်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် ချန်လွေ့က မခံမရပ်နိုင်အောင် ချွေးများ ထွက်လာခဲ့သည်။ သူ၏ စွမ်းအားက အနိမ့်ဆုံး အဆင့်သို့ နီးပါး ဖိနှိပ်ခံလိုက်ရ၏။ [ဓူဝံကြယ်နီ အသွင်းပြောင်းလဲခြင်း] ကို အသုံးပြုပါက ကာမေရယ်ကို တိုက်ခိုက်နိုင်သော်လည်း သူ၏ နောက်ဆုံးဝှက်ဖဲကို ဖိုက်သွန်ရှေ့တွင် ထုတ်ဖော်လိုခြင်းမရှိပေ။
ယခု ချန်လွေ့သည် တိုင်းပြည်အဆင့် အထွတ်အထိပ်သာ ရှိသေးသည်။ နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ် ဖြစ်သော ကာမေရယ်ကို ရင်ဆိုင်ရသောအခါ ဖိုက်သွန်က ဘေးနားမှ ထိုင်ကြည့်နေမည် မဟုတ်ပေ။
အသေအချာပင် ဖိုက်သွန်၏ အသံက ချန်လွေ့၏ စိတ်ထဲသို့ ရောက်ရှိလာသည်။ “မင်းစိတ်ကို ဖြေလျှော့ပြိး ငါ့စွမ်းအားကို လက်ခံလိုက်။ ကျန်တာတွေ ငါ့တာဝန် ထားလိုက်တော့။”
အခြေအနေက အရေးပေါ် ဖြစ်နေကြောင်း သိသည့်အတွက် ချန်လွေ့က စိတ်ကာကွယ်မှုတွေကို ချက်ချင်း ဖြေလျော့လိုက်သည်။ သူက ဝိညာဉ်ကို ရစ်ပတ်နေသော အလွန်နှစ်လိုဖွယ် ခံစားမှုတစ်ခုကို ခံစားလိုက်ရ၏။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်နဲ့ ရေပူစမ်းထဲသို့ ဝင်ရသလိုမျိုးပင် ပြောမပြတတ်သော ပျော်ရွှင်မှုတစ်ခုကို အမှန်တကယ် ခံစားခဲ့ရသည်။ ထို့အပြင် ထိုအရာက ခန္ဓာကိုယ်နဲ့ ဝိညာဉ် လုံးဝပေါင်းစပ်နေသော အမျိုးသားနဲ့ အမျိုးသမီးကြား လိင်ပိုင်းဆိုင်ရာ ဆက်စပ်မှု တစ်ခုဟုလည်း ထင်ရပါသည်။
ထိုအချိန် ကာမေရယ်၏ လက်ထဲမှ လှံက တောက်ပ နေခဲ့သည်။ ကြောက်မက်ဖွယ်ရာ ထက်မြက်သော ချီစွမ်းအင်က ချန်လွေ့၏ ခန္ဓာကိုယ်ကို ဖောက်ဝင်သွား၏။ ချန်လွေ့၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော အလင်း ပိုက်ကွန်များ ရှိနေလေသည်။ နေရာလွတ်ကပင် နက်ရှိုင်းသော ပပ်ကြားအက်များ ဖြစ်သွားကြသည်။ ထိုအရာက ချန်လွေ့ကို ကာမေရယ် အရှင်ဖမ်းချင်၍ ဖြစ်သည်။ သို့မဟုတ်ပါက ထိုတိုင်းပြည်အဆင့် ပုရွက်ဆိတ်ကို သူ အချိန်မရွေး ရှင်းပစ် နိုင်ပေသည်။
“ဆာ-ကာမေယယ်က အရမ်းအစွမ်းထက်တာပဲ။”
“ဟုတ်တယ်။ ဒါက တစ်ချက်တည်းပဲ။ ပြီးတော့…”
“ဟမ့်။ ဒီကောင်က မင်းတို့ကို ခုနက အတော်လေး နာကျင်အောင် လုပ်ခဲ့တာ။ အန်ဂီလီ၊ အန်ခီလီ။ခဏနေရင် စစ်ဆေးမေးမြန်းတာကို မင်းတို့နှစ်ယောက်ဆီ လွှဲပေးမယ်။ သူ့ကို မသတ်နဲ့။” ကာမေရယ်က ထိုသို့ ပြောလိုက်သည်နှင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ ချန်လွေ့ထံမှ အငွေ့များ ထွက်လာသည်ကို သူမြင်လိုက်ရ၏။ အလင်းပိုက်ကွန်က အမှန်တကယ်ပင် ချက်ချင်း အရောင်မှိန် သွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် တိုက်စားခံလိုက် ရလေသည်။
အငွေ့များက ပါးလွှာသော လက်တစ်ဖက်ကဲ့သို့ပင် ငွေလှံဆီသို့ ဝှေ့ယမ်းလိုက်ရာ ထည်ဝါသော ‘နေရောင်’သည် ချက်ချင်း မှေးမှိန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း မှိန်ဖျော့ဖျော့ အလင်းရောင်အဖြစ် ပြောင်းလဲသွားကာ စတင်၍ ပျက်စီးလာခဲ့သည်။
“ငါ့ရဲ့ တရားစီရင်လှံတံ။ ဒါက ပိတ်ပင်ခြင်းပဲ...” ကာမေရယ်သည် ကြောက်မက်ဖွယ်ရာ အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ထူးဆန်းစွာ ညည်းတွားလိုက်၏။ သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အမျိုးသမီးနှစ်ဦးဖြစ်သော အန်ဂီလီနှင့် အန်ခီလီတို့သည် မြူဆီသို့ အလိုလို ပျံသန်း သွားလိုက်ကြသည်။
အမျိုးသမီးနှစ်ဦးက မြူကို မထိခင်မှာပင် စူးစူးရှရှ အော်ဟစ်လိုက်ကြ၏။ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေသည် မျက်စိဖြင့် မြင်နိုင်သောအမြန်နှုန်းဖြင့် ပျက်စီးသွားလေသည်။ မျက်စိတစ်မှိတ်အတွင်း လှပသော အမျိုးသမီး ခန္ဓာကိုယ်နှစ်ခုသည် အရိုးစုများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် အရိုးစုများသည် အငွေ့များ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွား၏။
ချန်လွေ့က ကြောက်လန့်သွားသော်လည်း ယခုတွင် သူ၏ ခန္ဓာကိုယ်ကို ဖိုက်သွန်က ယူထားလေသည်။ တတိယပုဂ္ဂိုလ် ရှုထောင့်မှ အဖြစ်အပျက် အားလုံးကို ကြည့်ရှုနေရုံသာ တတ်နိုင်လေသည်။ တစ်ဖက်တွင်မူ ကာမေရယ်က အန်ဂီလီနှင့် အန်ခီလီတို့ ခုခံနေစဉ် အဖြူရောင် အလင်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ တိုက်ခိုက်ခြင်းမရှိဘဲ ပျောက်ကွယ်သွားတော့သည်။
ချန်လွေ့က ဝိညာဉ်ပေါင်းစည်းခြင်း၏ ပြင်းထန်သော သာယာမှု တဖြည်းဖြည်း မှေးမှိန်သွားသည်ကို ခံစားလိုက်ရပြီး အမှန်တကယ်ပင် နှမြောသော ခံစားချက်တစ်ခု ဖြစ်လာခဲ့၏။ ဖိုက်သွန်၏ အသံ ထွက်ပေါ်လာသည်။ “ကာမေရယ်က ပိုပြီးတော့ သတိရှိလာပြီ။ သူ တကယ် ထွက်ပြေးသွားတယ်။ ဒါက နည်းနည်း ပြဿနာတက်နိုင်တယ်။ အလင်း နတ်ဘုရားကျောင်းကို သွားကြရအောင်။ အဲဒီ ၃ယောက် မနိုးခင် ရောက်အောင်သွားရမယ်။”
ချန်လွေ့က အလျင်အမြန် ရှေ့သို့ တက်သွားပြီး မျက်စိ တစ်မှိတ်အတွင်း လှေကားထစ်များထဲသို့ ပျောက်ကွယ် သွား၏။ ထိုအချိန်တွင် ကာမေရယ် နောက်ဘက်ရှိ တမန်တော်ရုပ်ထု ၃ခုက ကွဲအက်ကာ ပြိုလဲကျသွားခဲ့သည်။
ထိုအချိန် ကောင်းကင်ချိပ်ပိတ် တောင်ထွတ်တစ်ခုလုံး အနည်းငယ် တုန်ခါသွားခဲ့သည်။ အလွန်ကြီးမားသော တောင်ပံ ၁၂ခုနှင့် ရုပ်ထုကြီးက မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။