← Chapters

အတင်း ကျူးကျော်ဝင်ရောက်ခြင်း

Vol. 57 Ch. 925

အတင်း ကျူးကျော်ဝင်ရောက်ခြင်း

Vol. 57 Ch. 925

ညနက်လာသောအခါ သိဒ္ဓိအလင်းမြို့ နေရာ အတော် များများက တစ်ပြိုင်နက်တည်း လင်းထိန်လာပြီး ကောင်းကင် တဝက်နီးပါး နီရဲနေ၏။ အလင်းစစ်သည်တော်များ အရေးပေါ် စစ်အင်အား စုဆောင်းနေစဉ် တိတ်ဆိတ်သော ပုံရိပ်တစ်ခုက သိဒ္ဓိအလင်းတောင်ဘက်သို့ လှစ်ခနဲ လှစ်ခနဲ သွားနေသည်။

ချန်လွေ့၏ အရှိန်အဟုန်နှင့် လျှို့ဝှက်ဝင်ရောက်နိုင်သည့် စွမ်းရည်ဖြင့် သူက ညအချိန် ဖုံးကွယ်မှုအောက်တွင် စစ်ဆေးရေးဂိတ် အများအပြားကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့သည်။ သို့သော် သူက သိဒ္ဓိအလင်းတောင်နှင့် နီးကပ်လာလေလေ ခံစားချက်တစ်ခု ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။

ဥပဒေသ ဖိနှိပ်မှု။

ချန်လွေ့ ယခင်တစ်ခေါက် ထိုနေရာကိုလာခဲ့စဉ်က နတ်ဆိုးအရှင်သခင်အဆင့်သာ ရှိသေးပြီး ဥပဒေသကို အမှန်တကယ် နားမလည်သေးတာကြောင့် ထိုကဲ့သို့ မခံစားခဲ့ရပေ။ အခု သူက တကယ့်ဥပဒေသကို နားလည်ပြီး ကျွမ်းကျင်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပြီ ဖြစ်တာကြောင့် သိဒ္ဓိအလင်းတောင်မှ ဥပဒေသစွမ်းအား ဖိနှိပ်မှုကို အသေအချာ ခံစားမိနေသည်။ ထိုနေရာ၌ တိုက်ခိုက်လျှင် ဥပဒေသစွမ်းအားက ကြီးကြီးမားမား ဖိနှိပ် ခံရမည်ဖြစ်ပြီး အထူး အစွမ်းထက်ပုဂ္ဂိုလ်များက အစွမ်း အထက်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို ထုတ်သုံးနိုင်မည် မဟုတ်ပေ။

ထိုဖိနှိပ်မှု၏ အရင်းအမြစ်က ယုံကြည်မှုစွမ်းအား ဖြစ်နိုင်သည်။ သိဒ္ဓိအလင်းတောင်၏ ထိပ်ပိုင်း ဖြစ်နိုင်၏...

အခုမှ ပြန်ဆုတ်လို့ မရတော့ဘူး။ ပြီးတော့ ငါက နတ်ဆိုးအရှင်သခင် အဆင့်ပဲ ရှိတုန်းကတောင် နှင်းဖုံး တောင်ထွတ်ကို တစ်ယောက်တည်း ခိုးဝင်ပြီးတော့ ကျောင်းတော်က အမြင့်လွှာ အစွမ်းထက် ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ နှင်းဒဲလက်ပန်း ၃ပင်ကို ခိုးယူခဲ့တယ်။ အခုတော့ ငါ့ စွမ်းအားက အရင်ကထက် အများကြီး သာလွန်နေပြီဆိုတော့ ဘာကိုမှ ကြောက်စရာ မလိုဘူး။

ဖိုက်သွန်ရဲ့ ခြိမ်းခြောက်မှု မရှိရင်တောင် တစ်ဖနီ ဒါမှမဟုတ် အရိပ်လေပြေဘွတ်ဖိနပ်အတွက် ငါ သိဒ္ဓိအလင်း တောင်ကို ဖောက်ဝင်ရမယ်။

ချန်လွေ့ စိတ်ထဲမှာ ဂုဏ်ယူနေရင်း ရှေ့ဆက်တိုးဝှေ့ သွားနေသည်။ ခဏအကြာ သိဒ္ဓိအလင်းတောင်ခြေမှ လှေကားထစ်အဝင်ဝသို့ ရောက်လာခဲ့သည်။

ထိုအရာက ရင်းနှီးပြီးသား ကျယ်ပြန့်သော လှေကားထစ် ဖြစ်၏။ အစောင့်အရှောက် အရေအတွက်ဖြစ်စေ၊ မှော်စက်ဝိုင်း၏ အစွမ်းဖြစ်စေ၊ ယခင်နှင့် လုံးဝ ကွာခြားသည်။

သိဒ္ဓိအလင်းတောင်ပေါ်မှ အစောင့်များက လေ့ကျင့်ရေး ကောင်းမွန်ပြီး စည်းကမ်း တင်းကြပ်သည်။ အောက်မှ သိဒ္ဓိအလင်းမြို့ပ ဆူညံ ပွက်လောရိုက်နေသော်လည်း ထိုအစောင့်များက ဘာမှမဖြစ်သလို တည်ငြိမ်နေ၏။ သူ့ကိုပင် မကြည့်ကြပေ။

ချန်လွေ့က သိဒ္ဓိအလင်းတောင်နှင့် တောင်ခြေရှိ မှော်စက်ဝိုင်းတို့အကြား အကြီးမားဆုံး ကွာခြားချက်မှာ ပြင်းထန်သော ယုံကြည်မှုစွမ်းအားများဖြင့် ပြည့်နှက်နေပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေခြင်း ဖြစ်ကြောင်း သတိပြုမိပြီး ဖြစ်သည်။ မှော်စက်ဝိုင်း အစိတ်အပိုင်း တစ်ခုကို အသက်ဝင် စေလိုက်သည်နှင့် တပြိုင်နက် မှော်စက်ဝိုင်းတစ်ခုလုံး အသက်ဝင်လာမည် ဖြစ်သည်။ ထိုအစောင့်များပင် မှော်စက်ဝိုင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အစောင့်များ တစ်စုံတစ်ရာ ထူးခြားမှုရှိသည်နှင့် တပြိုင်နက် မှော်စက်ဝိုင်းတစ်ခုလုံးက သိရှိမည်ဖြစ်ပြီး သွေးရောင်အင်ပါယာရှိ တဲရစ်၏ နေအိမ်မှ အစေခံတိုင်းသည် မှော်စက်ဝိုင်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်သကဲ့သို့ပင်။ သို့သော် တဲရစ်နေအိမ်ရှိ မှော်စက်ဝိုင်းသည် သိဒ္ဓိ အလင်းတောင်ကဲ့သို့ ဧရာမကြီးနှင့် နှိုင်းယှဉ်ပါက အလွန် သေးငယ်သော အရာသာ ဖြစ်သည်။

ထို့ပြင် မှော်စက်ဝိုင်းက အလွန်အမင်း ပြင်းထန်သော နေရာလွတ် အဟန့်အတားများ ရှိနေရာ ထိုနေရာ၌ နေရာလွတ် ရွှေ့ပြောင်းခြင်းကို အသုံးပြုရန် မဖြစ်နိုင် သလောက်ပင်။

“မဒမ်-ဖိုက်သွန်။ ဒီမှော်စက်ဝိုင်းတွေရဲ့ အခက်အခဲကို ခံစားမိမှာပါ။ ဒီအစောင့်တွေကို အနှောင့်အယှက်မပေးဘဲနဲ့ သိဒ္ဓိအလင်းတောင်ကို ရောက်ဖို့ မဖြစ်နိုင်ဘူးထင်တယ်။”

“ဒါဆို အတင်းဝင်ကြတာပေါ့၊ ဒီကို ရောက်လာမှတော့ လက်ဗလာနဲ့ ပြန်မသွားနိုင်ဘူး။” ဖိုက်သွန်က ရယ်မော လိုက်သည်။ “ဒီပုရွက်ဆိတ်တွေက ပြောစရာတောင်မလိုဘူး။ ငါ စိုးရိမ်တာက မိုက်ကယ်၊ ဂေဘရီရယ်နဲ့ ရာဖယ်ရယ်တို့ပဲ။ ဒါပေမဲ့ ဒီလိုမျိုး ယုံကြည်မှု နယ်မြေမှာ သူတို့ ၃ယောက်က ပုံမှန်ဆိုရင် ယုံကြည်မှု စွမ်းအားကို စုပ်ယူပြီး ချေဖျက်ဖို့ အတွက် အိပ်ပျော်နေတဲ့ အခြေအနေမှာ ရှိလောက်တယ်။ အလွန်ဆုံး ကိုယ်ပွားပဲ လွှတ်လောက်မယ်။ ဒီတစ်ခါ အတင်းအကျပ် ကျူးကျော်မှ ဖြစ်မယ်။ မြန်မြန်ဆန်ဆန် လုပ်ပြီးတော့ အလင်းနတ်ဘုရားကျောင်းကို အစွမ်းကုန် သွားကြတာပေါ့။ ဒီတစ်ခါ ဖန်တီးခြင်းစာအုပ်ကို ရဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမဲ့ ငါတို့ရဲ့ပန်းတိုင်က ဖန်တီးခြင်းစာအုပ်ကို ယူဖို့မဟုတ်ဘဲ ဖန်တီးခြင်းရဲ့ ဇစ်မြစ်စွမ်းအားကို စုပ်ယူဖို့ပဲ။ အချိန်ကျလာရင် အလင်းနတ်ဘုရားကျောင်းကို ဝင်ပြီးတော့ ဖန်တီးခြင်းရဲ့ ဇစ်မြစ်စွမ်းအားကို ရဖို့ ပြဿနာမရှိသင့်ဘူး။”

ချန်လွေ့ တိတ်တဆိတ် ပြုံးလိုက်သည်။ ဖိုက်သွန်က ဒီလို လွယ်လွယ်လေး ပြောပေမဲ့ ငါ့ရဲ့ ‘တိုင်းပြည်အဆင့် ထိပ်သီးပိုင်း’ စွမ်းအားနဲ့ဆိုရင် ဒီလို ရန်သူ့အခြေစိုက်စခန်းကို အတင်းအကျပ် ကျူးကျော်ပြီးတော့ အိပ်ပျော်နေတဲ့ ကောင်းကင်တမန် ၃ ပါးနဲ့ ရင်ဆိုင်ရရင်တော့ သေဖို့များတယ်။ ကောင်းကင်တမန် ၃ပါးရဲ့ ကိုယ်ပွားသက်သက်ပဲ ဆိုရင်တောင် ငါက လုံးဝ ပြိုင်ဘက် မဖြစ်နိုင်ဘူး။

ချန်လွေ့က မျက်နှာပေါ်တွင် သံသယ ဖြစ်နေသည့် အမူအရာဖြင့် တွေဝေနေပုံရသည်။ အမှန်တကယ်၌ တစ်ဖနီနှင့် အရိပ်လေပြေဘွတ်ဖိနိပ်သည် အနီးအနားတွင်ပင် ရှိနေ၏။ ဖိုက်သွန် သူ့အနားတွင် မရှိလျှင်ပင် သူ ထွက်သွားမည် မဟုတ်ပေ။ သို့သော် ယခု ဖိုက်သွန်အတွက် သူ၏တန်ဖိုးက အကြီးမားဆုံး ဖြစ်သောကြောင့် အခြေအနေ တင်ပြရန် အကောင်းဆုံးအချိန်လည်း ဖြစ်၏။

“မင်း အရိပ်လေပြေဘွတ်ဖိနပ်ကို မရချင်ဘူးလား။ ဒါက အကောင်းဆုံး အခွင့်အရေးပဲ။ ငါနဲ့ဆိုရင် မင်းဆန္ဒအတိုင်း ဖြစ်လာမှာ သေချာတယ်။ ဒါတွေက နတ်ဘုရား-ယောင်ရဲ့ နောက်ဆုံး ဝိညာဉ်အမှတ်အသား ၅ခုပဲ။ ငါ မင်းကို ပေးမယ်။ ဖန်တီးခြင်းစာအုပ်ရဲ့ ဇစ်မြစ်စွမ်းအားကို ရတာနဲ့ ငါမင်းကို‌ ခေါ်ထုတ်သွားမယ်။”

“ကျေးဇူးတင်ပါတယ်။ မဒမ်။” ချန်လွေ့သည် နတ်ဘုရား-ယောင် ဝိညာဉ်အမှတ်အသား ၅ခု ထပ်မံရရှိခဲ့သည်။ သူ၏ “တွေဝေမှု”က အကျိုးသက်ရောက်နေပြီ ဖြစ်ကြောင်း သိလိုက် သောအခါ အစွမ်းကုန် ကြိုးစားတော့သည်။ သူက အံကြိတ်လိုက်ရင်း တိုင်းပြည်အဆင့် အမြင့်ဆုံးအဆင့် စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။ “ကောင်းပါပြီ။ အသက် စွန့်ပြီးတော့ မဒမ်နဲ့အတူ ဒီခရီးကို သွားပါ့မယ်။”

လှေကား နှစ်ဖက်စလုံးတွင် အစောင့်ချထားသော စစ်သည်တော်များသည် ရုတ်တရက် သတိထားသော အမူအရာများ ပြလာကြသည်။ အကြောင်းမှာ အပြင်လူ တစ်ယောက် မှော်စက်ဝိုင်း အစွန်အဖျားသို့ ဝင်ရောက် လာသည်ကို ခံစားမိခြင်းကြောင့် ဖြစ်သည်။ သူတို့ နောက်တစ်ခါ ခံစားမိသော အချိန်တွင် မှော်စက်ဝိုင်း ပျက်သွားလေပြီ။

၂စက္ကန့် အတွင်းမှာပဲ သိဒ္ဓိအလင်းတောင် အဝင်ဝက မှော်စက်ဝိုင်း အတင်း အဖောက်ခံလိုက်ရတယ်။ တကယ့်ကို မြန်တာပဲ။

ချက်ချင်းဆိုသလို တောင်ပေါ်သို့ တက်ရာလမ်းတွင် မကြာခဏ လျှပ်စစ်မီးပွားများ သို့မဟုတ် အလင်းများ လင်းလက် နေသည်။ စောင့်ကြပ်နေသော စစ်သည်များက မှော်စက်ဝိုင်း ပျက်သွားသည်ကိုသာ သိရှိခဲ့ကြပြီး ကျူးကျော်သူ၏ ပုံရိပ်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြပေ။

ရှေ့တွင် လဟာပြင်ငယ်တစ်ခု ရှိနေသည်။ ထိုနေရာ နောက်တွင် ကျောက်လှေကားများ ၃ခုအဖြစ် ခွဲထွက်သွားပြီး သိဒ္ဓိအလင်းတောင်၏ တောင်ထိပ်သုံးခုသို့ အသီးသီး ဦးတည်နေ၏။

ထိုအဓိကတောင်ထိပ်၃ခု၏ အဓိက နေရာများမှာ ပုပ်ရဟန်းမင်းကြီး ဗန်တီစ်၏ ကောင်းကင်ချိပ်ပိတ် ခန်းမ၊ ဂိုဏ်းအုပ်အချုပ် ပက်စ်မီယာ၏ ကြယ်ခန်းမနှင့် သိဒ္ဓိမိန်းမပျို ယူဒိုရာ၏ သိဒ္ဓိကောင်းချီး ခန်းမတို့ ဖြစ်ကြသည်။ နှင်းဒဲလက်ပန်းသည် ကောင်းကင်ချိပ်ပိတ် တောင်ထိပ် အရှေ့ဘက်ရှိ နှင်းဖုံးတောင်ထွတ်တွင် တည်ရှိသည်။ သိဒ္ဓိအလင်းတောင်၏ အမြင့်ဆုံး တောင်ထိပ်သည် အဓိက တောင်ထိပ် ၃ခုတွင် မပါဝင်ဘဲ သီးခြားတည်ရှိသည်။ ကောင်းကောင်ချိပ်ပိတ် တောင်ထိပ် အထက်တွင် ပုပ်ရဟန်းမင်းနှင့် ဂိုဏ်းအုပ်အချုပ် နှစ်ဦးသာ ဝင်ရောက် နိုင်သော သိဒ္ဓိကျောင်းတော်၏ တားမြစ်နယ်မြေ ရှိလေသည်။

လဟာပြင်ပေါ်တွင် အလင်းရောင်များ တောက်ပနေ၏။ ကောင်းကင်မိုးကြိုးခန်းမပိုင်ရှင်၊ ‘ကျက်သရေဆောင် ဓားပညာရှင်’ ဟူ၍ အမည်ပြောင်ရထားသည့် ရှေးသူရဲကောင်း ခေါင်းဆောင် ပါဆာလီက အဖြူရောင် ခန္ဓာကိုယ်အပြည့် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ‘ဂါလီ’မဟာဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အသင့် အနေအထားဖြင့် စောင့်နေသည်။ သူ၏ပတ်ပတ်လည်လည်တွင် ကောင်းကင် ဘုရားကျောင်း စစ်သည်တော် အများအပြား ဝန်းရံထား၏။

တစ်စုံတစ်ဦးက သိဒ္ဓိအလင်းမြို့ကို မီးရှို့ခဲ့ကြောင်း သူသိထားနှင့်ပြီး ဖြစ်သည်။ တောင်အောက်ခြေမှ သတိပေးချက် ရပြီးသည်နှင့် ထိုဧရိယာရှိ မှော်စက်ဝိုင်း အတွင်းသို့ တစ်စုံတစ်ဦး ဝင်ရောက်လာသည်ကို ချက်ချင်း သတိထားမိသည်။ သူ စိုးရိမ်သွားခဲ့သည်။ ကျူးကျော်သူ၏ အမြန်နှုန်းက စိတ်မကူးနိုင်လောက်အောင် မြန်ဆန်ပြီး လမ်းတလျှောက်ရှိ မှော်စက်ဝိုင်းများကိုပင် လျစ်လျူရှုကာ တိုက်ရိုက် ဖောက်ဝင်သွားခဲ့သည်။ ပါဆာလီသည် သူသည် လွန်ခဲ့သောနှစ်က တိုင်းပြည်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သော်လည်း ထိုကဲ့သို့ လုံးဝ မလုပ်နိုင်ကြောင်း တွေးလိုက်မိသည်။

“ဝုန်း....!” ရှေ့တွင် ရွှေရောင် လျှပ်စီးများ ခဏတာ လင်းလက်သွားပြီး ရေခဲများဖြင့် ဖုံးအုပ်ထားသော ပုံရိပ်တစ်ခု မြင်ကွင်းထဲသို့ ပေါ်လာ၏။ ထိုပုံရိပ် အနည်းငယ် တုန်ခါသွားပြီး ပြင်းထန်သော မှော်စက်ဝိုင်းကြောင့် ဖြစ်ပေါ်လာသော ရေခဲများ ရုတ်တရက် ကွဲကြေသွားကာ ပါဆာလီထံသို့ ပစ်ခတ်သွား၏။

ပါဆာလီက လေထုထဲမှ တဆင့် ရေခဲကို ဖြတ်တောက် သွားသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်သည်။ သူ့နောက်က စစ်သည်တော်များက ၎င်းကို လုံးဝ ခုခံနိုင်မည် မဟုတ်ပေ။ ပြင်းထန်သော မီးတောက်တစ်ခုက ပတ်ပတ်လည်တွင် ချက်ချင်း ပေါက်ကွဲလာ၏။ လက်ထဲရှိ မဟာဓားကို မြေပြင်သို့ ထိုးစိုက် လိုက်သောအခါ မီးတောက်က ချက်ချင်းပင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သော အလင်းဒိုင်းကာများအဖြစ် ပြောင်းလဲသွားကာ ရှေ့ကို ပိတ်ဆို့ထားလိုက်သည်။

ချွန်ထက်သော ရေခဲက အလင်းဒိုင်းကာများကို ထိမှန်သွားသောအခါ အက်ကွဲကြောင်းများစွာ ပေါ်လာ သော်လည်း ရေခဲများလည်း လုံးဝ ပျောက်ကွယ်သွားသည်။ နတ်ဘုရားကျောင်း စစ်သည်တော်များ သက်ပြင်းချလိုက်စဉ် ပါဆာလီ တုန်လှုပ်သွား၏။ ထပ်နေသော အလင်း ဒိုင်းကာများပေါ်တွင် ကြောက်မက်ဖွယ် လက်နက်တစ်ခုခုဖြင့် ခုတ်ပိုင်းခံရသကဲ့သို့ပင် အလွန်ကြီးမားသော ‘ကြက်ခြေခတ်’ ပုံစံ တစ်ခု ရုတ်တရက် ပေါ်လာသည်။

နောက်စက္ကန့်တွင် အလင်းဒိုင်းကာအကုန် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

ပါဆာလီ၏ မျက်နှာထား အလွန်အမင်း တင်းမာလာ၏။ ထိုအကွက်သည် သူ၏ အစွမ်းထက်ဆုံး ကာကွယ်ရေး-ဓားပညာဖြစ်ပြီး [မဖြိုဖျက်နိုင်]ဟု ခေါ်လေသည်။ တိုင်းပြည်အဆင့်သို့ ရောက်ရှိပြီးနောက် ဥပဒေသ စွမ်းအားနှင့် ပေါင်းစပ်လိုက်ရာ ပို၍ပင် မဖြိုဖျက်နိုင် ဖြစ်လာသော်လည်း ပြိုင်ဘက်က လွယ်လွယ်ကူကူ ဖျက်ဆီး ပစ်ခဲ့လေသည်။

“[စစ်တပ်ဖြိုခွင်း]!” တိုက်ပွဲများစွာ ရင်ဆိုင်ပြီးနောက် ပါဆာလီက အပြင်းထန်ဆုံး ဓားတိုက်ခိုက်မှုကို မဆိုင်းမတွ အသုံးပြုလိုက်၏။ အဖြူရောင် အလင်းတန်းတစ်ခုက ရန်သူဆီသို့ အပြေးအလွှား ရောက်သွားခဲ့သည်။ ထိုအရာ ဖြတ်သန်းသွားသော နေရာတိုင်း မှော်ပညာဖြင့် ကာကွယ် ထားသော ခိုင်မာသည့် မြေပြင်ပင် အက်ကွဲသွား၏။

ထိုခုတ်ပိုင်းမှုသည် တကယ်တမ်းတွင် ခုတ်ပိုင်းမှုများစွာ၏ အမြုတေနှင့် ညီမျှပြီး ရှုပ်ထွေးမှုကို ရိုးရှင်းအောင်ပြုလုပ်ခြင်း အမှန်တရားတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ သို့ရာတွင် တိုင်းပြည်စွမ်းအားပါဝင်သော ထိုဓားစွမ်းအင်က ကြီးမားပြီး ခုခံမှုရှိသည့် လှိုင်းများစွာကို တွေ့ကြုံရ သကဲ့သို့ပင် နှေးကွေးသွားခဲ့သည်။ ထို့နောက် ကြိမ်လုံးကဲ့သို့သော အင်အားဖြင့် ထိမှန်ခံရသကဲ့သို့ပင် မည်သူမျှ မတားနိုင်သော ဓားစွမ်းအင်က အမှုန်အမွှားများအဖြစ် ပြောင်းလဲကာ “ဘုန်း”ခနဲ ပျောက်ကွယ်သွားတော့သည်။

တစ်ခဏတည်းမှာပဲ ငါ့ရဲ့ အစွမ်းအထက်ဆုံး ကာကွယ်ရေးနဲ့ တိုက်ခိုက်မှုတွေက ...

ပါဆာလီ အလွန်အမင်း တုန်လှုပ်သွား၏။ နောက်ထပ် လှုပ်ရှားမှု မပြုလုပ်ခင် တုန်ခါမှုတစ်ခု ဖြစ်သွားခဲ့သည်။ သူက နေရာတွင်ပင် ကြက်သေသေနေခဲ့ပြီး ထိုပုံရိပ်က ပျောက်ကွယ် သွားလေသည်။

“ဆာ-ပါဆာလီ။”

နောက်မှ နတ်ဘုရားကျောင်း စစ်သည်များက တစ်ခုခု မှားနေကြောင်း သိလိုက်ကြသည်။ သူတို့ ခြေလှမ်း စလှမ်းလိုက်သည်နှင့် ပါဆာလီ၏ ချပ်ဝတ်တစ်ခုလုံးက တုန်ခါမှုကြောင့် ထိခိုက်သွားခဲ့သလိုမျိုး ဆုတ်ဖြဲခံလိုက်ရပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။ သူ မြေပြင်ပေါ်သို့ လဲကျသွား၏။ အသက်ရှူနေသေးသော်လည်း တိုက်ခိုက် နိုင်စွမ်း လုံးဝဆုံးရှုံးသွားခဲ့လေပြီ။

ပါဆာလီ လဲကျသွားပြီး နောက်တွင်ပင် မျက်လုံးထဲ၌ မယုံကြည်နိုင်သေးသော အမူအရာများ အပြည့်ရှိနေ၏။ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှု နှစ်ခုနဲ့တင် ငါ့ရဲ့ အပြင်းထန်ဆုံး လှုပ်ရှားမှု နှစ်ခုလုံး လုံးဝပျက်စီးသွားတယ်။ ပြိုင်ဘက် ထုတ်သုံးလိုက်တဲ့ တကယ့် ခွန်အားက ငါ့ထက် သိပ်ပြီးတော့ မသာဘူး။

အမှန်တကယ်၌ ပါဆာလီ မသိခဲ့သည်မှာ ချန်လွေ့က သူ့၏ တိုက်ခိုက်မှု နှစ်ခုကို ယခင်က ကိုယ်တိုင် တွေ့ကြုံခဲ့ဖူး ခြင်းပင်။ ယခု သူ၏စွမ်းအားက တိုင်းပြည်အဆင့် ထိပ်သီးပိုင်းတွင် ရှိနေပြီး [ဓူဝံကြယ်နီ အသွင်ပြောင်းခြင်း] အောက်မှာ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားက နတ်ဘုရားတစ်ပိုင်းအဆင့်ထိ ရောက်နေပြီ ဖြစ်သည်။ ဥပဒေသ၏ လျို့ဝှက်ဆန်းကြယ်မှုဖြစ်စေ၊ တိုင်းပြည်ဖြစ်စေ၊ စွမ်းအားဖြစ်စေ သူ့ထက် များစွာ သာလွန်၏။ ထို့ကြောင့် စွမ်းအား တူညီသည့်တိုင် စက္ကန့်ပိုင်းတွင် ရှုံးနိမ့်သွားခြင်းက အံ့အားသင့်စရာ မဟုတ်ပေ။

နတ်ဘုရား-ယောင်အဆင့်၏ နတ်ဘုရားတစ်ပိုင်း ကိုယ်ပွား ကဲ့သို့ပင် တိုက်ခိုက်ရေး စွမ်းအားက သာမန် နတ်ဆိုးတစ်ပိုင်းများထက် သာလွန်ပေသည်။

ချန်လွေ့က အချိန်နဲ့ အင်အားကို ချွေတာစရာ မလိုခဲ့ရင် ပါဆာလီက ယခုတွင် အသက်မဲ့နေလောက်လေပြီ။

ပါဆာလီ၏ စစ်ဆေးရေးဂိတ်ရှိ မှော်စက်ဝိုင်းမှ ယုံကြည်မှုစွမ်းအားက ပို၍ အားကောင်းသည်။ ချန်လွေ့ အတွက် ခုခံမှုက ပိုပြီးပင် ကြီးမားလေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုလမ်း(၃)ခွသို့ ရောက်လာခဲ့သည်။

ကောင်းကင်ချိပ်ပိတ်တောင်ထွတ်သို့ သွားသောအခါ အစက တောင်ပနေသည့် သွေးရောင်လက်စွပ် အရောင်အဝါ မှေးမှိန်လာသည်ကို ခံစားမိသည်။ တစ်ဖနီက ကောင်းကင်ချိပ်ပိတ် တောင်ထွတ်တွင် မရှိဘဲ သိဒ္ဓိ ကောင်းချီး တောင်ထွတ် သို့မဟုတ် ကြယ်တောင်ထွတ်တွင် ရှိနေပုံ ရသည်။

ဒါပေမဲ့ ဒီနေ့ အခြေအနေအရ တစ်ဖနီကို ခေါ်သွားဖို့ မဖြစ်နိုင်ဘူး။ ငါ့မှာ ဖိုက်သွန်လည်း ရှိနေတယ်ဆိုတော့ ကောင်းကင်ချိပ်ပိတ် တောင်ထွတ်ကို တိုက်ရိုက် သွားရုံပဲ ရှိတော့တယ်။

ချန်လွေ့သည် သိဒ္ဓိကောင်းချိးတောင်ထွတ်၏ လဟာပြင်တွင် ရာဖယ်ရယ်၏ ဧရာမရုပ်ထုကို ယခင်က မြင်တွေ့ခဲ့ဖူးပြီး ထိုအရာက ခမ်းနားထည်ဝါသည်ဟု ဖော်ပြ၍ ရနိုင်သည်။ သို့သော် ကောင်းကင်ချိပ်ပိတ် တောင်ထွတ်မှ မိုက်ကယ်နှင့် နှိုင်းယှဉ်လျှင် ရာဖယ်ရယ်၏ ရုပ်ထုသည် ဘာမျှမဟုတ်ပေ။ အကြောင်းမှာ ကောင်းကင်ချပ်ပိတ် တောင်ထွတ် တစ်ခုလုံးက ရုပ်ထုကြီးတစ်ခု ဖြစ်နေ၍ပင်။

မိုက်ကယ်၏ ပန်းပုလက်ရာက ရာဖယ်ရယ် ရုပ်ထုကဲ့သို့ အသေးစိတ်မကျသော်လည်း အရှိန်အဝါက ပိုပြီး ခမ်းနား၏။ ကောင်းကင်ပေါ်မှ တောင်ပံ(၁၂)ဖက်နှင့် ဧရာမ လူကြီးက အောက်မှ သတ္တဝါအားလုံးကို ငုံ့ကြည့်နေ သကဲ့သို့ပင်၊ လူအများအား ကြည်ညိုလေးစားပြီး တုန်ယင်စေသော ခံစားချက်မျိုး ပေးစွမ်းနေလေသည်။

All Chapters