← Chapters

ကမ်းပါးဖြူ။ လက်စွပ် မူမမှန်ခြင်း

Vol. 57 Ch. 923

ကမ်းပါးဖြူ။ လက်စွပ် မူမမှန်ခြင်း

Vol. 57 Ch. 923

ချန်လွေ့သည် ဆယ်မြူရယ်က ဂါဖီးလ်အား ထိုကဲ့သို့ “မဆင်မခြင်” လုပ်ကြံရန် ကြိုးစားခဲ့ခြင်းမှာ မင်းသား “အာသာ”ဖြစ်သော မိမိနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း နားလည်သွားခဲ့သည်။ ဆယ်မြူရယ်သည် သူ့ကို သခင်အဖြစ် မယူဆခဲ့လျှင် “အာသာ” တမ်းတနေသော ဗာရိုနီကာကို ကာကွယ်ရန် ထိုကဲ့သို့ အရေးကြီးသော အချိန်တွင် ဂါဖီးလ်ကို တိုက်ခိုက်ခဲ့မည် မဟုတ်ပေ။

“ငါနဲ့ လိုက်ခဲ့။ ဒီကနေ ထွက်သွားရအောင်။” ချန်လွေ့ သက်ပြင်းချရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ “နဂါးတောင်ကြားမှာ မင်း ဘေးကင်းဖို့ကို စဉ်းစားနေတဲ့ အန်ဒါလူဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ မင်းနဲ့ ကမ့်လော့ မိသားစု တစ်ခုခုဖြစ်ခဲ့တာ သူ့ဆီကနေပဲ သိခဲ့တာ။ မင်းကို ခေါ်ထုတ်ဖို့အတွက် ငါ နဂါးအကြီးအကဲ အနေနဲ့ ဟန်ဆောင်လို့ရတယ်။ ဒါမှ မဟာလက်ဇ်က ဒီကိစ္စနောက် သိပ်မလိုက်ဘဲနဲ့ လွှတ်ပေးလိမ့်မယ်။”

“ဒီတစ်ခါတော့ အရှင်မင်းသားရဲ့ စေတနာကို စိတ်ပျက်စေရပါလိမ့်မယ်...” ဆယ်မြူရယ်က ဖြည်းဖြည်းချင်း ခေါင်းယမ်းလိုက်သည်။ “ဂါဖီးလ်ရဲ့ ဖြစ်ရပ်က တော်ဝင် မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်နေတယ်။ အခုလက်ရှိ ခမ့်လော့မိသားစုရဲ့ ဒုက္ခရောက်နေတဲ့ အခြေအနေကိုပါ ထည့်တွက်မယ် ဆိုရင် အခု အရှင်မင်းသားနဲ့အတူ ထွက်သွားရင် ခမ့်လော့ မိသားစု လုံးဝပျက်စီးသွားလိမ့်မယ်။”

“ဒါပေမဲ့ မင်းအတွက် ဒီနေရာက အရမ်း အန္တရာယ် များတယ်။ ဂါဖီးလ်ရဲ့ ရက်စက်မှုကို လျှော့မတွက်နဲ့။”

“မစိုးရိမ်ပါနဲ့။ အရှင်မင်းသား။ ဒါကလည်း လေ့ကျင့်ရေး တစ်မျိုးပါပဲ။ ဒီလမှာ ကုန်စည်ပြပွဲ ကျင်းပမှာမို့လို့ ကျွန်တော် လုံခြုံနေဦးမှာပါ။ တကယ်တော့ ဒီကာလအတွင်းမှာ ကျွန်တော် ပိုင်နက်ကို နားလည် သဘောပေါက်တဲ့နေရာမှာ တိုးတက်မှု အသစ်တစ်ခု ရခဲ့တယ်။ ဆရာသင်ပေးခဲ့တဲ့ အရိုးပြောင်းပြန် ပညာရပ်ကို လေ့ကျင့်နေတာ။ ဒီလျှို့ဝှက် ပညာရပ်အတွက် ခန္ဓာကိုယ် နာကျင်မှုက စိတ်ဆန္ဒနဲ့ ဝိညာဉ်ကို ‘အရောင်တင်ပေး’တာမျိုးပဲ ရှိမှာ။ မကြာခင်မှာ ကျွန်တော် တကယ့်သူတော်စင်အဆင့် ရောက်တော့မယ်လို့ ယုံကြည်တယ်။ တကယ်လို့ သူတော်စင် အဆင့်ကို ရောက်သွားမယ်ဆိုရင်... သူတော်စင်အဆင့် နဂါးစီးနင်သူ တစ်ယောက် အနေနဲ့၊ ဧကရာဇ်မင်းမြတ်တောင် ကျွန်တော့်ကို ပိုပြီးတော့ အလေးထားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အနည်းဆုံးတော့ အသက်အန္တရာယ် မရှိတော့ဘူးပေါ့။”

ချန်လွေ့က ဆယ်မြူရယ်၏ စကားများမှာ လုံးဝ မမှန်ကန်ကြောင်း သိသည်။ သို့သော် သူ တခါတည်း ထွက်ခွာသွားပါက စိတ်ချနိုင်မည် မဟုတ်ပေ။ ခဏတာ တိတ်ဆိတ်ပြီးနောက် သူက ပြောလိုက်သည်။ “သိပ်မကြာခင်တုန်းက နဂါးတောင်ကြားမှာ ဂွေရိုအက်စ်နဲ့ စတန်ဝဲလ် အကြီးအကဲ နှစ်ယောက်ကို ငါအနိုင်ယူခဲ့တယ်။”

ဆယ်မြူရယ်က မယုံနိုင်သော အမူအရာ ပြသခဲ့သည်။ နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေ။ သူတို့က မင်းသားက တကယ် အနိုင်ယူခဲ့သည်။ အရင်တစ်ခါ ငါမှတ်မိသလောက်ဆိုရင် မုန်တိုင်းကျွန်းမှာ အရှင်မင်းသားကို တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကိုပဲ ယှဉ်နိုင်ခဲ့တာ။

“ဒီတော့ မင်း ငါ့လက်အောက်ခံ အဖြစ် နေဖို့အတွက် သစ္စာရှိမှု၊ စိတ်ပိုင်းဖြတ်မှုနဲ့ ယုံကြည်မှုတွေ ရှိနေသေးလား။”

ထိုစကားက ဆယ်မြူရယ်ကို တုန်လှုပ်သွားစေသည်။ သူ့ တကိုယ်လုံး စိတ်လှုပ်ရှားစွာ တုန်ယင်သွားပြီး အားကုန် ပြောလိုက်၏။ “ရှိပါတယ်။”

“ကောင်းပြီ။ ဆယ်မြူရယ် ခမ့်လော့။ မင်းက အာသာ ရိုလန်...ခေါ် “ချန်လွေ့”ရဲ့ လက်အောက်ခံ ဖြစ်ချင်လား။ ငါ မင်းသားဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ငါ့မှာ ခွန်အားရှိရှိ၊ မရှိရှိပေါ့။”

ရှေ့တွင် ပေါ်လာသော စာချုပ် အလင်းရောင်ကို ကြည့်ကာ ဆယ်မြူရယ်က ပြင်းထန်စွာ ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို အားပြုပြီး ဒူးတစ်ဖက်ထောက်သော ပုံစံ ပြုလုပ်လိုက်၏။ “အရှင်မင်းသား။ အကျွန်ုပ်ရဲ့သခင်။ သခင့်ရဲ့ ခြေရာနောက် လိုက်နိုင်တာက ကျွန်တော့်ဘဝရဲ့ ဂုဏ်အယူရဆုံး အရာပါ။

“ကောင်းပြီလေ။ မင်း ကြုံတွေ့ရတော့မယ့် အရာတွေကို မအံ့သြနဲ့။ ဘာမှလည်း မမေးနဲ့။”

လက်အောက်ခံ-သခင် စာချုပ်ကို ပြီးမြောက်ပြီးနောက် ချန်လွေ့သည် စိတ်ဝိညာဉ် ကွင်းဆက်မှတစ်ဆင့် ဆယ်မြူရယ်အား ချက်ချင်း [ကြယ်အဆင့် မြှင့်တင်မှု] ကို လုပ်ဆောင်ပေးခဲ့သည်။ သူက ဥပဒေသ အပိုင်းအစ စွမ်းအား တစ်ခုကို ဆယ်မြူရယ်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးခဲ့၏။

ဆယ်မြူရယ်သည် စွမ်းအားများ ပိတ်ဆို့ခံထားရသည်ဟု ခံစားရသော်လည်း တစ်ချိန်တည်းမှာပင် ဖော်ပြမရနိုင်အောင် အင်အားကြီးမားသော စွမ်းအားတစ်ခုသည် ခန္ဓာကိုယ်ထဲ အဆက်မပြတ် ဖိသိပ်ဝင်ရောက်လာပြီး တကိုယ်လုံးနှင့် စိတ်ဝိညာဉ်ကို တစ်စစီ ဖိနှပ်နေသကဲ့သို့ ခံစားနေရသည်။ ထိုအရာက ပိုးအိမ်ကဲ့သို့ ဖြစ်နေ၏။ ပိုးအိမ်မှ ဖောက်ထွက် နိုင်သည်နှင့် သူ ပြန်လည်မွေးဖွားလာမည် ဖြစ်ပြီး စွမ်းအားများ မကြုံစဖူး မြင့်မားသော အဆင့်သို့ ရောက်ရှိ သွားမည် ဖြစ်သည်။

“တစ်လအတွင်း မင်းရဲ့စွမ်းအားတွေ ဖြည်းဖြည်းချင်း ပြန်ကောင်းလာလိမ့်မယ်။ ဒီပြန်ကောင်းမွန်မှုက သန့်စင်ခြင်းနဲ့ အခြေခံစုဆောင်းမှုအတွက် လုပ်ငန်းစဉ်အသစ်တစ်ခုပဲ။ မင်း အာရုံစိုက်ပြီး နားလည်အောင် ကြိုးစားရမယ်။ အချိန် သိပ်မရှိလို့ အဆင့်တစ်ဆင့်ကို ငါ ကြိုလုပ်ပေးခဲ့တာ။ အကျိုးသက်ရောက်မှု နည်းသွားနိုင်ပေမဲ့ ဒါကို ဖြည့်ဆည်းဖို့ နည်းလမ်းရှိတယ်။ နောက်ပိုင်း မင်းကို နောက်ထပ် ‘ကြယ်ရာထူး’ တစ်ခု ပေးဦးမှာပါ။”

ချန်လွေ့ပြောသည့် ‘ကြိုတင်အဆင့်’မှာ ဥပဒေသ အပိုင်းအစကို ထည့်သွင်းခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဥပဒေသ အပိုင်းအစ၏ စွမ်းအားကို စုပ်ယူရင်း [ကြယ်အဆင့် တိုးမြှင့်မှု]ကို နားလည်သဘောပေါက်ရန်မှာ အမှန်ပင် အနည်းငယ် အလျင်စလို လုပ်ဆောင်ခြင်းပင်။ သို့သော် ချန်လွေ့၏ လက်ထဲတွင် ဥပဒေအပိုင်းအစ တစ်ခုထက်ပို၍ မရှိနေပေ။ ဆယ်မြူရယ်သည် သူတော်စင် (နတ်ဆိုး အရှင်သခင်အဆင့်) သို့ ရောက်ရှိသောအခါ ဆက်လက် စုပ်ယူနိုင်ပေသည်။

အံ့အားသင့်နေသော ဆယ်မြူရယ်ကို ကြည့်ကာ ချန်လွေ့ အနည်းငယ် ပြုံးလိုက်သည်။ “ငါ့လက်အောက်ခံ... သူတော်စင်အဆင့် ဆိုတာ မလုံလောက်ဘူး။ တကယ်တော့ တကယ့် အစွမ်းထက်ပုဂ္ဂိုလ်တွေအရှေ့မှာ သူတော်စင် အဆင့်ဆိုတာ အတော်လေး သေးငယ်အတွက်။ မင်းအတွက် ငါ့ရဲ့ပန်းတိုင်က အထူး-အဆင့်ပဲ။ အဲဒီအချိန်ကျမှ ဒါက တကယ့်အစမှတ်ဆိုတာ မင်းသဘောပေါက်လာလိမ့်မယ်။”

“ဟုတ်ကဲ့ပါ။ သခင်။” ဆယ်မြူရယ်သည် စိတ်ထဲရှိ စိတ်လှုပ်ရှားမှုနှင့် အံ့ဩမှုများကို ဖိနှိပ်လိုက်ပြီး ထပ်မံ၍ မေးခွန်းများ မမေးတော့ပေ။

ချန်လွေ့ ဆက်မပြောတော့ပေ။ ဆယ်မြူရယ်အား အနည်းငယ် မှာကြားပြီးနောက် ထောင်မှ ထွက်ခွာခဲ့၏။

အပြင်ဘက်မှ နဂါးနီက ‘အကြီးအကဲ’ ထွက်လာသည်ကို မြင်သော် အလျင်အမြန် ပြေးလာပြီး နှုတ်ဆက်လိုက်သည်။ “အကြီးအကဲ....”

“ဒီလမှာ ဘယ်သူမှ သူ့ကို အနှောင့်အယှက်ပေးတာ မလိုချင်ဘူး။ နားလည်လား။” ချန်လွေ့၏ စကားများတွင် မိစ္ဆာမျက်ဆံ၏ စွမ်းအား အငွေ့အသက်များ ပါဝင်နေသည်။ ဒီမာယာရိုသည် ဝိညာဉ် တုန်လှုပ်သွားသည်ဟု ခံစားရပြီး အမိန့်ကို အလျင်အမြန် လက်ခံလိုက်၏။

“ဒီမေယာရို။ ဒါက မင်းအတွက် အကောင်းဆုံးဝိုင်။ အတော်လေး တန်ဖိုးကြီးတယ်။ ဖြည်းဖြည်းသောက်။” ချန်လွေ့က ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက် တစ်ပုလင်းကို နဂါးနီဆီသို့ ပစ်ပေးလိုက်သည်။ “ဒါနဲ့ တစ်ခုပြောရဦးမယ်။ ဒီတစ်ခါ အကြီးအကဲကောင်စီမှာ မာဒမ်-မာရီယာက နဂါးဧကရာဇ် ပါဂရစ်ဇ်နဲ့ အကြီးအကဲ အားလုံးရဲ့ တညီတညွတ်တည်း ထောက်ခံမှုကို ရခဲ့တယ်။ သူက မဟာအကြီးအကဲအဖြစ် ဆက်လက် တာဝန်ထမ်းဆောင် နေတယ်။ တော်ဝင်မင်းမြတ် နဂါးဧကရာဇ်လည်း သူ အုပ်စိုးနေသရွေ့ မာဒမ်မီရီယာဟာ အကြီးအကဲ ကောင်စီ ခေါင်းဆောင်နဲ့ နဂါးတွေရဲ့ လမ်းညွှန်သူအဖြစ် အမြဲတမ်း ရှိနေမယ်လို့ နဂါးနတ်ဘုရားကို တိုင်တည်ပြီး ကျိန်ဆိုခဲ့တယ်။”

နဂါးနီက အံ့ဩသွားပြီး မျက်နှာတွင် ပျော်ရွှင်မှု အနည်းငယ် ပို၍ ပေါ်လာသည်။ မာရီယာ၏ လမ်းညွှန်မှုကို ရရှိခဲ့သော လူငယ်တစ်ဦး ဖြစ်သည့်အလျောက် သူသည် မဟာအကြီးအကဲ နတ်မိမယ်နဂါးကို ထောက်ခံသူတစ်ဦး ဖြစ်သည်။ မာရီယာပြန်လာပြီဟူသော သတင်းကို ကြားရသော အခါ သူ အလွန်ပျော်ရွှင်ခဲ့သည်။ သို့သော် ထိုအမည်မရှိသော အကြီးအကဲက အလွန်ကပ်စီးနှဲလှသည်။ ဒီလောက် စုတ်ပြတ်နေတဲ့ ဝိုင်ပုလင်းကို အဖိုးတန်တဲ့ ဝိုင်ကောင်းလို့ ပြောလို့ရမှာလား။

နဂါးနီသည် စိတ်ထဲတွင် ထိုသို့ တွေးနေသော်လည်း ထပ်ပြောရဲခြင်းမရှိဘဲ ကျေးဇူးတင်ကြောင်းသာ ပြောလိုက်၏။

“နဂါးကျွန်းကို ပြန်ရောက်ရင် သက်တန့်တောင်ထွတ်ကို တိုက်ရိုက်သွားပြီးတော့ တကယ့် ဆုလာဘ်.... ဒါမှမဟုတ် ပြစ်ဒဏ်အတွက် မဟာအကြီးအကဲ မာရီယာကို သွားရှာ။ သဘောပေါက်လား။”

နဂါးနီက သဘောပေါက်သည်။ အကြီးအကဲက ဆုလာဘ်နှင့် ပြစ်ဒဏ်ကို ရှင်းလင်းစွာ ခွဲခြားထား၏။ ဒီလမှာ ဆယ်မြူရယ်ကို တစ်စုံတစ်ယောက်က အနှောင့်အယှက် ပေးရင် ငါ ပြစ်ဒဏ်ခံရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကာအကွယ် ပေးရမယ့်အလုပ်ကို ပြီးမြောက်အောင် လုပ်ရမယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီမြေတစ်ဧကရဲ့ ၃ပုံ ၁ပုံက ငါ ဆရာသခင် နဂါးနီရဲ့ပိုင်ဆိုင်မှုပဲ။ ဘယ်သူမှ ဖျက်ဆီးလို့ မရဘူး။

ဒါနဲ့... ဒီအကြီးအကဲက မဟာအကြီးအကဲ မာရီယာနဲ့ တကယ် ပတ်သက်နေတာပဲ။ သူက လျှို့ဝှက်လေ့ကျင့်နေတဲ့ သက်ကြီးပိုင်းတစ်ယောက်ဖြစ်ရမယ်။

‘အကြီးအကဲ’ ထွက်ခွာသွားပြီးနောက် ဒီမာယာရိုသည် ဝိုင်ပုလင်းကို ဖွင့်ကာ အနံ့ခံကြည့်လိုက်သည်။ သူ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာ၏။ ထိုမျှ ပြင်းထန်သော ဝိုင်ရနံ့မျိုးကို သူ တစ်ခါမျှ မခံစားရဖူးပေ။

တစ်ငုံ သောက်ပြီးနောက် မူးယစ်နေသော ဒီမာယာရိုသည် ပျောက်ကွယ်သွားသော အကြီးအကဲမင်းအပေါ် ချက်ချင်းပင် ကောင်းမွန်သော စိတ်ခံစားချက်ရှိလာသည်။ ချစ်လှစွာသော နဂါးနတ်ဘုရား။ ဒါက တကယ် အဖိုးတန်တဲ့ ဝိုင်ကောင်း တစ်ပုလင်းပဲ။

မိုးကြိုးအကျဉ်းထောင်မှ ထွက်သွားပြီးနောက် ချန်လွေ့က ဟိုတယ်သို့ တခါတည်း ပြန်သွားခဲ့သည်။ နောက်နေ့တွင် သူသည် နဂါးတောင်ပံမြို့သို့ မြင်းလှည်းဖြင့် သွားခဲ့သည်။

နဂါးတောင်ပံမြို့က စစ်ရေးခံတပ်တစ်ခု သို့မဟုတ် နဂါးလင်းလက်အင်ပါယာတွင် သိဒ္ဓိကျောင်းတော်၏ တယ်လီပို့ လမ်းကြောင်းရှိသော မြို့တစ်မြို့ ဖြစ်သည်။ ယေဘုယျအားဖြင့် စစ်သည်တော် အများအပြားကို ထိုနေရာတွင် တပ်စွဲထား၏။ ရည်ရွယ်ချက်မှာ မြို့ကို ကာကွယ်ရန်နှင့် မရဏနက် နောက်လိုက်ကဲ့သို့ ဘာသာရေးအရူးများမှ ဘုရားကျောင်းကို ကာကွယ်ရန် ဖြစ်သည်။ အချို့အကြောင်းရင်းများကိုတော့ ပြောပြလိမ့်မည် မဟုတ်ပေ။

ချန်လွေ့သည် နဂါးတောင်ပံမြို့တွင် ၂ရက်ကြာ နေခဲ့သည်။ သူက ယုံကြည်သူအသွင် ဟန်ဆောင်ကာ အလင်း ခန်းမသို့ ဝင်ရောက်ပြီး ဆုတောင်းခဲ့သည်။ ထိုစဉ်အတွင်း သူသည် သိဒ္ဓိအလင်းတောင်သို့ ယခုတစ်ခေါက် ဝတ်ပြုခရီးသွားမည့် ယုံကြည်သူအချို့နှင့် သိကျွမ်းခဲ့သည်။

[တယ်လီပို့လမ်းကြောင်း] ဖွင့်သည့်နေ့တွင် အလင်းခန်းမ၌ ဝတ်ပြုခရီးသွား အများအပြား စုဝေးရောက်ရှိ နေခဲ့သည်။ နဂါးတောင်ပံမြို့မှ ဒေသခံများအပြင်၊ အရပ်ရပ်မှ လာရောက်၍ ကိုးကွယ်ပူဇော်ကြသော ယုံကြည်သူများ ပိုများနေ၏။

ထိုအချိန်တွင် ချန်လွေ့သည် မုတ်ဆိတ်မွေးထူထူနှင့် ဝတ်ပြုခရီးသွားတစ်ဦးကို “အစားထိုး” ပြီး အလင်းခန်းမထဲ ဝင်ရောက်ခဲ့သည်။ သူသည် ကိုးကွယ်မှု တံဆိပ်ပြားကို ရရှိခဲ့ပြီး တယ်လီပို့လမ်းကြောင်းထဲသို့ ဝင်ရောက်ကာ စိတ်တူကိုယ်တူ “ယုံကြည်သူများ” များနှင့် ရောနှောနေထိုင် ခဲ့သည်။

လွန်ခဲ့သော တစ်ခေါက်က ရှေးသူရဲကောင်း၏ အကဲဖြတ်မှုနှင့် သိဒ္ဓိအလင်းတောင်ကို ပိတ်ထားခဲ့ခြင်းကြောင့် နဂါးအစွယ်မြို့၏ တယ်လီပို့လမ်းကြောင်းမှာ တစ်လမ်းသွား ဖြစ်ခဲ့သော်လည်း ယခုတွင် နဂါးတောင်ပံမြို့၏ တယ်လီပို့ လမ်းကြောင်းက နှစ်လမ်းသွား ဖြစ်သည်။ ဆိုလိုသည်မှာ လွတ်လပ်စွာ သွားလာနိုင်ခြင်းပင်။

ချန်လွေ့က လူအုပ်ကြီးနောက် လိုက်ကာ အလင်းခန်းမ၏ သီးသန့် နေရာလွတ် လမ်းကြောင်းသို့ လျှောက်သွားခဲ့သည်။

ကိုးကွယ်မှု တံဆိပ်ပြား သည် ဝင်ရောက်လာသော ဝတ်ပြုခရီးသွားများအတွက် သက်သေခံကတ်ပြားကဲ့သို့ ဖြစ်ပြီး အလွန်တန်ဖိုးရှိသည်။ ပုံမှန်အားဖြင့် ၎င်းကို ပိုင်ဆိုင်ကြသည်မှာ ပိုင်ဆိုင်မှုများစွာ လှူဒါန်းခဲ့သော သဒ္ဓါတရား ထက်သန်သည့် ယုံကြည်သူများသာ ဖြစ်သည်။ တံဆိပ်တွင် ယုံကြည်သူများ၏ သွေးအနည်းငယ်ကို “သော့”အဖြစ် ထည့်သွင်းထားသည်။ သို့သော် ချန်လွေ့ကဲ့သို့ ယန္တရားပညာ မဟာဆရာသခင် တစ်ဦးအတွက်မူ ၎င်းကို ဖျက်ရန် မခက်လှပေ။ ကိုးကွယ်မှု တံဆိပ်ပြားကို ပိုင်ဆိုင်သော ချန်လွေ့က စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်ကာ တယ်လီပို့လမ်းကြောင်းထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက် နိုင်ခဲ့လေသည်။

ရေထဲတွင် လှုပ်ရှားနေသည့် ထူးခြားသော ခံစားမှုတစ်ခု ခံစားရပြီးနောက် ချန်လွေ့နှင့် ယုံကြည်သူများသည် ရှုခင်းများ သိသိသာသာ ပြောင်းလဲသွားပြီး ၎င်းတို့ ရောက်ရှိရမည့် နေရာသို့ ရောက်ရှိလာပြီဟု ခံစားလိုက်ရသည်။

ချန်လွေ့နှင့် အခြားသူများက အလင်းစစ်သည်တော် အဖွဲ့တစ်ဖွဲ့ ဝိုင်းရံထားသော လဟာပြင်ပုံစံ စင်မြင့်တစ်ခု ပေါ်တွင် ရောက်ရှိနေသည်။ အလားတူ “လဟာပြင်များ” အများအပြားရှိနေပြီး ယုံကြည်သူများကို ပို့ဆောင်ပေးနေ၏။

ရှေ့တွင် တောင်တန်းကြီးများသည် အဖြူရောင် ကျောက်တုံး များဖြင့် ပြည့်နှက်နေပြီး “ကမ်းပါးဖြူ” ဟုလည်း လူသိများသည်။ တောင်များအနက် အမြင့်ဆုံးတောင်သည် တိမ်များဖြင့် ဖုံးလွှမ်းနေပြီး ကျန်တောင်များထက် ထင်ရှားစွာ မြင့်မားနေလေသည်။

ယခုတစ်ခေါက် ပန်းတိုင်မှာ သိဒ္ဓိအလင်းတောင် ဖြစ်လေသည်။

ပတ်ဝန်းကျင်ရှိ ယုံကြည်သူများသည် စိတ်လှုပ်ရှားမှု သို့မဟုတ် စိတ်ရင်းများဖြင့် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြသည်။ အများစုက ခြေလှမ်းတိုင်းတွင် ဆုတောင်းနေကြ၏။

ချန်လွေ့အတွက် သိဒ္ဓိအလင်းတောင်သို့ ရောက်ရှိ ဖူးသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။ သိဒ္ဓိအလင်း တောင်ခြေရှိ သိဒ္ဓိအလင်းမြို့နှင့် သိသိသာသာ ဝေးကွာ နေသေးသည်။ မြင်းစီးသွားလျှင်ပင် နေ့တစ်ဝက် ကြာပေလိမ့်မည်။ ထိုယုံကြည်သူများက ခြေလှမ်းတိုင်း ဒူးထောက်နေကြလျှင် မည်သည့်အချိန်မှ ရောက်ရှိနိုင်မည် မသိနိုင်ပေ။

သံသယမဖြစ်စေရန် အတွက် ချန်လွေ့လည်း ယုံကြည်သူ အချို့ဆီမှ သင်ယူပြီး ခြေလှမ်းအနည်းငယ် လျှောက်ပြီးတိုင်း ခေါင်းငုံ့ကာ မျက်လုံးမှိတ် ဆုတောင်းခဲ့သည်။ သို့သော် သူ ခေါင်းငုံ့လိုက်သည့်အခါ ရုတ်တရက် ထူးခြားသည့်အရာ တစ်ခုကို တွေ့လိုက်ရ၏။

မူမမှန်မှုက လည်ပင်းမှ ပေါ်လာခြင်းဖြစ်သည်။

ဆွဲကြိုးမှ ဆွဲထားသော လက်စွပ်က အားကောင်းသော အလင်းရောင်ကို ထုတ်လွှတ်နေ၏။ လူသားလောကသို့ ရောက်လာပြီးနောက် ထိုကဲ့သို့ ပြင်းထန်သော အချက်ပြမှုကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ တစ်ဖနီက ကမ်းပါးဖြူ၌ပင် ရှိနေခြင်းပင်။

All Chapters