ဤနေရာတွင်ဂုဏ်သတင်းသည် အသုံးမဝင်
Vol. 26 Ch. 364
...
သန့်စင်ဧကရာဇ်၏ ရုပ်အလောင်းသည် သူ၏ ကိုယ်ပိုင် နန်းတော်ထဲတွင်ပင် မီးလောင်ကျွမ်းသွားခဲ့ပြီဖြစ်သည်။
ကံမကောင်းစွာပင် သူ့ကို ကာကွယ်ပေးသင့်သည့် အစောင့်များပင် ထိုနေရာတွင် ရှိမနေခဲ့ပေ။
ဤကဲ့သို့ ရလဒ်မျိုးကို ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့သော သန့်စင်ဧကရာဇ်ကိုယ်တိုင်ကပင် ၎င်းတို့ကို အခြားနေရာသို့ ထွက်သွားစေခဲ့ခြင်းဖြစ်၏။
မကြာမီပင် သူ၏ခန္ဓာကိုယ်သည် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာကူးလာသူတစ်ဦးမှပိုင်ဆိုင်ထားခဲ့သည့် သန့်စင်ဧကရာဇ်၏ ခန္ဓာကိုယ်သည် အကြွင်းအကျန်ပင် မကျန်ရစ်တော့ဘဲ ကြမ်းပြင်ပေါ်တွင် ဖုန်မှုန့်အချို့သာ ကျန်ရစ်ခဲ့လေ၏။
သန့်စင်ဧကရာဇ် ပြာမှုန့်ဖြစ်သွားသော်လည်း ပြာမှုန့်ဘေးတွင် သန့်စင်ဧကရာဇ်နှင့် အသွင်တူ အဝတ်အစားများ ဝတ်ဆင်ထားသည့် အခြားသူတစ်ဦး ရှိနေခဲ့သည်။
သန့်စင်ဧကရာဇ်၏ ပြာမှုန့်များသည် လေနှင့်အတူ လွင့်ပျံသွားပြီးနောက် မမြင်နိုင်သောနေရာများသို့ လွင့်ပျယ်ပျောက်ကွယ်သွားတော့သည်။
ထိုပြာမှုန့်များထဲမှ တစ်စွန်းတစ်စမျှပင် အာရန်၏ သန့်ရှင်းသပ်ရပ်ပြီး ခမ်းနားထည်ဝါနေသော ဧကရာဇ် ဝတ်စုံပေါ်သို့ မစွန်းထင်းခဲ့ပေ။
အာရန်၏ အသွင်ပြောင်းလဲမှုသည် သန့်စင်ဧကရာဇ်နှင့် အမှန်တကယ်ပင် ထပ်တူညီနေခဲ့သည်။
အစစ်အမှန်သန့်စင်ဧကရာဇ် သေဆုံးသွားခြင်းနှင့်အတူ စင်္ကြံလမ်းပတ်ပတ်လည်တွင် အပြင်ဘက်နှင့် ပိုင်းခြားထားခဲ့သော အကာအကွယ်လွှာသည်လည်း ဖြည်းဖြည်းချင်း ပျက်ပျယ်စပြုလာလေသည်။
၎င်းအကာအကွယ်လွှာ လုံးဝမပျောက်ကွယ်သေးမီ အာရန်သည် သူ့နောက်မှ အမျိုးသမီးနှစ်ဦးထံသို့ လှည့်လိုက်သည်။
ဇီယာနှင့် ယူလင်းတို့သည် တောင်ဘက်တိုက်ကြီးမှ ကယ်ထုပ်လာပြီးစဥ်ကတည်းက အာရန်၏ အသွင်ပြောင်းနိုင်သောအစွမ်းအကြောင်းကို သိနှင့်ပြီးဖြစ်၍ ယခု ဧကရာဇ်အသွင်ယူထားခြင်းအား အထူးတလည် အံ့သြသင့်မိခြင်းမျိုးတော့ မဖြစ်မိခဲ့ကြပေ။
ဝန်ကြီးအတွက်မူ အာရန်က သူ့အား ယူလင်းထံသို့ ပေးအပ်လိုက်သည့် အချိန်မှစ၍ အာရုံကြောများအပါအဝင် သူ၏ခန္ဓာကိုယ် အများစုကို ယူလင်းက အေးခဲထားလိုက်သောကြောင့် ကြာရှည်စွာ သတိလစ်သွားခဲ့သည်။
“ရှင် တကယ်ပဲ ဒီလိုလုပ်တော့မှာလား”
အာရန်တစ်ယောက် ဘာမှ ရှင်းပြနေရန် မလိုအပ်ခဲ့ပေ။
သူ့၏ ဟန်ဆောင်မှုတစ်ခုတည်းကပင် သူသည် သန့်စင်ဧကရာဇ်၏ နေရာကို ရယူရန် စီစဉ်ထားပြီးဖြစ်ကြောင်း ရှင်းပြပြီးဖြစ်၏။
“မဟာအကြီးအကဲတစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားတာကိုကော ဘယ်လို အကြောင်းပြချက်ပေးမှာလဲ” ဟု ဇီယာသည် အာရန်အား အရေးတကြီး ဖြေရန် လိုအပ်သော အဓိက မေးခွန်းကို မေးလိုက်သည်။
အာရန်သည် သန့်စင်ဧကရာဇ်၏ နေရာကို ယူထားသောကြောင့် အာရန်ကိုယ်တိုင်လည်း ပျောက်ဆုံးသွားမည်မဟုတ်ပါလော...။
ထိုသို့ရုတ်တရက် ပျောက်ကွယ်သွားခြင်းအတွက် မည်သို့သော ရှင်းပြချက်များ ပေးရမည်နည်း။
အထူးသဖြင့် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်တစ်ယောက် ဤနေရာတွင် ရှိနေစဉ်၌ ဖြစ်လေသည်။
သန့်စင်မြို့အတွင်းတွင် တခြားနေရာများသို့ သွားရောက်နိုင်သည့် ဂိတ်တံခါးပေါက် အသုံးပြုခွင့်ကို တားမြစ်ထားလေသည်။
သန့်စင်ပရောဟိတ်မ၏ ခွင့်ပြုချက်မရှိပါက အာရန်သည် ဂိတ်တံခါးပေါက်တစ်ခုကို ဖွင့်လှစ်ပြီး အရှေ့တိုင်းဒေသကြီးသို့ ပြန်သွားပြီဟု လိမ်လည်၍လည်း မဖြစ်နိုင်ပေ။
သန့်စင်ပရောဟိတ်မသည် အာရန်အား သံသယရှိနေပြီးဖြစ်ရာ သူ၏ ပျောက်ဆုံးခြင်းကို လျစ်လျူရှုမည်မဟုတ်ပေ။
“အဲဒါက မင်း ဒီကို ရောက်နေရတဲ့ အကြောင်းရင်း မဟုတ်ဘူးလား”
အာရန်သည် ဇီယာအား ပြန်လည် ပြုံးပြလိုက်ပြီး အဓိပ္ပါယ်ပါပါဖြင့် စိုက်ကြည့်နေလိုက်သည်။
ဇီယာ၏ မျက်လုံးများသည် မှေးစင်းသွားပြီး အာရန် သူ့ကို ထိုသို့ အဘယ့်ကြောင့် စိုက်ကြည့်နေသည်အား တွေးတောလိုက်မိ၏။
သူ ဘာတွေ စီစဉ်နေတာလဲ။ ဝံပုလွေတစ်ကောင်၏ ချောင်းမြောင်းခြင်းကို ခံနေရသော သိုးငယ်လေးတစ်ကောင်ကဲ့သို့ သူမ အဘယ့်ကြောင့် ခံစားနေရသနည်း။
“မဟာအကြီးအကဲရန်က တခြားမဟာအကြီးအကဲ အမျိုးသမီးတစ်ဦးနဲ့အတူ အစားကြူးရတာကို နှစ်သက်တယ်ဆိုတာ လူတိုင်းသိနေကြပြီးမဟုတ်လား”
အာရန်၏ စကားများတွင် ဇီယာအား သူဖြစ်ချင်သည် အရိပ်အမြွက်အချို့ ဖော်ပြပေးလျက်ရှိလေ၏။
ဇီယာသည် ဉာဏ်ထက်မြက်သူတစ်ဦး မဟုတ်သော်လည်း အာရန်ဆိုလိုသည့် အဓိပ္ပါယ်ကိုမူ သူမကောင်းစွာ နားလည်ထားလေသည်။
“လုံးဝမလုပ်နိုင်ဘူး အရင်မြို့စားရဲ့အိမ်တော်မှာရှိတဲ့ လူတိုင်းနီးပါးက ကျွန်မကို အစားကြူးတဲ့ မိန်းမလို့ ထင်သွားကြပြီးပြီ သန့်စင်ဧကရာဇ်ရဲ့ နန်းတော်ကလူတွေကိုပါ အဲဒီလို ထပ်ပြီးရှင်က ထင်စေချင်နေတာလား ဒီမှာဆို အဲ့သတင်းက အနောက်တိုက် ဒေသကြီးမှာတင် ရပ်နေမှာ မဟုတ်တော့ဘူးနော်’’
သန့်စင်ပရောဟိတ်မ ရောက်ရှိလာပြီးနောက် သာမန်အစောင့်များသာ ရှိနေခဲ့သော မြို့စား၏ အိမ်တော်နှင့်မတူဘဲ ယခု တော်ဝင်နန်းတော်သည် အစောင့်များအပြင် အစေခံများစွာဖြင့် ပြည့်နှက်နေသောနေရာဖြစ်၏။
အစောင့်များသည် ၎င်းတို့ မပေါက်ကြားသင့်သည့် အရာများကို သတိထားစောင့်စည်းကြသေးသော်လည်း အစေခံများမှာမူ မတူညီကြပေ။
သူတို့သည် သူတို့၏ပါးစပ်များကို ထိန်းချုပ်နိုင်ကြသူများ မဟုတ်ပေ။
သူမသာ ဤနေရာတွင် ထိုကဲ့သို့ ပြုမူမိပါက နန်းတော်နံရံများအပြင်ဘက်သို့ ပင် ထိုသတင်းမှာ ပျံ့နှံ့သွားတော့မည် ဖြစ်လေသည်။
တောင်ပိုင်းဒေသကြီးမှ လာရောက်သော ကုန်သည်များပင် ကြားသိသွားနိုင်လေသည်။
၎င်းသည် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲနှစ်ဦးနှင့် သက်ဆိုင်သောကြောင့် သူတို့သည် ထိုကိစ္စကို သေချာပေါက် စိတ်ဝင်စားကြမည် ဖြစ်သည်။
ဇီယာသည် ဤသတင်း ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခြင်းကို လုံးဝ မလိုလားခဲ့ပေ။
အထူးသဖြင့် ၎င်းသည် မမှန်ကန်သောကြောင့်ပင်။
“အဲ့ဒီလို သတင်းပျံ့သွားတော့ကောဘာဖြစ်မှာမို့လို့လဲ”
အာရန်သည် ရိုးရှင်းစွာပင် သူ၏ ပခုံးကို တွန့်ပြရင်း ပြန်ပြောလိုက်သည်။
အာရန်သည် သူ၏ ဂုဏ်သတင်းကိုထပ်မံ ဂရုစိုက်မည်မဟုတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ ဂုဏ်သတင်းသည် ဆိုးနိုင်သမျှ အဆိုးဆုံး ဖြစ်နေပြီ ဖြစ်သောကြောင့်ပင်တည်း။
သူသည် ရန်သူများကို ကြောက်မက်ဖွယ် သေခြင်းနှင့် ရင်ဆိုင်စေပြီးနောက်မှာပင် ၎င်းတို့၏အသားများကို အစိမ်းလိုက် စားသည်ဟု ကောလာဟလများပင် ထွက်ထားပြီးပြီ မဟုတ်ပါလား...။
သို့သော် သူသည် အခြားသူများ၏ နှလုံးသားများကို ဝါးမြိုခြင်းများ ပြုခဲ့မိပြီးဖြစ်သည့်အတွက် ထိုကောလာဟလများသည် တစ်စိတ်တစ်ပိုင်း မှန်ကန်နေခဲ့ပြီးဖြစ်သော်လည်း ခြုံကြည့်မည်ဆိုလျှင်တော့ အတော်များများသည် ချဲ့ကားထားသော ကောလာဟလများပင် ဖြစ်နေသေး၏။
၎င်းအရ အာရန်၏ ဂုဏ်သတင်းသည် လုံးဝကို မကောင်းသည့်အရာများဖြင့် မွှေးပျံ့နေခဲ့ပြီးဖြစ်ကာ တစ်ဖက်ကကြည့်လျှင်လည်း သူ့အား ပို၍ သန်မာသောသူ၊ ပို၍ကြောက်စရာကောင်းသူ တစ်ဦးအဖြစ်လည်း ပုံဖော်ပေးခဲ့လေသည်။
ယခုအချိန်တွင် အကာအကွယ်လွှာသည် လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပြီဖြစ်လေသည်။
အာရန်သည် ဤနေရာသို့ ပြန်လည်ချဉ်းကပ်လာသော တော်ဝင်အစောင့်များ၏ ခြေသံများကို ကြားနေရလေပြီဖြစ်၏။
“ဒီတစ်ကြိမ်တော့ နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် ငါ့ကို မကူညီနိုင်တော့ဘူးလား” ဟု အာရန်သည် ဇီယာအား အားကိုးသည့်အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
သူသည် သူမအား ခခယယ တောင်းဆိုနေခဲ့ခြင်း ဖြစ်လေသည်။
ထို့ပြင် ယခုလုပ်ရပ်သည် မိစ္ဆာဂိုဏ်းအတွက် ကောင်းကျိုးများကိုသာ ဆောင်ကျဥ်းပေးမည်လည်း ဖြစ်လေသည်။
အာရန်သာ သန့်စင် အင်ပါယာကို သိမ်းပိုက်နိုင်ခဲ့ပါက ၎င်းတို့အတွက် အရာများစွာ သည် ပို၍ လွယ်ကူသွားမည်ဖြစ်လေသည်။
သူမ လုပ်ချင်စိတ်မရှိသော်လည်း သူမကိုယ်သူမ စည်းရုံးရန် အကြောင်းပြချက်များကို တွေးတောခဲ့သည်။
အရေးကြီးသည်မှာ သူမအတွက် ထိုအရာကို လုပ်ဆောင်ရန် သဘောတူခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ သူမကို တောင်းဆိုခဲ့သူမှာ အာရန်ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်တည်း။
ထို့ပြင် သူမတွင်လည် အာရန်အား ကူညီရန်မှတပါးအခြားရွေးချယ်စရာလဲ ရှိနေသည်တော့ မဟုတ်ပေ။
“ကောင်းပြီလေ အခြားနည်းလမ်းမှမရှိတော့တာ ကျွန်မ ကူညီမှပဲဖြစ်တော့မှာပေ့ါ အွန်း”
ဇီယာတစ်ယောက် သဘောတူလိုက်ရသော်လည်း အနည်းငယ် စိတ်တိုနေဟန်ရလေသည်။
သူမသည် အမှန်တကယ်တစ်ကြိမ်တစ်ခါမှပင် ထိုအရာမျိုးတွင် အတွေ့အကြုံမရှိဘူးခဲ့သော်လည်း အဘယ်ကြောင့် ထိုသို့သာ ဟန်ဆောင်နေရသနည်း။
ကံမကောင်းစွာပင် သူမသည် တခြားဘာမှလည်း ထပ်မံစောဒကတက်၍ မရနိုင်တော့ပေ။
ထို့နောက် သူမသည် သက်ပြင်းတစ်ချက်ချ၍သာ သူမတို့နဂိုတည်ရှိရာ အခန်းဆီသို့ ပြန်လည် ထွက်ခွာသွားခဲ့ရလေ၏။
ယူလင်းမှာမူ အာရန်၏ ညွှန်ကြားချက်အတိုင်း နောက်ကျန် နေရစ်ခဲ့ပြီး သတိလစ်နေသော ဝန်ကြီးကို ဆက်လက်ထိန်းချုပ်နေခဲ့သည်။
အာရန်သည် သူ၏ အခြားဖြစ်တည်မှုတစ်ခုဖြစ်သော အကြီးအကဲရန် အဖြစ်ဟန်ဆောင်မှုကိုမူ နောင်ခါလာနောင်စျေး ထားလိုက်သဖြင့် လောလောဆယ်တော့ စိုးရိမ်စရာမလိုတော့ပေ။
ဤသို့ဖြင့် အာရန်သည် သူ၏လက်ရှိ ဧကရာဇ်အဖြစ် သရုပ်ဆောင်မှုတွင်သာ နောက်ဆုံးတွင် အာရုံစိုက်နိုင်သွားပြီဖြစ်၏။
ထိုအရာတွင် ယူလင်းက သူ့အား အကူအညီပေးလိမ့်မည် ဖြစ်ပေသည်။
“အရှင်မင်းကြီး အဆင်ပြေရဲ့လား”
တော်ဝင်အစောင့်များ ရောက်ရှိလာခဲ့ကြပြီး သန့်စင်ဧကရာဇ်တစ်ယောက် လုံးဝ အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါမှသာ သူတို့သည် သက်ပြင်းများ ချလိုက်နိုင်ကြလေသည်။
ဧကရာဇ်သည် မဟာအကြီးအကဲနှစ်ဦးကို စည်းရုံးနိုင်ခဲ့ပုံလည်းရနေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့အား မည်သည့်နေရာတွင်မျှ မတွေ့ရတော့ သောကြောင့်ပင်တည်း...။
“ငါကိုယ်တော်အတွက် မင်းတို့ စိတ်ပူစရာမလိုပါဘူး စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးက ကိုယ့်ဘာသာကိုယ်ကျူးလွန်ခဲ့ပြီးတော့ ငါကိုယ်တော်ကို စွပ်စွဲဖို့ ကြိုးစားခဲ့တဲ့ နားလည်မှုလွဲမှားမှုတစ်ခုပါပဲ အခုတော့ ဧည့်သည်တော်တွေနဲ့ ပြေလည်မှု ပြန်ရသွားပါပြီ” ဟု အာရန်က အစောင့်များကို ပြောလိုက်ပြီး မူလ ဧကရာဇန်ဟန်ပန်အတိုင်း လက်နောက်ပစ်ထားလိုက်ကာ ကာကွယ်ရေး ဝန်ကြီးဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။
၎င်းသည် သန့်စင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့သော အစောပိုင်း ကမ္ဘာကူးပြောင်းလာသူ၏ မှတ်ဉာဏ်များမှနေ၍ အာရန်တစ်ယောက် သင်ယူရရှိခဲ့သော အမူအကျင့်အချို့ပင် ဖြစ်သည်။
သူသည် ထိုသူ၏ မှတ်ဉာဏ်များကို အလုံးစုံတော့ ရရှိလိုက်ခြင်းမရှိသော်လည်း သန့်စင်ဧကရာဇ် မည်သို့ ပြုမူခဲ့သည်ကို ထိုသူ ဖတ်ခဲ့သော စာအုပ်မှတစ်ဆင့် သိရှိနိုင်ခဲ့လေသည်။
ထိုသို့ ခိုးယူရရှိခဲ့သော မှတ်ဉာဏ်အချို့ကြောင့် အာရန်သည် ထိုတောင်ဘက်တိုက်ကြီး နှင့်ပတ်သတ်သည့် ဝတ္ထုစာအုပ်မှ အကြောင်းအရာ အတော်များများကို သိလိုက်ရကာ အတုအယောင်ပရောဟိတ်မနှင့် ပတ်သက်သော ဇာတ်လမ်းအကြောင်းကိုပါ ပို၍ ကောင်းမွန်စွာ နားလည်နိုင်ခဲ့၏။
၎င်းသည် သူ၏ နဂို ထင်မြင်ယူဆချက်များနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေလေသည်။ အာရန်တစ်ယောက် ယခုအချိန်ထိပင် ထိုအရာများကို မယုံကြည်နိုင်သေးပေ။
#Catfoot