ထိန်းချုပ်မှု ရယူခြင်း
Vol. 26 Ch. 365
….
“တော်သေးတာပေ့ါ” ဟု တော်ဝင်အစောင့်များက သက်ပြင်းချရင်းပြန်ပြောလိုက်ကြသည်။
အကယ်၍ သန့်စင်ဧကရာဇ်သာ တစ်ခုခုဖြစ်ခဲ့ပါက ၎င်းတို့သည် ကာကွယ်ရန် တာဝန်ပျက်ကွက်မှုကြောင့် သေဒဏ်ချမှတ်ခံရမည်ကို သိထားကြ၏။
ထို့ပြင်ယခုသန့်စင်ဧကရာဇ်သာ သေဆုံးသွားပါက သူ၏ ညီတော်သည် သူ၏ ဘုရင်နေရာကို ဆက်ခံလိမ့်မည်ဖြစ်လေသည်။
ထိုညီတော်၏ အကျင့်စရိုက်အရ ၎င်းတို့အား အများပြည်သူရှေ့တွင် ကွပ်မျက်ပစ်မည်မှာ သေခြာသလောက်ပင်တည်း။
ထိုညီတော်နှင့် နှိုင်းယှဉ်ပါက လက်ရှိ သန့်စင်ဧကရာဇ်သည် ကောင်းကင်ဘုံမှ သူတို့အတွက် နတ်သားတစ်ပါးနှယ် တူညီနေ၏။
အာရန်သည် ၎င်းတို့၏ အတွေးများကို နားလည်နိုင်ခဲ့သည်။
အစောင့်များ အာရုံပျံ့လွင့်နေသဖြင့် ဤနေရာတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များအား သံသယဝင်ရန် အချိန်မရှိခဲ့သည်မှာ ကံကောင်းလေသည်။
အာရန်သည် ဝန်ကြီးက သူ့ကို သစ္စာဖောက်ပြီး သံတမန်များကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း အစောင့်များကို အသိပေးခဲ့သည်။
ရလဒ်အနေဖြင့် ထိုကာကွယ်ရေးဝန်ကြီးအား သူ၏ရာထူးကို ရုပ်သိမ်းပြီးနောက် နောက်ထပ် ဝန်ကြီးအသစ်တစ်ဦးကို ခန့်အပ်မည်ဟု ထပ်မံ ကြေညာခဲ့သည်။
သို့သော် အာရန်သည် ထိုရာထူးကို မည်သူ့ကို ထပ်မံခန့်အပ်မည်ဖြစ်ကြောင်း မကြေငြာသေးဘဲ ဤကိစ္စတွင် ကောင်းစွာကိုင်တွယ်နိုင်သောအရည်အချင်းရှိသူအား ခန့်အပ်မည်ဟု အစောင့်များအား အရိပ်အမွက်ပြောကြားလိုက်လေသည်။
အာရန်၏ဆိုလိုချက်အရ အကယ်၍ ဤကိစ္စတွင် ကောင်းစွာကိုင်တွယ်နိုင်သူ ဖြစ်ပါက သာမန်အစောင့်များတွင်ပင် နောင်တစ်ချိန်တွင် အခွင့်အရေးများ ရှိလာနိုင်သည်ဟူသော အတွေးဝင်သွားစေလိုခြင်းဖြစ်၏။
ဤနည်းဖြင့် အာရန်သည် တော်ဝင်အစောင့်များမှ သူ့အား ဆန့်ကျင်မည့် ဖြစ်နိုင်ခြေများအားလုံးကို ယာယီ ဖယ်ရှားခဲ့ပြီးသားဖြစ်သွားလေသည်။
အနည်းဆုံး သူ့အပေါ်တွင် သစ္စာရှိသူများအပေါ် ဖြစ်သည်။
သို့သော်သူ့ကို သစ္စာမရှိသူများလည်း ရှိနေဦးမည်ပင်။
တော်ဝင်စစ်တပ်အတွင်းတွင်ပင် သန့်စင်ဘုရားကျောင်းတော်အပေါ် လုံးဝသစ္စာစောင့်သိထားသော သူ့အတွက် သစ္စာဖောက်ဟုဆိုနိုင်သည့် လူများစွာ ရှိနေခဲ့သည်။
အာရန်သည် အနောက်ဘက်တိုက်ကြီး၏ ဝတ္ထုပါအကြောင်းအရာများကို ယခု အချိန်တွင် သိရှိပြီး ဖြစ်သော်လည်း ထိုသစ္စာဖောက်များအကြောင်းကိုမူ ထိုမျှ အသေးစိတ် မသိနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဝတ္ထုထဲတွင် အမည်များဖြင့်ပင် ဖော်ပြရန် အရေးမပါလွန်းသောကြောင့်ပင်တည်း။
ကာကွယ်ရေးဝန်ကြီးသည်ပင် အရေးကြီးသောနေရာမှ ကပြရသူတစ်ဦး ဖြစ်ခဲ့သောကြောင့်သာ ခြွင်းချက်တစ်ခု ဖြစ်ခဲ့ခြင်းဖြစ်၏။
အာရန်သည် ဤဖြစ်လာနိုင်ခြေရှိသော ခြိမ်းခြောက်မှုများကိုလည်း ဖယ်ရှားမှဖြစ်မည်မှန်း သိထားခဲ့လေသည်။
ယခု အာရန်သည် သန့်စင်ဧကရာဇ် ဖြစ်လာပြီဖြစ်ရာ ထိုတော်ဝင်စစ်တပ်ကို သူ၏ လက်အောက်တွင် အပြည့်အဝသစ္စာရှိစေမည့် ပုံစံဖြင့် ပြန်လည်ဖွဲ့စည်းတော့မည် ဖြစ်လေ၏။
ထိုသို့ ပြုလုပ်နိုင်ရန် ပထမဆုံး အဆင့်မှာ တော်ဝင်အစောင့်များကို စီစစ်ခြင်းဖြစ်ပြီး အထူးသဖြင့် သူ့အား တစ်ချိန်ချိန်တွင် နောက်ကျော ဓားနှင့်ထိုးလာနိုင်သော အစောင့်မှန်သမျှကို ကြိုတင်ရှင်းလင်းပစ်ရန်ပင် ဖြစ်သည်။
အာရန်သည် သူ၏ပတ်ဝန်းကျင်ရှိ အစောင့်များကို တော်ဝင်မြို့တော်တွင် ရှိနေသည့် အခြားတော်ဝင်အစောင့်များအားလုံးထံ သတင်းတစ်ခုပို့ခိုင်းခဲ့သည်။
ထိုသတင်းမှာ ၎င်းတို့အားလုံးအား နေ့လည်ပိုင်းတွင် လေ့ကျင့်ရေးကွင်း၌ သူ့နှင့်တွေ့ဆုံရန် စုဝေးရမည်ဟူ၍ဖြစ်လေသည်။
“အရှင်မင်းကြီး သူတို့ကို ခုချိန် စုဝေးခိုင်းဖို့ ခက်လိမ့်မယ်ထင်တယ် ဘာလို့ဆိုတော့ သူတို့တွေဟာ ညက ပျောက်ဆုံးသွားတဲ့ ...သန့်စင်ဘုရားကျောင်းက ဓားနဲ့ ပါတ်သတ်တဲ့ သဲလွန်စတွေအတွက် မြို့ထဲမှာ ပိုက်စိတ်တိုက်ရှာဖွေနေရင်း အလုပ်များနေကြလို့ပါ” ဟု နန်းတော်အစောင့်တစ်ဦးမှ သန့်စင်ဧကရာဇ် အားရှင်းပြလိုက်သည်။
“အဲ့ဒီကိစ္စ ရှာဖွေတာကို ရပ်ခိုင်းလိုက်ပါ လူတိုင်းကို အဲဒီနေရာမှာ အချိန်မှီ တွေ့ချင်တယ်လို့ ပြောလိုက် ရှာဖွေတာကို ချက်ချင်းရပ်ပြီး ပြန်လာဖို့ပါ အမိန့်ပေးလိုက်” ဟု အာရန်က သူ့အား ပြန်ရှင်းပြသည့် ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီလိုလုပ်ရင် သန့်စင် ဘုရားကျောင်းဘက်က....”
နောက်ထပ် အစောင့်တစ်ဦးမှ စောဒကတက်ရန် ကြိုးစားလိုက်သော်လည်း အာရန်မှ သူ့အား စိုက်ကြည့်လိုက်သဖြင့် ပါးစပ်ပေါက်ပြန်ပိတ်သွားခဲ့သည်။
“ငါက ဧကရာဇ်ပဲ မင်းတို့ ငါကိုယ်တော်ရဲ့ အမိန့်တွေကို မလိုက်နာနိုင်ရင် ဒီနေရာမှာ ဆက်လက်ရှိနေစရာမလိုတော့ဘူး” ဟု အာရန်က အလျင်အမြန် ခေါင်းငုံ့သွားသော အစောင့်ကို ရည်ရွယ်ဟန်ဖြင့် ပြောလိုက်သည်။
အစောင့်များ အားလုံးသည် သန့်စင်ဧကရာဇ် အဘယ်ကြောင့် ရုတ်တရက် ထိုမျှ စိတ်ဓာတ်ခိုင်မာလာသည်ကို တွေးရင်း အနည်းငယ်စိတ်ရှုပ်ထွေးနေကြလေသည်။
ပုံမှန်အားဖြင့် ဧကရာဇ်သည် သန့်စင်ဘုရားကျောင်းနှင့် ပတ်သက်သောကိစ္စတိုင်းတွင် ပို၍ အလေးပေးလုပ်ဆောင်လေ့ ရှိတတ်သည်။
အဘယ်ကြောင့်ဆိုသော် ဘုရားကျောင်းသည် အနောက်ဘက်တိုက်ကြီး၏ တစ်ဦးတည်းသော အရှင်သခင်မှ ကျောထောက်နောက်ခံ ပြုထားခြင်းကြောင့်ပင် ဖြစ်၏။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဧကရာဇ်သည် ပို၍ ခေါင်းမာနေခဲ့သည်။
ထိုဓားသည် သန့်စင်ဘုရားကျောင်းတော်အတွက် အရေးအလွန်ပါကြောင်း သိလျက်နှင့်ပင် ရှာဖွေမှုကို ရပ်တန့်ရန် ဆန္ဒရှိနေခဲ့သည်။
အာရန်သည် သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကို အစောင့်များကို မပြောပြခဲ့ပေ။
သို့သော်လည်း ၎င်းသည် သန့်စင်ဧကရာဇ်၏ အမိန့်ဖြစ်ပြီး ထိုအစောင့်များသည် ထိုအမိန့်ကို လျစ်လျူရှု၍ မရနိုင်ပေ။
နန်းတော်အစောင့်အချို့သည် ၎င်းတော်ဝင်အမိန့်တော်ကို အခြားအစောင့်များထံ ပေးပို့ရန် လျင်မြန်စွာ ပြေးထွက်သွားကြသည်။
“ဧည့်သည်တော်တွေအတွက် ကြိုဆိုပွဲ ပြင်ဆင်ထားတာတွေကကော ဘယ်လိုအခြေအနေမှာရှိလဲ”
အာရန်သည် သတိလစ်နေသော ဝန်ကြီးကို ဆွဲခေါ်သွားစေလိုက်ပြီး အခြားဝန်ကြီးများ ရှိနေမည့် ခမ်းနားသောအဓိက ခန်းမဆီသို့ ထွက်ခွာလာခဲ့၏။
ယူလင်းသည်လည်း အာရန်၏နောက်မှပင် တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ရာ သူမသည် မဟာအကြီးအကဲ၏ တပည့်တစ်ဦးဖြစ်သောကြောင့် ဤကဲ့သို့ဧကရာဇ်၏နောက်တွင် လိုက်ပါလာသည်ကို မြင်ရသောအခါ အတော်များများ၏ အာရုံစိုက်ခြင်းကို ခံရလေတော့သည်။
“ဖိတ်စာတွေတော့ အာကုန်လုံး ပို့ထားပြီးပါပြီ သန့်စင် ပရောဟိတ်မ အပါအဝင် မြို့ထဲမှာရှိနေတဲ့ ကာဒီနယ်ရဟန်းအမတ် အားလုံးနဲ့ အရေးကြီးဧည့်သည်တွေပါမကျန် အားလုံး တက်ရောက်ကြပါလိမ့်မယ်”
အာရန်သည် တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်မိသည်။
ဤကြိုဆိုပွဲသည် သူ့အနေနှင့် ရှောင်လွှဲ၍ မရနိုင်သော ပွဲတစ်ပွဲဖြစ်နေခဲ့သည်။
ထို့ကြောင့် အာရန်သည် ၎င်းပွဲကို သူ့အတွက် အားသာချက်တစ်ခုအဖြစ် အသုံးပြုနိုင်ရန် စီစဉ်နေခဲ့ခြင်းဖြစ်၏။
သန့်စင်အင်ပါယာတွင် သိသာထင်ရှားသော လှုပ်ရှားမှုတစ်ခု ပြုလုပ်ရမည့်အချိန် ရောက်ရှိလာပြီမဟုတ်ပါလော...။
ထို့နောက် ကာကွယ်ရေးဝန်ကြီးကို လည်ဂုတ်မှ ဆွဲကိုင်လိုက်ကာ အာရန်သည် ရာဇပလ္လင်တည်ရှိရာ အဓိကခန်းမအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ထိုနေရာ၌ ရောက်ရှိနေကြသော ဝန်ကြီးများအားလုံးသည် တုန်လှုပ်စွာဖြင့် ထရပ်လိုက်ကြကာ ၎င်းတို့၏ မျက်လုံးများသည် သန့်စင်ဧကရာဇ်မှ ဆွဲခေါ်လာသော ဝန်ကြီး၏ သွေးစွန်းနေသော ပုံရိပ်ကို ထိတ်လန့်စွာဖြင့် စူးစိုက်ကြည့်မိလိုက်ကြလေသည်။
ဝန်ကြီးအချို့၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ထင်ဟပ်နေခဲ့၏။
“အရှင်မင်းကြီး ဒါက ဘာအဓိပ္ပာယ်လဲ”
စီးပွားရေးဝန်ကြီးက လုံးဝ အံ့အားသင့်နေပုံဖြင့် မေးလိုက်သည်။
အခြားဝန်ကြီးများသည်လည်း မေးခွန်းများ ဆက်လက်မေးမြန်းလိုက်ကြသော်လည်း အာရန်သည် ၎င်းတို့အားလုံးအား လျစ်လျူရှု၍ ပလ္လင်ဆီသို့သာ ဆက်လက်ချီတက် နေခဲ့သည်။
အာရန် ရာဇပလ္လင်အနီးသို့ ရောက်မှသာ ထိုကာကွယ်ရေးဝန်ကြီးကို လွှတ်ပေးလိုက်ရာ သူ၏ သတိလစ်နေသော ကိုယ်ခန္ဓာသည် ပလ္လင်ရှေ့ရှိ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းလျက်သား ရှိနေလေတော့သည်။
အာရန်သည် သူ၏ဝတ်ရုံရှည်ကြီးကို နောက်ဘက်တွင် တစ်ချက်ခန့် လွှဲခါလိုက်ပြီးနောက် ဝန်ကြီးများအားလုံးကို ရင်ဆိုင်ရန် ရှေ့သို့ ပြန်လှည့်လိုက်ကာ အလွန်ဂုဏ်သိက္ခာရှိစွာဖြင့် ရာဇပလ္လင်ပေါ်တွင် တက်ထိုင်လိုက်လေ၏။
သန့်စင်ဧကရာဇ်၏ ပုံမှန်နှင့်မတူပဲ အလွန်အေးစက်နိုင်လွန်းသောပုံရိပ်ကို မြင်လိုက်ရသောအခါ ဝန်ကြီးများအားလုံးသည် တိတ်ဆိတ်သွားကြလေသည်။
အာရန်အား မေးခွန်းထုတ်ရန် ထရပ်ခဲ့ကြသူများပင် တိတ်ဆိတ်စွာ ပြန်လည်ထိုင်နေလိုက်ကြပြီး ၎င်းတို့၏ ကျောပြင်များမှာ ချွေးစေးများဖြင့် စိုစွတ်နေခဲ့ကြသည်။
အခြားဝန်ကြီးများမှာ ထိုကာကွယ်ရေးဝန်ကြီးအား မည်သည့်အမှားမျိုး ကျူးလွန်ခဲ့မိသဖြင့် ထိုသို့သော ပြုမူဆက်ဆံခြင်း ခံခဲ့ရသနည်းဟု တွေးတောနေမိခဲ့ကြလေသည်။
“ကျုပ်တို့ လူတွေထဲမှာ နစ်ခရိုမန်ဆာမျှော်စင်က သစ္စာဖောက်တွေ ရောနှောဝင်ရောက်နေကြတယ်”
အာရန်သည် နောက်ဆုံးတွင် စကားတစ်ခွန်းဖြင့်စတင်လိုက်ရာ ခန်းမတစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့သည်။
ဤနေရာတွင် ထိုင်နေသော ဝန်ကြီးများထဲမှ အတော်များများမှာ သန့်စင် ဘုရားကျောင်းဘက်မှ ဖြစ်သည်ကို အာရန်တစ်ယောက် သိရှိထားပြီးဖြစ်၏။
၎င်းတို့သည် ဤညီလာခံတွင် သန့်စင်ဧကရာဇ်အား နစ်ခရိုမန်ဆာမျှော်စင်၏ သူလျှိုတစ်ယောက်ဖြစ်ကြောင်းနှင့် အနောက်တိုက်၏ သစ္စာဖောက်အဖြစ် စွပ်စွဲရန် အစီအစဉ်ရှိနေခဲ့ကြကြောင်းလည်း သူသိနှင့်ပြီးသားဖြစ်လေသည်။
အာရန်သည် သစ္စာဖောက်အဖြစ် အပြစ်တင်ခံရမည့်အစား ယခုတွင်မူသူသည် သစ္စာဖောက်များကို ဖမ်းဆီးမည့်သူ ဖြစ်လာတော့မည်ဖြစ်လေသည်။
မူလသန့်စင်ဧကရာဇ်ဖြစ်သူ ပြလုပ်ခဲ့သည့် အမှားမျိုးကို သူသည် ထပ်မံကျူးလွန်မည်မဟုတ်သောကြောင့်ပင်တည်း...။
ထို့အပြင် အာရန်သည် သူ့ကိုယ်သူ ကတိပေးထားခဲ့သည့်အတိုင်း မည်သူ့ကိုမျှ သူ၏ အနာဂတ်အပေါ် ထိန်းချုပ်ခွင့်ပြုတော့မည် မဟုတ်ပေ။
#Catfoot