သုတ်သင်ခြင်း
Vol. 26 Ch. 367
....
ဝန်ကြီးများသည် သန့်စင် ဧကရာဇ်၏ စကားများကို တွေးရင်း အချင်းချင်း တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်နေမိခဲ့ကြသည်။
၎င်းတို့ထဲမှ အများစုမှာ အာရန်သည် လုံးဝ အဓိပ္ပာယ်မရှိသော စကားများ ပြောနေခဲ့ကြောင်း သိနှင့်ပြီးသားဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကာကွယ်ရေးဝန်ကြီးသည် ဘယ်တုံးကမှ နစ်ခရိုမန်ဆာမျှော်စင်၏ နယ်ရုပ်တစ်ရုပ် မဟုတ်ခဲ့သောကြောင့် ပင်တည်း။
ကာကွယ်ရေးဝန်ကြီးသည် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်၏ ညွှန်ကြားချက်များကိုသာ လိုက်နာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ သိထားခဲ့လေသည်။
အမှန်တကယ် ရှုံးနိမ့်ခဲ့သူမှာ သန့်စင်ဘုရားကျောင်း မဟုတ်ဘဲ ထို ကာကွယ်ရေးဝန်ကြီးပင် ဖြစ်လေ၏။
ဤနေရာတွင် သန့်စင်ဘုရားကျောင်း၏ သစ္စာခံမဟုတ်သောကြောင့် ထိုအကြောင်းကို မသိထားသူမှာ ဧကရာဇ်ကို သစ္စာခံထားသည့် ဝန်ကြီး လေးဦးသာ ရှိခဲ့သည်။
သန့်စင်ဧကရာဇ်ကိုယ်တိုင်က ထိုမျှ ယုံကြည်မှုရှိစွာ ပြောနေပြီဖြစ်ကြောင့် ၎င်းတို့သည် သူ၏ စကားများကို မသံသယဝင်ခဲ့ပေ။
၎င်းတို့သည် သန့်စင်အင်ပါယာအတွက် အခြားမည်သူက သစ္စာဖောက်ဖြစ်နိုင်မည်နည်းဟုပင် စတင်စဥ့်စားလာကြလေသည်။
ကာကွယ်ရေးဝန်ကြီးပင် နစ်ခရိုမန်ဆာများ၏ နယ်ရုပ်တစ်ရုပ် ဖြစ်သွားခဲ့ပါက သူတို့ သည် မည်သူ့ကို ယုံကြည်နိုင်ပါဦးမည်နည်း။
ဤနေရာတွင် ရှိနေသော ဝန်ကြီးများကြားတွင်ပင် သစ္စာဖောက်များ ရှိမရှိကို ၎င်းတို့ စတင် သံသယဝင်လာကြပြီဖြစ်သည်။
၎င်းသည် သန့်စင်ဧကရာဇ် အဘယ်ကြောင့် ထိုမျှ ဒေါသထွက်နေသည်ကိုလည်း နားလည်သွားကြပြီးဖြစ်လေ၏။
ဤသစ္စာဖောက်များကြောင့် သန့်စင်အင်ပါယာသည် မိစ္ဆာဂိုဏ်းနှင့် စစ်ပွဲတစ်ခုသို့ စတင်ရလုနီးပါးအခြေအနေသို့ပင် ရောက်ရှိသွားခဲ့ခြင်း မဟုတ်ပါလော..။
၎င်းတို့သည် နစ်ခရိုမန်ဆာမျှော်စင်နှင့်ပတ်သတ်၍ပင် စိုးရိမ်ပူပန်နေရချိန်တွင် နောက်ထပ်ရန်သူများ ထပ်မံ တိုးပွားစေ၍ မဖြစ်ပေ။
အကယ်၍ သူတို့သာ ဧကရာဇ်၏ နေရာတွင် ဆိုပါက ယခုဧကရာဇ်ထက်ပင် ပို၍ စိတ်ဆိုးဒေါသထွက်မိမည်ဟုလည်း သဘောပေါက်လိုက်မိကြသည်။
“အရှင်မင်းကြီး ကျွန်ုပ်တို့ထဲက တချို့လည်း ဒီလိုမျိုးလူတွေညှပ်ပါနေနိုင်တယ်လို့ အရှင်တကယ်ပဲ ယုံကြည်ထားပါသလား”
သန့်စင်ဧကရာဇ်အား သစ္စာစောင့်သိသော ဝန်ကြီးတစ်ဦးက မေးလိုက်ခြင်းဖြစ်သည်။
သူသည် ထိုမေးခွန်း၏ အဖြေကို သိနှင့်ပြီးသားဖြစ်သော်လည်း သန့်စင် ဧကရာဇ်၏ ပါးစပ်မှ ဖွင့်ပြောသည်ကို ကြားလိုနေသေး၏။
အာရန်သည် ထိုမေးခွန်းကို ချက်ချင်း ပြန်မဖြေခဲ့ပေ။
အာရန်သည် ဝန်ကြီးများအားလုံးကို လှည့်ပတ်၍ တစ်ဦးစီ ကြည့်ရှုလိုက်သည်။ သန့်စင် ဘုရားကျောင်းဘက်မှ လူများပင်လျှင် မည်သူကို ဧကရာဇ်မှ သစ္စာဖောက် အဖြစ်ထင်မှတ်သွားသနည်းဟု ခန့်မှန်းလိုသည့်အလား အချင်းချင်းပြန်လည် ကြည့်လိုက်မိကြသည်။
ကံမကောင်းစွာပင် ၎င်းတို့အတွက် ဟန်ဆောင်ရန် အလွန်နောက်ကျလွန်းသွားခဲ့ပြီး ဖြစ်လေသည်။
“တကယ်တော့ သစ္စာဖောက်တွေ တစ်ယောက်ထက်မကဘူး”
အချိန်တစ်ခုထိ တိတ်ဆိတ်သွား အပြီးတွင် အာရန်သည် စကားစလိုက်ကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“ကာကွယ်ရေးဝန်ကြီးက ကျန်တဲ့ သစ္စာဖောက်တွေရဲ့ နာမည်တွေကို ဝန်ခံပြီးသွားပါပြီ”
ကာကွယ်ရေးဝန်ကြီးသည် စစ်ဆေးမေးမြန်းခံရခြင်းမရှိမီ သတိလစ်သွားခဲ့သော်လည်း ဤနေရာရှိ ဝန်ကြီးများမှာ ထိုအကြောင်းကို သိမနေခဲ့ကြပေ။
ထို့ကြောင့် အာရန်သည် ၎င်းတို့ကို ဇာတ်လမ်းတစ်ခုလုပ်ကြံ၍ အလွယ်တကူ လှည့်စားနိုင်ခဲ့ခြင်းဖြစ်သည်။
တော်ဝင်အစောင့်များပင် အာရန်၏ စကားကို သံသယမဝင်နိုင်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သန့်စင် ဧကရာဇ်နှင့် ထိုအချိန်က အချိန်အတော်ကြာ ရှိမနေခဲ့ကြသောကြောင့်ပင်တည်း။
၎င်းတို့သည် ၎င်းတို့၏ သန့်စင်ဧကရာဇ် အစစ်အမှန်မှာ အစောပိုင်းကတည်းကပင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်းကိုပင် မသိနိုင်ကြပေ။
“သစ္စာဖောက်အရေအတွက်က ငါကိုယ်တော် ထင်ထားတာထက် အများကြီး ပိုများနေတယ်... ဒီကိစ္စကို ရှင်းလင်းဖို့အတွင် ဒီနေ့ သွေးချောင်းစီးဖြစ်ရပ်တစ်ခု ဖြစ်ပွားတော့မှာကိုတော့ တကယ်လေး စိတ်မကောင်းဖြစ်မိတယ်”
အာရန်သည် ခေတ္တ ခေါင်းငုံ့လိုက်ပြီးနောက် သူ ယုံကြည်ခဲ့သော လူများက သူ့ကို သစ္စာဖောက်ခဲ့မှန်းသိလိုက်သဖြင့် အမှန်တကယ် ဝမ်းနည်းနေပုံပြုမူလိုက်သည်။
သူသည် ဝန်ကြီးအများစုကို သတ်တော့မည်ဖြစ်ရာ လှပသော ဟန်ဆောင်မှုတစ်ခု ကိုမူ ပြုလုပ်ထားရန်လိုအပ်လေသည်။
“အရှင်မင်းကြီး တကယ်လို့ ကျွန်တော်မျိုးတို့ကြားမှာ သစ္စာဖောက်တွေ ရှိနေတယ်ဆိုရင် သန့်စင်ဘုရားကျောင်းကို အရင်ဆုံး အကြောင်းကြားသင့်ပါတယ် သူတို့ရဲ့အကူအညီနဲ့ဆို အဲ့ဒီလိုအောက်လမ်းမှော်အတတ်တွေရှိနေရင်တောင် အတည်ပြုဖို့ အများကြီး ပိုလွယ်ကူသွားပါလိမ့်မယ် သစ္စာဖောက်တစ်ယောက်ရဲ့ စကားကို အရှင်မင်းကြီး ယုံလို့ မဖြစ်ပါဘူး”
သန့်စင်ပရောဟိတ်မဘက်မှ ဝန်ကြီးများသည် ထိုကာကွယ်ရေးဝန်ကြီးမှ အရာအားလုံးကို ဖော်ထုတ်ခဲ့သည်ဆိုသောစကားကို ယုံကြည်ရန် ခက်ခဲနေခဲ့ကြသည်။
သူတို့အားလုံးသည် ထိုဝန်ကြီးမှ သန့်စင် ဘုရားကျောင်းအား မည်မျှ ကြောက်ရွံ့သည်ကို သိထားခဲ့ကြသည်။
သူ၌ ချစ်ရသော မိသားစုလည်း ရှိနေလေခဲ့သည်။
သူ၏လုပ်ရပ်များကို ဖော်ထုတ်ခံရခြင်းထက် သေဆုံးခြင်းကိုသာ သူ ပို၍ ရွေးချယ်လိမ့်မည်ဖြစ်၏။
သန့်စင်ဧကရာဇ်သည် ဤအရာကို အဘယ်ကြောင့် လိမ်ညာနေသည်ကို ၎င်းတို့ မသိနိုင်သော်လည်း ၎င်းတို့သည် ဤအခြေအနေကို တတ်နိုင်သမျှ အချိန်ဆွဲ၍ ထိန်းချုပ်ထားရမည်ကိုတော့ နားလည်ထားခဲ့ကြသည်။
၎င်းတို့သည် ကာဒီနယ်ရဟန်းအမတ်ထရီနီယယ်မှာ ဤနေရာသို့ မကြာမှီရောက်ရှိလာတော့မည်ဖြစ်မှန်း သိရှိထားကြသည်။
“သန့်စင် ဘုရားကျောင်းကို အကြောင်းကြားဖို့လား”
အာရန်သည် ထရပ်လိုက်ကာ သူ၏ ရာဇပလ္လင်မှ ဆင်းသက်လိုက်လေသည်။
သူသည် အစောပိုင်း သူ့အား စကားပြောနေခဲ့သော ဝန်ကြီးဆီသို့ တည့်တည့်မတ်မတ်ပင် လျှောက်သွားလိုက်သည်။
“ဟုတ်..ဟုတ်ပါတယ် အရှင်မင်းကြီး ဘုရားကျောင်းကို မြန်မြန်အသိပေးဖို့ အရေးကြီးပါတယ်” ဟု ထိုဝန်ကြီးပြောပြီးသည်နှင့် သန့်စင်ဧကရာဇ်သည် သူ့အနီးသို့ ကိုယ်တိုင်ရောက်ရှိလာသဖြင့် အနည်းငယ်စိုးထိတ်မိသွား၏။
“သန့်စင် ဘုရားကျောင်းက သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ ဓားကို ရှာဖို့ အလုပ်များနေတယ်ဆိုတာ မင်း သိထားပြီးမဟုတ်လား ဒါတောင် မင်းက သူတို့ကို အခု အကြောင်းကြားချင်သေးတာလား တကယ်က မင်း ထွက်ပြေးဖို့ အခွင့်အရေးရအောင် အချိန်ဆွဲနေတာ မဟုတ်ဘူးလား” ဟု အာရန်သည် သူ၏ခေါင်းကို ဘေးသို့ စောင်းလိုက်ပြီး ကလေးတစ်ဦးက ရယ်စရာကစားစရာတစ်ခုကို ကြည့်နေသကဲ့သို့ မေးလိုက်သည်။
“ထွက်ပြေးဖို့ဟုတ်လား ဘာလို့...”
ဝန်ကြီးသည် ထိုစကားကြောင့် အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားကာ အာရန်၏စွတ်စွဲချက်အား ပြန်ချေပရန် ကြိုးစားလိုက်သို့သော် သူ၏ စကား မပြီးဆုံးသေးမီမှာပင် သူ၏မျက်စိရှေ့တွင် လှပသော ငွေရောင်အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်ကို မြင်လိုက်ရလေသည်။
ထို့နောက်ထိုဝန်ကြီးသည် သူ၏ လတ်ဆတ်သော သွေးများဖြင့် စွန်းထင်းနေသော အာရန်၏ လက်ထဲရှိဓားတစ်လက်ကို မြင်လိုက်ရပြီး သူ၏လည်ပင်းကို ညင်သာစွာ ထိမိလိုက်ရာ နွေးထွေးသော အရည်တစ်မျိုး ဖြည်းဖြည်းချင်း စိမ့်ထွက်လာနေသည်ကို ခံစားမိလိုက်သည်။
သူသည် နှုတ်ခမ်းများဖွင့်ရန် ကျိုးစားလိုက်သော်လည်း သူ၏အသံကြိုးများပင် ဖြတ်တောက်ခံလိုက်ရသည့်အလား မည်သည့်စကားသံမျှ ထွက်မလာခဲ့ပေ။
မကြာမီမှာပင် သူ၏ ဦးခေါင်းသည် ဘေးဘက်သို့ လှိမ့်ကျသွားပြီး သန့်စင်ဧကရာဇ်၏ ခြေဖဝါးနားတွင် ကျရောက်သွားခဲ့လေသည်။
သူ၏အမြင်အာရုံများ ရုတ်တရက် မဲမှောင်ကျသွားပြီး သန့်စင်ဧကရာဇ်၏ ခြေဖဝါးများသည် အခြားတစ်ဖက်သို့ လှည့်ထွက်သွားနေသည်ကိုသာ နောက်ဆုံး မြင်လိုက်ရ၏။
မကြာမီမှာပင် သူ၏ ကျန်ရှိနေသေးသော ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“ဘာ...”
“အရှင်မင်းကြီး ကိုယ်တိုင် သူ့ကို သတ်လိုက်တာလား”
သန့်စင်ဘုရားကျောင်းမှ ကျောထောက်နောက်ခံပေးထားသော အခြားဝန်ကြီးများသည် သူတို့ထဲမှ တစ်ဦး သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် လုံးဝ အံ့အားသင့်ထိတ်လန့်သွားခဲ့ကြသည်။
အချို့ဆိုလျှင် သူတို့သည် အရှင်လက်လက် အိပ်မက်မက်နေသလားဟုပင် တွေးမိလိုက်ကြသည်။
သာမန်သေးငယ်သော ကိစ္စရပ်များကိုပင် ဆုံးဖြတ်ချက်များ မချမီ သန့်စင် ဘုရားကျောင်း၏ ထင်မြင်ချက်ကို အမြဲတစေ ရယူတတ်သော သန့်စင်ဧကရာဇ်သည် အဘယ်ကြောင့် ထိုကဲ့သို့ ဝန်ကြီးတစ်ဦးကိုပင် ရုတ်တရက် သတ်ဖြတ်ရဲသွားရသနည်း...။
“သစ္စာဖောက်အားလုံးကို ဒီနေ့ သတ်ပစ်မယ် ဘယ်သူမှ ထွက်ပြေးဖို့ အခွင့်အရေး ရမှာ မဟုတ်ဘူး”
အာရန်၏ စကားဆုံးသည်နှင့် ဘုရားကျောင်းဘက်မှ ဝန်ကြီးများသည် ဧကရာဇ်မှာ သူတို့အား ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကြသည်။
သူသည် သစ္စာဖောက်ဟူသောအကြောင်းပြချက်ဖြင့် သန့်စင် ဘုရားကျောင်းကို ဆန့်ကျင်ဝံ့သည်အထိ အမှန်တကယ်ပင် ရူးသွပ်သွားခဲ့ခြင်းလော...။
ယခုအခြေအနေထိရောက်လာပြီ ဖြစ်ရာ ၎င်းတို့သည် ဒီအတိုင်း လည်စင်းပေးမည့်အစား ဧကရာဇ်အား ပြန်လည်တိုက်ခိုက်ရတော့မည် ဖြစ်ကြောင်း နားလည်လိုက်ကြသည်။
ဝန်ကြီးများသည် ဧကရာဇ်အား ပြန်လည် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း အချင်းချင်းအချက်ပြလိုက်ကြ၏။
သန့်စင်ဧကရာဇ်သည် သန်မာသည်မှာ မှန်သော်လည်း ၎င်းတို့၏ ပူးပေါင်းခွန်အားဖြင့် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ် ရောက်ရှိလာသည့် အချိန်အထိ ဖိနှိပ်ထားရမည် ဖြစ်သည်။
“ဟင်..”
သစ္စာဖောက် ဝန်ကြီးများသည် ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသားဖြစ်သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များသည် ရုတ်တရက် ထူထဲသော ရေခဲလွှာဖြင့် အေးခဲခြင်းခံလိုက်ရသည်ကို သတိပြုမိသွားကြလေသည်။
၎င်းတို့၏ ဦးခေါင်းများသာ လှုပ်ရှား၍ ရနေခဲ့ကြခြင်းဖြစ်ကာ ဧကရာဇ်မှ ၎င်းတို့အား တစ်ယောက်စီ ကွပ်မျက်နေခြင်းအား မြင်တွေ့သွားနိုင်စေရန် တမင်တကာ ရည်ရွယ်၍ ထိုသို့ထားခဲ့ပုံရ၏။
#Catfoot