သွေးညှီနံ့
Vol. 26 Ch. 368
....
သန့်စင်ဧကရာဇ်ကို သစ္စာရှိသော ဝန်ကြီးများပင် ထိုအေးခဲခံရမှုတွင်ပါဝင်ခဲ့ကြကာ သူတို့ပင် အတော်လေး ကြောက်လန့်တကြား ဖြစ်သွားခဲ့ရသည်။
အာရန်သည် ဝန်ကြီးတစ်ဦးပြီးတစ်ဦးဆီသို့ လျှင်မြန်စွာရွေ့လျားသွားကာ သူ၏သွေးစွန်းနေသောဓားကို လွှဲရမ်းရင်း တော်ဝင်မိသားစုတစ်ခုလုံးကို တိုက်စားရန် ကြိုးစားနေသည့် အဆိပ်ရှိသော ပေါင်းပင်များအလား ဖယ်ရှားပစ်နေခဲ့လေသည်။
တော်ဝင်အစောင့်များသည် အဝေးမှနေ၍ စောင့်ကြည့်နေခဲ့ကြကာ အာရန်၏လှုပ်ရှားမှုတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ကြပေ။
၎င်းတို့သည်လည်း အလားတူ တုန်လှုပ်နေခဲ့ကြသော်လည်း ဤအတိုင်းသာ ရပ်လျက် စောင့်ကြည့်နေခဲ့ကြ၏။
“နစ်ခရိုမန်ဆာမျှော်စင်ရဲ့ လက်ပါးစေအဖြစ် ခံယူသွားတဲ့သူတွေက တစ်ချိန်မှာအညှောင့်ပေါက်လာမယ့် သစ်စေ့လေးတွေလိုပဲ ဒီမှာရှိသမျှ အရာအားလုံးကို စားသုံးပစ်နိုင်တဲ့ သစ်ပင်ကြီးတစ်ပင်အဖြစ် မကြီးထွားလာနိုင်ခင် မင်းတို့အားလုံးကို ဖျက်ဆီးပစ်မှရမယ် ဒီနေ့ သစ္စဖောက်တွေရဲ့ သွေးနဲ့ ဒီနေရာကို ငါကိုယ်တော် ဆေးကြောပစ်မယ်”
၎င်းတို့ထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက်မြေပြင်ပေါ်လဲကျကုန်သည်ကို မြင်လိုက်ရသော ဝန်ကြီးများသည် တဖြည်းဖြည်း ဆောက်တည်ရာမရ ဖြစ်လာသည်အထိ ကြောက်ရွံ့လာခဲ့ကြသည်။
အချို့ဆိုလျှင် တော်ဝင်အစောင့်များကိုပင် တောင်းပန်လာကြပြီး သန့်စင်ဧကရာဇ် ရူးသွပ်သွားပြီဟု အော်ဟစ် ပြောဆိုမိကြလေသည်။
သူတို့ထဲမှအချို့မှာ သန့်စင်ဧကရာဇ်ကိုယ်တိုင်သည်ပင် သစ္စာဖောက်ဖြစ်နေပြီဟု သမုတ်ခဲ့ကြသည်။
သို့သော် ကံမကောင်းစွာဖြင့် ယခုသန့်စင်ဧကရာဇ်သည် မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို အဖျက်အမှောင့်လုပ်ရန် ကြိုးစားသူများကို အပြစ်ပေးနေခြင်း ဖြစ်သောကြောင့် ၎င်းတို့၏ စကားများသည် မည်သူ့အတွက်မျှ ယုံကြည်နိုင်စရာမရှိ ဖြစ်ခဲ့ရလေသည်။
၎င်းသည် သန့်စင်ဘုရားကျောင်းနှင့် သန့်စင်ဧကရာဇ်ကိုယ်တိုင် ထောက်ခံမှု ရယူထားသော ဘုံသဘောတူညီချက်တစ်ခုပင် ဖြစ်၏။
အကယ်၍ သန့်စင်ဧကရာဇ်သာ သစ္စာဖောက်တစ်ဦးဖြစ်နေမည်ဆိုပါက အစောပိုင်း ကာကွယ်ရေးဝန်ကြီး၏ လုပ်ရပ်ကို အဘယ်ကြောင့် ကိုယ်တိုင်ဝင်ရောက် တားမြစ်ရမည်နည်း။
၎င်းသည် အာရန် လိုချင်နေသောအရာတစ်ခုပင် ကွက်တိ ဖြစ်လေ၏။
ဤသို့ဖြင့် ၎င်းတို့၏ ဆင်ခြေများသည် အသုံးမဝင်ခဲ့ကြတော့ပေ။
“အရှင်မင်းကြီး ခင်းဗျား ကျုပ်တို့ကို သတ်ရင် ဘုရားကျောင်းက ဘယ်တော့မှ ဒီတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး”
ဝန်ကြီးအချို့မှာ ၎င်းတို့သည် သန့်စင်ဘုရားကျောင်း၏ အထောက်အပံ့ကို ရယူထားကြောင်းပင် ရှင်းလင်းစွာ ဖွင့်ပြောလာခဲ့ကြသည်။
“မင်းတို့ လိမ်ဆင်တွေ လုပ်ချင်ရင်လည်း ပိုပြီး ယုံကြည်စရာကောင်းတဲ့ စကားလုံးတွေကို ရွေးချယ်သင့်တယ် ဘုရားကျောင်းက အင်ပါယာရဲ့ သစ္စာဖောက်တွေကို ထောက်ခံပေးစရာ ဘာအကြောင်းမှ ရှိမနေဘူး” ဟု အာရန်က ဝန်ကြီးများကို ဆက်လက်သတ်ဖြတ်နေရင်း ထိုသို့ ပြန်ပြောပြီးနောက် ၎င်းတို့၏ သတိပေးချက်များကို လျစ်လျူရှုထားလိုက်လေသည်။
နောက်ဆုံးတွင် ခန်းမကြီးအတွင်း၌ ဝန်ကြီးလေးဦးသာ အသက်ရှင်ကျန်ရစ်ခဲ့တော့သည်။
၎င်းတို့သည် သန့်စင်ဧကရာဇ်ကို သစ္စာရှိသူများ ဖြစ်သော်လည်း ၎င်းတို့ကိုယ်တိုင်ပင် အခြားဝန်ကြီးများနည်းတူ အေးခဲလျက်ရှိနေခဲ့ကြပြီး သူတို့ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသော သေခြင်းတရားကိုသာ စောင့်မျှော်နေဟန်ရလေ၏။
သန့်စင်ဧကရာဇ်က ၎င်းတို့အား သစ္စာဖောက်များဟု အဘယ်ကြောင့် ပြောဆိုစွတ်စွဲခဲ့သည်ကို နားမလည်နိုင်ခဲ့ကြပေ။
၎င်းတို့ကြားတွင် နားလည်မှု လွဲမှားခြင်းမျိုးတစ်ခုခု ရှိနေခဲ့၍ လော...။
၎င်းတို့သည် သေခြင်းကို ကြောက်ရွံ့လွန်း၍ သူတို့၏ မျက်စိများကိုသာ မှိတ်ထားနိုင်ခဲ့ကြသည်။
“ကဲနောက်ဆုံးတော့ သစ္စာဖောက်အားလုံးကို သုတ်သင်နိုင်ခဲ့ပြီ”
အသက်ရှင်ကျန်ရစ်သော ဝန်ကြီးများသည် သူတို့၏ မျက်စိများကို ဖွင့်ကြည့်လိုက်ကြပြီး မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။
သစ္စာဖောက်များအားလုံး အသတ်ခံရပြီတဲ့လား...။
ထိုသို့ဆိုလျှင် ဧကရာဇ်သည် ၎င်းတို့မှာ သစ္စာဖောက်များ မဟုတ်ကြောင်း သိနှင့်ပြီးသားဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါလော...။
အာရန်သည် သူ၏ ရာဇပလ္လင်ဆီသို့ ပြန်လျှောက်သွားသည်ကိုသာ ငေးကြည့်နေမိခဲ့ကြသည်။
သူ၏ ဓားတွင် ဝန်ကြီးများ၏ လတ်ဆတ်သော သွေးများ စွန်းထင်းနေခဲ့သည့်အပြင် သူ လျှောက်လှမ်းသွားသည့် နေရာတစ်ခုလုံးတွင်လည်း သွေးများ အိုင်ထွန်းလျက် ဖြစ်ပေါ်နေခဲ့ကြ၏။
ဧကရာဇ်၏ အဝတ်အစားများသည်လည်း သွေးများ စွန်းထင်းလျက်ရှိနေသော်လည်း သူသည် ထိုအရာကို ဂရုစိုက်ပုံမရပေ။
အာရန်သည် ဓားကို ပလ္လင်ဘေးတွင် ချထားလိုက်ပြီးနောက် ပလ္လင်ပေါ်တွင် တက် ထိုင်လိုက်သည်။
ဝန်ကြီးလေးဦးအား အေးခဲထားသည့် ရေခဲများသည် ချက်ခြင်း အရည်ပြန်ပျော် သွားကြပြီး ဝန်ကြီးများကို လွတ်မြောက်စေခဲ့ရာ ၎င်းတို့သည် ချက်ချင်း ဒူးထောက်လိုက်ကြကာ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေဆဲပင်ဖြစ်၏။
“မင်းတို့ လေးယောက်က နစ်ခရိုမန်ဆာမျှော်စင်ရဲ့ နောက်လိုက်ခွေးတွေနဲ့မတူဘဲ အင်ပါယာအပေါ်ကို လုံးဝသစ္စာရှိတယ်ဆိုတာ ငါကိုယ်တော် သိထားပြီးပါပြီ”
ဝန်ကြီးများသည် ထိုစကားကိုကြားလိုက်သောအခါမှသာ စိတ်သက်သာရာ ရသွားကြ၏။
သို့သော် ၎င်းတို့၏ ကျောပြင်များမှာမူ ချွေးစေးများဖြင့် စိုစွတ်နေဆဲပင်။
အာရန်သည် ထိုသို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ကိုပါ အေးခဲစေ၍ ကန့်သတ်ခဲ့ သနည်းဟုတော့ ၎င်းတို့ ပြန်မမေးဝံ့ခဲ့ကြပေ။
ထိုအရာက ဧကရာဇ်မှာ သူ၏ဆုံးဖြတ်ချက်ကို ၎င်းတို့ ဆန့်ကျင်ခြင်း ရှိမရှိ စမ်းသပ်ခြင်းလား။ ၎င်းတို့ သေချာမနေခဲ့ပေ။
၎င်းတို့အားလုံးတွင် တူညီစွာ သိရှိထားသည့် တစ်ခုတည်းသောအရာမှာ သန့်စင်ဧကရာဇ်သည် ယခင်နှင့် မတူညီတော့ကြောင်း ခံစားမိလိုက်ကြခြင်းပင်တည်း။
ဧကရာဇ်သည် ၎င်းတို့၏ စိတ်ဝိညာဉ်များအပေါ် နက်ရှိုင်းသော အမှတ်အသားတစ်ခုစီ ချန်ထားစေခဲ့ပြီး ၎င်းကိုအား ပြင်းစွာသော အကြောက်တရားတစ်ခုကို ရိုက်သွင်းပေးခဲ့လေသည်။
ယခင်က သစ္စာရှိခဲ့သည်ဆိုလျှင်ပင် ယခုမူ ၎င်းတို့၏ သစ္စာရှိမှုသည် ပိုမို၍ပင် ခိုင်မာလာခဲ့ပြီးဖြစ်သည်။
သူတို့သည် သတ်ဖြတ်ရာတွင် အနည်းငယ်မျှပင် နောက်မတွန့်တတ်သည့် သန့်စင်ဧကရာဇ်အား ဘယ်တော့မှ ဒေါသထွက်စေသော အပြုအမူမျိုး မလုပ်တော့ဟု ကြိတ်၍ သံန္နိဌာန် ချလိုက်ကြ၏။
ဧကရာဇ်သည် သူ၏ လူများကို သတ်ဖြတ်စဉ်က ရင်ထဲတွင် နာကျင်မှုများ ခံစားနေခဲ့ရမည်ဖြစ်သော်လည်း အင်ပါယာအား ကာကွယ်ရန် ထိုသို့ မဖြစ်မနေလုပ်ဆောင်ခဲ့ရပုံရလေသည်။
“ဧကရာဇ် အသက်ရှည်ပါစေ”
“ဧကရာဇ် အသက်ရှည်ပါစေ”
ဝန်ကြီးများက သန့်စင်ဧကရာဇ်အား ချီးမွမ်းရင်း ပြိုင်တူဟစ်ကြွေးလိုက်ကြ၏။
အာရန်သည် အပြင်ပန်းတွင် တည်ငြိမ်နေဟန်ရသော်လည်း အတွင်းစိတ်တွင် မူ အတော်လေး ကျေနပ်နေခဲ့သည်။
ထိုသို့ဖြင့် သူသည် သန့်စင် အင်ပါယာ၏ အာဏာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကာ မလိုအပ်သော ပေါင်းပင်များကို ဖယ်ရှားနိုင်ခဲ့လေသည်။
သန့်စင်ပရောဟိတ်မဘက်မှ မြို့စားများနှင့် အခြား တော်ဝင်မိသားစုဝင်များ ကျန်ရှိနေသေးသော်လည်း ၎င်းတို့ကို နောက်ပိုင်းတွင် အဖြည်းဖြည်းချင်း ရှင်းပစ်မည်ဖြစ်၍ စိုးရိမ်စရာတော့မရှိတော့ပေ။
ယခုအချိန်အတွက် ၎င်းသည် သူ့အတွက် ကောင်းမွန်သော ခြေလှမ်းတစ်လှမ်း၏ အစပင် ဖြစ်လေ၏။
အာရန်သည် သေဆုံးသွားသော ဝန်ကြီးများ၏ အလောင်းများကို ကြည့်လိုက်သည်။
ကာဒီနယ်ရဟန်းအမတ်ထရီနီယယ် ဤနေရာသို့ ရောက်ရှိလာရန်သည် သိပ်မလိုတော့ကြောင်း သဘောပေါက်လိုက်သည်။
ထိုသူရောက်မလာမှီ သူသည် ပြင်ဆင်စရာရှိသည်များကို အလျှင်အမြန်ပင် ပြင်ဆင်ထားရမည်ဖြစ်သည်။
သူသည် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်အား ဤပုံစံဖြင့် တွေ့ဆုံ၍ မဖြစ်သေးပေ။
သူသည် သန့်စင်ဧကရာဇ်၏ မူလကောင်းချီးစွမ်းအင်များ မပိုင်ဆိုင်ထားကြောင်း ဝန်ကြီးများနှင့် သာမန်အစောင့်များကို လှည့်စားနိုင်ခဲ့သော်လည်း ကာဒီနယ်ရဟန်းအမတ်များမှာ ထိုမျှမလွယ်ကူပေ။
ကာဒီနယ်ရဟန်းအမတ်များသည် သန့်စင်ဘုရားကျောင်းမှ အဓိကအင်အားစုများဖြစ်လေသည်။
သူတို့သည် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ကောင်းချီးစွမ်းအင်များကို အလွယ်တကူ အာရုံခံနိုင်စွမ်းရှိကြသည်။
ကာဒီနယ်ရဟန်းအမတ်နှင့် မတွေ့ဆုံမီ အာရန်သည် ထိုပြဿနာကို ဖြေရှင်းရမည်ဖြစ်၏။
ကောင်းချီးစွမ်းအင်များကို သန့်စင်ပရောဟိတ်မ၏ အကူအညီမပါဘဲ သူကိုယ်တိုင်သာ စုဆောင်းရမည်ဖြစ်လေသည်။
ထို့နောက် အာရန်သည် အစောင့်များကို ဤခန်းမအတွင်းရှိ အလောင်းများကို ရှင်းလင်းခိုင်းထားလိုက်ပြီး ကျန်ရှိနေသော ဝန်ကြီးများကို အနားယူရန်ပြောဆိုကာ ပြန်လွှတ်လိုက်သည်။
အာရန်သည် သူ တစ်ဦးတည်း ဝင်ရောက်နိုင်သည့် သန့်စင်ဧကရာဇ်၏ အိပ်ခန်းဆောင်ဆီသို့ ပြန်လည်ထွက်လာခဲ့သည်။
တခြားမည်သူမျှ သူ့အား အနှောင့်အယှက် မပေးနိုင်စေရန် ယူလင်းအား အခန်း၏ ဝင်ပေါက်တွင် စောင့်ကြပ်နေစေခဲ့၏။
အခန်းအတွင်း၌ အာရန်သည် ကုတင်ပေါ်တွင် ထိုင်ချလိုက်ကာ သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်လိုက်ပြီး ကောင်းချီးစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် သန့်စင်ဧကရာဇ်၏ နှလုံးသားကို ထုတ်ယူလိုက်သည်။
သူသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီး နာသန်နီရယ်ကို သတ်ခဲ့စဉ်က ကောင်းချီးစွမ်းအင် အချို့ကို ရယူနိုင်ခဲ့ပြီးဖြစ်သောကြောင့် သူသည် ဝါးမြိုခြင်းအစွမ်းဖြင့် ကောင်းချီးစွမ်းအင်များကို ရယူနိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးဖြစ်၏။
ဤဧကရာဇ်ထံမှ မည်မျှ ရယူနိုင်မည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်လေသည်။
အာရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ထိုတားမြစ်ထားသော အသီး (ဧကရာဇ်၏ နှလုံးသား) ကို တစ်ကိုက် ကိုက်လိုက်လေသည်။
....
ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် တော်ဝင်နန်းတော်၏ ဝင်ပေါက်ဝတွင် ရောက်ရှိနေခဲ့ပြီးဖြစ်သည်။
သူသည် နန်းတော်အတွင်းသို့ မဝင်ရောက်မီမှာပင်ပင် သွေးညှီနံ့အချို့ကို ခံစားမိလိုက်သည်။
သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာခဲ့သည်။
ထိုအရာသည် သူ၏ အစီအစဉ် အောင်မြင်ခဲ့၍ ဖြစ်မည်ဟု ယုံကြည်မိလိုက်သည်။
သွေးညှီနံ့သည် အလွန်ပြင်းထန်လွန်းသောကြောင့် မဟာအကြီးအကဲများသည် ဒေါသထွက်လွန်းသောကြောင့် လူများစွာကို သတ်ဖြတ်ခဲ့၍ ဖြစ်ရမည်ဟုလည်း တွေးမိလိုက်သည်။
၎င်းသည် သူ ဖြစ်စေချင်ခဲ့သောအရာတစ်ခုပင် မဟုတ်ပါလော...။
ထရီနီယယ်သည် အရာအားလုံးမှာ အစီအစဉ်အတိုင်း ဖြစ်သွာပြီဟု တွေးမိလိုက်သဖြင့် အားရဝမ်းသာစွာဖြင့် နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
သို့သော် သူ၏မျက်နှာအမူအရာများ ပြန်လည် မည်းမှောင်သွားစေရန်မှာ စက္ကန့်အနည်းငယ်မျှသာ လိုအပ်ခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် သက်မဲ့အလောင်းများကို သယ်ဆောင်သွားနေသည်အား မြင်တွေ့လိုက်ရပြီး ၎င်းတို့အားလုံးမှာ သူတို့ဘုရားကျောင်းအပေါ် သစ္စာခံထားသော ဝန်ကြီးများ၏ ရုပ်အလောင်းများ ဖြစ်နေသောကြောင့်ပင်တည်း...။
#Catfoot