ကာဒီနယ်ရဟန်းအမတ်နှင့် ထပ်မံတွေ့ဆုံခြင်း
Vol. 26 Ch. 369
....
ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားရလေသည်။
သေဆုံးသူများမှာ အဘယ်ကြောင့်ဝန်ကြီးများ ဖြစ်နေရသည်ကို သူသည် နားမလည်နိုင်တော့ပေ။
သူ၏ ညွှန်ကြားချက်များအရ ၎င်းတို့သည် လုပ်ကြံသတ်ဖြတ်မည့်နေရာနှင့် ဝေးရာအရပ်တွင်သာ ရှိနေသင့်လေသည်။
ထိုသို့ဆိုလျှင် ၎င်းတို့သည် အဘယ့်ကြောင့် ဤသို့အဆုံးသတ်သွားခဲ့ကြရသနည်း။
အမှန်မှာ အစောင့်များနှင့် သန့်စင်ဧကရာဇ်တို့သာ အတိုက်ခိုက်ခံရပြီး သန့်စင်ဘုရားကျောင်းဘက်မှ ဝင်ရောက်စွက်ဖက်ရန် လုံလောက်သော ဆူပူမှုများသာ ဖြစ်ခဲ့သင့်လေသည်။
အကယ်၍ ဝန်ကြီးများထဲမှ အချို့သာ ကျပန်းပုံစံမျိုးဖြင့် သေဆုံးသွားခဲ့ကြခြင်း ဖြစ်နေလျှင်ပင် နားလည်ပေးနိုင်သေးသော်လည်း ယခုမူ ဘုရားကျောင်းအား ထောက်ခံသူ အားလုံးနီးပါး သေဆုံးသွားခဲ့ကြခြင်း ဖြစ်လေ၏။
ကံမကောင်းစွာပင် ဘုရားကျောင်း၏ သစ္စာခံမဟုတ်သောဝန်ကြီးများမှာမူ တော်ဝင်နန်းတော်မှ လုံးဝ အဆင်ပြေစွာဖြင့် သူ့ရှေ့တွင်ပင် ထွက်ခွာသွားနိုင်ခဲ့ကြသည်။
“မင်္ဂလာပါ ကာဒီနယ်ရဟန်းအမတ်ကြီးခင်ဗျာ”
အသက်ရှင်ကျန်ရစ်ခဲ့သော ဝန်ကြီးများသည် ကာဒီနယ်ရဟန်းအမတ်အား နှုတ်ဆက်လိုက်ကြလေသည်။
“ဒီမှာ ဘာတွေဖြစ်သွားတာလဲ ဘာလို့ ဝန်ကြီးတွေအများကြီး ဘယ်လိုဖြစ်ပြီး သေဆုံးကုန်ကြတာလဲ”
ကာဒီနယ်ရဟန်းအမတ်သည် အသက်ရှင်ကျန်ရစ်သော ဝန်ကြီးများအား မေးလိုက်၏။
ဝန်ကြီးများသည် ဤကိစ္စတွင် သန့်စင်ဘုရားကျောင်းမှ ပါဝင်ပတ်သက်သည်ကို မသိနိုင်ခဲ့ကြသော်လည်း ၎င်းတို့ မြင်ခဲ့သမျှ အရာအားလုံးကိုမူ ကာဒီနယ်ရဟန်းအမတ်အား မည်သို့ရှင်းပြရမည်မှန်းမသိ ဖြစ်သွားကြရလေသည်။
မည်သူမျှ သန့်စင်မြို့ကို နစ်ခရိုမန်ဆာမျှော်စင်မှ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး သန့်စင်ဧကရာဇ်မှ သန့်စင်ဘုရားကျောင်း၏ ကျဆုံးမှုကို မီးမောင်းထိုးပြခဲ့ကြောင်း ကာဒီနယ်ရဟန်းအမတ်၏ မျက်နှာရှေ့တွင် ထုတ်ပြောရန် သတ္တိမရှိခဲ့ကြပေ။
ကာဒီနယ်ရဟန်းအမတ်၏ မျက်နှာကိုတည့်တည့်ကြည့်၍ ထိုသို့ ပြောနိုင်သူမှာ သန့်စင်ဧကရာဇ်တစ်ဦးတည်းသာ ရှိကြောင်းလဲ သိထားကြလေသည်။
“ကာဒီနယ်ရဟန်းအမတ်ကြီးခင်ဗျာ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ... ဒီကိစ္စတွေကို ကျုပ်တို့အစား အရှင်မင်းကြီးကိုယ်တိုင်ဆီကနေ နားထောင်တာက ပိုကောင်းပါလိမ့်မယ်”
ဝန်ကြီးများသည် ချက်ချင်း ခွင့်လွှတ်ရန် တောင်းဆိုလိုက်ကြပြီး ကာဒီနယ်ရဟန်းအမတ်အား အရိုအသေပေးလိုက်ကာ အဝေးသို့ ပြေးထွက် ပျောက်ကွယ်သွားကြလေသည်။
ကာဒီနယ်ရဟန်းအမတ်ကြီးဖြစ်သူ ထရီနီယယ်သည် ဘာကြောင့်မှန်းမသိသော်လည်း သူ၏စိတ်ထဲတွင် မကောင်းသောခံစားချက်တစ်ခု ခံစားမိလိုက်သည်။
‘ဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ... ငါ စီစဉ်ခဲ့တာတွေမှာ တစ်ခုခု များ မှားယွင်းတာမျိုး ရှိသွားလို့လား...’
‘ဒီနေ့မှ ဘာတွေဖြစ်နေတာလဲ ပထမဆုံး ဓားဧကရာဇ်ရဲ့ ဓား ပျောက်သွားတယ် ပြီးတော့ အခု ဒီထူးဆန်းတဲ့အရာတွေကကော...’
ထရီနီယယ်သည် တွေးရင်း အနည်းငယ်စိတ်ရှုပ်ထွေးလာသဖြင့် နောက်ဆုံးတွင် ထိုအရာများကို သန့်စင်ဧကရာဇ်ဆီမှ ကိုယ်တိုင်ကြားနာရန်သာ ဆုံးဖြတ်လိုက်သည်။
သူသည် အရာအားလုံးကို သိလိုနေခဲ့ပြီး အမှန်တကယ် မည်သည့်အမှားအယွင်းများ ဖြစ်သွားခဲ့သည်ကို နားလည်ရန်လိုအပ်နေလေသည်။
ထို့နောက် ထရီနီယယ်သည် အစောပိုင်း ဝန်ကြီးများ၏ သွေးများပင် မခြောက်သွေ့သေးသော ရာဇပလ္လင်တည်ရှိရာ အဓိကခန်းမဆီသို့ လျှောက်သွားလိုက်သည်။
ကာကွယ်ရေးဝန်ကြီးသည် ပလ္လင်ရှေ့ရှိ မြေပြင်ပေါ်တွင် လဲလျောင်းလျက်ရှိနေဆဲဖြစ်ကာ သူ၏လည်ပင်းတွင် သံကွင်းတစ်ခုနှင့် ချည်နှောင်ထားခြင်းခံထားရပြီး ၎င်းကို ရာဇပလ္လင်၏ ခြေရင်းတွင် တွဲ၍ ချည်နှောင်ထားလေရာ သူ၏ ဟန်ပန်သည် ခွေးတစ်ကောင်နှင့်ပင် အလားသဏ္ဍာန်တူနေခဲ့၏။
သူ့ကိုစောင့်ကျပ်ရန် ဘေးတွင် တော်ဝင်အစောင့်များကိုလည်း နေရာချထားခဲ့လေသည်။
“ဒါက ကာကွယ်ရေးဝန်ကြီးမဟုတ်လား...”
ထရီနီယယ်၏ မျက်နှာအမူအရာများ မှောင်မည်းသွားခဲ့သည်။
တာဝန် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ကာကွယ်ရေးဝန်ကြီးသည် သေကို သေဆုံးရမည်ဖြစ်လေသည်။
ထိုသို့ဆိုလျှင် သူသည် မည်ကဲ့သို့ အသက်ဆက်လက် ရှင်သန်နေနိုင်ခဲ့သနည်း။
ထိုအရာက အစီအစဥ်အားလုံး ကျရှုံးသွားသည် ဆိုသည့်အကြောင်းရင်းများလား။
ကာကွယ်ရေးဝန်ကြီးသည် ပေးအပ်သည့်တာဝန်ကို ကျရှုံးရုံသာမက အသက်ရှင်လျက်ပင် အဖမ်းခံခဲ့ရသေးလေသည်။
ထရီနီယယ်တစ်ယောက် ပို၍ တွေးမိတောလေလေ သူ၏ မျက်နှာအမူအရာများ ပို၍ မှောင်မည်းလာလေလေဖြစ်သွားခဲ့၏။
ကာကွယ်ရေးဝန်ကြီးသည် အရာအားလုံးကို ဖော်ထုတ်ပြီးပြီလားဟုပင် တွေးမိလိုက်သည်။
၎င်းက သူတို့၏ သစ္စာရှိ ဝန်ကြီးများ သေဆုံးရခြင်း၏ အကြောင်းရင်းများလား။
‘ဒါဆိုရင် မိစ္ဆာဂိုဏ်းက သံတမန်တွေလည်း ဒါကို သိနေပြီဆိုတဲ့ သဘောလား’
ထရီနီယယ်သည် သူ၏ နှုတ်ခမ်းများ သွေးထွက်သည်အထိ ကိုက်မိနေသည်ကိုပင် သူ့ကိုယ်သူ သတိမထားမိခဲ့ပေ။
ကာဒီနယ်ရဟန်းအမတ်သည် ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်ဆီမှ ကိုယ်တိုင်ဝန်ခံချက်တစ်ခုကို ကြားသိလိုခဲ့သည်။
ထိုဝန်ကြီးသည် သူ့ကိုယ်သူ ကယ်တင်ရန် အရာအားလုံးကို ဖော်ထုတ်လိုက်ခြင်းများလား...။
ထိုသို့ဆိုပါက အရာအားလုံးသည် ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့ပြီဖြစ်လိမ့်မည်။
ထို့နောက်ထရီနီယယ်သည် မြေပြင်ပေါ်တွင် သတိလစ်နေသော ကာကွယ်ရေးဝန်ကြီးဆီသို့ ပိုမိုနီးကပ်စွာ ချဥ်းကပ်သွားလိုက်သည်။
“အဲဒီ သစ္စာဖောက်အပေါ်မှာ ခင်ဗျားရဲ့ ကုသခြင်းအစွမ်းကို အသုံးပြုဖို့ စီစဉ်နေတာလား”
ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် ထိုလူ၏ နဖူးပေါ်သို့ သူ၏လက်ကို တင်လိုက်ပြီး သူ့အား နိုးထလာစေရန် ကုသခြင်းအစွမ်းများကို အသုံးပြုရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။
သို့သော် သူသည် စွမ်းအား အနည်းငယ်မျှပင် မသုံးရသေးမှီမှာပင် နောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ခြေသံများ ခန်းမထဲတွင် ပဲ့တင်ထပ်၍ တဖြည်းဖြည်း နီးကပ်လာနေ၏။
ထရီနီယယ်သည် ထိုသူကို မည်သူမှန်းသိရန် လှည့်ကြည့်စရာ မလိုအပ်ပေ။
၎င်းသည် သန့်စင်ဧကရာဇ်၏ အသံပင်ဖြစ်သည်မဟုတ်ပါလော...။
သူ၏ စကားပြောပုံတွင် ပုံမှန်နှင့် အနည်းငယ် ကွာခြာမှုမျိုးရှိနေသော်လည်း ၎င်းသည် တစ်ယောက်ထဲ အတူတူပင် ဖြစ်လေသည်။
ထို့အပြင် သန့်စင်ဧကရာဇ်၏ ကောင်းချီးအော်ရာသည်လည်း လုံးဝ တစ်ထပ်တည်းပင် ဖြစ်၏။
၎င်းမှာ သံသယဖြစ်စရာ မရှိပေ။
သူ့ထံသို့ ချဉ်းကပ်လာနေသောသူသည် သန့်စင်အင်ပါယာ၏ တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်သည်။
တော်ဝင်မိသားစုသည် အင်ပါယာရှိ အခြားမိသားစုများနှင့် မတူညီပေ။
အခြားမိသားစုများသည် ကောင်းချီးစွမ်းအင်များကို နတ်ဘုရားမထံမှ လက်ဆောင်အဖြစ် ရရှိခဲ့ကြခြင်းဖြစ်သော်လည်း တော်ဝင်မိသားစုဝင်များမှာမူ ၎င်းနှင့်အတူ မွေးကတည်းကပါလာခဲ့ကြခြင်း ဖြစ်လေသည်။
၎င်းတို့၏ ကောင်းချီးစွမ်းအင်များသည် နတ်ဘုရားမထံမှ ရယူထားခြင်းမဟုတ်ဘဲ တော်ဝင်သွေးမျိုးဆက်ကိုယ်တိုင်ကိုယ်က နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်များကို ရှေ့ကာလများကတည်းက ရရှိပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ထို့ကြောင့်လည်း တော်ဝင်မိသားစုသည် သန့်စင် ဘုရားကျောင်းတော်နှင့် အလွန် ကွဲပြားခြားနားနေရခြင်း ဖြစ်လေ၏။
သန့်စင် ဘုရားကျောင်းသည် ၎င်းတို့ နောက်လိုက်များ၏ ယုံကြည်မှုများဆီမှ ခွန်အားများကို ရရှိခြင်းဖြစ်သော်လည်း သန့်စင် ဧကရာဇ်နှင့် တော်ဝင်မိသားစုမှာမူ အင်ပါယာနှင့် ၎င်း၏ နိုင်ငံသားများတည်ရှိနေခြင်းမှပင် ခွန်အားများကို ရရှိနိုင်သည်။
ထို့ကြောင့်လည်း တော်ဝင်မိသားစုကို သန့်စင် ဘုရားကျောင်းတော်၏ နောက်လိုက်များအဖြစ် လုံးဝ သတ်မှတ်၍ မရနိုင်ခဲ့ခြင်းလည်း ဖြစ်လေသည်။
သို့သော် သူတို့သည် သန့်စင်ဘုရားကျောင်း၏ စီမံမှုကိုမူ အမြဲတစေ လိုက်နာလေ့ ရှိခဲ့ကြ၏။
ဤထူးခြားသော သန့်စင်ကောင်းချီးစွမ်းရည်များကို အတုလုပ်နိုင်သော နည်းလမ်းမရှိပေ။
ထို့ကြောင့်သူ၏နောက်မှ ချဉ်းကပ်လာသောသူသည် သန့်စင် ဧကရာဇ်မှလွဲ၍ အခြားသူ မဟုတ်နိုင်ကြောင်း သေခြာနေခဲ့ရခြင်းလည်းဖြစ်လေသည်။
“သစ္စာဖောက်ဟုတ်လား သူ့ကို ဘာလို့ သစ္စာဖောက်လို့ ခေါ်တာလဲလို့ အရှင်မင်းကြီး ကို မေးလို့ရနိုင်မလား”
ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ထရပ်လိုက်သည်။
မကြာမီပင် အာရန်သည် ကာဒီနယ်ရဟန်းအမတ်ကို ကျော်ဖြတ်ကာ ရာဇပလ္လင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ကာဒီနယ်ရဟန်းအမတ်သည် သန့်စင် ဧကရာဇ်၏ မျက်နှာကို မမြင်ရသေးသော်လည်း သူ၏စိတ်ထဲတွင် ထူးဆန်းသော စိတ်မသက်မသာဖြစ်မှုအချို့ကို ခံစားလိုက်ရသည်။
သန့်စင် ဧကရာဇ်၏ ခန္ဓာကိုယ်ပုံစံသည် ယခင်အတိုင်း ဖြစ်နေသေးသော်လည်း သူသည် လုံးဝ ကွဲပြားခြားနားသော လူတစ်ဦးကဲ့သို့ ဖြစ်သွားသည်ဟု မသိစိတ်မှနေ၍ ခံစားနေခဲ့ရလေသည်။
အာရန်သည် ရာဇပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီးနောက် ကာဒီနယ်ရဟန်းအမတ်ကိုလည်း ထိုင်ရန် ညွှန်ပြလိုက်သည်။
ကာဒီနယ်ရဟန်းအမတ်သည် ဧကရာဇ်၏ ညွှန်ကြားချက်နှင့် ယဉ်ကျေးမှု ထုံးတမ်းစဥ်လာများကို လျစ်လျူရှုမိလိုက်၏။
အဘယ်ကြောင့်ဆိုသော် ခန်းမထဲတွင် အခြားသူစိမ်းတစ်ဦး တည်ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သောကြောင့်ဖြစ်လေသည်။
၎င်းသည် ယူလင်း ဖြစ်ပြီး သူမသည် ဧကရာဇ်၏ ရာဇပလ္လင်ဘေးတွင် ရပ်ရန် သူ့ကို ပင် ကျော်ဖြတ်၍ လျှောက်သွားခဲ့သည်။
“ဒါ့အပြင် အဲဒီကောင်မလေးက မိစ္ဆာဂိုဏ်းက သံတမန်တစ်ဦးရဲ့တပည့်မဟုတ်လား ဘာလို့ အရှင်မင်းကြီးရဲ့နောက်ကို လိုက်နေတာလဲ” ဟု ထရီနီယယ်က မေးလိုက်မိ၏။
“ဟင်း ငါကိုယ်တော်လဲဘာမှမတတ်နိုင်ဘူး... အဲ့ဒီ မဟာအကြီးအကဲနှစ်ယောက်က လုပ်ကြံမှုတွေ ပြီးတဲ့နောက် သူတို့ အချင်းချင်း သီးခြားဆောက်ရွက်စရာတွေ ရှိတယ်ဆိုပြီး သူတို့ အခန်းကို ပြန်သွားကြတာပဲ... ကောင်မလေးကိုတော့ မေ့ပြီးတော့လား တမင်ဘဲလားတော့ မသိဘူ ငါကိုယ်တော်နဲ့ ထားခဲ့တာပဲ ကြည့်ရတာတော့ ငါကိုယ်တော်အနားမှာ သူမကို ထားခဲ့စေချင်တဲ့ပုံပါပဲ”
အာရန်သည် စိတ်အနည်းငယ်ရှုပ်ထွေးနေဟန်ဖြင့် သူ၏နဖူးကို ပြန်လည် ပွတ်သပ်ရင်း ဆိုလိုက်သည်။
“ဒါပေမဲ့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေပြီးတဲ့နောက် ဒီသေးငယ်တဲ့ တောင်းဆိုမှုလေးကို ငါကိုယ်တော်လဲ ငြင်းဆန်လို့မသင့်ဘူးလေ...”
#Catfoot