မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်
Vol. 26 Ch. 370
…
“ဒီနေ့ ဖြစ်ခဲ့တာတွေပြီးတော့ ဟုတ်လား”
ကာဒီနယ်ရဟန်းအမတ်သည် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
သန့်စင်ဧကရာဇ်သည် သူ၏ ဘက်သို့ မျက်နှာမူလာခဲ့သည့် အချိန်မှစ၍ ထရီနီယယ်သည် ဧကရာဇ်၏ အမူအရာများကို အသေးစိတ် အာရုံစူးစိုက်နေခဲ့သော်လည်း ရန်လိုမှု အနည်းငယ်မျှကိုပင် အာရုံမခံမိခဲ့ပေ။
၎င်းက သန့်စင်ဧကရာဇ်သည် သန့်စင်ဘုရားကျောင်း၏ လုပ်ရပ်များကို အမှန်တကယ်ပင် မသိသေး၍လောဟု တစ်ချက်တွေးတောမိလိုက်သည်။
ထိုသို့မဟုတ်ပါက သူသည် ဟန်ဆောင်ရာတွင် အလွန်ပြောင်မြောက်လွန်းသူ တစ်ဦးသာ ဖြစ်ရပေမည်။
ကာဒီနယ်ရဟန်းအမတ်သည် အာရန်၏ စစ်မှန်သော အတွေးများကို ဖော်ထုတ်နိုင်ရန် ကျိုးစားလိုခဲ့သော်လည်း အာရန်သည် လှည့်စားမှုများနှင့် လွန်စွာအကြွမ်းတဝင်ရှိလွန်းနေခဲ့သူ တစ်ဦးဖြစ်နေလေသည်။
ထို့ကြောင့် အာရန်သည် ထိုအရာအတွက်လည်း ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။
အာရန်သည် ဝန်ကြီးများကို ပြောခဲ့သည့်အတိုင်း ကာဒီနယ်ရဟန်းအမတ်ကိုလည်း ထိုအတိုင်းပင် ပြန်လည်ပြောပြခဲ့သည်။
ကာကွယ်ရေးဝန်ကြီးသည် မြောက်ပိုင်းတိုက်ကြီးမှလူများသာ အဓိကအားဖြင့် အသုံးပြုလေ့ရှိသော မာနာအစွမ်းကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ကာဒီနယ်ရဟန်းအမတ်အား ထပ်လောင်းပြောခဲ့လေ၏။
ထို့ပြင်ထိုဝန်ကြီးသည် မဟာအကြီးအကဲနှစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ချိန်တွင် မည်ကဲ့သို့ကျရှုံးခဲ့သည်ဆိုသည့်အကြောင်းကိုပါ အသေးစိတ် ပြောပြလိုက်သေးသည်။
ထိုနေရာအထိ အာရန်သည် အရာအားလုံးကို ရိုးသားစွာ ပြောပြခဲ့ခြင်းဖြစ်လေသည်။
သို့သော် ထို့နောက်ပိုင်းကိစ္စများမှာမူ သူ၏ဇာတ်လမ်းဆင် တင်ဆက်မှု သက်သက်သာဖြစ်လေသည်။
ကာကွယ်ရေးဝန်ကြီးသည် နစ်ခရိုမန်ဆာမျှော်စင်အတွက် အလုပ်လုပ်ပေးခဲ့မိကြောင်း ကိုယ်တိုင်ဝန်ခံခဲ့ပြီး သူ၏ အခြားမိတ်ဖက်သစ္စာဖောက်များကိုပါ ဖော်ထုတ်သွားခဲ့ကြောင်း ကာဒီနယ်ရဟန်းအမတ်အား ပြောပြလိုက်သည်။
အာရန်သည် အမှန်တရားများဖြင့် စတင်ခဲ့ပြီး နောက်ပိုင်း သူ၏ဇာတ်လမ်းကို အဆုံးသတ်သည့် အချိန်တွင်မူ အလိမ်အညာများဖြင့် အဆုံးသတ်ကိုရောနှောခဲ့လေ၏။
ကံမကောင်းစွာပင် ကာဒီနယ်ရဟန်းအမတ်သည် သူ၏ လိမ်ညာမှုများကို ဖော်ထုတ်ရန်မှာ မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် အာရန်သည် ထိုသို့ပြောနေစဥ်မှာပင် သူ၏ ကိုယ်ခန္ဓာပေါ်တွင် နဂါးလျှာအစွမ်းကို ပြန်လည်အသုံးပြုခဲ့ပြီး မည်သူမျှ သူ၏ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုမှ ဟာကွက်များကို သတိမပြမိအောင် အကောင်းဆုံးဟန်ဆောင်သွားနိုင်ခဲ့လေသည်။
သို့သော် နဂါးလျှာအစွမ်း အသုံးပြုခဲ့ခြင်းသည် အလွန်သေးငယ်လှသော ပမာဏမျှသာဖြစ်၍ ၎င်းကိုလည်း မည်သူမျှအာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။
ကာဒီနယ်ရဟန်းအမတ်သည် အာရန်ပြောပြသော ဇာတ်လမ်းတစ်ခုလုံးကို ကြားလိုက်ရသောအခါ အတော်ပင် အံ့အားသင့်သွားခဲ့ရသည်။
မဟာအကြီးအကဲ ရန်သည် ကာကွယ်ရေးဝန်ကြီ၏ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းမှ တားဆီးနိုင်ခဲ့ခြင်းသည် ကျိုးကြောင်းဆီလျော်မှု ရှိနေခဲ့သည်။
ဤသို့ဖြင့် ကာကွယ်ရေးဝန်ကြီးသည် အခြားရွေးချယ်စရာမရှိတော့ဘဲ သန့်စင် ဘုရားကျောင်းကို ကာကွယ်ရန် နစ်ခရိုမန်ဆာမျှော်စင်အတွက် အလုပ်လုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့ခြင်းအထိ သူလက်ခံပေး၍ ရနေသေးသည်။
သို့သော် သူလုံးဝနားမလည်နိုင်သောအရာမှာ ထိုဝန်ကြီးသည် ပါဝင်ပတ်သက်ခဲ့သော အခြားသူများကို အမည်တပ်၍ပြောဆိုခဲ့ခြင်းပင် ဖြစ်လေသည်။
သူသည် သန့်စင် ဘုရားကျောင်းအတွက် အလုပ်လုပ်ပေးနေသော ဝန်ကြီးများကို သာ ဘာကြောင့်ရွေး၍ ဖော်ထုတ်ခဲ့သနည်း။
အကယ်၍မဖြစ်အနေဖော်ထုတ်ရမည်ဆိုလျှင်ပင် ၎င်းတို့၏ အမည်အနည်းငယ် မျှပေးခဲ့လျှင်ပင်ရနေလျက်နှင့် အဘယ်ကြောင့် လူတိုင်း၏အမည်များကို ဖော်ထုတ်ရန် ရွေးချယ်ခဲ့ရသနည်း။
ထရီနီယယ်သည် ဤကိစ္စတွင် တစ်ခုခု မှားယွင်းနေမှန်း ခံစားမိနေခဲ့သော်လည်း အတိအကျ ဘာမှားနေသည်ကိုမူ သူလည်း သေချာမသိနေခဲ့ပေ။
သူ၏ရင်ထဲတွင် ဤကိစ္စအတွက် မေးမြန်းလိုသော မေးခွန်းများစွာရှိနေခဲ့ပြီး ထိုအရာကို ဖြေပေးနိုင်သူမှာလည်း ကာကွယ်ရေးဝန်ကြီးတစ်ဦးတည်းသာ ရှိနေခဲ့သည်။
ယခုအချိန်အထိ ဧကရာဇ်သည် ထိုကာကွယ်ရေးဝန်ကြီးကို အသက်ရှင်လျက် ထိမ်းသိမ်းထားခဲ့ခြင်းအပေါ် သူသည် အနည်းငယ်ကြိတ်၍ ဝမ်းမြောက်မိလိုက်သည်။
သူသည်ဧကရာဇ်အား မည်သည့်တန်ကြေးမျိုး ပေးရပေးရ ကာကွယ်ရေးဝန်ကြီးကိုမူ သူနှင့်အတူအပါ ပြန်လည်ခေါ်ဆောင်သွားရပေလိမ့်မည်။
“နစ်ခရိုမန်ဆာမျှော်စင်က သန့်စင်မြို့တော်အထိကို သူတို့ရဲ့ လွှမ်းမိုးမှု ချဲ့ထွင်နိုင်ခဲ့တယ်ဆိုတာတော့ တကယ်ကို မယုံနိုင်စရာပဲ သံတမန်တွေ ဘာအန္တရာယ်မှ မကြုံခဲ့တာကိုပဲ ကျွန်ုပ်တကယ် တကယ် ဝမ်းသာလှပါပြီ မဟုတ်ရင် တကယ်ကို နောက်ဆက်တွဲတွေက အရမ်း ဆိုးရွားသွားလိမ့်မယ်”
ထရီနီယယ်သည် သက်ပြင်းတစ်ချက်ချရင်း အာရန်နှင့်ထပ်တူ ဟန်ဆောင်မှုတစ်ခုကို ပြုလုပ်လိုက်လေ၏။
‘မင်းက ဒီလိုပါမွှားအဆင့်လောက်လေးနဲ့ ငါ့ကို သတ်နိုင်လိမ့်မယ်လို့ တကယ်ကြီး ထင်နေခဲ့တာလား... မင်းသာ ငါတို့ကို အမှန်တကယ် သတ်ချင်ခဲ့ရင် မင်းကိုယ်တိုင် ပဲလာခဲ့သင့်တယ် ဒါဆိုရင်မင်းမှာ အခွင့်အရေးတစ်ခု ရှိချင်ရှိနိုင်ဦးမယ် ဒါပေမဲ့ မင်း တကယ် ဘာလိုချင်ခဲ့လဲဆိုတာ ငါတို့နှစ်ယောက်စလုံး သိနေကြတာပဲလေ’
အာရန်သည် သူ၏ မျက်နှာတွင် ဖော်ပြခြင်းမရှိသော်လည်း စိတ်ထဲတွင်တော့ ထိုသို့တွေးမိလိုက်သည်။
“ဒီကိစ္စကအရေးကြီးတဲ့အတွက် သန့်စင် ပရာဟိတ်မကို အမြန်အကြောင်းကြားမှဖြစ်လိမ့်မယ်” ဟု ကာဒီနယ်ရဟန်းအမတ်က တုံ့ပြန်ပြောဆိုလိုက်သည်။
သန့်စင်ဧကရာဇ်၏ ခွင့်ပြုချက်ကိုပင် မတောင်းခံတော့ပဲ သူသည် ကာကွယ်ရေးဝန်ကြီးအား ဆွဲယူလိုက်ကာ ခွေးလည်ပင်းကဲ့သို့ သူ၏လည်ပင်းပတ်လည်တွင် ချည်နှောင်ခံထားသော သံကြိုးများကို ဆွဲဖြတ်ပစ်လိုက်လေသည်။
သန့်စင်ဧကရာဇ်မှ ထိုအပြုအမူအတွက် တစ်စုံတစ်ရာ ပြောဆိုလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူ့ကို အံ့အားသင့်စေခဲ့သည်မှာ ဧကရာဇ်သည် ထိုအရာအတွက် အနည်းငယ်မျှပင် တုံ့ပြန်ခြင်းမျိုး မရှိခဲ့ပေ။
“ဒါက အကောင်းဆုံးပါပဲ ဘုရားကျောင်းက သူ့ဆီကနေ အချက်အလက်တွေ ပိုပြီး စစ်ဆေးနိုင်လိမ့်မယ်လို့ ကိုယ်တော် ယုံကြည်မိတယ်” ဟု အာရန်သည် ရိုးသားဟန်ဖြင် ပြန်လည် ပြောလိုက်သည်။
ထို့နောက် ကာဒီနယ်ရဟန်းအမတ်သည် သတိလစ်နေသော ကာကွယ်ရေးဝန်ကြီးအား သူ၏ ပခုံးပေါ်သို့တင်လိုက်လေသည်။
ကာဒီနယ်ရဟန်းအမတ်သည် ဤကိစ္စနှင့်ပတ်သတ်၍ မသိစိတ်မှနေ၍ မကောင်းသော ခံစားချက်တစ်ခု ရှိနေခဲ့လေသည်။
သန့်စင်ဧကရာဇ်မှ သူ၏အပြုအမူကို ကြည်ဖြူစွာ သဘောတူလိုက်ခြင်းသည် ကျိုးကြောင်းဆီလျော်နေသော်လည်း သူ၏ တုံ့ပြန်မှုနှင့်ပတ်သက်၍မူ တစ်ခုခု မူမမှန်ဖြစ်နေသည်ဟု အနည်းငယ် ခံစားမိနေဆဲပင်ဖြစ်၏။
သို့သော် ဘာမှသက်သေမပြနိုင်သဖြင့် ဤမလိုအပ်သောအတွေးများကို ခေါင်းထဲမှ ခါထုပ်လိုက်ကာ ကာကွယ်ရေးဝန်ကြီးနှင့်အတူ နန်းတော်အတွင်းမှ ထွက်ခွာသွားခဲ့သည်။
၎င်းတို့၏ အစီအစဉ်တွင် ဤကဲ့သို့ ပြင်းထန်သော အနှောင့်အယှက်များ ဖြစ်သွားခဲ့သည့်အကြောင်းကို သူသည် သန့်စင်ပရာဟိတ်မအား အလျှင်အမြန် အကြောင်းပြန်နိုင်ရန် လိုအပ်နေလေသည်။
အထူးသဖြင့် ၎င်းသည် သန့်စင်ဧကရာဇ်အတွက် အကျိုးရှိပုံပေါ်နေပြီး သံတမန်များနှင့် ဆက်ဆံရေးတွင် ပိုမိုရင်းနှီးမှု ရယူနိုင်ခဲ့ပုံရသောကြောင့်လည်းဖြစ်၏။
ထိုမဟာအကြီးအကဲနှစ်ဦးသည် သူတို့ မရှိချိန်တွင်ပင် သူတို့၏ တပည့်ကို ဧကရာဇ်နှင့်အတူ ထားခဲ့ရန် ဆန္ဒရှိနေခဲ့ဟန်ရသောကြောင့်လည်း ပို၍စိုးရိမ်မိခဲ့ခြင်းဖြစ်လေသည်။
ထို့နောက် တော်ဝင်ခန်းမမှ ထွက်ခွာလာစဉ် ကာဒီနယ်ရဟန်းအမတ်သည် အရေးကြီးသောအရာအချို့ကို လက်လွှန်မသွားစေရန် သံတမန်နှစ်ဦး၏ တည်ရှိမှုကိုပါ စစ်ဆေးကြည့်ရှုရန် တွေးတောမိခဲ့သည်။
ဤကဲ့သို့ တိုက်ခိုက်ခံရပြီးနောက်တွင်ပင် ၎င်းတို့သည် အခန်းထဲတွင် ရှိနေရန်ရွေးချယ်ခဲ့သည်တဲ့လား...။
သူတို့ ဘာတွေလုပ်နေကြတာလဲ....။
ထရီနီယယ်သည် ကာကွယ်ရေးဝန်ကြီးကို သူ၏ ပခုံးပေါ်တွင် တင်ထားဆဲ ဖြစ်သော်လည်း မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲများတည်ရှိရာ အခန်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားခဲ့သည်။
အခန်းဆီသို့ ပိုမိုနီးကပ်လာလေလေ ဤဧရိယာရှိ အစောင့်များနှင့် အစေခံများ၏ မျက်နှာအမူအရာများ ပို၍ ထူးဆန်းလာလေလေဖြစ်ကြောင်း တွေ့ရှိလိုက်ရပြီး အချို့အမျိုးသမီးအစေခံများဆိုလျှင် အကြောင်းတစ်ခုခုကြောင့် ရှက်ရွံ့မှုဖြင့် မျက်နှာများနီရဲလျှက် ရှိနေကြလေ၏။
မကြာမီပင် သူသည် အကြီးအကဲ ရန်၏ အခန်းရှိရာဆီသို့ ရောက်ရှိသွားခဲ့သည်။
အခြားတစ်ဖက်တွင် ဘာဖြစ်နေသည်ကို နားလည်ရန် အခန်းကို ဖွင့်ရန်ပင် မလိုခဲ့ပေ။
သူသည် ထိုအခန်းတွင်းအား ကောင်းချီးစွမ်းအင်အသုံးပြု၍ စစ်ဆေးကြည့်ရှုလိုနေခဲ့သော်လည်း ထိုသို့ပြုမူမိပါက မဟာအကြီးအကဲနှစ်ဦးသည် သူ၏စစ်ဆေးမှုကို သိရှိသွားနိုင်ကြောင်း သဘောပေါက်လိုက်သည်။
အထူးသဖြင့် ယခုကဲ့သို့ အရာမျိုးလုပ်ဆောင်နေချိန်တွင် စစ်ဆေးကြည့်ရှုခြင်းသည် ရိုင်းပြရာလည်းရောက်လေ၏။
နောက်ထပ်အထင်လွဲမှုများ ထပ်မံမဖြစ်စေရန် သူသည် ထိုအတွေးကို လျှင်မြန်စွာပင် လက်လျှော့လိုက်ရသည်။
ထို့နောက် ထရီနီယယ်သည် ထိုတော်ဝင်နန်းတော်အတွင်းမှ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့ပြီး သံတမန်နှစ်ဦးအကြောင်း သန့်စင် ဧကရာဇ်၏ စကားများကိုသာ လောလောဆယ်ယုံကြည်ထားလိုက်ရန် ဆုံးဖြတ်လိုက်ရတော့သည်။
သူသည် ယခင်မြို့စား၏အိမ်တော်အတွင်းမှ ထိုမဟာအကြီးများ၏ အစားကြူးသည့် အကြောင်းများကို ကြားသိထားခဲ့ပြီးသားလည်း ဖြစ်သောကြောင့်ဖြစ်သည်။
ထိုကဲ့သို့သောလူများသည် ဤအချိန်တွင် ထိုအရာကို ဆက်လက်လုပ်ဆောင်နေခဲ့ကြခြင်းမှာ သိပ်အံ့သြစရာတော့ ဟုတ်မနေခဲ့ပေ။
အမှန်တကယ် အံ့အားသင့်စရာကောင်းသည်မှာ ၎င်းတို့အား လုပ်ကြံသတ်ဖြတ်မှုအား ကြုံတွေ့ခဲ့ရပြီး နာရီပိုင်းတွင်ပင် ၎င်းတို့ ဤသို့ လုပ်ဆောင်နေကြခြင်းပင်တည်း။
အရှေ့တိုင်းမှ လူများသည် ဤမျှ ထူးဆန်း၍ ရိုင်းစိုင်းသော အာသီသများ ရှိနေကြသောကြောင့်များလားဟုပင် နန်းတော်မှ ထွက်ခွာနေစဥ် တွေးမိလိုက်သည်။
ထရီနီယယ်သည် သန့်စင်ဘုရားကျောင်းတော်သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားခဲ့ကာ ဘုရားကျောင်းအတွင်းရှိ ဘုန်းတော်ကြီးများစွာသည် သူ၏ ပခုံးပေါ်တွင် သွေးစွန်းနေသော ပုံရိပ်ကို သယ်ဆောင်လာသောမြင်ကွင်းကြောင့် စိတ်များရှုပ်သွားကြလေသည်။
ထရီနီယယ်သည် ကာကွယ်ရေးဝန်ကြီးကို ကုသပေးနိုင်သော်လည်း ထိုသို့ မပြုလုပ်မိခဲ့ပေ။
သန့်စင် ပရာဟိတ်မအား ဤအတိုင်း အလျှင်အမြန်တင်ပြနိုင်ရန်သာ စိတ်လောနေခဲ့သောကြောင့်လည်းဖြစ်လေ၏။
#Catfoot