အာရန်၏ လက်ဆောင်
Vol. 26 Ch. 371
….
ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် ပရောဟိတ်မ၏ အခန်းတံခါးဝ အပြင်ဘက်တွင် ရပ်လိုက်သည်။
သူသည် တံခါးကို ခေါက်လိုက်ကာ တိတ်ဆိတ်စွာဖြင့် ပရောဟိတ်မဆီမှ တုံ့ပြန်မှု တစ်ခုခုအတွက် စောင့်ဆိုင်းနေခဲ့လေသည်။
“ပြောပါ”
စက္ကန့်အနည်းငယ် ကြာပြီးနောက် တံခါး၏ အခြားတစ်ဖက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကာဒီနယ်ရဟန်းအမတ်သည် ပရောဟိတ်မအား သူ၏ ကျရှုံးမှုအပါအဝင် အရာအားလုံးကို ဖွင့်ဟ ဝန်ခံလိုက်လေ၏။
သူ၏ ဝန်ခံချက်များ ပြီးစီးပြီးနောက် ကာကွယ်ရေးဝန်ကြီးကို ဘေးတွင်ချထားလိုက်ရင်း အခန်းဝတွင် ဒူးထောက်ထိုင်ချလိုက်ရာ အပြစ်သားတစ်ဦးနှင့်ပင် တူညီနေခဲ့သည်။
“ဒါဟာ ကျွန်ုပ်ရဲ့ စီမံမှု ပေ့ါဆသွားတဲ့အတွက် ဒီလိုရလာဒ်တွေဖြစ်လာခဲ့တာပါ ကျေးဇူးပြုပြီး ကျွန်ုပ်ကို အပြစ်ပေးတော့မူပါ”
ထို့နောက် သန့်စင်ပရောဟိတ်မ၏ အခန်းတံခါးသည် တဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
ကာဒီနယ်ရဟန်းအမတ်သည် ထိုနေရာတွင် ရှိနေသေးသော်လည်း အခန်းအတွင်းသို့ လှမ်း၍ မမြင်နိုင်ခဲ့ပေ။
တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အတွင်းမှ မျက်စိစူးလောက်သည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့ကာ ကာဒီနယ်ရဟန်းအမတ်သည် သူ၏ မျက်စိများကို ရုတ်တရက် မှိတ်ထားလိုက်ရသည်။
မျက်စိများကို မှိတ်ထားသော်လည်း အလင်း၏ ပြင်းအားမှာ လုံးဝပြင်းထန်လွန်းနေခဲ့ပြီး သာမန်လူတစ်ဦးသာဆိုပါက ထိုအလင်းရောင်အား တစ်ချက်မြင်လိုက်ရရုံဖြင့်ပင် မျက်လုံးများကွယ်စေနိုင်လောက်အောင်ထိ ပြင်းထန်လေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် တံခါးသည် ပြန်လည်ပိတ်သွားခဲ့ပြီးနောက် အလင်းရောင်သည်လည်း ပြန်လည်ပျောက်ကွယ်သွားခဲ့၏။
ထရီနီယယ်သည် သူ၏ မျက်စိများကို ဂရုတစိုက် ဖြေးညှင်းစွာ ပြန်လည် ဖွင့်လိုက်ပြီး ပုံမှန်အလင်းရောင်နှင့် နေသားတကျပြန်ဖြစ်ရန် အဆက်မပြတ် မျက်တောင်ခတ်ပေးလိုက်ရသည်။
ထို့သို့ တံခါးပေါက် ပိတ်သွားခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
ထရီနီယယ်သည် သန့်စင်ပရောဟိတ်မမှ ထိုဝန်ကြီးအား သီးသန့်ခန်းအတွင်းသို့ ကိုယ်တိုင် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ဘာမှဆက်လက် မမေးခဲ့ခြင်းဖြစ်၏။
သေဒဏ်သင့်နေသော ထိုကာကွယ်ရေးဝန်ကြီးအတွက် သူသည် သနားသည့်စိတ် မြူမှုန်တစ်မှုန်စာမျှပင် မရှိချေ။
နှစ်ပေါင်းများစွာအတွင်း ပရောဟိတ်မသည် လူအနည်းငယ်ကို ထိုအခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့သော်လည်း ၎င်းတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက် ပြန်လည် ထွက်လာနိုင်ခဲ့ခြင်း မရှိကြောင်း သူသာအသိဆုံး ဖြစ်လေသည်။
ထို့ကြောင့် တံခါး၏ အခြားတစ်ဖက်တွင် ဘာရှိသည်ကို မည်သူမျှ မသိခဲ့ကြသလို မည်သူမျှလည်း အတွင်းသို့ ခိုးဝင်ရန် စိတ်ကူးပင် မယဥ်ဝံ့ခဲ့ကြချေ။
ထရီနီယယ်သည် ထိုတံခါးပေါက်ဝတွင် တစ်လက်မပင် မရွေ့ပဲ ဆက်တိုက် ဒူးထောက်နေခဲ့လေသည်။
....
သီးသန့်အခန်းအတွင်း၌ ပရောဟိတ်မသည် သတိလစ်နေဆဲဖြစ်သော ကာကွယ်ရေးဝန်ကြီးကို စိုက်ကြည့်နေခဲ့သည်။
တအောင့်ကြာသောအခါ သူမသည် ထိုသူ၏ နဖူးပေါ်သို့ လက်ညှိုးတစ်ချောင်း တင်လိုက်ပြီး သူမ၏ ကုသခြင်းကို စတင်လိုက်သည်။
ထရီနီယယ်ထံမှ အရာအတော်များများကို သူမ ကြားသိခဲ့ပြီးဖြစ်သော်လည်း အရေးကြီးသော ကိစ္စရပ်များ ပါဝင်ပတ်သက်နေသောကြောင့် ကာကွယ်ရေးဝန်ကြီးထံမှ သူမကိုယ်တိုင်ထပ်မံ ကြားလိုနေခဲ့၏။
ကာကွယ်ရေးဝန်ကြီးသည် သန့်စင်ပရောဟိတ်မ၏ ကောင်းချီးစွမ်းအင်များ တိုက်ရိုက်ထိတွေ့မှုဖြင့် လျင်မြန်စွာဖြင့် ပြန်လည်ကျန်းမာလာခဲ့သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံးသည် မျက်စိဖြင့် မြင်နိုင်သည့်နှုန်းထားဖြင့် ပြန်လည် သက်သာလာနေခဲ့သည်။
သူ၏ခန္ဓာကိုယ်အပြင်ဘက်သို့ ယိုစီးကျနေသောသွေးများလည်း ပြန်လည်တိတ်သွားခဲ့ကြသည်။
ထို့နောက် တအောင့်ကြာသော် ကာကွယ်ရေးဝန်ကြီးသည် သူ၏မျက်စိများကို ပြန်လည် ဖွင့်နိုင်ခဲ့လေ၏။
“အရှင်မ”
သူသည် သန့်စင်ပရောဟိတ်မကို မြင်လိုက်ရသဖြင့် အံ့သြမှင်သက်မိသွားခဲ့သည်။
ထို့နောက် တုန်လှုပ်စွာဖြင့် လျင်မြန်စွာ ထရပ်လိုက်ပြီး နောက်သို့ ဆုတ်သွားခဲ့ရာ သူ၏ကျောပြင်သည် နောက်ဘက်ရှိရှိ ရုပ်တု၏ ခြေရင်းသို့ ရောက်ရှိသွားသောအခါ မှ ရပ်တန့်သွားခဲ့လေသည်။
“လူတိုင်း အမှားလုပ်တတ်ကြတာပဲ အဲ့လောက်အထိ ကြောက်စရာ မလိုပါဘူး ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အလုံးစုံ ပြန်ပြောပြစေချင်ရုံပါပဲ” ဟု ပရောဟိတ်မသည် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သော်လည်း သူမ၏မျက်နှာအမူအရာမှာ ခန့်မှန်းရခက်နေခဲ့သည်။
“ဒါကြောင့် စိတ်ပူစရာမလိုဘဲ သက်တောင့်သက်သာ သဘောထားပြီး အသေးစိတ်ပြန်ပြောပြပေးလို့ရတယ်”
သန့်စင်ပရောဟိတ်မသည် သူ၏ ရှေ့တွင် ရှိနေသောကြောင့် ကာကွယ်ရေးဝန်ကြီးသည် အတော်လေးထိတ်လန့်နေခဲ့မိ၏။
သို့သော် သူမသည် သူ၏ကျရှုံးမှုအတွက် ဒေါသထွက်ပုံပင်မရရုံသာမက သူ့ကို ပင် ခွင့်လွှတ်ပေးလိုက်ဟန်ပင် ရလေသည်။
ထို့နောက်သူ၏ မျက်လုံးများတွင် ကျေးဇူးတင်သည့်အရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။
အရှင်မ၏ ပေးအပ်ခဲ့သည့် တာဝန်ကို ကျရှုံးခဲ့ခြင်းအတွက် သူ့ကိုယ်သူလဲ အတော်လေး ရှက်ရွံ့နေခဲ့မိ၏။
“ကျွန်ုပ်ကို နောက်ထပ် အခွင့်အရေး တစ်ခုပဲ ထပ်ပေးပါ ဒီတစ်ကြိမ်တော့ လုံးဝ မကျရှုံးစေရဘူးလို့ကတိပေးပါတယ်”
ကာကွယ်ရေးဝန်ကြီးသည် သူ၏ စိတ်အားထက်သန်မှုများ ပိုမိုပြည့်နှက်လာသည်နှင့် အမျှ နောက်ထပ် အခွင့်အရေးတစ်ခုပေးရန်ပင် တောင်းဆိုမိလိုက်သည်။
ထိုစကားကြောင့် သန့်စင် ပရောဟိတ်မသည် သူမ၏မျက်လုံးများကို မှေးစင်းလိုက်မိသည်။
သူမ၏ သည်းခံနိုင်မှုအတိုင်းအတာသည် ကုန်ဆုံးလုနီးပါးဖြစ်သွားသော်လည်း သူမ သည် လျှင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်လည်ထိမ်းချုပ်နိုင်ခဲ့သည်။
“အဲဒါအကြောင်းတွေကို နောက်မှ ပြောကြတာပေါ့... ပထမဆုံး ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မ အားလုံး ကြားချင်တယ် သင် ဘယ်လိုမျိုး ကျရှုံးခဲ့တာလဲ... သင် အဖမ်းခံရပြီးတော့ကော ဘယ်သူ့ကို ဘာတွေပြောခဲ့မိသလဲ” ဟု မေးလိုက်ပြီး သူမ၏မျက်နှာမှာ သနားကြင်နာမှုများဖြင့် နူးညံ့နေခဲ့၏။
“ဟုတ်...ဟုတ်ကဲ့ပါ အရှင်မ”
ပရောဟိတ်မက ထိုကိစ္စကိုသာ ဦးစားပေး၍ ထပ်မံမေးမြန်းလိုက်သောကြောင့် သူ သည်လည်း တခြားဘာမှ ဆက်၍ မပြောနိုင်တော့ပေ...။
“အစပိုင်းမှာ အရာအားလုံးဟာ အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ပဲ ဖြစ်ခဲ့ပါတယ် ကျွန်ုပ်ကိုယ်တိုင် မဟာအကြီးအကဲရန်ရဲ့ သတ်တာကိုခံရတော့မလို့ပါပဲ ဒါပေမဲ့ အဲဒီအချိန်မှာ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သန့်စင် ဧကရာဇ် ရောက်ရှိလာခဲ့တယ် သူ့ရဲ့ ရောက်ရှိလာမှုကြောင့် သံတမန်က စိတ်ရှုပ်ထွေးသွားပြီး ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးခဲ့တယ်လို့ ယူဆမိပါတယ်”
“သူ ကျွန်ုပ်ကို မသတ်ခဲ့ဘူး အဲဒီအစား ကျွန်ုပ်ကို အသက်ရှင်လျက် ဖမ်းဖို့ ကြိုးစားခဲ့တယ် ကျွန်ုပ်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အဆိပ်သုံးဖို့အထိပါ ကြိုးစားခဲ့ပေမဲ့ သူက ကျွန်ုပ်ကို ထူးခြားတဲ့ ဆေးတစ်မျိုးပေးခဲ့ပါတယ်”
ကာကွယ်ရေးဝန်ကြီးသည် ထိုအချိန်က ခံစားခဲ့ရသော နာကျင်မှုများကို ပြန်တွေးမိလိုက်သဖြင့် သူ၏လက်များသည် တုန်ယင်နေဆဲပင်ဖြစ်၏။
ပရောဟိတ်မသည် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်ထံမှ ထိုအရာကို ကြားသိခဲ့ရပြီးသားဖြစ်လေသည်။
သူမသည် ထို့နောက်တွင် ဘာဖြစ်ခဲ့သည်ကိုသာ ပိုမို ကြားလိုနေခဲ့ခြင်းပင်...။
ကာကွယ်ရေးဝန်ကြီးသည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏တုန်ယင်နေသော ခန္ဓာကိုယ်ကို တည်ငြိမ်စေခဲ့သည်။
“အဲဒီနောက် ကျွန်ုပ်.....” ဟု စကားဆက်ရန် ကြိုးစားလိုက်စဥ်မှာပင် ရုတ်တရက် သူ၏စကားကို ရပ်တန့်မိလိုက်ကာ ရုတ်တရက် မျက်မှောင်ကြုတ်မိလိုက်ပြီး သူ၏စိတ်များသည် အချိန်နှင့်အမျှ ပို၍ ရှုပ်ထွေးလာခဲ့သည်။
“ဘာလို့ ရပ်လိုက်တာလဲ ဆက်ပြောလေ” ဟု ပရောဟိတ်မက ဆက်ပြောရန် တွန်းအားပေးလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ကာကွယ်ရေးဝန်ကြီး၏ မျက်နှာသည် ဖျော့တော့သွားခဲ့ကာ သူ၏ ခန္ဓာကိုယ်သည် ယခင်ကထက် ပိုမို၍ပင် ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။
သူ၏နှလုံးသားအတွင်းမှ ပြင်းထန်သော နာကျင်မှုတစ်ခု ဆောင့်တက်လာသည်ကိုလည်း ခံစားမိလိုက်လေ၏။
သူ၏ နှလုံးသားသည် အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် လောင်ကျွမ်းစပြုလာခဲ့သည့်အလားပင်။
ထိုလောင်ကျွမ်းသော ခံစားချက်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးသည် သန့်စင်ပရောဟိတ်မအား အကူအညီတောင်းရန် သူ၏ နှုတ်ခမ်းများဖွင့်လိုက်သော်လည်း ဘာတစ်ခွန်းမျှ မဟရသေးခင်မှာပင် သွေးများသာ အန်ထုတ်လိုက်မိ၏။
တစ်ချိန်မှာပင် သူ၏ ဖြူဖျော့သော မျက်နှာသည် ပိုမိုနီရဲလာခဲ့ပြီး သူ၏အရေပြားတွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ရုတ်တရက် ထိုပြောင်းလဲမှုကြောင့် သန့်စင်ပရောဟိတ်မပင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
သူမသည် ဤလူကို ခုနကမှ ကုသပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် သူသည် အဘယ်ကြောင့် ယခု ကဲ့သို့ သွေးအန်နေရသနည်း။
ပရောဟိတ်မသည် သူမ၏ ကုသခြင်းစွမ်းရည်ကို ထပ်မံအသုံးပြုရန် သူမ၏လက်ကို မြှောက်လိုက်စဥ်မှာပင် ပေါက်ကွဲမှုတစ်ခုသည် သန့်စင်ဘုရားကျောင်းတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့၏။
သွေးများနှင့် အသားစများသည် နေရာအနှံ့သို့ ပျံ့လွင့်သွားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး၏ နောက်ဘက်ရှိ ရုပ်တုကြီးသည်လည်း ထိုပေါက်ကွဲမှုတွင် ထိခိုက်ခံလိုက်ရပြီး ၎င်း၏ခြေထောက်သည် ပေါက်ကွဲမှုအတွင်း ပါဝင်သွားခဲ့သည်။
ပရောဟိတ်မသည် ဒေါသတကြီး အော်ဟစ်မိလိုက်သည်။
သူမ၏ အစောပိုင်း သတိလက်လွတ်ဖြစ်သွားခဲ့မှုကြောင့် ထိုသူ၏ ရွံစရာကောင်းသော သွေးများသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ညစ်ညမ်းသွားစေခဲ့ပြီး သူမ၏အဝတ်အစားများနှင့် မျက်နှာတစ်ခုလုံးကိုပါ ဖုံးလွှမ်းသွားခဲ့ခြင်းဖြစ်၏။
ထိုပေါက်ကွဲမှုက သူမကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့သော်လည်း သူမကို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီး ဒေါသအလွန်အကျွံ ထွက်သွားစေခဲ့လေသည်။
ကာကွယ်ရေးဝန်ကြီးသည် နောက်ဆုံးတွင် အမှန်တကယ် သေဆုံးသွားခဲ့ပြီး နေရာအနှံ့ တွင် ပြန့်ကျဲနေသော အသားစများ နှင့် သွေးအချို့သာ ကျန်ရှိတော့၏။
ပြန်လည်ကုသရန်ထားဦး... သူ၏အပိုင်းအစများအားလုံးကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ရန်ပင် မဖြစ်နိုင်တော့ပေ။
....
တော်ဝင်နန်းတော်အတွင်းရှိ ပလ္လင်တစ်ခုပေါ်၌မူ အာရန်သည် သက်တောင့်သက်သာ လဲလျောင်းလျက်ရှိနေခဲ့ပြီး ၎င်းပလ္လင်ကို သူ၏ အိပ်ရာအဖြစ် အသုံးပြုလိုက်သည့်ပုံပင်။
ထိုအချိန်အာရန်သည် မျက်နှာကျက်ရှိနေရာတစ်ခုကို စိုက်ကြည့်နေခဲ့ပြီး သူသည် အတွေးများအတွင်း ၌ နစ်မြောနေပုံလဲရလေသည်။
“သူမက ကျုပ်ရဲ့ လက်ဆောင်ကို ကြိုက်ပ့ါမလားတော့ မသိဘူး ဟီး...ဟီး...”
သန့်စင်ပရောဟိတ်မသည် ထိုအရာအပေါ် မည်သို့တုံ့ပြန်မည်ဆိုသည့် အကြောင်းအား တွေးမိလိုက်သောအခါ အာရန်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာခဲ့လေသည်။
#Catfoot