စွမ်းရည်အသစ်
Vol. 26 Ch. 372
.....
အာရန်သည် သန့်စင်ဧကရာဇ်အဖြစ် သရုပ်ဆောင်ရခြင်းကို စတင်နှစ်သက်လာခဲ့သည်။
အထူးသဖြင့် သန့်စင်ပရောဟိတ်မ၌ အားနည်းချက်တစ်ခု ရှိနေသည့် အကြောင်းအား သိရှိလိုက်သောကြောင့်လည်း ဖြစ်လေ၏။
ပရောဟိတ်မသည် သူမ၏ အင်အားကို ဆက်လက်ကာကွယ်နိုင်ရန် သူမအပေါ် ပြည်သူများ၏ အမြင်များကို ထိန်းသိမ်းထားရန်လိုအပ်လေသည်။
အကယ်၍ အာရန်သည် သန့်စင်ပရောဟိတ်မအား ဖျက်ဆီးလိုပါက သူမအပေါ် လူအများ၏ ယုံကြည်ကိုးစားမှုများအား အရင်ဦးစွာ ဖျက်ဆီးပစ်ရမည်ဖြစ်၏။
ယခုအချိန်တွင် သူ၏ လုပ်ဆောင်နိုင်မှုများမှာ အစသာ ရှိသေးကြောင်း နားလည်ထားသည်။
ဧကရာဇ်သည် သူကိုယ်တိုင် တော်ဝင်မြို့တော်တွင်း၌ ရှိနေစဉ် သန့်စင်ပရောဟိတ်မ မည်သို့လုပ်ဆောင်နိုင်သည်ဟူသော အချက်များကိုလည်း သိရှိထားရန် လိုအပ်နေသည်။
အာရန်သည် ပရောဟိတ်မ၏ ဤအားနည်းချက်ကို သူမသတိမထားမိအောင် မည်သို့ ကောင်းစွာ အသုံးချနိုင်မည် ဆိုသည်မှာ သူ၏ အစီအစဥ်များကို အဆုံးအဖြတ်ပေးမည့် အဓိကအရေးပါသော အချက်လည်းဖြစ်လာလိမ့်မည် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး၏ ခန္ဓာကိုယ်ပေါက်ကွဲသွားစဥ်တွင် ပရောဟိတ်မ၏ မျက်နှာတွင် ဖြစ်သွားမည့် အမူအယာများကို မမြင်တွေ့လိုက်ရခြင်းအတွက် အာရန်တစ်ယောက် အတော်လေး စိတ်ပျက်နေမိခဲ့သည်။
သူမသည် သူ၏ အနည်းငယ်မျှသော အပေါ်ယံထိတွေ့မှုလေးတစ်ခုကိုပင် လွန်စွာ ရွံ့ရှာမုန်းတီးခဲ့သူတစ်ဦး ဖြစ်လေသည်။
အခြားသူတစ်ဦး၏ သွေးများဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းခံလိုက်ရသောအခါ သူမ မည်သို့ ကိုင်တွယ်မည်နည်းဟု အာရန်တစ်ယောက် အတော်လေးသိချင်နေခဲ့မိ၏။
ကာဒီနယ်ရဟန်းအမတ်ကို ကာကွယ်ရေးဝန်ကြီးအား ခေါ်ဆောင်သွားခွင့်ပြုခဲ့ခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ထိုသူကို ပရောဟိတ်မရှေ့သို့ ခေါ်ဆောင်သွားနိုင်စေရန်လည်း ဖြစ်လေသည်။
အာရန်သည် ထိုဝန်ကြီးအတွက် အထူးဆေးတစ်မျိုးကို ကြိုတင်ပြင်ဆင်ပေးခဲ့ပြီးသား ဖြစ်သည်။
ထိုဝန်ကြီးသည် ဒဏ်ရာရနေသမျှကာလပတ်လုံး ထိုအထူးဆေးသည် အသက်ဝင်ဦးမည် မဟုတ်ပေ။
သို့သော် သူ့ကိုသာ တစ်စုံတစ်ယောက်က ကုသပေးလိုက်သည်နှင့် တစ်ပြိုင်နက် ထိုဆေးသည် စတင်၍ တုံ့ပြန်လာလိမ့်မည်ဖြစ်၏။
ထို့ကြောင့်လည်း ကာဒီနယ်ရဟန်းအမတ်အား ကာကွယ်ရေးဝန်ကြီးကို ထိုနေရာတွင် ကုသခြင်းအား တားမြစ်ခဲ့ခြင်းဖြစ်လေသည်။
သူ၏အစီအစဉ် အလုပ်ဖြစ်မဖြစ်ဆိုသည်မှာ အချက်တစ်ချက်ပေါ်တွင် မူတည်နေသည်။
ကာဒီနယ်ရဟန်းအမတ်သည် ကာကွယ်ရေးဝန်ကြီးကို ဦးစွာ မကုသဘဲ ပရောဟိတ်မထံ အရင်ခေါ်ဆောင်သွားခဲ့ပါက အကောင်းဆုံးပင် ဖြစ်လိမ့်မည်။
အာရန်သည် ထိုဖြစ်နိုင်ခြေမှာ အပြည့်အဝရှိမနေမှန်း သိနေခဲ့သော်လည်း အခွင့်အရေးရသလောက်တော့ စမ်းသပ်ကြည့်ချင်နေခဲ့မိ၏။
ကံကောင်းစွာပင် ကာဒီနယ်ရဟန်းအမတ်သည် အာရန် လိုချင်သည့်အတိုင်း အတိအကျ လုပ်ဆောင်ခဲ့လေသည်။
.....
“အရှင်မင်းကြီးခင်ဗျာ တော်ဝင်အစောင့်တွေ အရှင်မင်းကြီးရဲ့အမိန့်အတိုင်း အပြင်မှာ စောင့်နေကြပါတယ်”
အာရန်သည် ပရောဟိတ်မအကြောင်း အတွေးများဖြင့် အာရုံပျံ့လွင့်နေစဉ် တော်ဝင်အမိန့်တော်အား အစောပိုင်းယူဆောင်၍ ထွက်သွားခဲ့ကြသော အစောင့်၏ အသံကို ကြားလိုက်ရသည်။
ယခုသည် နေ့လည်ပိုင်းသို့ပင်ရောက်နေပြီ ဖြစ်ကာ မြို့တော်အတွင်း၌ ရှိသော တော်ဝင်အစောင့်များ အားလုံးကို နန်းတော်ရှေ့တွင် စုဝေးစေခဲ့ရာ ထိုနေရာတွင် လူ ထောင်ပေါင်းများစွာ ရောက်ရှိနေခဲ့ပြီးဖြစ်၏။
“ကောင်းပြီး...”
အာရန်သည် ပလ္လင်ပေါ်မှ ထရပ်လိုက်သည်။
ထို့နောက် တော်ဝင်အစောင့်များနှင့်အတူ ရာဇပလ္လင်ခန်းမမှ ထွက်ခွာလာခဲ့သည်။
တော်ဝင်စစ်တပ်ကို စစ်ဆေးရှင်းလင်းရမည့် အချိန်ရောက်လာဖြစ်ရာ မည်သူသည် သစ္စာဖောက်များ ဖြစ်သည်ကို အာရန်တစ်ယောက် အတိအကျ မသိနိုင်သောကြောင့် ၎င်းသည် သူ့အတွက် ပို၍ စိန်ခေါ်မှုများလေသည်။
သစ္စာဖောက်အရေအတွက်သည် ဝန်ကြီးများတုံးကကဲ့သို့သာ များပြားခဲ့ပါက ၎င်းတို့ကိုကိုင်တွယ်ရမည့် နည်းလမ်းသည် အမှန်တကယ်ပင် ပို၍ ခက်ခဲလိမ့်မည်။
ကံကောင်းစွာပင် တော်ဝင်အစောင့်များသည် ဝန်ကြီးများနှင့် ဘုန်းတော်ကြီးများထက် စိတ်ပိုင်းဆိုင်ရာများတွင် များစွာပို၍ အားနည်းကြလေ၏။
၎င်းတို့သည် ထိုမျှ လူဦးရေများပြားသော အရေအတွက်ဖြင့် ရှိနေသောအခါ သူသည် ၎င်းတို့ကို သာမန်အတိုင်း ကိုင်တွယ်၍ မူလွယ်ကူမည်မဟုတ်သော်လည်း သူ၏ သူရဲကောင်းတစ်ဦးထံမှ ရယူထားခဲ့သော စိတ်ပိုင်းဆိုင်ရာ ကိုင်တွယ်နိုင်သည့် စွမ်းရည်ဖြင့်မူ သစ္စာဖောက်များကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။
အာရန်သည် မကြာမီ နန်းတော်အတွင်းမှ ထွက်ခွာလာခဲ့ရာ တော်ဝင်စစ်တပ်သည် တစ်ဖွဲ့တစ်ဖွဲ့စီ တန်းစီ၍ သပ်ရပ်စွာ ရပ်နေကြသည်ကို မြင်တွေ့လိုက်ရ၏။
ထို့နောက် အာရန်သည် တော်ဝင်အစောင့်များအား ဝန်ကြီးများတုံးကအတိုင်း တော်ဝင်စစ်တပ်တွင် သစ္စာဖောက်များ ရှိနေခြင်းအကြောင်းကို ထပ်မံ ပြောပြခဲ့သည်။
သူ့တွင် သစ္စာဖောက်များကို ဖော်ထုတ်ရန် နည်းလမ်းတစ်ခု ရှိနေသည်ဟုလည်း အခိုင်အမာ ပြောဆိုလိုက်သည်။
ထို့နောက်တွင် သွေးချောင်းစီးသည့် မြင်ကွင်းတစ်ခု ထိုနေရာတွင် စတင်ဖြစ်ပွားခဲ့တော့၏။
...
အာရန်သည် စစ်သည်တန်းလျားတစ်ခုဆီမှနေ၍ အခြားတစ်ခုဆီသို့ ပြောင်းရွေ့သွားလာသည်။
သူ၏လက်များသည် စတင် ထုံကျဉ်လာသည့်အပြင် သွေးများ ဆက်လက် စီးဆင်းနေခဲ့လေသည်။
တော်ဝင်အစောင့်အချို့သည် ဧကရာဇ် ရူးသွပ်သွားပြီဟုပင် ပြောဆိုနေခဲ့ကြကာ သူ့အား ပြန်လည်ဆန့်ကျင်ရန် ကြိုးစားခဲ့ကြသော်လည်း ၎င်းတို့ကို လျင်မြန်စွာ ပင် ပြန်လည် ဖိနှိပ်နိုင်ခဲ့သည်။
အာရန်သည် ဤကမ္ဘာသို့ စတင်ရောက်ရှိလာစဥ်အခါက သွေးချောင်းစီးခြင်း ဖြစ်ရပ်များအကြောင်းကို တွေးတောခြင်းသည် သူ့အတွက် စိတ်ညစ်ညူးစရာ ကောင်းသော အရာတစ်ခုဖြစ်ခဲ့လေသည်။
သို့သော် ဤကမ္ဘာသို့ ရောက်ရှိသည့် အချိန်ကြာလာသည်နှင့်အမျှ သူ၏ စိတ်နေစိတ်ထားများသည် များစွာ ပြောင်းလဲလာခဲ့၏။
ဤကမ္ဘာတွင် လူသုံးမျိုးသာ ရှိသည်။
ထိုလူသုံးမျိုးမှာ သူ့အား အကျိုးပြုနိုင်သူများ၊ လျစ်လျူရှုထား၍ရသူများ သို့မဟုတ် သွားရန်မစသ၍ သူ့ဖာ့သူနေကြမည့်သူများ နှင့် သူ့အား အသက်အန္တရာယ်ရှိသည်အထိ ခြိမ်းခြောက်နိုင်သူများပင် ဖြစ်လေ၏။
နောက်ဆုံးအဖွဲ့အတွက် သူသည် မည်သည့်အန္တရာယ်ကိုမှ ထပ်မံ မစွန့်စားလိုခဲ့ပေ။
၎င်းတို့က သူ့အား ဖယ်ရှားနိုင်ခြင်းမရှိမီ ၎င်းတို့အား သူကလက်ဦးမှုရယူကာ ဖယ်ရှားခြင်းက ပို၍ကောင်းမွန်သည်မဟုတ်ပါလား...။
သာမန်ပြည်သူများ၏ အမြင်တွင် တော်ဝင်အစောင့်များသည် ဧကရာဇ်၏ ခွန်အားပင်ဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ ၎င်းတို့ထဲမှအချို့မှာ သန့်စင်ဘုရားကျောင်း၏ ခွန်အားသာဖြစ်နေပြီး သန့်စင်ဘုရားကျောင်း၏ ညွှန်ကြားချက်တစ်ခုတည်းဖြင့်ပင် အင်ပါယာကို ဆန့်ကျင်ရန် ဝန်မလေးကြပေ။
၎င်းတို့သည် တော်ဝင်မိသားစု၏ ခွန်အားမဟုတ်ဘဲ အားနည်းချက်ဟုပင် ခေါ်ဆိုနိုင်လေသည်။
ဆန့်ကျင်ဘက်အားဖြင့် သန့်စင် ပရောဟိတ်မအပေါ် ၎င်းတို့၏ လုံးဝသစ္စာရှိမှုနှင့် ယုံကြည်မှုကြောင့် သူမ၏ ခွန်အားဟုလည်း ပြော၍ရသည်။
သန့်စင် ပရောဟိတ်မကို ယုံကြည်ကိုးစားသူများဖြစ်သည့် သန်းပေါင်းများစွာသော ပြည်သူများကြားတွင် ၎င်းတို့၏ ယုံကြည်မှုသည် ရေကန်ထဲမှ ရေစက်တစ်စက်မျှနှင့်သာ အလားသဏ္ဍာတူနေခဲ့သည့်တိုင် အရှင်သခင်များ ကြားတွင်မူ ခွန်အားအနည်းငယ် ကွာခြားမှုကပင် ကြီးမားသော ခြားနားသည့် ရလာဒ်များကို ဖြစ်ပေါ်စေနိုင်လေသည်။
အာရန်သည် သတ်ဖြတ်မှုများကို နေဝင်သည်အထိ ဆက်လက်လုပ်ဆောင်နေခဲ့သည်။
ဤသို့ဖြင့် သူ၏လက်များသည် အတော်လေး ထုံကျဉ်လာခဲ့ပြီး ငါးနာရီနီးပါးခန့် ဆက်တိုက်လုပ်ဆောင် ပြီးသောအခါ သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။
ကံကောင်းစွာပင် တော်ဝင်စစ်တပ်တွင် သစ္စာဖောက်များ၏ အချိုးအစားသည် ဝန်ကြီးများကြားတွင် ရှိခဲ့သလောက် မများခဲ့ပေ။
သန့်စင်မြို့၌ တော်ဝင်အစောင့် သုံးသောင်းခွဲခန့် ရှိသည်။
၎င်းတို့အနက် တစ်သောင်းကျော်ခန့်သာ သစ္စာဖောက်များဖြစ်ကြပြီး ၎င်းတို့ထဲမှ အချို့ကြားနေများကိုပင် ပြန်လည်သိမ်းသွင်း၍ ရနိုင်သောကြောင့် ချမ်းသာပေးခဲ့လေသည်။
အသက်ရှင်ကျန်ရစ်သော တော်ဝင်အစောင့်များသည် သန့်စင်ဧကရာဇ်၏ သွေးစွန်းနေသော ဝတ်ရုံရှည်ကြီးဖြင့် နန်းတော်ထဲသို့ ပြန်လျှောက်ဝင်သွားသည့် မြင်ကွင်းကို ထိတ်လန့်စွာ ငေးကြည့်နေခဲ့မိကြသည်။
၎င်းတို့ထဲမှ အများစုသည် ဤအင်ပါယာနိုင်ငံတော်ကြီးကို ကာကွယ်ရန်အတွက် သူ့ကိုယ်သူ နတ်ဆိုးတစ်ဦးဖြစ်လာရန်ပင် ဆန္ဒရှိခဲ့သော ဧကရာဇ်အပေါ် ပို၍ပင် လေးစားမှုများ ဖြစ်ပေါ်လာခဲ့၏။
ဒီနေ့ ဖြစ်ပျက်သွားခဲ့မှုများကြောင့် လူအများမှ သူ့အား သွေးဆာနေသော ဧကရာဇ်ဟု ခေါ်ကောင်း ခေါ်ဆိုနိုင်သော်လည်း ဧကရာဇ်သည် ထိုအရာကို ဂရုမစိုက်ခဲ့ပေ။
သူသည် နစ်ခရိုမန်ဆာမျှော်စင်၏ နောက်လိုက်ခွေး သစ္စာဖောက်များကို ဖယ်ရှားပစ်နိုင်မည်ဆိုပါက သူ့ကိုယ်သူ နတ်ဆိုးတစ်ဦးဖြစ်လာရန်ပင် ဆန္ဒရှိိနေသည် မဟုတ်ပါလား...။
အာရန်၏ စစ်တပ်သည် လူအင်အားလျော့နည်းသွားခြင်းကြောင့် ခွန်အားအနည်းငယ် ကျဆင်းသွားသည်ဟု ဆိုနိုင်သော်လည်း အသက်ရှင်ကျန်ရစ်သူများသည် သူ့အား လုံးဝသစ္စာရှိကြမည့် သူများဖြစ်လေ၏။
အချို့သည် သူ၏ယုံကြည်မှုကြောင့် သစ္စာရှိမှုများပိုမို ခိုင်မာလာခဲ့ကြမည်ဖြစ်ပြီး အချို့မှာမူ ကြောက်ရွံ့မှုကြောင့် သစ္စာရှိလာကြမည်မှာ မလွှဲဧကန်ပင်။
မည်သို့ပင်ဖြစ်စေ ဤလုပ်ရပ်သည် အာရန်အတွက် အလုပ်ဖြစ်ခဲ့သည်ဟု ဆိုရပေမည်။
အာရန်သည် ပင်ပန်းနွမ်းနယ်စွာဖြင့် သူ၏ဓားကို သန့်စင်ဧကရာဇ်၏ သိုလှောင်လက်စွပ်အတွင်းသို့ ပြန်ထည့်ထားလိုက်သည်။
ငါးနာရီကြာသည်အထိ ထိုဓားကို အကြိမ်ပေါင်းများစွာ ခုတ်လွှဲခဲ့ရပြီးနောက် သူသည် လက်ကိုပင် ထပ်မံမြှောက်ချင်စိတ် မရှိတော့ပေ။
ယခုအချိန်တွင် အာရန်တစ်ယောက် အတော်လေး ဆာလောင်နေခဲ့သော်လည်း ကံမကောင်းစွာပင် ယနေ့ညတွင် ကြိုဆိုပွဲတစ်ခု ရှိနေမည်ဖြစ်သောကြောင့် သူသည် ကြာကြာ နား၍ မရနိုင်သေးချေ။
မကြာမီ ဧည့်သည်များ ရောက်ရှိလာတော့မည်ဖြစ်သည့်အပြင် ထိုအထဲတွင် သန့်စင် ဘုရားကျောင်းမှ လူများနှင့် မှူးမတ်များအားလုံး ပါဝင်မည်လည်းဖြစ်လေသည်။
ဧည့်သည်များထဲတွင် တော်ဝင်မိသားစုဝင်များလည်း ပါဝင်ပြီး ၎င်းတို့သည် နေရာအမျိုးမျိုးတွင် နေထိုင်ကြပေလိမ့်မည်။
အစောပိုင်း သန့်စင်ဧကရာဇ်၏ အမူအကျင့်များကို ကောင်းစွာသိထားသူများလည်း ၎င်းတို့ထဲတွင် ပါဝင်နိုင်ပေသည်။
ထို့ပြင်အလာပသလာပ စကားများပြောရာ၌ သူမသိသည့်အကြောင်းအရာများ ပါဝင်လာပါက အခက်တွေ့စရာများလည်း ရှိနိုင်လေသည်။
ထို့ကြောင့် ၎င်းသည် လျော့တွက်၍မရပဲ အန္တရာယ်ရှိသည့် အခြေအနေများ ဖြစ်လာနိုင်သည်ဟုလည်း ယူဆ၍ရနေ၏။
အာရန်သည် ရှေ့ဆက်လုပ်ရမည့်အရာများအတွက် တွေးတောစရာများစွာ ရှိနေခဲ့သော်လည်း ယခုရလာဒ်အတွက်မူ အတော်လေး ကျေနပ်နေပုံရျသည်။
တော်ဝင်အစောင့်များကို သတ်ဖြတ်ခြင်းအကြောင်း သူ တွေးလိုက်သောအခါ သန့်စင် ဘုရားကျောင်း၏ အင်အားကို အားနည်းသွားစေရန်သာ သူအသားပေး၍ တွေးတောမိခဲ့သည်။
သို့သော် သူ စုဆောင်းနိုင်ခဲ့သော ကြီးမားသည့် အတွေ့အကြုံပမာဏသည် ချိုမြိန်သော အံ့အားသင့်စရာတစ်ခုကိုပါ ဆောင်ကျဥ်းပေးခဲ့လေသည်။
ထိုအရာမှာ အာရန်တစ်ယောက် ကျင့်ကြံခြင်းနယ်ပယ်တွင် နောက်ထပ် ကြီးမားသော အဆင့်ကြီးတစ်ဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ရုံသာမက ချိုမြိန်သော နောက်ထပ် စွမ်းရည်အသစ်တစ်ခုကိုပါ နိုးကြားစေနိုင်ခဲ့၏။
နောက်ထပ် အံ့အားသင့်စရာတစ်ခုမှာ အချိန်အတော်ကြာပျောက်ဆုံးနေခဲ့သော သူ့အတွက် ရွေးချယ်စရာအသစ်များ စတင်ပေါ်ပေါက်လာခဲ့ခြင်းပင်တည်း...။
#Catfoot