သန့်စင်ဧကရာဇ်၏အဆုံးသတ်လား
Vol. 26 Ch. 362
.....
ကာကွယ်ရေးဝန်ကြီးသည် သေအံ့ဆဲဆဲ အခြေအနေမှာပင် အတင်းအကြပ် ပြန်လည် အသက်သွင်းခံလိုက်ရသည်။
သူ၏ခန္ဓာကိုယ်ရှိ အဆိပ်၏ အာနိသင်များ ပြန်လည် ဓာတ်ပြယ်သွားခဲ့သည်။
ယင်းအစား သူသည် အနည်းငယ် ပြန်လည်ခွန်အားပြည့်လာသော်လည်း အဆိပ်ကြောင့် နာကျင်မှုများမှာမူ မပျောက်ကွယ်သေးပေ။
ကာကွယ်ရေးဝန်ကြီးသည် သူသာအသက်ဆက်ရှင်ပါက မည်သည့်အရာများ ဖြစ်လာနိုင်သည်ကို သိနေခဲ့သော်လည်း အသက်ရှင်လျက် ဖမ်းမိလိုက်ခြင်းအား မတားဆီးနိုင်ခဲ့ပေ
သူသည် အာရန်ကို ကြောက်သည်ထက် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ် ကို ပို၍ ကြောက်ရွံ့နေခဲ့သည်။
အသက်ပြန်ရှင်လာပြီးနောက်တွင်ပင် သူ၏လျှာကို ကိုက်ဖြတ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားကြည့်လိုက်သေး၏။
သို့သော် သူသည် ထိုသို့ မပြုလုပ်နိုင်မီမှာပင် အာရန်က သူ့ကို တားဆီးရန် အဝတ်စတစ်ပိုင်းကို သူ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
ထို့နောက် အာရန်သည် ထိုဝန်ကြီး၏လက်များကို ကျောဘက်တွင် ချည်နှောင်လိုက်ကာ ဂုတ်မှဆွဲ၍ထူမလိုက်၏။
“ယူလင်းရေ သူ ထပ်ပြီးရုံးဖို့ ကြိုးစားရင် သူ့ခြေထောက်တွေကို အေးခဲပစ်လိုက် သူ အသက်ရှင်နေသရွေ့ ဘာလုပ်လုပ် အဆင်ပြေတယ်” ဟု အာရန်က ထိုလူကို ယူလင်းဆီသို့ လွှဲပေးလိုက်ရင်း ပြောလိုက်သည်။
ထို့နောက်အာရန်သည် သူ၏ အာရုံကို သန့်စင်ဧကရာဇ်ထံသို့ ပြန်လည် လှည့်လိုက်လေသည်။
ဧကရာဇ်သည် တိတ်ဆိတ်စွာ ရပ်စောင့်နေခဲ့ပြီး အာရန်နှင့် စကားပြောနိုင်မည့် အခွင့်အရေးကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။
ဤနေရာတစ်ခုလုံးကို အကာအကွယ်လွှာဖြင့် ဝန်းရံထားပြီးဖြစ်၍ မည်သူမျှ သူတို့ပြောဆိုမည့် စကားများကို ခိုးနားထောင်နိုင်တော့မည် မဟုတ်ပေ။
သန့်စင်ဧကရာဇ်သည် ဤကိစ္စအတွက် အလွန်အလေးအနက်ထားနေပုံရ၏။
သူသည် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး အာရန်တစ်ယောက် သူ့ထံသို့ ချဉ်းကပ်လာသည်ကို စိုက်ကြည့်လိုက်သည်။
ဤအချိန်၌ သူသည် ကြောက်ရွံ့နေ၍ မဖြစ်ပေ။
သူသည် စစ်ပွဲများစွာကို ဖြတ်သန်းခဲ့ပြီးသောစစ်သားတစ်ယောက်ဖြစ်ခဲ့ဖူးသည်။
သာမန် လူတစ်ဦးကို သူသည် မည်သို့ ကြောက်ရွံ့နိုင်မည်နည်း။
သို့သော် ကံမကောင်းစွာပင် အာရန်သည် သာမန်လူတစ်ဦးမဟုတ်ခဲ့ပေ။
မဟာအကြီးအကဲရန်ဆိုသူသည် သူ၏ပတ်ဝန်းကျင်ရှိ အော်ရာတစ်ခုတည်းကပင် အန္တရာယ်အလွန်ရှိနေဟန်ရလေသည်။
“သင်တို့ ကျုပ်ပြောတာတွေကို ယုံကြည်ပေဖို့မလွယ်ဘူးဆိုတာ နားလည်ပေမဲ့ ဒီတိုက်ခိုက်မှုမှာ ကျုပ် တကယ်ကို ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပါဘူး” ဟု ဧကရာဇ်သည် သူ၏ ရင်ခုန်သံကို တည်ငြိမ်အောင် ပြန်လုပ်ပြီးနောက် အာရန်အား ပြောလိုက်သည်။
“အရှင်မင်းကြီးမှာ ငါးမိနစ်အချိန်ရမယ်”
အာရန်သည် သန့်စင်ဧကရာဇ်နှင့် မီတာအနည်းငယ်အကွာတွင် ရပ်လိုက်ပြီး သူ၏လက်များကို ရင်ဘတ်တွင် ပိုက်ထားလိုက်သည်။
“အရှင်မင်းကြီးရဲ့အဖြေကို ကျုပ်တို့ ကျေနပ်မှုမရှိရင် ကျုပ်တို့ နှစ်ဖက်စလုံးအတွက် အရာရာက ပိုပြီးရှုပ်ထွေးသွားလိမ့်မယ်”
သန့်စင်ဧကရာဇ်သည် အာရန်၏စကားများကို ယုံကြည်နေခဲ့သည်။
အထူးသဖြင့် မိစ္ဆာဂိုဏ်းဟူသည် မည်သို့သောလူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သူသိထားသောကြောင့်ပင်တည်း။
အာရန်သည် ကာကွယ်ရေးဝန်ကြီးအား နှိပ်စက်မည့်နည်းများအကြောင်း ပြောဆိုခဲ့သည့် ပုံစံတစ်ခုတည်းပင်လျှင် ဤသူသည် မည်သို့သော လူစားမျိုးဖြစ်မည်ကို သူ အကြမ်းဖျင်းနားလည်ထားရန် လုံလောက်ခဲ့သည်။
သန့်စင်ဧကရာဇ်သည် သူ၏ နဖူးကို ပြန်လည် ပွတ်သပ်လိုက်ပြီး သူ၏စကားများကို မည်သို့ ကောင်းစွာ ဖော်ပြရမည်ကို တွေးတောနေခဲ့သည်။
“အရှင်မင်းကြီးရဲ့အချိန်တွေ တဖြည်းဖြည်းနည်းလာပြီနော် မြန်မြန်ပြောတာ ပိုကောင်းမယ်” ဟု အာရန်သည် သန့်စင်ဧကရာဇ်အား နောက်တစ်ကြိမ် ထပ်မံတွန်းအားပေးလိုက်သည်။
သန့်စင်ဧကရာဇ်သည် ဘာမှ ဂရုမစိုက်နိုင်တော့ပေ။
သူသည် အာရန်ကို သူသိထားသည့် အရာအားလုံးကို ပြောပြလိုက်မိတော့သည်။
“ဒီတိုက်ခိုက်မှုကို အမိန့်ပေးခဲ့တဲ့သူက ကျုပ် မဟုတ်ဘူး ကာကွယ်ရေးဝန်ကြီး လိုက်နာနေတဲ့ အမိန့်တွေက တကယ်တန်းမှာ သန့်စင် ဘုရားကျောင်းဆီကနေ တိုက်ရိုက် လာတာဖြစ်တယ်”
အာရန်သည် ထိုဧကရာဇ် စကားပြောနေစဉ် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့သော်လည်း ထိုစကားများအရ သူမျှော်လင့်ထားသည့်အတိုင်းသာဖြစ်လေသည်။
အာရန်အတွက်မူ ဧကရာဇ်သည် မည်သူ့ကို အပြစ်တင်သည်ဖြစ်စေ ဂရုမစိုက်ပေ။
သူ သိလိုသည်မှာ သန့်စင်ဘုရားကျောင်း၏ ပါဝင်ပတ်သက်မှုကို သန့်စင်ဧကရာဇ်မှ မည်သို့ ပြောပြမည်ဆိုသည့်အချက် ကိုပင်ဖြစ်၏။
“သင် သိထားတဲ့အတိုင်းပဲ ကျုပ်ရဲ့ကိုယ်ပိုင် နန်းတော်ထဲမှာ သင်တို့ကို ထိခိုက်စေလို့ ကျုပ်အတွက် ဘာကောင်းကျိုးမှ မရှိနိုင်ဘူးလေ သင်တို့ ဒီမှာ သေသွားရင် ကျုပ်အနေနဲ့ နေရင်းထိုင်ရင်း မိစ္ဆာဂိုဏ်းရဲ့ ဒေါသကို ရင်ဆိုင်နေရဦးမယ်”
“ဒါ့အပြင် သင်တို့ကို လုပ်ကြံချင်ရင်တောင် ဘာလို့ ကာကွယ်ရေးဝန်ကြီးကို သုံးရမှာလဲ ဒီလူနည်းနည်းလေး နဲ့ သင်တို့ကို သတ်နိုင်တယ်လို့ ထင်ရလောက်အောင်ထိ ငါကိုယ်တော်က တုံးကနေတဲ့ပုံပေါက်လို့လား”
“တကယ်လို့သာ သင်တို့ကို လုပ်ကြံချင်ရင် သန့်စင်မြို့ကနေ ဝေးတဲ့တစ်နေရာရာမှာ ထောင်ချောက်ဆင်မှာပေ့ါ ဥပမာ သင်တို့လူတွေ ပျောက်ဆုံးတာကို စုံစမ်းနေတုန်း အလစ်အငိုက် တိုက်ခိုက်တာမျိုးတွေ လုပ်မှာပေါ့”
သန့်စင်ဧကရာဇ်သည် သူ၏ ရရှိထားသော အချိန်များအား အာရန်ကိုရှင်းပြရန် အစွမ်းကုန် အားထုတ်နေခဲ့သည်။
ပထမဦးစွာ သူသည် အစစ်အမှန် တရားခံကို ပြောပြခဲ့သည်။
ထို့နောက် ထိုသို့သော မိုက်မဲသောအရာကို သူသည် ပြုလုပ်မည်မဟုတ်ကြောင်းကို နားလည်အောင် ရှင်းပြနိုင်ခဲ့၏။
ထို့အပြင် သူပြောသည့် စကားများတိုင်းသည် အကျိုးအကြောင်း ဆီလျော်နေခဲ့လေသည်။
သူသည် မိုက်မဲသူတစ်ဦး မဟုတ်ပါက ဤနည်းလမ်းမျိုးကို အသုံးပြုမည်မဟုတ်ပေ။
“သန့်စင်ဘုရားကျောင်းက ဘာလို့ ကျုပ်တို့ကို သတ်ချင်ရတာလဲ”
အာရန်သည် နောက်ဆုံးတွင် မေးခွန်းတစ်ခုစတင် မေးလိုက်သည်။
“သူတို့မှာ ဒီလိုလုပ်ဖို့ အကြောင်းပြချက်နှစ်ခုရှိတယ်.. ပထမတစ်ခုက သူတို့ရဲ့ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ချင်လို့ပဲ.. အရှေ့တိုက်က သံတမန်တွေ ရောက်လာတာကို သိထားတဲ့သူတွေက မိစ္ဆာဂိုဏ်းအပြင် ဖိတ်စာပို့တဲ့ သန့်စင်ဘုရားကျောင်းက လူတွေပဲရှိတာမဟုတ်လား”
“သင်တို့ ဂိုဏ်းက ဒီဖြစ်နိုင်ခြေကို မစဥ့်စားမိဘူးဆိုရင်တောင် ဒါက အချိန်တစ်ခုပဲလိုမယ်ဆိုတာ သူတို့ သဘောပေါက်ထားကြတယ် ဒါကြောင့် သူတို့မှာ ထိုးကြွေးဖို့ နယ်ရုပ်တစ်ရုပ် လိုအပ်နေတယ် အဲဒီနယ်ရုပ်က ငါကိုယ်တော်ပဲ”
“သူတို့ စတေးဖို့ နယ်ရုပ်တစ်ရုပ် လိုအပ်တယ်ဆိုရင် ဖိတ်စာ ပေးပို့ခဲ့တဲ့ ဂိုဏ်းအုပ်ဘုန်တော်ကြီးကို အသုံးချတာကပိုမကောင်းဘူးလား ပြီးတော့ အဲ့ဒီလိုလုပ်ဖို့ သူတို့မှာ အခြားရွေးစရာလူတွေမှ အများကြီး ရှိနေခဲ့တယ် အဲ့ဒီအထဲမှာကိုမှ ဘာလို့ အရှင်မင်းကြီးလို သူတို့အတွက်အရေးပါတဲ့လူတစ်ယောက်ကို ရွေးရတာလဲ”
အာရန်သည် အဖြေကို ခန့်မှန်းမိပြီးသားဖြစ်သော်လည်း ဧကရာဇ်မှမည်သို့ပြန်ဖြေမည်ကို သိလိုသဖြင့် ထပ်မံ မေးလိုက်သည်။
“ဒါက ဒုတိယအကြောင်းပြချက်ပဲ.. အမှန်က သူတို့က ငါကိုယ်တော်ကို အရင်ကတည်းက သတ်ချင်နေခဲ့ကြလို့ပဲ လက်ရှိမှာ သန့်စင် အင်ပါယာရဲ့ အာဏာကို ပိုင်ဆိုင်ထားတဲ့ အဓိကအင်အားစုကြီးနှစ်ခု ရှိနေတယ်” ဟု သန့်စင်ဧကရာဇ်က ဆက်လက် ရှင်းပြလိုက်၏။
“တော်ဝင်မိသားစုနဲ့ သန့်စင် ဘုရားကျောင်းပေါ့” အာရန်က ဧကရာဇ်၏ စကားကို ထပ်မံဖြည့်စွက်ပေးလိုက်သည်။
“မှန်တယ် ပုံမှန်အားဖြင့်တော့ အရေးမကြီးဘူးပေ့ါ ဒါပေမဲ့ သန့်စင်ပရောဟိတ်မက အခု အခြေအနေကို ပြောင်းလဲချင်နေတယ် ဒါကြောင့် သူမက ငါကိုယ်တော်ကို သေစေချင် နေခဲ့တာပဲ ဒါပေမဲ့ သူမသာ အကြောင်းပြချက် မယ်မယ်ရရ မရှိပဲ ငါကိုယ်တော်ကို သတ်လိုက်ရင် င့ါရဲ့ ညီတော်က နောက်ထပ် ဧကရာဇ်တစ်ပါး ထပ်မံ ဖြစ်လာလိမ့်မယ်”
“သူမသာ ကျုပ်တို့ကို ဖယ်ရှားချင်ရင် တော်ဝင်မိသားစုတစ်ခုလုံးကို ဖယ်ရှားနိုင်မှ ရလိမ့်မယ် ဒါပေမဲ့ သူမသာ မဆင်မခြင်လုပ်လိုက်မိရင်လည်း သန့်စင် ဘုရားကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်လေ”
“သန့်စင်ပရောဟိတ်မက အရှင်မင်းကြီးကို လျှို့ဝှက်လုပ်ကြံပြီး နစ်ခရိုမန်ဆာမျှော်စင်ဘက်ကို အပြစ်ပုံချလိုက်လို့ကော မရဘူးလား”
“အဲဒါလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး တကယ်လို့ နစ်ခရိုမန်ဆာမျှော်စင်က သန့်စင်မြို့မှာ သန့်စင်ဧကရာဇ်ကိုတောင် သတ်နိုင်တယ်လို့ သတင်းပျံ့သွားရင် လူတွေရဲ့ သန့်စင်ဘုရားကျောင်းအပေါ် ယုံကြည်မှုတွေ လှုပ်ယိုင်သွားစေလိမ့်မယ် သူတို့ရဲ့ ခွန်အားက ပြည်သူတွေရဲ့ ယုံကြည်မှုကနေအဓိကလာတာမို့ အဲဒီယုံကြည်မှု ကို လှုပ်ယိုင်သွားနိုင်တဲ့အရာတွေကို သူတို့ လုပ်လို့မရဘူး”
“အဲ့ဒီတော့ သူတို့ ငါကိုယ်တော်ကို ဖယ်ရှားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက သန့်စင် မြို့တော်ကနေ ထွက်ခွာတဲ့အချိန်မှာ လုပ်မှရမှာပဲ ဒါပေမဲ့ ငါကိုယ်တော်ကလည်း သန့်စင် မြို့တော်ကနေ ဘယ်တုံးကမှ အပြင်ကိုထွက်လေ့မရှိခဲ့ဘူးဘူးလေ နောက်ဆုံးတော့ သူတို့ စိတ်မရှည်တော့ဘူးနဲ့ တူပါတယ် သင်တို့ရဲ့ ရောက်လာခြင်းကလည်း သူတို့ကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးလိုက်သလိုဖြစ်သွားခဲ့တယ်လေ”
“အကယ်၍ သူတို့က သင်တို့ရဲ့အကူအညီနဲ့ ငါကိုယ်တော်ကို နစ်ခရိုမန်ဆာမျှော်စင်နဲ့ ပူးပေါင်းတယ်ဆိုပြီးသက်သေပြနိုင်ရင်း သူတို့အတွက် တော်ဝင်မိသားစုတစ်ခုလုံးကို အကြောင်းပြချက်ပေါင်းစုံနဲ့ ရှင်းထုတ်နိုင်သွားမှာဖြစ်တယ်”
“အဲဒါနဲ့ဆို သူတို့က သတင်းပေါက်ကြားတာကို ငါကိုယ်တော်အပေါ် အပြစ်ပုံချနိုင်ပြီး မိစ္ဆာဂိုဏ်းရဲ့ ယုံကြည်မှုကို ရယူနိုင်တယ် ဒါကြောင့် သင်တို့က သူတို့ဘုရားကျောင်းကို ဒီကိစ္စ အောင်မြင်စေလို့မဖြစ်ဘူး ဘာလို့လဲဆိုတော့ သူတို့သာ အောင်မြင်သွားခဲ့ရင် အရှေ့တိုက်ဟာလည်း မကြာခင် သူတို့လက်ထဲမှာ ကြိုးဆွဲရာ ကနေရလိမ့်မယ်...”
ထိုသို့ ပြောပြီးနောက် သန့်စင်ဧကရာဇ်သည် ခေတ္တခန့် တိတ်ဆိတ်သွားခဲ့၏။
သူ စကားပြောခွင့်ရထားသည့် အချိန်မှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
သူ လုပ်နိုင်ခဲ့သည်ဟု ယုံကြည်ကာ သူ ပြောလိုသမျှအရာအားလုံးကိုလည်း ပြောပြီးသွားခဲ့ပြီဖြစ်လေသည်။
“ဒါဆို အရှင်မင်းကြီး ပြောချင်တာ ဒီလောက်ပဲလား”
အာရန်သည် သူ၏ခေါင်းကိုပြန်ကုတ်လိုက်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သန့်စင်ပရာဟိတ်မက သန့်စင်ဧကရာဇ်ကို မတိုက်ခိုက်ရသည့် အကြောင်းရင်းမှာ သူ့တွင် သူမအား ခြိမ်းခြောက်နိုင်သည့် လျှို့ဝှက်လက်နက်အချို့ ရှိနေသည်ဟု သူ ထင်ခဲ့မိသည်။
ကံမကောင်းစွာပင် ၎င်းသည်သူမ၏ ဂုဏ်သိက္ခာကြောင့်သာဖြစ်နေခဲ့လေသည်။
“ဘယ်လောက် ကလေးဆန်လိုက်သလဲ...”
ခေါင်းခါယမ်းရင်းဖြင့် အာရန်သည် ရှေ့သို့တစ်လှမ်း တိုးလိုက်သည်။
“ဒါပေမဲ့ ကျုပ်တို့ အရှင်မင်းကြီးကို ယုံကြည်ပါတယ် အရှင်မင်းကြီးက ဒီလို တုံးအတဲ့ အကြောင်းပြချက်မျိုး ပေးမှာ မဟုတ်ဘူး”
“ဒီလိုပြောလိုက်တာက ကျုပ်တို့အတွက်လည်း ပိုလွယ်ကူသွားစေတယ်”
အာရန် သူ၏လက်ကို ထိုဧကရာဇ်၏ပခုံးပေါ်သို့ တင်လိုက်သည်။
သူ၏နှုတ်ခမ်းပေါ်တွင် ဖော်ရွေသော အပြုံးတစ်ခု တည်ရှိနေခဲ့သည်။
“သင့်အတွက် ပိုလွယ်ကူစေတယ် ဟုတ်လား”
သန့်စင်ဧကရာဇ်သည် အာရန် ပြောနေသည့်စကား၏ အဓိပ္ပါယ်ကို နားမလည်ခဲ့ပေ။
သို့သော် ထိုသူ ၏အမူအရာများအရ သူ့အပေါ် ရန်လိုခြင်း မရှိတော့သည်မှာတော့ ရှင်းလင်းသွားပြီဖြစ်၏။
ထိုသို့ဖြင့် ဧကရာဇ်သည် အာရန်၏ ထောက်ခံမှုကို ရရှိခဲ့ပြီဖြစ်သည်ဟု ယူဆလိုက်မိသည်။
ယခု သူသည် သူ၏အနာဂတ်ကို ကာကွယ်နိုင်ရန် အသုံးချနိုင်မည့် လက်နက်တစ်ခု ရှိနေပြီဖြစ်သည်။
ထိုစဥ် ရုတ်တရက်...
“ဟင်”
အာရန်၏ လက်သည် သူ၏ ပခုံးပေါ်တွင် ဆုပ်ကိုင်ထားရာမှ အနည်းငယ် တင်းကျပ်လာသည်ဟု ခံစားလိုက်ရသည်။
အာရန် ရုတ်တရက် ဧကရာဇ်အား ဆွဲဖက်လိုက်သည်။
သန့်စင်ဧကရာဇ်၏ မျက်နှာသည် ဖျော့တော့သွားပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာခဲ့သည်။
ထို့နောက် အာရန်သည် နောက်သို့အနည်းငယ်ခန့်ဆုတ်သွားလိုက်သည်။
ဧကရာဇ်သည် သူ၏ အကြည့်ကို အောက်သို့ လျှော့ချလိုက်ရာ သူ၏ရင်ဘတ်တွင် ဓားမြှောင်တစ်ချောင်း စိုက်ဝင်နေသည်ကိုတွေ့လိုက်ရပြီး ထိုနေရာဆီမှ သွေးများ စတင်စီးကျလာခဲ့၏။
“သင်...”
သူသည် အာရန်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်မိသည်။
“...ဘာလို့အဲ့လိုလုပ်ရတာလဲ”
#Catfoot