← Chapters

အတူတူပြေးနေကြတဲ့အချိန်မှာ ကျွန်တော်တို့ကဦးဆောင်နိုင်တာပဲ

Vol. 23 Ch. 320

အတူတူပြေးနေကြတဲ့အချိန်မှာ ကျွန်တော်တို့ကဦးဆောင်နိုင်တာပဲ

Vol. 23 Ch. 320

အခန်း (၃၂၀) အတူတူပြေးနေကြတဲ့အချိန်မှာ ကျွန်တော်တို့ကဦးဆောင်နိုင်တာပဲ

ကျောက်စိမ်းပင်လယ်မြို့တော်အတွက် သူတို့၏သက်တမ်းရှည်ရန်သူဖြစ်သော နေသူတော်စင်ဂိုဏ်း အင်အားကြီးမားလာခြင်းမှာ မလွဲမသွေ ကြောက်မက်ဖွယ်ကောင်းသော သတင်းဖြစ်သည်။

ထို့ကြောင့် ဤကာလအတွင်း သူတို့၏မဟာမိတ်ဖြစ်သော ဝါဒတောင်အင်အားကြီးမားလာခြင်းက အကျိုးရှိသည်မှန်သော်လည်း သူတို့အတွက် ဖိအားများစွာကိုလည်း ခံစားရစေသည်။

ကောင်းကင်မိုးကြိုးခန်းမနှင့် အဆုံးမဲ့တောင်တန်းတို့သည်လည်း အလားတူဖိအားမျိုး အမှန်တကယ် ခံစားကြရသည်ပင်။

အစဉ်အမြဲ ကြားနေဝါဒကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး တစ်ကိုယ်တည်းရပ်တည်ခဲ့သော လှိုင်းနက်ဂေဟာပင်လျှင် ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်း သိသိသာသာ အင်အားကြီးမားလာသည့်အခါ မည်သို့ရင်ဆိုင်ရမည်ကို အာရုံစိုက်လာကြသည်။

သူတို့က ပုံမှန်အတိုင်းလွတ်လပ်စွာဖြင့် ကြားနေဝါဒကို ဆက်လက်ကျင့်သုံးလိုပါက အချက် (၂)ချက်တွင် တစ်ချက်ဖြင့် ကိုက်ညီရန် လိုအပ်သည်။ ပထမတစ်ချက်မှာ အခြားသူများ အာရုံမစိုက်ချင်လောက်အောင် သူတို့က တန်ဖိုးမဲ့နေရမည် ဖြစ်သည်။ ဒုတိယအချက်ကတော့ အခြားသူများ သူတို့ကို လွယ်လွယ်နှင့် ခြိမ်းခြောက်မလာစေရန် စွမ်းအားမြင့်မားနေရမည် ဖြစ်သည်။

လှိုင်းနက်ဂေဟာက ပထမအခြေအနေနှင့်တော့ ကိုက်ညီမည် မဟုတ်ပေ။

သို့သော် နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်တို့ အဆက်မပြတ်တိုးတက်လာချိန် လှိုင်းနက်ဂေဟာက ဘာတိုးတက်မှုမှမရှိဘဲ ရှိရင်းစွဲနေရာတွင် ရပ်နေပါက ဒုတိယအခြေအနေဖြင့် အနှေးနှင့်အမြန် ကိုက်ညီလာပေလိမ့်မည်။

ကြားနေဝါဒကျင့်သုံးသော လှိုင်းနက်ဂေဟာသည်ပင် ထိုသို့တွေးတောနေပြီဆိုလျှင် အခြားသောထိပ်သီးသိုင်းဂိုဏ်းများဖြစ်သည့် ကျောက်စိမ်းပင်လယ်မြို့တော် ၊ အဆုံးမဲ့တောင်တန်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့အတွက် မေးခွန်းထုတ်နေစရာပင် မလိုတော့ပေ။

ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းတို့ကို အမီမလိုက်နိုင်လျှင် သူတို့အားလုံး တဖြည်းဖြည်းနောက်ကျကျန်ရစ်ခဲ့ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဦးဆောင်နိုင်စွမ်း ဆုံးရှုံးရကာ ကြီးမားသောအကြံအစည်များကိုလည်း ပြုလုပ်နိုင်တော့မည် မဟုတ်ဘဲ အဆုံးသတ်တွင် ကူရာကယ်ရာမဲ့စွာဖြင့် မုန်တိုင်းထန်သောအချိန်များကို ရင်ဆိုင်ရပေလိမ့်မည်။

အဆုံးမဲ့တောင်တန်းအတွက် အ‌ရေးတကြီးလိုအပ်သည်အရာမှာ သိုင်းသူတော်စင်တစ်ယောက် ထွက်ပေါ်လာရန် ဖြစ်သည်။

သို့မှသာ သိုင်းသူတော်စင်က မိုးဖြိုပုဆိန်ကိုကိုင်ဆောင်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် တည်ငြိမ်စွာဖြင့် ခြေကုပ်ရယူနိုင်မည် ဖြစ်သည်။

ကျောက်စိမ်းပင်လယ်မြို့တော်နှင့် ကောင်းကင်မိုးကြိုးခန်းမအတွက် နောက်ထပ် သိုင်းသူတော်စင်တစ်ယောက် ထွက်ပေါ်လာမည်ဆိုပါက အကောင်းဆုံးဖြစ်မည်မှာ သေချာသည်။ သို့သော် ထိုသို့မလုပ်ဆောင်နိုင်ပါက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ရရှိအောင် အမြန်ဆုံး ကြိုးစားရမည် ဖြစ်သည်။

ရန်ကျောက်ကဲက သူ၏အရိပ်ကျုံ့အိတ်ထဲမှ တစ္ဆေကျောက်တုံးကို ထုတ်ယူလိုက်ပြီး စဉ်းစားခန်းဝင်နေသည်။

“အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုပြုလုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်ရတာ ပိုပြီးလွယ်ကူတဲ့ မဟာကပ်ဘေးကြီးမတိုင်ခင်ကာလကတောင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို လွယ်လွယ်နဲ့ မလုပ်နိုင်ခဲ့ကြဘူး”

အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ရှားပါးရခြင်းအကြောင်းရင်း (၂)ချက် ရှိသည်။ တစ်ချက်မှာ လုပ်ငန်းစဉ်က အလွန်ခက်ခဲသောကြောင့်ဖြစ်ပြီး နောက်တစ်ချက်မှာ ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ အလွန်ရှားပါးသောကြောင့် ဖြစ်၏။

ရန်ကျောက်ကဲက တစ္ဆေကျောက်တုံးကို အကဲခတ်နေရင်း...

“ဒီပစ္စည်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်မယ့် အဓိကပစ္စည်းတော့ မဟုတ်နိုင်ဘူး ၊ ဒါပေမဲ့ အရမ်းအရေးကြီးတဲ့ ဖြည့်စွက်ပစ္စည်းတော့ ဖြစ်နိုင်တယ် ၊ အဓိကပစ္စည်းရှိမှ ဘယ်လိုအထွတ်ထိပ်မှော်ဝင်ပစ္စည်းမျိုး ပြုလုပ်မလဲဆိုတာကို ဆုံးဖြတ်နိုင်ပြီး အစီအစဉ်တကျ ပြုလုပ်နိုင်မှာပဲ ၊ ပြီးတော့မှ ဖြည့်စွက်ပစ္စည်းတွေကို စုဆောင်းရမှာ”

“ကြည့်ရတာ ကျောက်စိမ်းပင်လယ်မြို့တော်မှာ အဓိကပစ္စည်း ရှိနေပြီးသားထင်တယ် ၊ ဘယ်လို အဖိုးတန်ရတနာမျိုးပါလိမ့်”

ရန်ကျောက်ကဲက သူ့အောက်မေးစေ့ကို ပွတ်သပ်လိုက်သည်။ လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ရန် အခြေခံကျသောပစ္စည်း များစွာမရှိနိုင်ပေ။

ထို့ပြင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းလုပ်ငန်းစဉ်နှင့် ရရှိလာမည့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းသည် ပြုလုပ်သူ၏ သိုင်းပညာနှင့်သဟဇာတကိုက်ညီရမည် ဖြစ်သည်။

ထို့ကြောင့် ယေဘူယျအားဖြင့် အဓိကပစ္စည်းနှင့် သဟဇာတဖြစ်ရန်က အလွန်အရေးကြီး၏။

ဥပမာဆိုရသော် ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် မီးဓာတ် ၊ သို့မဟုတ် မြေဓာတ်ကို အခြေခံသည့် ရတနာပစ္စည်းမျိုးဖြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ပြုလုပ်မည်ဆိုပါက မဖြစ်နိုင်ဟု မဆိုနိုင်သော်လည်း အခက်အခဲ အလွန်ကြီးမားမည် ဖြစ်သည်။

ရန်တိက...

“ငါတို့က ရှေ့ဆက်ပြီး စွမ်းအားမြင့်မားဖို့ အာရုံစိုက်လုံ့လထုတ်နေချိန်မှာ တခြားသူတွေလည်း ရပ်တန့်နေကြတာ မဟုတ်ဘူး ၊ လူတိုင်းက ပိုမြင့်တဲ့နေရာကိုရောက်နိုင်အောင် ကြိုးစားနေကြတာလေ ၊ အခု အဆုံးမဲ့တောင်တန်းက ဂိုဏ်းချုပ်’ချူးယန်’ လည်း သိုင်းသူတော်စင်အဆင့်တက်ရောက်ဖို့ တံခါးပိတ်ကျင့်ကြံတော့မယ်လို့ သတင်းကြားတယ်”

သူက ဆက်ပြောသည်။

“ပြီးတော့ ကောင်းကင်မိုးကြိုးခန်းမကလည်း အခုလောက်ဆိုရင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ဖို့ ကြံစည်နေကြလောက်ပြီ ၊ ဒါက တစ်ရက်နှစ်ရက်ကိစ္စတော့ မဟုတ်ဘူးပေါ့ ၊ မျိုးဆက်တစ်ဆက် ဒါမှမဟုတ် သက်တမ်းတစ်လျှောက်လုံးကြိုးစားနေရမယ့်ကိစ္စမျိုး မဟုတ်လား ၊ လှိုင်းနက်ဂေဟာလည်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းလုပ်ဖို့ ပစ္စည်းတွေရှာဖွေနေပြီ ၊ သူတို့က ဘယ်သူနဲ့မှ မဟာမိတ်မပြုချင်တဲ့သူဆိုတော့ ပိုပြီးအားကောင်းဖို့ လိုအပ်တယ်လေ”

ရန်တိ အတန်ကြာတိတ်ဆိတ်သွားသည်။

ပြီးမှ...

“ငါတို့နဲ့ နေသူတော်စင်ဂိုဏ်းက ရှေ့ကိုခြေတစ်လှမ်းသာနေတယ် ၊ ဒါပေမဲ့ ဆက်ပြီးတိုးတက်မလာဘူးဆိုရင်တော့ အင်အားနည်းသွားတဲ့တစ်နေ့ကို သေချာပေါက် ရောက်လာမှာပဲ”

ရန်ကျောက်ကဲက ရုတ်တရက် ရယ်မောလိုက်ရင်း...

“ဘာလဲ... အဖေက သူတို့ကို တစ္ဆေကျောက်တုံး မပေးတော့ဘူးလား”

ရန်တိကလည်း ရယ်မောလိုက်ရင်း ရန်ကျောက်ကဲကို လက်ညှိုးထိုးလိုက်ပြီး...

"ပေးလိုက်ပေါ့ ၊ ဘာလို့မပေးနိုင်ရမလဲ”

"အင်းလေ... ဘာလို့မပေးနိုင်ရမလဲ”

သားအဖနှစ်ယောက် ရယ်မောလိုက်ကြသည်။

ရန်ကျောက်ကဲက...

“အနည်းဆုံးတော့ ကျွန်တော်တို့က မဟာမိတ်တွေပဲလေ ၊ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမဆိုတဲ့ ဘုံရန်သူကို အတူတူရင်ဆိုင်နေကြရတာ မဟုတ်လား ၊ ကျောက်စိမ်းပင်လယ်မြို့တော်ကလည်း ဒီအချက်ကို နားလည်ပါတယ် ၊ အနာဂတ်မှ သူတို့ဘက်က ပြောင်းလဲချင်တယ်ဆိုရင်တောင်မှ ဒီနှစ်ဂိုဏ်းရဲ့ ပြဿနာကို ဖြေရှင်းပြီးမှ ဖြစ်နိုင်လိမ့်မယ် ၊ အတူတူပြေးနေကြတဲ့အချိန်မှာ ကျွန်တော်တို့က ဦးဆောင်နေနိုင်တာပဲ ၊ ဘာကြောက်စရာရှိလို့လဲလေ”

ရန်ကျောက်ကဲက တစ္ဆေကျောက်တုံးကို ပွတ်သပ်လိုက်ရင်း...

“အတူတူပြေးနေတာဆိုပေမယ့်... ကျွန်တော်တို့ဝါဒတောင်ရဲ့ အားသာချက်က တစ်နေ့တခြား ပိုပြီးကြီးမားလာမှာပါ”

ရန်တိက ပြုံးရင်း...

“ကမ္ဘာအရေးဆိုတာက ခန့်မှန်းရခက်တယ် ၊ နောက်ဆုံးအချိန်ထိ ရယ်မောနိုင်လိမ့်မယ်လို့ ဘယ်သူမှ မပြောရဲဘူး ၊ ဒါပေမဲ့ တူညီတဲ့ဘုံရန်သူကို မဟာမိတ်တွေနဲ့လက်တွဲပြီး ဆန့်ကျင်တိုက်ခိုက်တဲ့နေရာမှာ... ငါတို့ဂိုဏ်းက မဟာမိတ်တွေအပေါ် နည်းနည်းလေးတောင်သံသယမရှိဘဲ ယုံကြည်ပေးသင့်တယ် မဟုတ်လား”

ရန်ကျောက်ကဲက သူ့လက်များကို ဖြန့်ကားလိုက်ရင်း...

“ဟုတ်တယ် ၊ မဟာမိတ်တွေမှာ ရူးမိုက်တဲ့အတွေးတွေမရှိဘူးလို့ ခန့်မှန်းရတာပဲ”

ရန်တိက...

“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အသက်အငယ်ဆုံးသိုင်းသူတော်စင်ဖြစ်တဲ့ စုန့်ဝူလျန်အနေနဲ့ အဲဒီလောက် မိုက်မဲမယ် မထင်ပါဘူး ၊ ပြီးတော့ သူတို့နဲ့ နေသူတော်စင်ဂိုဏ်းကြားက အမုန်းတရားက ငါတို့နဲ့ နေသူတော်စင်ဂိုဏ်းကြားက အမုန်းတရားထက် မလျော့နည်းဘူး”

အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ သိုင်းသူတော်စင်များတွင် မကြာခင်ကမှ သိုင်းသူတော်စင်ဖြစ်လာသော ယွမ်ကျန်းဖုန်းနှင့် လောလောလတ်လတ် အသက်ပျောက်သွားပြီဖြစ်သော ယွမ်ထျန်းတို့ကို ထည့်တွက်ပြီး စုစုပေါင်း သိုင်းသူတော်စင် (၇)ယောက်ရှိသည်တွင် ကျောက်စိမ်းပင်လယ်မြို့တော်၏ အရှင်သခင် ၊ ကျောက်စိမ်းပင်လယ်သိုင်းသူတော်စင် ‘စုန့်ဝူလျန်’ က အားလုံးထဲတွင် အသက်အငယ်ဆုံး ဖြစ်သည်။

အသက်အငယ်ဆုံးဆိုသည်မှာ ယွမ်ကျန်းဖုန်း ၊ ဟွမ်ကွမ်လီတို့ထက် အသက်ငယ်သည်ကို ဆိုခြင်းဖြစ်ပြီး ရှိတိ ၊ ဖန်ကျွင်းနှင့် ရန်တိတို့ထက်တော့ များစွာအသက်ကြီးလေသည်။

သို့သော် သေသေချာချာစီစစ်ပြီး ဝါစဉ်သတ်မှတ်မည်ဆိုလျှင် စုန့်ဝူလျန်သည် ယွမ်ကျန်းဖုန်းတို့ထက် မျိုးဆက်တစ်ဆက် နောက်ကျပြီး ရှီတိ ၊ ရန်တိ တို့နှင့် မျိုးဆက်တူသူအဖြစ် သတ်မှတ်နိုင်သည်။

စုန့်ဝူလျန်က အလွန်နောက်ကျမှ သားတစ်ယောက်ရခဲ့သည်ဖြစ်ရာ ပင်လယ်ခုနစ်စင်းသခင်လေး’စုန့်ချောင်’ကတော့ အသက်အရွယ်မကြီးရင့်သေးသော လူငယ်တစ်ယောက် ဖြစ်နေခဲ့သည်။

ရန်ကျောက်ကဲက ရန်တိကို ကြည့်နေရင်း ရုတ်တရက် တစ်စုံတစ်ခု တွေးလိုက်မိဟန်ဖြင့်...

“ဒါနဲ့ အဖေ... အိမ်တော်မှာ ဖြစ်သွားတဲ့ကိစ္စကလေ...”

ရန်တိက “အလယ်ပိုင်းကောင်းကင်ဒေသ ၊ ‘ရန်’ အိမ်တော်မှ သားအရင်း မဟုတ်” ဆိုသော ကောလဟလကို ရန်ကျောက်ကဲက မေးမြန်းလိုခြင်းဖြစ်သည်။

ရန်ကျောက်ကဲက သူ၏သြဇာအာဏာနှင့်စွမ်းအားကို အသုံးပြုပြီး ထိုသတင်းကို ဖုံးဖိထားသော်လည်း အမှန်တရားကတော့ ပြောရခက်နေသေးသည်။

ရန်တိ၏အဘိုး ချန်ထားခဲ့သောစာက အကြီးမားဆုံး ပြဿနာဖြစ်၏။

တတိယအဘိုး ရန်ဝမ်ကျန်း၏ စစ်ဆေးတွေ့ရှိချက်အရ ထိုစာက အစစ်အမှန်ဖြစ်ပြီး အတုမဟုတ်ပေ။ ရန်ဝမ်ကျန်း၏ အတွေ့အကြုံနှင့်အသက်အရွယ်ရ မှားယွင်းခြင်း မဖြစ်နိုင်ပေ။

သို့ဆိုလျှင် ဤကိစ္စက အမှန်တကယ်ပင် အရေးကြီးလွန်းသည်။

ရန်ကျောက်ကဲကတော့ ထိုအကြောင်းကို စိတ်ထဲမထားသော်လည်း ရန်တိက မည်သို့သဘောထားမည်ကို ပြောရခက်သည်။

ထို့ကြောင့် သူက ဖခင်ဖြစ်သူကို မေးမြန်းရန် ကြိုးစားလိုက်ခြင်းပင်။

ရန်တိက ရန်ကျောက်ကဲကို တည်ငြိမ်စွာ ကြည့်ရင်း...

“ငါ့ကိုယ်ငါ ‘ရန်’ အိမ်တော်ကလူလို့ သတ်မှတ်ထားသရွေ့... ‘ရန်’ အိမ်‌တော်ကလည်း ငါ့ကို မိသားစုဝင်လို့ သတ်မှတ်ထားသရွေ့ လုံလောက်ပြီ ၊ ပြဿနာမရှိဘူး”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။

ရန်တိက စကားလမ်းကြောင်းလွှဲလိုက်၏။

“ဒါနဲ့ ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲ မကြာခင် ကျင်းပတော့မယ်နော်”

ရန်ကျောက်ကဲက...

“ဟုတ်ကဲ့... ဒီတစ်ခေါက် ဂိုဏ်းတူညီမလေး ‘ဖန်းယွင်ရှန်း’ ကို ဝင်ပြိုင်ခွင့်ပေးလိုက်မယ် ၊ သူ့အနေနဲ့ ထူးကဲယင်ပြိုင်ပွဲနဲ့ ထူးကွဲယင်သရဖူအကြောင်း သိရှိဖို့ အချိန်တန်ပြီလေ ၊ ပြီးတော့ တခြားထူးကဲယင်မိန်းမပျိုတွေနဲ့တိုက်ခိုက်ပြီး အတွေ့အကြုံယူဖို့လည်း လိုအပ်နေပြီ ၊ ဒါပေမဲ့... ဒီတစ်ကြိမ်မှာ သူ အနိုင်ရဖို့ မျှော်လင့်ချက် သိပ်မရှိသေးပါဘူး”

သူက ဆက်ပြောသည်။

“ကျွန်တော့်ရဲ့ မူလအစီအစဉ်က ဂိုဏ်းတူညီမလေး’ဖန်း’ အပြည့်အဝ အဆင်သင့်ဖြစ်မယ့်အချိန် ဆဋ္ဌမအကြိမ် ထူးကဲယင်ပြိုင်ပွဲကျမှ ဝင်ပြိုင်ခိုင်းမလို့ ၊ ဒါပေမဲ့ နေသူတော်စင်ဂိုဏ်းက သူတို့ရဲ့ ထူးကဲယင်မိန်းမပျိုကို ယင်ယန်တည်ရှိမှုကျင့်စဉ်နဲ့ ကျင့်ကြံပေးနေတော့ သူ့ရဲ့စွမ်းအားက ပိုပြီးမြင့်မားလာတယ် ၊ ဂိုဏ်းတူညီမလေး’ဖန်း’က စံနှုန်းကိုကျော်လွန်ပြီး ခက်ခက်ခဲခဲ ကြိုးစားပေမယ့် သူ့အတွက် အရှုံးကိုရင်ဆိုင်နိုင်ဖို့လည်း လေ့ကျင့်ထားဖို့ လိုတယ်လေ”

သူ့စကားကြားတော့ ရန်တိက ခေါင်းညိတ်ရင်း...

“ဒီကိစ္စကို မင်းလက်ထဲပဲ အပြည့်အဝအပ်ထားတာဆိုတော့... မင်းပဲ အဆင်ပြေသလိုကိုင်တွယ်ပါ ၊ ဒါပေမဲ့ လာမယ့် ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲမှာ သူ့ကို ဝင်ပြိုင်ခိုင်းမယ်ဆိုရင်တော့ မင်းအနေနဲ့ သူ့ကိုအဖော်ပြုပြီး အတူတူလိုက်သွားသင့်တယ်”

ရန်ကျောက်ကဲက...

“ကျွန်တော်လည်း အဲဒီလို စဉ်းစားထားပါတယ်”

All Chapters