← Chapters

ခေတ်တစ်ခေတ်၏သေဆုံးခြင်း

Vol. 017 Ch. 1688

ခေတ်တစ်ခေတ်၏သေဆုံးခြင်း

Vol. 017 Ch. 1688

ဗြမ္ဟာ့သန့်စင်ကောင်းကင်သခင်မည် ကောင်းကင်အာဏာစက်ပြည်ထောင်သို့ ရောက်သွားသောအခါ တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီးဖြစ်သည်။ သူမသည် အဝေးကောင်းကင်တစ်နေရာတွင်ရပ်ကာ စစ်မြေပြင်ကို ကြည့်နေသည်။

နန်းတော်တစ်ခုလုံးကား အပျက်အစီးများအဖြစ် ပြောင်းလဲသွားကာ လူများစွာတို့မှာလည်း ပြည်ထောင်နှင့်အတူ အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ အချို့မှာ ရန်ဟောင်များဖြစ်ကြသည်။

နန်းမြို့တော်တစ်ခုလုံးကား ကြောက်မက်ဖွယ် မုန်တိုင်းများဖြင့် ဖုံးလွှမ်းနေ၏။ နေရာအနှံ့တွင် တိုက်ပွဲများဖြစ်ပွားနေကာ ရန်ဟောင်များမှာ အသက်သေဆုံးနေကြရ၏။

ကောင်းကင်အာဏာစက်ဘုံ၏အခန်းနားဆုံးမြို့တော်ကြီးတစ်ခုမှာ တစ်စိတ်တစ်ပိုင်းခန့် ပျက်စီးသွားပြီဖြစ်သည်။ သူတို့ရှေ့မှ မြင်ကွင်းမှာ ယခင် အောင်မြင်ခန်းနားခဲ့သောနေရာကြီးဟု ပြောလျှင် ယုံနိုင်ဖွယ်ပင် မရှိတော့။

ပြည်ထောင်တစ်ခု၏ပျက်စီးအဆုံးသတ်ခြင်း...။

သူမသည် အမြင့်ဆုံးသော အဆင့်အတန်းတစ်ခုကို ရောက်နေပြီးဖြစ်သော်လည်း စိတ်နှလုံး မငြိမ်မသက်ဖြစ်ရသည်။ သူမက နန်းတော်အပေါ်တွင်ရပ်နေသော ဆံပင်ဖြူလူငယ်ကို လှမ်းကြည့်သည်။

ဤသည်က ကောင်းသော ပျက်စီးခြင်းလား...။

သူမက ကောင်းကင်အာဏာစက်ပြည်ထောင်အရှင် တိုက်ပွဲဝင်နေသောနေရာကိုလည်း မြင်ပေသည်။ ထိုအချိန်တွင် ကောင်းကင်အာဏာစက်အရှင်သည် ပြင်းထန်စွာ အရိုက်ခံလိုက်ရ၏။ နဂါးဘုရင်၏လက်သီးမှာ လေထုကို ခွင်းကာ သူ့ရင်ဘတ်ကို ထိမှန်ခဲ့သည်။ သူ့ပါးစပ်မှ သွေးတစ်ပွက်အန်ကျကာ အလွန်အားနည်းဟန်ပေါ်နေသည်။

အဆင့်တူတန်ခိုးရှင်သုံးဦး၏ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရရာ၌ သူသည် များစွာ တောင့်မခံနိုင်ပေ။ သူ့အနေဖြင့် ထွက်သွားလိုလျှင်ပင် အခွင့်အရေးမရှိတော့။

ထိပ်သီးတန်ခိုးရှင်သုံးဦးက အနည်းငယ် သတိထားတိုက်ခိုက်နေခြင်းကြောင့်သာမဟုတ်လျှင် တိုက်ပွဲမှာ အဆုံသတ်သွားပြီးဖြစ်ပေမည်။ သို့သော်လည်း သူတို့သည် အနိုင်သေချာရေးအတွက် တစ်ဘက်သားကို အားကုန်ပင်ပန်းအောင် အရင်ကြိုးစားပြီးမှ အဆုံးသတ်ရန် ရည်ရွယ်ထားကြ၏။

ထို့အပြင် ရီဖူရှင်းကို တိုက်ခိုက်ခဲ့သော ရန်ဟောင်များလည်း ရှိသေးသည်။ အဆင့်နိမ့်ရန်ဟောင်များကိုမူ ရီဖူရှင်းနှင့် တိုက်ခိုက်ခွင့်ပေးသည်။ ပဉ္စမအဆင့်နှင့်အထက်ရန်ဟောင်များကိုမူ တစ်ခြားသော အဆင့်မြင့်ရန်ဟောင်များက တာဝန်ယူတိုက်ခိုက်ကြသည်။

“နောက်ဆုတ်မယ်...”

ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များက သူတို့အတွက် အခွင့်အရေးမရှိတော့သည်ကို ခန့်မှန်းမိဟန်တူသည်။ ယခုကား ရီဖူရှင်းကို သတ်ရန် အချိန်အခါကောင်းမဟုတ်ချေ။ သူတို့ပင် အသက်သေဆုံးနိုင်ချေရှိနေသည်။

နတ်ဆင်အင်ပါယာသည် ရှေ့ကိုတက်သွားကာ သူတို့နောက်ကို လိုက်ရန်ပြင်သည်။ သို့သော်လည်း ရီဖူရှင်းက သူတို့ကို လှမ်းကြည့်ကာ ပြောသည် “သူတို့ကို လွှတ်လိုက်ပါ...”

ထိုအခါမှ နတ်ဆင်အင်ပါယာက ရပ်လိုက်၏။ ရွှေရောင်အလင်းတန်းသုံးခုသည် အဝေးသို့ ထွက်ပြေးပျောက်ကွယ်သွားကြတော့သည်။

ယနေ့ အဓိက ပစ်မှတ်မှာ ကောင်းကင်အာဏာစက်ပြည်ထောင်ဖြစ်ပြီး ထိုလူသုံးယောက်ကို ထိန်းရန်မှာလည်း သိပ်မလွယ်ပေ။ ပို၍ အရေးကြီးသည်ကား ရွှေရောင်နတ်ပြည်ထောင်ကို အထင်သေး၍ မရခြင်းပင်။ လက်ရှိတွင် ရွှေရောင်နတ်ပြည်ထောင်နှင့် စစ်ဖြစ်ခြင်းက သိပ်မသင့်တော်ပေ။

သူ၏မဟာမိတ်များကို ထိုပြဿနာထဲ၌ ဝင်မပါစေလိုပေ။

“ငါသွားကူညီလိုက်မယ်...” နတ်ဆင်အင်ပါယာက ပြောသည်။ ယေဘုယျအခြေအနေမှာ သိသာနေပြီဖြစ်သည်။ ယခုတွင် သူတို့သည် ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ကိုသာ ထိန်းသိမ်းရန် လိုတော့သည်။

ထို့နောက်တွင် စစ်ပွဲမှာ လုံးဝ အဆုံးသတ်ချေပြီ။

သို့သော်လည်း သူက စစ်မြေပြင်သို့ မရောက်ခင်မှာပင် ရွှေရောင်မီးလျှံများ ကောင်းကင်ထက်တွင် တောက်လောင်လာသည်။ ၄င်းကား ကောင်းကင်အာဏာစက်အရှင်ဝတ်ဆင်ထားသော ချပ်ဝတ်ကို ရွှေရောင်နေမင်းလှံချက် ဖောက်ထွင်းသွားခြင်းကြောင့် တောက်လောင်လာသော မီးတောက်များဖြစ်ပေသည်။ ချက်ချင်းပင် နေမင်းနတ်မီးတောက်များသည် ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းသွား၏။

ချက်ချင်းပင် ကောင်းကင်အာဏာစက်အရှင်သည် မီးတောက်လူသားအဖြစ် ပြောင်းလဲသွားတော့သည်။ မီးတောက်ကား သူ့ကို အရူးအမူး လောင်ကျွမ်းနေကြချေသည်။

ဘုန်း...

မီးတောက်လုံးသည် ကောင်းကင်ထက်မှ ကျဆင်းလာကာ နောက်တစ်ယောက်သည်လည်း အတူတူဆင်းသက်လာ၏။ နဂါးဘုရင်၏နက်လက်သီးသည် တစ်ဘက်လူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ လာရောက်ရိုက်နှက်သည်။

နတ်အလင်းများတောက်ပနေသော ကျန့်ချန်ကျီကလည်း နောက်ထက်တစ်ချက်ထပ်ရိုက်သည်။

နန်းမြို့တော်မှ လူများစွာတို့သည် ခေါင်းမော့ကာ ထိုနေရာသို့ လှမ်းကြည့်ကြ၏။ ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်သည် ကောင်းကင်ထက်မှ အားနည်းစွာ ကျဆင်းလာသည်ကို သူတို့မြင်ကြ၏။

ဘန်းခနဲမည်သံနှင့်အတူ ကောင်းကင်အာဏာစက်အရှင်သည် အပျက်အစီးပုံသို့ လာရောက်ရိုက်သည်။ ထိပ်သီးတန်ခိုးရှင်သုံးဦးသည် သုံးဘက်သုံးတန်မှ ပေါ်လာ၏။ သူတို့ကား တစ်ဘက်လူထွက်မပြေးနိုင်အောင် သတိထားနေကြဆဲဖြစ်သည်။

အသံသဲ့သဲ့နှင့်အတူ လူတစ်ယောက်သည် အပျက်အစီးပုံမှ ကုန်းရုန်းထလာကာ မားမတ်စွာ ရပ်သည်။ သူသည် အလွန်အားနည်းဟန်ရနေသော်လည်း သူ၏မာန်မာနက လဲလျောင်းနေရန် ခွင့်ပြုဟန်မရပေ။ နတ်အလင်းများသည် လက်ကျန်လောင်စာများဖြင့် အလျှံညီးညီးတောက်လောင်နေဆဲဖြစ်၏။

သူ၏မျက်လုံးများက လေထုကို ဖြတ်သန်းကာ အဝေးမှ ရီဖူရှင်းထံသို့ ရောက်သွားသည်။ သူသည် လူငယ်တစ်ယောက်၏လက်ထဲတွင် ကျဆုံးရမည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သူသည် ရီဖူရှင်းကို သူ့သား၏ပြိုင်ဘက်အဖြစ်ပင် သတ်မှတ်ခဲ့သည် မဟုတ်ပေ။

သို့သော်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်၏ပျက်စီးခြင်းအကြောင်းတရားမှာ ထိုရပ်နေသော အဖြူရောင်ဝတ်စုံဝတ်လူငယ်ဖြစ်သည်။

မည်မျှ ဝမ်းနည်းစရာကောင်းလိုက်သနည်း။

“အရှင်မင်းကြီး...” ကောင်းကင်အာဏာစက်ပြည်ထောင်မှ အသက်ရှင်ကျန်နေသူများသည် ပြည်ထောင်အရှင်ကိုကြည့်ကာ အလွန်တရာဝမ်းနည်းမှုကို ခံစားကြရ၏။

သူက ရုတ်တရက်ပြုံးလိုက်ကာ ပြောသည် “ငါဟာ ဂူထျန်းရှင်းကို အနိုင်ယူခဲ့တာ။ လူငယ်တစ်ယောက်ကို မဟုတ်ဘူး။ ဒါပေမဲ့လည်း ဂူထျန်းရှင်း မနိုင်ခဲ့ပါဘူး။ မင်းကြောင့်သာမဟုတ်ရင် ငါ ရှုံးစရာအကြောင်းမရှိဘူး”

ဂူတုံးလျှိုကား ရီဖူရှင်းဘေးတွင် ရှိနေဆဲဖြစ်သည်။ သူက ရီဖူရှင်းထံတွင် ရှုံးနိမ့်ကြောင်း ဝန်ခံသော်လည်း ဂူထျန်းရှင်းကြောင့်မဟုတ်ပေ။ ကောင်းကင်အာဏာစက်ပြည်ထောင်ကို အနိုင်ယူခဲ့သူမှာ ဂူတုံးလျှိုမဟုတ်ပေ။

“အချိန်နည်းနည်းမြန်သွားရုံပါပဲ” ရီဖူရှင်းက ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လျှက်ပြောသည်။

သူ့ကြောင့်သာမဟုတ်လျှင် အစ်ကို၃သည်လည်း မြန်ဆန်စွာ ရောက်လာမည်မဟုတ်ပေ။ သူသည် တိတ်ဆိတ်စွာ လေ့ကျင့်ကာ သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ကောင်းကင်အာဏာစက်ပြည်ထောင်ကို ခြေချပေလိမ့်မည်။

အမှန်တကယ်အားဖြင့် ရိထျန်းယွီနှင့် အစ်ကို၃တို့၏တိုက်ပွဲက အရာအားလုံးကို သက်သေပြပြီးဖြစ်သည်။

“ငါမသေခင် နားလည်ချင်သေးတယ်။ သူတို့ကို မင်း ဘယ်လို နားချခဲ့လဲ” ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်က ရီဖူရှင်းအားကြည့်သည်။ ထို့နောက် မိစ္ဆာကလန်မှ ထိပ်သီးတန်ခိုးရှင်များကို ကြည့်ကာ ပြောသည် “မိစ္ဆာကလန်က ထိပ်သီးတန်ခိုးရှင်တွေ လူငယ်တစ်ယောက်ရဲ့အမိန့်ကို နားထောင်ကြတယ်လား...”

ယခုအချိန်အထိ သူ လက်ခံရန် ခက်ခဲနေဆဲဖြစ်သည်။

သူ အဘယ်ကြောင့်ရှုံးနိမ့်ခဲ့သည်ကို နားမလည်ပေ။

“ကောင်းကင်နတ်တံခါးနဲ့ ကောင်းကင်အာဏာစက်ပြည်ထောင်တို့ ဘာ့ကြောင့် စစ်ဖြစ်ရတာလဲ” ရီဖူရှင်းက မေးသည်။

“ဂူထျန်းရှင်းက မာန်တက်လွန်းတယ်” တစ်ဘက်လူက ပြောသည်။

“ဂူထျန်းရှင်းက အစွမ်းထက်လွန်းတာကြောင့်ပဲ ကောင်းကင်အာဏာစက်ပြည်ထောင်ဟာ စိုးရိမ်ပူပန်လာတယ်။ သူက မာန်တက်လွန်းတာကြောင့် မဟုတ်ဘူး။ ကောင်းကင်အာဏာစက်ပြည်ထောင်က သူတို့လိုပဲ တူညီတဲ့အဆင့်အတန်းအာဏာရှိတဲ့လူမျိုးကို သည်းမခံနိုင်တာပဲ” ရီဖူရှင်းက ပြောသည်။

“မှန်တယ်” ပြည်ထောင်အရှင်က ခေါင်းညိတ်သည်။

“ကောင်းကင်အာဏာစက်ပြည်ထောင်ဟာ အရမ်းအင်အားကြီးတယ်။ ဒါကြောင့် ခင်ဗျားဟာ ခင်ဗျားထက်အင်အားကြီးလာမည့် ဘယ်သူ့ကိုမဆို လက်မခံဘူး။ ဟုတ်တယ်မလား...။ ဒီနည်းနဲ့ ကောင်းကင်အာဏာစက်ပြည်ထောင်ဟာ အမြဲတမ်း ကောင်းကင်အာဏာစက်ဘုံကို လွှမ်းမိုးနိုင်မယ်”

ရီဖူရှင်းက ငေါ့တော့တော့ပြောသည် “ကျုပ်တို့ကြောင့် မဟုတ်ရင်လည်း နောက်ထပ်ဂူထျန်းရှင်းဆိုတာ ပေါ်လာမှာပဲ။ ကောင်းကင်အာဏာစက်ပြည်ထောင်ရဲ့ ပျက်စီးမှုက အနှေးနဲ့အမြန် ရောက်လာမှာပဲ”

“ခင်ဗျားမှာ ထိပ်ဆုံးကိုရောက်ဖို့ လုံလောက်တဲ့ခွန်အားမရှိပေမဲ့ တခြားလူတွေ ခင်ဗျားရှေ့ရောက်သွားမှာကိုတော့ တားချင်တယ်။ ခင်ဗျား မပျက်စီးဘဲ နေမလား” ရီဖူရှင်းက ဆက်ပြောသည် “ကောင်းကင်အာဏာစက်ပြည်ထောင်ကို ဖျက်ဆီးပြီးရင် ကျုပ်က ဘုံက အင်အားစုတွေနဲ့ပေါင်းပြီးတော့ ကျောင်းတော်တစ်ခု တည်ထောင်မယ်။ ပြီးတော့ တစ်လောကလုံးက လူတွေအကုန်လုံးကို ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီးတော့ သင်ကြားဖို့ အခွင့်အလမ်းတွေ ရရှိစေမယ်”

“ကောင်းကင်အာဏာစက်ဘုံကို အုပ်စိုးဖို့၊ တခြားအင်အားစုတွေကို ထိန်းချုပ်ဖို့ ကျုပ်မှာ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ဘူး။ ဒါကြောင့် သူတို့က ကျုပ်ကို ကူညီဖို့ ဆန္ဒရှိကြတာပဲ”

ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်က ရီဖူရှင်းကို ကြည့်ကာ တိတ်ဆိတ်နေသည်။ ရုတ်တရက် သူက ထိပ်သီးမိစ္ဆာတန်ခိုးရှင်များကို ကြည့်ကာ ဟက်ခနဲရယ်မော၍ မေးသည် “မင်းတို့ သူ့ကို ယုံကြည်လား”

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်က ထိုသူများသည် သူ့ကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်နေကြခြင်းပင်။

ထိုမျက်လုံးများမှ ပြောနေသောစကားများကို သူနားလည်သည်။ ထိုလူများက ရီဖူရှင်းကို အမှန်တကယ် ယုံကြည်ကြ၏။

လူအများသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားပေသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်နှင့် ရီဖူရှင်းတို့မှာ သိသာစွာဖြင့် ကွဲပြားသူများဖြစ်ကြသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်အနေဖြင့် ရီဖူရှင်းကို နားမလည်နိုင်သော်လည်း တခြားလူများကတော့ နားလည်သဘောပေါက်ပေသည်။ ရီဖူရှင်းက တခြားသော ပါရမီရှင်များအား အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းပေးစေခြင်းက ကျောင်းတော်တည်ထောင်မည့် သူ၏ကတိကို လူတိုင်းအား ယုံကြည်စေသည်။

ရီဖူရှင်းသည်သာ သူတစ်ဦးတည်း ကောင်းစားရေးကို ရှေးရှုမည်ဆိုပါက သူနှင့် သူ့မိတ်ဆွေတချို့သည်သာ အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သည်တိုက်ပွဲတွင် သူတို့အားလုံးသည် ရီဖူရှင်းကို အပြည့်အဝ ယုံကြည်ထောက်ခံကြ၏။

“ခင်ဗျား သေလို့ရပြီ...” ရီဖူရှင်းက ကျယ်လောင်စွာ ရယ်မောနေသော ကောင်းကင်အာဏာစက်ပြည်ထောင်အရှင်ကို ကြည့်ကာ ပြောသည်။ သူ၏မျက်လုံးများထဲတွင် အထင်သေးသော အငွေ့အသက်များရှိနေသည်။

ပြည်ထောင်အရှင်သည် ထိုမျက်လုံးများ၏သဘောကို ခံစားမိပေသည်။ ကောင်းကင်အာဏာစက်ဘုံ၏ထင်ရှားသူတစ်ဦးအနေဖြင့် သူသည် လူငယ်တစ်ဦး၏အထင်သေးခြင်းကို ခံရ၏။

သူက ရုတ်တရက် မောက်မာစွာ ထပ်မံရယ်မောလိုက်သည်။ သူ့ထံမှ ကြောက်မက်ဖွယ် နတ်အလင်းများ ပေါက်ကွဲထွက်လာခဲ့ကာ သတ်ဖြတ်လိုသော အငွေ့အသက်သည် ရီဖူရှင်းထံသို့ ပျံ့လွင့်သွား၏။

သူ့အပေါ်တွင် နတ်ဆင်၏ကြီးမားသော ခြေရာကြီးသည် သူ့ခေါင်းထက်ကို ကျဆင်းလာခဲ့သည်။

ဘုန်း...

ကျယ်လောင်သံနှင့်အတူ လောကစွမ်အားသည် ပျောက်ကွယ်သွားရ၏။ အပျက်အစီးပုံမှာ ခြေတစ်လှမ်းမျှဖြင့် ဖုံများထောင်းထောင်းထကာ အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားရတော့သည်။

အဝေးတွင် နန်းမြို့တော်မှ လူတချို့သည် ထိုမြင်ကွင်းကို ကြည့်ရန် ခွန်အားပင် မရှိကြပေ။ မည်သို့ဆိုစေ ထိုသူသည် ကောင်းကင်အာဏာစက်ဘုံကို နှစ်ပေါင်းများစွာ ကြီးစိုးခဲ့သူတစ်ဦးဖြစ်၏။ ထိုသို့နည်းလမ်းဖြင့် သေဆုံးသွားခြင်းက ဝမ်းနည်းစရာကောင်းလှပေသည်။

ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မသည်လည်း ထိုမြင်ကွင်းကိုကြည့်ကာ စိတ်လှုပ်ရှားတုန်လှုပ်ရ၏။

သူမသည် နောက်လှည့်ကာ ထွက်ခွာသွားခဲ့သော်လည်း သူမ၏စိတ်နှလုံးကား တည်ငြိမ်မနေခဲ့။ သူမသည် ရီဖူရှင်း၏ပြောစကားများနှင့် ကောင်းကင်အာဏာစက်ပြည်ထောင်၏ပျက်စီးခြင်းတို့ကို တွေးတောနေခဲ့သည်။

ရီဖူရှင်းသည်လည်း ထွက်ခွာသွား၏။ သည့်နောက်ပိုင်းတွင်ကား စစ်မြေပြင်ကို ရှင်းလင်းခြင်းဖြစ်ပေလိမ့်မည်။

နေဝင်ရီတရောတွင် လူတိုင်း ဆုတ်ခွာသွားကြပြီဖြစ်သည်။ တချို့သည် အပျက်အစီးနေရာများတွင် ငိုကြွေးနေကြကာ တချို့မှာ အပျက်အစီးများကိုကြည့်လျှက် အမျိုးမျိုးတွေးတောနေကြ၏။

“ခေတ်တစ်ခေတ် ပြီးဆုံးသွားပြီ” တစ်ယောက်က တီးတိုးပြောသည်။

ကောင်းကင်အာဏာစက်ဘုံကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော နတ်ပြည်ထောင်တစ်ခုသည် တစ်နေ့တည်းတွင် အဖျက်ဆီးခံခဲ့ရ၏။ ကောင်းကင်အာဏာစက်ပြည်ထောင်နှင့်သက်ဆိုင်သော ခေတ်ကား အဆုံးသတ်ချေပြီ။

“ခေတ်သစ်တစ်ခုလည်း အစပျိုးတော့မယ်” နောက်တစ်ယောက်ကလည်း ပြောသည်။

ခေတ်တစ်ခေတ်၏အဆုံးသတ်သည် ခေတ်သစ်တစ်ခု၏နိဒန်းမဟုတ်ပါလား။

“ငါတော့ ကျောင်းတော် တည်ထောင်တာကို စောင့်နေတယ်” တစ်ယောက်က ပြောသည်။ အားလုံး၏မျက်နှာတွင် စိတ်အားထက်သန်သော အငွေ့အသက်များ ထင်ဟပ်လာ၏။

ကောင်းကင်အာဏာစက်ပြည်ထောင်သည် အပျက်အစီးများကြားတွင် ပျောက်ကွယ်နစ်မြုတ်သွားပြီဖြစ်သော်လည်း ထို့နောက်တွင် ပိုမိုကောင်းမွန်သောခေတ်သစ်တစ်ခု ရှိနေပေတော့သည်။

***

All Chapters