← Chapters

ရလဒ်

Vol. 017 Ch. 1689

ရလဒ်

Vol. 017 Ch. 1689

ခေတ်တစ်ခေတ်ကား အမှန်တကယ် အဆုံးသတ်ချေပြီ။ သို့သော်လည်း ကောင်းကင်အာဏာစက်ပြည်ထောင်တစ်ခုတည်းသာ အဆုံးသတ်သည် မဟုတ်ပေ။

တစ်လောကလုံးမှ လျှစ်စီးမိုးကြိုးများကို အစိုးရသည်ဆိုသော ခရမ်းရင့်ကောင်းကင်နန်းတော်သည်လည်း တူညီသော ကံကြမ္မာကို ကြုံကြရ၏။

ရီဖူရှင်းတို့ ခရမ်းရင့်ကောင်းကင်နန်းတော်သို့ ရောက်သွားသောအခါ နတ်တောင်ကုန်းတစ်ထောင်သခင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သခင်တို့မှာ ထိုနေရာတွင် မရှိတော့။ ခမ်းနားသော နန်းတော်ကြီးမှာကား တစ်ဝက်ခန့် ပြိုကျပျက်စီးနေလေပြီ။

ထို့အပြင် တခြားသော တန်ခိုးရှင်များကိုလည်း မတွေ့ရတော့။

ကောင်းကင်အာဏာစက်ပြည်ထောင်၏အထင်ရှားဆုံးသော အင်အားစုတစ်ခုသည် ယခု လူသူကင်းမဲ့နေလေပြီ။

မှန်သည်၊ နန်းတော်၏အပျက်အစီးပုံ၌ နစ်မြုတ်သွားသော တန်ခိုးရှင်များလည်း အများအပြား ရှိပေသည်။

ရီဖူရှင်းနှင့် တခြားလူများ ရောက်လာသောအခါ နောက်ထပ် လူနှစ်ယောက်သည် အပေါ်မှ ဆင်းသက်လာပြီး သူတို့ထံကို လျှောက်လာသည်။ သူတို့မှာ ကြောက်မက်ဖွယ် အရှိန်အဝါများရှိပြီး အဆင့်မြင့်ဝိညာဉ်လက်နက်ကိုယ်စီ ကိုင်ထားကြ၏။

“နန်းတော်သခင်က ခရမ်းရင့်ကောင်းကင်နန်းတော်ကို စွန့်ခွာပြီးတော့ ထွက်ပြေးသွားတယ်။ တောင်ကုန်းသခင်က သူ့နောက်ကို လိုက်နေတယ်” တစ်ယောက်က ပြောသည်။

သတင်းများကို ကြားသိပြီးနောက်တွင် ခရမ်းရင့်ကောင်းကင်နန်းတော်သခင်သည် ပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့သေးသော်လည်း သူတို့ဘက်မှ ကျရှုံးတော့မည်ကို နားလည်ပြီးဖြစ်သည်။ မိစ္ဆာအင်အားစုများသည် မဟာမိတ်ဖွဲ့ကာ ကောင်းကင်အာဏာစက်ပြည်ထောင်ကို တိုက်ခိုက်သည်။ နတ်တောင်ကုန်းတစ်ထောင်က သူတို့အား လာရောက်စောင့်ကြည့်၏။

သူတို့အနေဖြင့် ဘာမှ မလုပ်ဘဲ ထိုင်နေ၍ မရတော့ပေ။

တိုက်ပွဲစတင်ပြီးနောက်တွင် သူသည် နတ်တောင်ကုန်းတစ်ထောင်အား မယှဉ်နိုင်သည်ကို နားလည်လိုက်ကာ ခရမ်းရင့်ကောင်းကင်နန်းတော်ကို စွန့်ခွာ၍ ထွက်ပြေးသွားခဲ့သည်။

“တချို့တလေ ကျန်သေးပေမယ့် အများစုကတော့ ထွက်ပြေးသွားခဲ့ကြပြီ” ထိုလူက ဆက်ပြောသည်။ သူတို့သည် နတ်တောင်ကုန်းတစ်ထောင်မှ တောင်ကုန်းသခင်ပြီးလျှက် စွမ်းအားအမြင့်ဆုံးသော ရန်ဟောင်နှစ်ပါးဖြစ်သည်။

ရီဖူရှင်းက ခေါင်းညိတ်သည် “နှုတ်ဆက်ပါတယ်” သူက နောက်ကို လှည့်ကာ သူ့နောက်မှလူကို ပြောသည် “ခင်ဗျားတို့ထဲက တစ်ယောက်ယောက် သူ့နေက်ကို ခြေရာခံလိုက်နိုင်သလား”

“ကျုပ် လိုက်နိုင်တယ်” နတ်မီးငှက်မိစ္ဆာအကြီးအကဲက ပြောသည် “သူတို့နှစ်ယောက်က လမ်းတစ်လျှောက် တိုက်ခိုက်သွားတာပဲဖြစ်ရမယ်။ သူတို့ စွမ်းအားအငွေ့အသက်တွေကို ကျုပ် အာရုံခံပြီး လိုက်လို့ရတယ်”

မိစ္ဆာများကား မူလကတည်းက အာရုံခံကောင်းသူများဖြစ်ကြသည်။

“ကျေးဇူးပါ ဆရာကြီး” ရီဖူရှင်းက ခေါင်းညိတ်သည်။

“တခြားလူတွေက သူတို့အငွေ့အသက်တွေကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ရင် ငါတို့ လိုက်ရှာဖို့ ခက်ခဲတယ်” နဂါးဘုရင်က ပြောသည်။

“ကျွန်တော် နားလည်ပါတယ် ဆရာကြီး။ နတ်အာရုံကိုသုံးပြီးတော့ ဒီအနီးတဝိုက်ရှာပေးပါဦး။ တခြားလူတွေကလည်း နေရာအနှံ့ လိုက်ပြီး ရှာကြပါ။ ကျုပ်တို့က အလယ်အလတ်ရန်ဟောင်နဲ့ သူ့ထက်မြင့်တဲ့အဆင့်တွေကိုပဲ လိုက်ရှာမယ်” ရီဖူရှင်းက ပြောသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်တွင် ထိုသို့အဆင့်ဖြင့် အနည်းငယ်မျှသာရှိမည်ဖြစ်ရာ သူတို့အတွက် ရှာရပိုလွယ်ပေသည်။

အဆင့်နိမ့်တန်ခိုးရှင်များမူကား လူအများကြားထဲသို့ ရောက်သွားလျှင် ခွဲခြားရခက်ခဲသွားပေလိမ့်မည်။

“ကောင်းပြီ” အားလုံးက ခေါင်းညိတ်ကြသည်။ ထို့နောက် အလျှိုလျှို ထွာခွာသွားကြ၏။

“ကျုပ်တို့ ဒီမှာ စောင့်ကြမယ်။ ခရမ်းရင့်ကောင်းကင်နန်းတော်သခင် လွတ်မှာ မဟုတ်ဘူး” ရီဖူရှင်းက ပြောသည်။ သူက နတ်တောင်ကုန်းသခင်ကို မြန်နှုန်းမြင့် ဝိညာဉ်လက်နက်တစ်ခု ပေးအပ်ထားခဲ့ကာ ခရမ်းရင့်ကောင်းကင်နန်းတော်သခင်ကို သေချာစောင့်ကြည့်ပေးရန် အထူးတလေ ပြောထား၏။

ရီဖူရှင်းတို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်၌ပင် စောင့်နေကြ၏။ သူသည် သည်နေရာသို့ ပထမဆုံး ရောက်လာခဲ့ပုံကိုပင် ပြန်တွေးမိသည်။ ထိုစဉ်က ညစာစားပွဲတွင် သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူငယ်မျိုးဆက် ကျန်းယွင်ကို အနိုင်ယူခဲ့၏။

“ဆရာကြီး... ကောင်းကင်နတ်တံခါးနဲ့ ကောင်းကင်အာဏာစက်ပြည်ထောင်အကြား ကြီးမားတဲ့ရန်ငြိုးရှိတယ်။ ကောင်းကင်အာဏာစက်ပြည်ထောင်ကို ဆရာကြီးလက်ထဲထည့်ပေးမယ်။ ခရမ်းရင့်ကောင်းကင်နန်းတော်ကိုတော့ မိစ္ဆာကလန်သုံးခု ဝေစုခွဲပေါ့။ အဆင်ပြေမလား” ရီဖူရှင်းက သူ့ဘေးတွင် စောင့်ကြပ်ပေးနေသော ဟွားကျန့်ချန်ကို ပြောသည်။

ဤသည်က ကောင်းကင်နတ်တံခါးကို ဦးစားပေးခြင်းဖြစ်သော်လည်း မိစ္ဆာကလန်သုံးခုက နားလည်နိုင်ပေသည်။ ရီဖူရှင်းနှင့် သူတို့မှာ အလွန်ရင်းနှီးပြီးဖြစ်ကာ ကောင်းကင်အာဏာစက်ပြည်ထောင်နှင့်တိုက်ပွဲ၌လည်း ကြီးမားစွာ ဆုံးရှုံးထားရသည်။ ယခု အခြေအနေကို ပြန်လည်ကုစားရန် ရီဖူရှင်းက သူတို့အား ဦးစားပေးခြင်းဖြစ်သည်။

“ကိစ္စတွေပြီးသွားမှ ငါတို့ ပြောကြတာပေါ့” ဟွားကျန့်ချန်က ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်သည်။ ထိပ်သီးတန်ခိုးရှင်အချို့ အဝေးကို ရောက်နေရာ အမှန်တကယ်လည်း ထိုကိစ္စကို ပြောရန် အနည်းငယ် စောနေသေးသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ သူတို့သည် မီးငှက်မိစ္ဆာပြန်အလာကို စောင့်နေကြသော်လည်း ရောက်လာသူများမှာ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူအချို့ဖြစ်သည်။ သူတို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ခရမ်းရင့်မိုးကြိုးဆရာသခင်ရှစ်ပါးထဲမှ ခုနစ်ပါးဖြစ်သည်။ ခရမ်းမြေအောက်နန်းတော်သခင်ကား သူတို့အထဲတွင် မပါဝင်။

သို့သော်လည်း ကျန်သော ခုနစ်ပါးလုံး ရောက်လာကြသည်။

သိသာစွာပင် ခရမ်းမြေအောက်နန်းတော်သခင်သည် သူ၏အကန့်အသတ်ကို နားလည်ပေသည်။

ရန်ဟောင်ခုနစ်ပါးသည် ခရမ်းရင့်ကောင်းကင်နန်းတော်သို့ ရောက်လာခဲ့ကာ ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ သူတို့က အနည်းငယ်ဦးညွတ်ကာ ပြောသည် “ကျုပ်တို့က ခွင့်လွှတ်မှုတောင်းခံဖို့ ရေက်လာတာပါ”

သူတို့သည် ကွဲပြားခြားနားသော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခဲ့ကြပြီး လက်ရှိတွင် သူတို့၏ဆိုးဝါးသော အခြေအနေကို သဘောပေါက်ကြသည်။

ရီဖူရှင်းသည် ဂျူနီယာတစ်ဦးသာဖြစ်ကာ သူတို့ထက် ကျင့်ကြံဆင့်နိမ့်ပေသည်။ သို့သော်လည်း သူကား နာမည်ကျော်ကြားကာ အလားအလာကောင်းမွန်၏။ ထို့အပြင် ရီဖူရှင်း၏လက်ရှိအဆင့်အတန်းကို သူတို့ ရှင်းလင်းစွာ မြင်နေရသည်။

ခရမ်းရင့်ကောင်းကင်နန်းတော် ဖျက်ဆီးခံရကာ နန်းတော်သခင် ထွက်ပြေးသွားခဲ့သည်။

သူတို့သည်လည်း ထွက်ပြေးလိုခဲ့၏။ သို့သော်လည်း သူတို့နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သော အခြေအမြစ်များအား မစွန့်ခွာလိုကြပေ။ ထို့အပြင် ရီဖူရှင်းက သူတို့အား အနာဂတ်တွင် မည်သို့ လိုက်လံရှာဖွေရှင်းလင်းမည်ကိုလည်း မသေချာပေ။

ထို့ကြောင့် သူတို့၏မာနသိက္ခာများကို မျိုချကာ ခွင့်လွှတ်မှုကို လာရောက်တောင်းခံကြခြင်းဖြစ်သည်။

ရီဖူရှင်းက သူတို့အား လှမ်းကြည့်လိုက်သည်။ သူ၏မျက်နှာတွင် ခံစားချက်ကင်းမဲ့သော အမူအရာများကို တွေ့ရ၏။

“အဲဒီတုန်းက သူတို့လည်းပါသလား” သူက ဟွားကျန့်ချန်ကို မေးသည်။

“ပါတယ်...” ဟွားကျန့်ချန်က ခေါင်းညိတ်သည်။

“အကြီးအကဲဟွာ... အင်ပါယာရီ... ကျုပ်တို့က ခရမ်းရင့်ကောင်းကင်နန်းတော်သခင်ရဲ့အမိန့်ကို မလွန်ဆန်နိုင်ပါဘူး” တစ်ယောက်က ဦးညွတ်ကာ ပြောသည်။ တစ်ဘက်လူက အငြိုးအတေးထားနေသေးသည်ကို မြင်ကာ သူက အလျင်အမြန် တောင်းပန်သည်။

“ကျုပ်သိရသလောက်တော့ ခင်ဗျားဟာ ခရမ်းရင့်နန်းတော်ရဲ့ အမိန့်ကို နာခံတာ မဟုတ်ဘူးလား” ရီဖူရှင်းက မေးသည်။

“မဟုတ်ဘူး။ ကျုပ်တို့က မိုးကြိုးလမ်းစဉ်ရှစ်သွယ်ကဖြစ်ပြီးတော့ လမ်းစဉ်ကို လိုက်နာတာပဲရှိတာ။ ကျုပ်တို့က နောက်လိုက်တွေ မဟုတ်ပေမဲ့ နန်းတော်သခင်ရဲ့အမိန့်ကိုတော့ လွန်ဆန်လို့မရဘူး” ထိုလူက ပြောသည်။

“နောက်တစ်ခုက ကျုပ်တို့ ဒီကို မလာခင် ခရမ်းမြေအောက်နန်းတော်သို့ သွားပြီးတော့ သူတို့ကိုပါ အသနားခံတောင်းပန်ဖို့ တိုက်တွန်းခဲ့သေးတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက သူတို့ နားမထောင်ခဲ့ဘူး။ ဒါကြောင့် သူတို့ကို ကျုပ်တို့က ရှင်းလင်းပြီးတော့ တချို့ကို ချုပ်နှောင်ခဲ့တယ်။ အခု ခင်ဗျားတို့က သူတို့ကို သဘောအတိုင်း အပြစ်ပေးနိုင်တယ်” နောက်ထပ်ရန်ဟောင်တစ်ပါးက ဆိုသည်။

ရီဖူရှင်း အံ့အားသင့်သွားသည်။ ခရမ်းမြေအောက်နန်းတော်သခင်သည် မသိတတ်၍မဟုတ်ဘဲ သူကိုယ်တိုင်က မလာလိုသောကြောင့်ဖြစ်နေသည်။

ထို့ကြောင့် သူ အသတ်ခံရ၏။

သူက တစ်ဘက်လူအား ကြည့်လိုက်သည်။ သိသာစွာပင် ထိုအဆင့်အထိ ကျင့်ကြံရန် ရက်စက်ပြတ်သားရန် လိုပေသည်။

သူတို့သည် ခရမ်းမြေအောက်နန်းတော်သခင်ကို စကားပြောရန်ပင် အခွင့်မပေးခဲ့ပေ။ သူက သူတို့ကိုလည်း အပြစ်ဖို့မည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် တစ်ခါတည်း အမြစ်ဖြတ်သုတ်သင်ရှင်းလင်းခဲ့ကြ၏။

မည်သို့ဆိုစေ ခရမ်းမြေအောက်နန်းတော်သခင်ကား ရီဖူရှင်းနှင့် ကြီးမားသော ရန်ငြိုးရှိသူမဟုတ်ပါလား။ သူသည် ရီဖူရှင်းနှင့် ဂူတုံးလျှိုတို့ကို အကြိမ်ကြိမ် ဖမ်းဆီးသတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးသည်။

ရီဖူရှင်းက သူ့ဘေးမှ ဟွားကျန့်ချန်ကို ကြည့်ကာ ပြောသည် “ဆရာကြီး ဆုံးဖြတ်ပါ”

အမှန်တကယ်အားဖြင့် သူ၏အဓိကပစ်မှတ်မှာ ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့သာ ဖြစ်ပေသည်။

မိုးကြိုးလမ်းစဉ်ရှစ်ခုမှ လူများကိုကား သူသည် မေ့လျှော့၍ပင် နေလေပြီ။

သို့သော်လည်း ထိုသူများမှာ ကြောက်လန့်မှုတရားကြောင့် သူ့ထံသို့ အပြေးအလွှားရောက်လာကာ တောင်းပန်ကြ၏။

“ကောင်းပြီ...” ဟွားကျန့်ချန်က ခေါင်းညိတ်ကာ ပြောသည် “ဒါဆိုရင်လည်း သူတို့ကို အဆုံးစီရင်လိုက်တော့...”

ရန်ဟောင်ခုနစ်ပါးတို့၏စိတ်နှလုံး ပြင်းထန်စွာ လှုပ်ရှားသွားသည်။

“ဆရာကြီး...”

“ဆရာ...”

သူတို့က ဟွားကျန့်ချန်အား ကြောက်လန့်ခြင်းကြီးစွာဖြင့် ကြည့်ကြသည်။

“ခင်ဗျားတို့ ကိုယ့်ဘာသာစီရင်မလား...” ရီဖူရှင်းက ပြောသည်။ ဟွားကျန့်ချန်က သူတို့အား သတ်လိုမှတော့ သူကလည်း ငြင်းစရာမရှိပေ။

ကျင့်ကြံခြင်းလောကတွင် အသနားခံခြင်းမှာ အသုံးမဝင်ပေ။

အကယ်၍ ကောင်းကင်နတ်တံခါးမှလူများသည်သာ သူတို့၏ဝိညာဉ်အစီအရင်ထဲသို့ မထွက်ပြေးနိုင်ခဲ့လျှင် ထိုလူများ၏သတ်ဖြတ်ခြင်းကို ခံရမည်မှာ သေချာ၏။

ယခု သူတို့က လာရောက် အသနားခံနေကြသည်။

သည်လူများသာ အသနားခံနိုင်သည်ဆိုပါက တစ်လောကလုံးမှလူများလည်း ထိုနည်းတူ အသနားခံကြပေမည်။

“သူတို့ မထိုက်တန်ဘူး” ဟွားကျန့်ချန်က ပြောသည် “သူတို့ကို သတ်လိုက်...ဒါပေမဲ့ သူတို့ရဲ့လက်အောက်ငယ်သားတွေကိုတော့ ချမ်းသာပေးလိုက်”

တိုက်ပွဲဟူသည် ခေါင်းဆောင်များဖြင့် အဆုံးအဖြတ် ပြုလုပ်ခြင်းဖြစ်ပေသည်။ ထို့ကြောင့် သူတို့ရှစ်ဦးသည် သေပေးရပေမည်။ တခြားလူများကိုတော့ ချမ်းသာပေးနိုင်၏။

“ဟုတ်ကဲ့ပါ ခေါင်းဆောင်...” ကောင်းကင်နတ်တံခါးမှ လူများ ချက်ချင်း တစ်ဘက်လူခုနစ်ယောက်ထံသို့ ပျံသန်းသွားကြသည်။

ထိုရန်ဟောင်များကား ယခုလက်ရှိတွင် ခုခံရန်အင်အားမဲ့၏။

တစ်စုံတစ်ယောက်၏အဆင့်အတန်းနှင့် အာဏာမှာ အမြဲတမ်း ဆက်စပ်နေပေသည်။

နာမည်ကျော်ကြားသူများသည်ပင် တစ်ခါတစ်ရံ အောက်ခြေမှနေ၍ တခြားလူများကို မော့ကြည့်ရသော အခိုက်အတန့်ရှိပေသည်။

မှန်သည်၊ လက်ရှိတွင် ရီဖူရှင်းနှင့် တခြားလူများမှာ တူညီစွာပင် ကျင့်ကြံသူအများစု၏အမြင့်ဆုံးအဆင့်တွင် ရပ်နေသူများဖြစ်ကြသည်။

ထို့နောက်တွင် လူအများအပြား ထပ်မံရောက်လာပြီး သူတို့နှင့်အတူ ရင်းနှီးသောလူတစ်ယောက် ပါလာခဲ့သည်။ သူကား ခရမ်းရင့်ကောင်းကင်နန်းတော်၏အတော်ဆုံးသောလူငယ်ပါရမီရှင် ကျန်းယွင်ဖြစ်ပေသည်။

ယခုကဲ့သို့ အချိန်အခါ ရောက်လာမည်ဟု ကျန်းယွင် တစ်ခါမှ မထင်မှတ်ထားခဲ့ပေ။ ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင်နန်းတော်ထက်တွင်ရပ်ကာ သူ၏အသက်ကို ဆုပ်ကိုင်ထားသည်။

“သူ့ရဲ့အစွမ်းတွေကို ဖျက်ဆီးလိုက်...” ရီဖူရှင်းက သူ့အား သိပ်အလေးမထားဟန်ဖြင့် တစ်ခွန်းတည်းသာဆိုသည်။ သူ၏မျက်လုံးထဲတွင် ကျန်းယွင်ကား ထိုတစ်ခွန်းမျှပင် ထိုက်တန်ဟန်မတူ။

အတန်ကြာလျှင် နတ်တောင်ကုန်းတစ်ထောင်အရှင်နှင့် ရွှေမီးငှက်မိစ္ဆာတို့ ပြန်လာကြသည်။ နတ်တောင်ကုန်းတစ်ထောင်အရှင်ကား ဒဏ်ရာရလာခဲ့သော်လည်း သိပ်ပြင်းထန်ဟန်မတူ။ သူ၏အရှိန်အဝါမှာ တည်ငြိမ်ပေသည်။

သူတို့ရောက်လာသည်ကို ရီဖူရှင်း ကြည့်နေ၏။

နတ်တောင်ကုန်းတစ်ထောင်အရှင်က ရီဖူရှင်းအား ကြည့်ကာ ခေါင်းညိတ်ပြစဉ် ရွှေမီးငှက်မိစ္ဆာအကြီးအကဲက ပြောသည် “သူ့အရိုးတောင် မကျန်ဘူး”

“နှုတ်ဆက်ပါတယ် အကြီးအကဲတို့...” ရီဖူရှင်းက ပြောသည်။ သူ့အား ပြောလိုက်သောစကားများက သူ့ကို သိပ်မသက်ရောက်ဟန်ဖြင့် ဆိုသည်။

သို့သော်လည်း သူက ခရမ်းရင့်ကောင်းကင်နန်းတော်ကို ပြန်ကြည့်လိုက်သောအခါ သူ့မျက်လုံးများတွင် တစ်စုံတစ်ခုရှိချေသည်။

ရွှေမီးငှက်မိစ္ဆာအကြီးအကဲ၏ဆိုစကားအရ ကောင်းကင်အာဏာစက်ဘုံတွင် နောက်ထပ် ထိပ်သီးတန်ခိုးရှင်တစ်ဦး ကြွေလွင့်သွားပြီဟု ဆိုနိုင်သည်။

သူက တခြားသော တန်ခိုးရှင်များ ရောက်အလာကို စောင့်နေ၏။ သူတို့က ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်အချို့ကို သတ်ဖြတ်ပြီးနောက်တွင် အရာအားလုံး ပြီးဆုံးချေပြီ။

မိစ္ဆာကလန်သုံးခုသည် မိစ္ဆာဘုံသို့ ပြန်သွားကြကာ ကောင်းကင်နတ်တံခါးမှ လူများသည်လည်း သူတို့၏ကောင်းကင်နတ်တံခါးမြို့သို့ ပြန်ကြ၏။ တစ်မြို့လုံး သူတို့ကို သောင်းသောင်းဖျဖျ လာရောက်ကြိုဆိုကြသည်။

တချိန်တည်းမှာပင် ထိုအဖြစ်အပျက်များက ကောင်းကင်အာဏာစက်ဘုံကို လှိုင်းလုံးများအလား ရိုက်ခတ်သွားသည်။ လူတိုင်း ထိုကိစ္စများအား ပြောနေကြ၏။

ဗြမ္မာ့သန့်စင်ကောင်းကင်တွင် ဧကရီသခင်မသည် ရက်အတန်ကြာ မသက်မသာ ခံစားနေရသည်။

မိစ္ဆာဘုံတွင်ကား ခရမ်းရွှေကြွက်အင်ပါယာသည် ဒွိဟဖြစ်နေသည်။ သူဘာလုပ်ရမည်ကို မသိပေ။

ရင်ကျိုးတောင်မှလူများကား အကြီးအကျယ်‌ ကြောက်လန့်နေကြ၏။ သူတို့က ရီဖူရှင်းထံတွင် သွားကာ အသနားခံလိုသော်လည်း မိုးကြိုးလမ်းစဉ်ရှစ်ခုမှ အကြီးအကဲများ၏အဆုံးသတ်ကို မြင်ပြီးဖြစ်ရာ မည်သို့လုပ်ရမည် မသိကြတော့ပေ။

***

All Chapters