မေ့ပျောက်မရနိုင်သော နာကျင်မှု
Vol. 017 Ch. 1691
ရီဖူရှင်းအနေဖြင့် ဗြမ္မာသန့်စင်ကောင်းကင်သို့ လာရောက်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သည်မတိုင်ခင်က သခင်မသည် ရီဖူရှင်းအား တွေ့ဆုံရန် ငြင်းပယ်ခဲ့၏။
ဗြမ္မာ့သန့်စင်ကောင်းကင်နန်းတော်၌ အပျိုတော်များသည် နန်းတော်အပြင်ကို လှမ်းကြည့်နေကြ၏။ ရီဖူရှင်းက သူတို့၏အကြည့်ကို ခံစားမိသော်လည်း သူ့မျက်လုံးများက တည်ငြိမ်နေသည်။
ကျန့်ချန်ကျီသည် ရီဖူရှင်းဘေးတွင် ငြိမ်သက်စွာ ရပ်နေသည်။ ရီဖူရှင်းက သည်နေရာကို ပြဿနာရှာရန် ရောက်လာခြင်းမဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူ့အနေဖြင့် ဘေးနားတွင် ငြိမ်သက်စွာရပ်နေခြင်းက လုံလောက်ပေသည်။
ယနေ့ ကောင်းကင်အာဏာစက်ဘုံတွင် မည်သူမှ ရီဖူရှင်းကို ထိရဲတော့မည် မဟုတ်သည်မှာ သေချာ၏။
ထိုအချိန်တွင် ဗြမ္မာ့သန့်စင်ကောင်းကင်နန်းတော်မှ အပျိုတော်များ ဆင်းသက်လာကြသည်။ ဦးဆောင်လာသူကား ပြိုင်စံရှားအလှကို ပိုင်ဆိုင်သော ဗြမ္မာ့သန့်စင်ကောင်းကင်၏သမီးတော် ချင်းဟယ်ဖြစ်သည်။
ချင်းဟယ်က ရီဖူရှင်းရှေ့တွင်ရပ်ကာ ပြုံးလျှက် တီးတိုးပြောသည် “နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ တွေ့ပြီးနောက်ပိုင်း သခင်လေးရီဟာ ဘုံကိုးခုမှာ တဟုန်ထိုး နာမည်ကျော်ကြားလာခဲ့တယ်”
“ချင်းဟယ်က အတော်နောက်တာပဲ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။ သူကား ချင်းဟယ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပေသည်။ သို့သော်လည်း ယနေ့တွင် ရှေးနှောင်းဖြစ်များ ပြောရန် လာခဲ့သည်မဟုတ်ပေ။ သူက မေးသည် “သခင်မက ကျုပ်ကို တွေ့မှာလား”
“အင်း... သခင်မက သခင်လေးရီကို လာပြီး ကြိုခိုင်းတာပါ” သူမက ခေါင်းညိတ်ကာ ပြောသည် “ကျွန်မနောက်ကို လိုက်ခဲ့ပါ”
ရီဖူရှင်း သက်ပြင်းရှိုက်လိုက်သည်။ သည်တစ်ကြိမ်ကား ဗြမ္မာသန့်စင်ကောင်းကင်သခင်မက သူ့ကို တွေ့ရန် ခွင့်ပြုခဲ့သည်။
ရီဖူရှင်းလည်း သူမနောက်သို့ လိုက်ပါသွားခဲ့သည်။ ထိုအခိုက်တွင် သူသည် ကြီးစွာ စိတ်လှုပ်ရှားနေသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်နန်းတော်တို့ကို တိုက်ခိုက်စဉ်ကပင် သူသည် ထိုမျှ စိတ်မလှုပ်ရှားဖူးပေ။
ရလဒ်သည် သူမလိုချင်သော အရာဖြစ်နေမည်ကို စိုးရိမ်နေသည်။
ခြေလှမ်းတိုင်းကား လေးလံသည်။ သူသည် ဗြမ္မာ့သန့်စင်ကောင်းကင်သို့ လူလာရှာသော်လည်း လက်ရှိတွင် သူသည် ဖြေးလေးစွာ သွားနေသည်။
ကျန့်ချန်ကျီက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။ သူသည် ရီဖူရှင်းနှင့် ဗြမ္မာ့သန့်စင်သခင်မတို့၏ပတ်သက်မှုကို တွေးတောနေသည်။ ရီဖူရှင်း ဤသို့ ပြုမူသည်ကို သူ့အနေဖြင့် ပထမဆုံး မြင်တွေ့ဖူးခြင်းလည်းဖြစ်သည်။ အပျက်အစီးနယ်မြေ၌ ရန်သူများပတ်လည်ဝိုင်းနေစဉ်ကပင် ရီဖူရှင်းသည် ဤသို့ စိုးရိမ်ဟန်မပြပေ။
နန်းတော်ဂိတ်တံခါးအနီးသို့ ရောက်လျှင် သူတို့သည် နန်းတော်လှေကားသို့ ဦးတည်နေသော လမ်းကလေးကို မြင်ကြရ၏။
“သခင်မက သခင်လေးရီကို အပေါ်မှာ စောင့်နေပါတယ်” ချင်းဟယ်က ရီဖူရှင်းကို ပြောသည်။ သူမက ထိုနေရာတွင်ရပ်ကာ ရီဖူရှင်းနှင့်လိုက်ပါမည့်ပုံဟန်မရှိပေ။
“ကျွန်တော့ကို ဒီမှာ စောင့်နေပေးပါ” ရီဖူရှင်းက ကျန့်ချန်ကျီကို ပြောသည်။
“ကောင်းပြီ...” ကျန့်ချန်ကျီက ခေါင်းညိတ်သည်။ ယနေ့တွင် ကောင်းကင်အာဏာစက်ဘုံ၌ မည်သူမှ ရီဖူရှင်းကို အန္တရာယ်မပေးရဲပေ။
ရီဖူရှင်းသည် လမ်းကလေးအတိုင်း လျှောက်သွားလျှင် တစ်သီးတခြားတည်ရှိနေသော နန်းတော်ဆောက်အားမြင်သည်။ လှေကားထစ်အတိုင်း တက်လာရင်းက သူသည် နန်းဆောင်ကို လှမ်းမြင်နေရ၏။
နောက်ဆုံးတွင် သူသည် နန်းတော်အဆောင်ထဲသို့ ရောက်လာခဲ့သည်။
နန်းတော်ထဲကို ခြေလှမ်းချလိုက်သည်နှင့် ရီဖူရှင်း အေးခဲသွားသည်။
ထိုအခိုက်တွင် အရာအားလုံး ရပ်တန့်သွားဟန်ရ၏။
ဗြမ္မာ့သန့်စင်ကောင်းကင်နန်းတော်ထဲ၌ အမျိုးသမီးတစ်ယောက်သည် ပန်းချီကားထဲက နတ်မိမယ်အလား ငြိမ်သက်တိတ်ဆိတ်စွာ ရပ်နေသည်။ သူမကား ဗြမ္မာ့သန့်စင်သခင်မကဲ့သို့ ဝေးကွာသော၊ ချဉ်းကပ်မရသော ခံစားချက်ကို မပေးဘဲ လတ်ဆတ်သော၊ ကြင်နာတတ်သော စိတ်ခံစားချက်ကို ပေးစွမ်းသည်။ သူမ၏အလှတရားကား လောကနိယာမတရားကို ကျော်လွန်ကာ ပြီးပြည့်စုံခြင်းအတိပြီးသော၊ လှပခြင်းကို ရေးဖွဲ့ခြင်းမှာ အလုံးစုံသော ခံစားချက်ရသူများကို ပေါင်းစပ်တည်ဆောက်ထားသော စိတ်ကူးယဉ်နတ်သမီးတစ်ပါးအလား ထင်မှတ်ရလောက်ပေသည်။
သို့သော်လည်း ရီဖူရှင်း၏စိတ်နှလုံးကို ပြင်းစွာ လှုပ်ယမ်းစေခဲ့သည်မှာ သူမ၏အလှတရားမဟုတ်ဘဲ ရင်းနှီးသော အငွေ့အသက်၊ ရင်းနှီးသော မျက်နှာလေးသာဖြစ်သည်။ ထိုမျက်နှာလေးသည် သူ၏အိပ်မက်နှင့် အတွေးများတွင် မရေမတွက်နိုင်အောင်၊ မေ့ဖျောက်မရနိုင်အောင် တံဆိပ်ရိုက်နှက်ထားပြီး မဟုတ်ပါလား။
အတိတ်မှ အကြောင်းအရာများသည် သူ၏အတွေးရေယဉ်ထဲ၌ တရိပ်ရိပ်ပေါ်လာသည်။ သူမကား ချင်းကျူကျောင်းတော်၏အလှပဂေး ပါရမီရှင်မလေး ဟွာဂျီယူဖြစ်ပေသည်။
နှစ်ကုန်တွင် သူမသည် သူ၏လက်ကို ကိုင်ဆွဲကာ ချင်းကျူရေကန်၌ လှေစီး၍ မီးပန်းများကို ကြည့်ခဲ့ကြသည်။ ထို့နောက်သူမက သူ့အား သူတို့သည် တစ်စုံတစ်ခုပတ်သက်ပြီးလားဟု မေးခဲ့၏။
ထိုစဉ်က သူ၏အလှနတ်သမီးသည် ငယ်ရွယ်သည်၊ အပြစ်ကင်းသည်၊ လှပသည်။
ချင်းကျူကျောင်းတော်မှသည်၊ နန်ဒူနိုင်ငံ နန်ဒူကလန်သို့အထိ မုန်တိုင်းအလီလီကို ဖြတ်သန်းခဲ့ကြသည်။
သို့သော်လည်း မြေရိုင်းဒေသမှ တိုက်ပွဲသည် သူတို့ထံမှ အရာအားလုံးကို ယူဆောင်သွားခဲ့သည်။ သူမသည် သူ၏လက်ထဲတွင် လဲလျောင်းကာ အနာဂတ်တွင် သူ့အတွက် သင့်တော်သော အမျိုးသမီးတစ်ဦးကို လက်ခံရန် ဖျောင်းဖျပြီး သူ့ဘဝမှ ထွက်ခွာသွားခဲ့သည်။
သူမက သူ့အား အမျိုးသမီးများ၏အနိုင်ကျင့်ခြင်းကို မခံရန်လည်း မှာကြားခဲ့သေး၏။ သူမသည်သာ သူ့အား အနိုင်ကျင့်သူဖြစ်လိုသည်မဟုတ်ပါလား။
အဖြစ်အပျက်များကား တစ်ရိပ်ရိပ်...။ ဘဝသက်တန်းတစ်ခုသည် မျက်လုံးတစ်မှိတ်အတွင်း ဖြစ်ပျက်သွားသည့်အလား..။
ရီဖူရှင်း၏မျက်လုံးများထဲတွင် မျက်ရည်စများ...။ သို့သော်လည်း ထိုမျက်ရည်များမှာ ဝမ်းနည်းခြင်းကြောင့်တော့မဟုတ်၊ ပျော်ရွှင်ခြင်း၏အမှတ်သင်္ကေများသာဖြစ်ပေ၏။
ရလဒ်ကား သူထင်ထားသည်ထက် ကောင်းနေသည်။
သည်ခရီးတွင် သူသည် မျှော်လင့်ချက်စိုးစဉ်းမျှ မရှိခဲ့။
သူက သူမထံသို့ လျှောက်သွားကာ လက်ဆန့်တန်းလျှက် သူမ၏ပါးပြင်ကို ထိတွေ့ရန် ပြင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် သူနှင့် သူမအကြား၌ ပေါ်လာ၏။
ကြီးမြတ်ကာ ချဉ်းကပ်နိုင်စွမ်းကင်းမဲ့စေသော အရှိန်အဝါ...။
ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မ...။
ဟွားဂျီယူကြောင့် ရီဖူရှင်းသည် သူမကို လျစ်လျူရှုထားခဲ့သော်လည်း ဗြမ္မာ့သန့်စင်သခင်မကား မူလကတည်းက သူတို့အနီးတွင် ရပ်နေခြင်းဖြစ်သည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်ကာ တစ်စုံတစ်ခုပြောရန်ပြင်သည်။
“သူမက မင်းရှာနေတဲ့သူ မဟုတ်ဘူး” ဗြမ္မာ့သန့်စင်သခင်မက ဦးစွာ ပြောသည်။
“ခင်ဗျား ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် ခင်ဗျားကို ကျေးဇူးကြွေးတင်တယ်လို့ သတ်မှတ်လိုက်ပါ” ရီဖူရှင်းက ပြောသည်။ ဟွာဂျီယူ အသက်ရှင်နေခြင်းက သူမကို ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မက ကယ်တင်ခဲ့၍သာ ဖြစ်ပေမည်။
သူမက အမှန်တရားကို ဖုံးကွယ်ခဲ့ခြင်းအတွက် သူ အပြစ်မတင်လိုတော့။
ဂျီယူ အသက်ရှင်နေသရွေ့ လုံလောက်ပေသည်။
“မင်းဇနီး ဆုံးသွားပြီ” ဗြမ္မာ့သန့်စင်သခင်မက ပြောသည်။ ရီဖူရှင်း၏မျက်နှာက ရုတ်တရက်ပြာနှမ်းသွားကာ ဟွာဂျီယူကို လှမ်းကြည့်သည်။
“မင်းက အားလုံးသူထက် သိတာပဲ။ မင်းဇနီးက မင်းအတွက် သေဆုံးခဲ့တယ်။ မင်းအခုမြင်နေတာက သူမရဲ့လက်ကျန်ဝိညာဉ်အငွေ့အသက်ကနေ ဖန်တီးထားခဲ့တာ။ ငါက သူမရဲ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ခဲ့ပေမဲ့ သူမက မင်းဇနီးမဟုတ်တော့ဘူး” ဗြမ္မာ့သန့်စင်သခင်မက ပြောသည်။
ရီဖူရှင်း တိုက်ပွဲကို မှတ်မိပေသည်။ ဟွာဂျီယူသည် ဝိညာဉ်အပိုင်းအစဖြစ်သာ ကျန်ရစ်ကာ ကောင်းကင်နှင့်မြေပြင်အကြား ပျောက်ကွယ်သွားခဲ့၏။
သို့သော်လည်း ဂျီယူ သူ့ရှေ့တွင် ရပ်နေသည်ကိုမြင်နေခြင်းက သူ့အား လက်ခံရန် ခက်ခဲစေသည်။
“ဂျီယူ...” သူက သူမအား ကြည့်သည်။
ဟွာဂျီယူက သူ့အား ပြန်ကြည့်သည်။ သူမ၏မျက်လုံးများကား ရေပြင်အလား တည်ငြိမ်နေသည်။ ရီဖူရှင်းသည် သူမအတွက် အမှန်တကယ် သူစိမ်းတစ်ယောက်အလား...။
ထိုအခိုက်တွင် ရီဖူရှင်း၏နှလုံးသားသည် ငရဲမီးဖြင့် လောင်ကျွမ်းခံရသည့်အလား နာကျင်၏။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။
သူ၏အရင်းနှီးဆုံးသော အမျိုးသမီးသည် ယခု သူ့ရှေ့တွင် ရပ်နေ၏။
“ခင်ဗျား သူ့ကို ဘာလုပ်လိုက်လဲ...” ရီဖူရှင်းက ဗြမ္မာ့သန့်စင်သခင်မကို အေးစက်သော မျက်လုံးများဖြင့် ကြည့်သည်။ ထိုရေခဲတမျှအေးစက်သော အကြည့်သည် ဗြမ္မာ့သန့်စင်သခင်အား အမှန်တကယ် ကျောစိမ့်သွားစေသည်။
“သူမက မင်းဇနီးမဟုတ်ဘူးလို့ ငါပြောပြီးပြီ။ သူမက အခုငါ့တပည့်ပဲ။ နောင်မှာ ငါ့ကျင့်စဉ်တွေကို ဆက်ခံပြီး နောက်ထပ်ဆက်ခံမည့် ဗြမ္မာ့သန့်စင်ဘုရင်မဖြစ်လာမယ်” သူမက ရီဖူရှင်းအား ထူးမခြားနားစွာ ကြည့်သည်။
“ခင်ဗျားတပည့်...”
ရီဖူရှင်းက သူမကို ကြည့်ကာ ပြောသည် “ဂျီယူက အရာအားလုံးကို မေ့လျော့သွားတယ်ဆိုရင်တောင်မှ ကျုပ်ဇနီးဖြစ်နေတုန်းပဲ။ ဘာမှ မပြောင်းလဲသွားဘူး”
“ဂျီယူကို ကျုပ်ခေါ်သွားမယ်”
သခင်မက သူ့အားအေးစက်စွာ ပြောသည် “သူမ ဆန္ဒရှိရင် ငါမတားဘူး”
ရီဖူရှင်းက သခင်မကို ကျော်ကာ ဟွာဂျီယူရှေ့၌ လာရပ်၏။ သူက ဂျီယူ၏မျက်လုံးများကိုကြည့်ကာ တီးတိုးပြောသည် “ဂျီယူ… ငါလေ...”
ဟွာဂျီယူသည် တစ်ဘက်ကိုလှည့်ကာ ငြိမ်သက်စွာ ထိုင်သည်။
ရီဖူရှင်း၏နှလုံးများ ကွဲကြေသွားမတတ် ခံစားလာရသည်။
“ချင်းကျူရေကန်မှာ ငါတို့ စချစ်ခဲ့ကြတယ်လေ။ မင်း မမှတ်မိဘူးလား” ရီဖူရှင်းက သူမအား ကြည့်ကာ မေးသည်။
“စာအုပ်တောင်မှာ ငါတို့ လက်ထပ်ခဲ့ကြတယ်။ မြေရိုင်းဒေသတစ်ခုလုံး ငါတို့ကို လာပြီး ဂုဏ်ပြုကြရတယ်လေ။ ဂျီယူ... မင်း တကယ် မမှတ်မိဘူးလား”
ရီဖူရှင်း၏အသံကား သိသာစွာ တုန်ယင်နေသည်။
“ဖြစ်ပျက်ခဲ့သမျှအားလုံးကို မင်းက ပိုပြီး နားလည်သင့်တယ်။ ဘာလို့ မင်းကိုယ်မင်း လိမ်နေရတာလဲ” ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မက ရီဖူရှင်းအား ကြည့်ကာ ပြောသည် “မင်းဇနီးက တိုက်ပွဲမှာ ဆုံးသွားခဲ့ပြီးပြီ”
“ကျုပ် ဂျီယူကို ခေါ်သွားမယ်” ရီဖူရှင်းက ပြောသည်။
“မင်းက ကောင်းကင်အာဏာစက်ပြည်ထောင်နဲ့ ခရမ်းရင့်ကောင်းကင်နန်းတော်တို့ကို ဖျက်ဆီးခဲ့တယ်။ တကယ်လို့ မင်း သူမရဲ့ဆန္ဒကို လျစ်လျူရှုပြီးတော့ အတင်းခေါ်သွားမယ်ဆိုရင် ငါမတားနိုင်ဘူး” ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မက ပြောသည်။
ရီဖူရှင်းက ဟွာဂျီယူထံသို့ လျှောက်သွားကာ ပြုံးလျှက်ပြောသည် “မြေခွေးမလေး... မင်းငါ့ကို တကယ်မေ့သွားတာလား”
ဂျီယူကား မျက်လုံးမှိတ်ကာ ထိုနေရတွင် ငြိမ်သက်စွာ ထိုင်နေဆဲ...။
သူမအား ကြည့်ကာ ရီဖူရှင်းသည် ရုတ်တရက် အားများပျောက်ဆုံးသွားသည့်အလား ခံစားရ၏။
“ဒါဆိုလည်း ငါ နောက်နေ့မှ ထပ်လာတွေ့တော့မယ်” ရီဖူရှင်းက အတင်းပြုံးကာ ပြောသည်။ သူမ အသက်ရှင်နေသရွေ့ ကောင်းသောအရာမဟုတ်ပေလော။
ရီဖူရှင်းက သခင်မကို ပြောသည် “ကျုပ် နောက်ပိုင်း ဒီကို လာပြီး အနှောင့်အယှက်ပြုရပါဦးမယ်။ သခင်မက ခွင့်လွှတ်ပေးပါ”
ဗြမ္မာ့သန့်စင်သခင်မ၏မျက်နှာက သဘောမကျဟန်အထင်းသားပေါ်လွင်နေ၏။
ရီဖူရှင်းက သူမကို လျစ်လျူရှုကာ နန်းတော်လှေကားအတိုင်း ပြန်ဆင်းသွားသည်။
သူကား သူ့ဘေးကို လာရပ်နှုတ်ဆက်သော ချင်းဟယ်ကိုပင် သတိထားမိဟန်မတူဘဲ ကျန့်ချန်ကျီနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ရီဖူရှင်း ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ဗြမ္မာ့သန့်စင်သခင်မက ဟွာဂျီယူအား လှမ်းကြည့်သည်။ ယခုတွင် ဟွာဂျီယူ၏ငွေစင်ပုလဲအလား လှပသော မျက်လုံးများမှ ပုလဲဥကဲ့သို့ မျက်ရည်များ တသွင်သွင်စီးကျနေခဲ့သည်။
“ဘာလို့ သူ့ဆံပင်တွေ ဖြူသွားတာလဲ...” ဖျော့တော့သောအသံတစ်သံထွက်လာသည်။ ထိုအသံတွင် အဆုံးမဲ့သော ဝမ်းနည်းနာကျင်မှုများပါဝင်နေသည်။
သူ့အတွက် သည်းခံရန် မည်မျှ ခက်ခဲလိုက်မည်နည်း။ ဝမ်းနည်းကြေကွဲမှုက အတိုင်းအဆမဲ့လွန်းလှပေမည်။
သူမကရော သူ့ကို မေ့နိုင်ပါသလော။
မည်သို့ဖြစ်နိုင်မည်နည်း။
သူမက သူမကိုယ်သူမ မေ့လျော့သွားမည်ဆိုလျှင်ပင် သူ့ကို မေ့မည်မဟုတ်ပေ။
“မေ့လိုက်ပါ။ မင်းက ဒီလိုနာကျင်မှုတွေကို ခံစားရမှာ မဟုတ်တော့ဘူး” ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မက ပြောသည်။
ဟွာဂျီယူက ဗြမ္မာ့သန့်စင်သခင်မအား ပြုံးလျှက်ကြည့်ကာ ပြောသည် “နာကျင်လို့ပဲ ကျွန်မ မေ့လို့မရတာ...”
***