သုံဟယ်ကောင်တီ၏ ဆူပွတ်မှု
Vol. 4 Ch. 50
မြို့အပြင်ဘက်ရှိ တိုက်ပွဲပြင်ပေါ်တွင် ရွှီယန်၏ ချီနှင့်သွေးက မြင့်တက်နေပြီး သူ၏ နဂါးနိုင်လက်ဝါးသိုင်းက ပိုမိုတိုးတက်ကာ ကြီးထွားလာနေပါသည်။ လက်ဝါးတိုက်ခိုက်မှုအပေါ် ထိန်းချုပ်နိုင်စွမ်းလည်း ပိုမိုကာ တိကျလာခဲ့၏။
နဂါးသဏ္ဍာန် လက်ဝါးအားကို ရိုက်ထုတ်ပြီးနောက် ထွက်ပေါ်လာသည့် နဂါး၏ တိုက်ခိုက်မှုမှာလည်း အလှည့်အပြောင်းများဖြင့် ပိုမိုကာ သွက်လက်လာခဲ့သည်။
၎င်းတွင် အနှိုင်းမဲ့သည့် စွမ်းအားရှိ၏။ သို့ပေမယ့် ညင်သာသည့် အရည်အသွေးကိုလည်း ပိုင်ဆိုင်ထားသည်။
ဒီတိုက်ပွဲအပြီးတွင် ရွှီယန်သည် နဂါးနိုင်လက်ဝါးသိုင်းအပေါ် ပိုမိုကောင်းမွန်သည့် နားလည်မှုတစ်ခု ရရှိလာခဲ့သည်။ သူ့အနေနှင့် နဂါးနိုင်လက်ဝါးသိုင်းကို နောက်ထပ်အဆင့်သစ်သို့ ထပ်မံ ရောက်ရှိတော့မည်မှာ မကြာတော့ဟု ခံစားချက်တစ်ခု ရှိနေ၏။
"ဘုန်း.."
ကြီးမားသော အနီရောင်နဂါးက အရပ်မျက်နှာလေးခုဆီသို့ ဖြတ်သန်းသွားသည်။ ရွှီယန်လည်း ရှေ့သို့ ခြေတစ်လှမ်းချင်းစီ တက်သွား၏။
"ဘုန်း ဘုန်း..."
နောက်ဆုံး ရှန်းဝိန်စစ်သည် အတန်းလိုက်အား လွင့်စင်သွားစေမှု အပြီးတွင် ရွှီယန်တစ်ယောက် ကျန်းဖင်ရှန်း၏ ရှေ့သို့ ရောက်ရှိနေပြီး ဖြစ်၏။
သူ၏ခန္ဓာကိုယ်၌ သန်မာသော အရှိန်အဝါတို့ ဝန်းရံနေပြီး ကြီးမားသည့် အနီရောင်နဂါးကြီး တစ်ကောင်က သူ့ကို လှည့်ပတ်နေပါသည်။ နတ်ဘုရားတစ်ပါး နဂါးစီးနေသကဲ့သို့ ရှိ၏။
ကျန်းဖင်ရှန်း၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ၏အောက်ရှိ စစ်မြင်းမှာ မခိုင်မြဲသည့် ခြေလှမ်းများဖြင့် နောက်ဆုတ်နေပါသည်။ အချိန်မရွေး မြေပြင်ပေါ်သို့ လဲကျသွားတော့မည့် ပုံရှိ၏။
ရှေ့ရှိ လူငယ်ကို ကြည့်ကာ မနေနိုင်ဘဲ စိတ်ထဲတွင် အတွေးထဲ၌ ပျောက်ဆုံးသွားသည်။
ဒီလောကတွင် ပုံပြင်စာအုပ်များနှင့် ဒဏ္ဍာရီများအတွင်း၌ ဖော်ပြထားသည့်အတိုင်း ယခုမျှအထိ စွမ်းအားကြီးမားသည့် သိုင်းသမားများ ရှိနေသည်လား။
သမီးဖြစ်သူ၏ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခြင်း အကြောင်းပြချက်များထဲမှ တစ်ခုကို တွေးကြည့်ပါက... ဤသည်မှာ... ရွှီယန်၏ ဦးနှောက်အား ကောင်းကောင်းအလုပ်မလုပ်ဟူ၍ ဖြစ်၏။
ဒီအချိန်၌ ကိုစကားက သူ၏မျက်နှာကို တန်ပြန် ရိုက်ခတ်လာခဲ့လေပြီ။ လက်စသတ်တော့ ဦးနှောက်မကောင်းသူမှာ သူတို့သာလျှင် ဖြစ်၏။
ယခုကဲ့သို့ ထည်ဝါလှသည့် လူငယ်တစ်ယောက်သည် သူ၏သားမက် ဖြစ်လာသင့်ပါသည်။ သို့ပေမယ့် ယခုတော့ သူလက်လှမ်းမမှီနိုင်သည့် လူတစ်ယောက် ဖြစ်လာခဲ့၏။ နှလုံးသားထဲတွင် ခါးသက်စွာ ခံစားလိုက်ရသည်။
"ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်က ဒီထက်မပိုပါဘူး။ ငါ့ရဲ့ခွန်အားအသစ်ကိုတောင် အသုံးမပြုရသေးဘူး.."
ရွှီယန်က စိတ်လှုပ်ရှားမှု မရှိသည့်အသံဖြင့် ပုံမှန်အတိုင်းပြော၏။
ကျန်းဖင်ရှန်းက မြေပြင်ပေါ်တွင် လဲကျနေသည့် စစ်သည်များကို ကြည့်သည်။ ရှေ့ဆုံးမှ ပြေးတက်သွားသည့် စစ်သည်များ၏ ဒဏ်ရာအပြင်းအထန်ရခြင်း သို့မဟုတ် သေဆုံးခြင်းတို့ ဖြစ်ပွားခဲ့သည်မှလွဲ၍ အနောက်ဘက်ရှိ စစ်သည်များကား ဒဏ်ရာပြင်းထန်ခြင်း မရှိကြပါ။
သူတို့သည် တိုက်ခိုက်ရန်ခွန်အားတို့ ယာယီဆုံးရှုံးသွားခြင်းသာရှိ၏။ ရွှီယန်က ညှာတာမှု ပေးခဲ့လေသည်။
စစ်သည်သောင်းချီ၏ ဝန်းရံမှုကို ခံရချိန်၌ ခွန်အားကို ထိန်းချုပ်ပြီး သနားညှာတာမှု ပြနိုင်၏။ ထိုကဲ့သို့ လုပ်ဆောင်ရန် မည်မျှစွမ်းအားကြီးဖို့ လိုအပ်သနည်း။
"မင်းနိုင်တယ်။ ရွှီမိသားစု အနိုင်ရတယ်.."
ကျန်းဖင်ရှန်းက လေပူများကို ထုတ်လွှတ်ကာ ရှုပ်ထွေးသည့် အသွင်ဖြင့်ပြော၏။
"ကျွန်တော့်အဖေက ခင်ဗျားကို လာတွေ့ခိုင်းတယ်.."
ရွှီယန်က ပြောသည်။
ကျန်းဖင်ရှန်းက သတိဝင်လာ၏။ ထို့နောက် တစ်ခုခုကို နားလည်လိုက်ပုံပေါ်သည်။ သူက ခေါင်းငြိမ့်ကာ ပြော၏။
"တိုက်ပွဲပြင်မှာ ကိစ္စရှင်းပြီးရင် ရွှီမိသားစုကို ငါလာခဲ့မယ်.."
ထိုအချိန်၌ များပြားလှသည့် လူများ ကောင်တီမြို့အတွင်းမှ ထွက်ခွာလာခဲ့သည်။ သူတို့အားလုံး၏ လက်ထဲတွင် လက်နက်များကို ကိုင်ထားကြပြီး မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် အော်ကြ၏။
"ကျန်းဖင်ရှန်းကို ဖမ်းဆီးကြ။ ရှန်းဝိန်စစ်တပ်ကို ဖမ်းဆီးကြ။ ကောင်းကင်မိခင်က မင်းတို့ကို ကောင်းချီးပေးလိမ့်မယ်.."
ကောင်းကင်မိခင်ဂိုဏ်းမှ အဖွဲ့ဝင်များ၏ အပြေးအလွှာရောက်ရှိလာမှုကို တွေ့ရပြီးနောက် ကျန်းဖင်ရှန်း၏ မျက်နှာက ပြောင်းလဲသွားသည်။
ဒီကောင်းကင်မိခင်ဂိုဏ်းမှ နောက်လိုက်များသည် သူတို့ကိုယ်သူတို့ အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားကြ၏။
စစ်တပ်၏ ဝန်းရံမှုကို ခံရပြီးသည့် တိုင်အောင် ယခုမျှ များပြားလှသည့် အင်အားကို ထိန်းသိမ်းထားနိုင်သေးသည်။
"ခုံရော့ကျစ်.."
ကျန်းဖင်ရှန်းက သူ့ကို ခက်ထန်စွာ ကြည့်သည်။ ကျရှုံးခဲ့သည့် စာပေသမားတွင် ထူးကဲသည့် ပရိယာယ်များကို ပိုင်ဆိုင်ထား၏။
"သွားစမ်း.."
ရွှီယန်က ဒေါသတကြီး အော်လိုက်၏။ သူ၏ သွေးနှင့်ချီက ဆူပွတ်နေပြီး အနီရောင် နဂါးကြီးနှစ်ကောင်တို့ ထွက်ခွာသွားသည်။ ကောင်းကင်မိခင်ဂိုဏ်း၏ ယုံကြည်သက်ဝင်သူ အားလုံးတို့ကို လွင့်စင်သွားစေ၏။
"ရှန်းဝိန်စစ်တပ်ကို ငါရွှီယန်က အနိုင်ယူခဲ့တာပဲ။ ဘယ်လိုလုပ်ပြီး အခြားသူတွေ အခွင့်အရေး ဝင်ယူမှာကို ခွင့်ပြုမှာလဲ။ ရှေ့ကိုဆက်ပြီး တတ်လာရဲရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့.."
သူသည် ဖခင်ဖြစ်သူ ပြောခဲ့သည့် စကားများကို မှတ်မိနေဆဲရှိ၏။ ဒီအားနည်းနေသည့် အခြေအနေတွင် ကောင်းကင်မိခင်ဂိုဏ်းက အခွင့်အရေး ဝင်ယူသွားမှာကို ခွင့်ပြုမည် မဟုတ်ပေ။
ကောင်းကင်မိခင်ဂိုဏ်း၏ နောက်လိုက်များက ချက်ချင်းပင် ထိတ်လန့်သွားကြပြီး သူတို့ဟာ ခဏတာအတွင်း ရှေ့သို့မတက်ရဲဘဲ ဖြစ်ကုန်ကြ၏။
ကျန်းဖင်ရှန်းက စိတ်သက်သာရာ ရသွားသည်။ လက်ထဲရှိ လှံကို မြှောက်လိုက်၏။ ကောင်တီမြို့အတွင်းမှ စစ်သည်တို့ ပြေးထွက်လာကြသည်။ သူတို့မှာတော့ တော်ဝင်စစ်သူကြီးစံအိမ်မှ စစ်သည်များဖြစ်ကြ၏။
ကောင်တီမြို့၏ အပြင်ဘက်တွင် ဖုန်မှုန့်များ အလိပ်လိပ်ထွက်ပေါ်လာပြီး နောက်ထပ် စစ်တပ်တစ်ခု စုစည်းလာခဲ့သည်။ ထိုစစ်တပ်မှာတော့ ကျန်းဖင်ရှန်းက ထိန်းချုပ်သည့် သုံဟယ်စစ်တပ်ဖြစ်၏။
ရှန်းဝိန်စစ်တပ်မှာ သူ၏လက်အောက်သို့ ယာယီသာ လွှဲပြောင်း ရောက်ရှိလာခြင်း ဖြစ်သည်။
ဒီနေရာရှိ ကိစ္စများ ပြီးဆုံးပြီးနောက် ရွှီယန်က အလွန်မြန်ဆန်သည့် အမြန်နှုန်းဖြင့် ရှေ့သို့ခုန်တက်သွားသည်။
တိတ်ဆိတ်သည့် ခြေလှမ်းများဖြင့် မျက်စိတမှိတ်အတွင်းတွင် တိုက်ပွဲပြင်မှ ပျောက်ကွယ်သွား၏။
မကြာခင် ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူတို့၏ ရှေ့သို့ ရောက်ရှိသွားသည်။
"ယန်အာ.. နင်ဘာမှ မထိခိုက်ဘူးမလား.."
သခင်မရွှီက အမြန် သူ၏လက်ကိုဆွဲကာ အထက်အောက် စစ်ဆေးကြည့်သည်။
"အမေ.. ကျွန်တော် ဘာမှမဖြစ်ပါဘူး။ သူတို့က ကြက်တွေခွေးတွေလိုပဲ အားနည်းလွန်းတယ်။ ကျွန်တော့်ကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်ဘူး.."
ရွှီယန်က ရင်ဘက်ကိုပုတ်ကာ ပြောသည်။
"ပြန်ကြရအောင်.."
ထိုပုံကို တွေ့ရပြီးနောက် ရွှီကျွင်းဟယ်က လေပူများကို မှုတ်ထုတ်ကာ ပြော၏။
သုံဟယ်ကောင်တီရှိ အရေးကြီး ပုဂ္ဂိုလ်များက တစ်ယောက်ပြီးတစ်ယောက် ချဥ်းကပ်လာခဲ့သည်။ သူနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကြိုးစားကြ၏။
သာမန်လူ အများအပြားပင်လျှင် စိတ်လှုပ်ရှားစွာဖြင့် အနီးသို့ ချဉ်းကပ်လာကြသည်။ သူတို့သည် အချမ်းသာဆုံး ပုဂ္ဂိုလ်၏ ပြိုင်ဘက်ကင်းလှသည့် အရူးသား၏ အသွင်အပြင်ကို အနီးကပ် မြင်တွေ့လိုကြခြင်း ဖြစ်သည်။
"လမ်းကနေဖယ်ကြ.."
ရွှီယန်က အော်လိုက်ပြီးနောက် သူ၏ချီနှင့်သွေး ဖိအားက ဖြန့်ကျက်သွားသည်။ ချက်ချင်းပင် မည်သူမှ ချဉ်းကပ်ရဲခြင်း မရှိတော့ပေ။
သို့ရာတွင် အဝေးမှ အသံများကို ကြားရဆဲရှိ၏။
"သခင်လေးရွှီ.. ခင်ဗျားစွမ်းအားကြီး ဆရာသခင်ကို ဘယ်နေရာကနေ ရှာခဲ့တာလဲ.."
"သခင်လေးရွှီ.. စွမ်းအားကြီးဆရာက ဘယ်မှာလဲ.."
အချမ်းသာဆုံး မိသားစု၏ သခင်လေးသည် စွမ်းအားကြီးပုဂ္ဂိုလ်အား ရှာတွေ့ရန်အတွက် နေရာအနှံ့လှည့်လည်နေကြောင်းအား လူတိုင်း သိကြပါသည်။ သူ၏ အလွန်စွမ်းအားကြီးသည့် အသွင်အပြင်ကို ယခုအချိန်၌ တွေ့လာရရာ ကြည့်ရတာ စစ်မှန်သည့် ဆရာသခင်တစ်ယောက်ကို တွေ့ခဲ့သည့်ပုံပါ။
ထိုကဲ့သို့သော လျှို့ဝှက်ဆန်းကြယ် ဆရာသခင်သည် မည်သည့်နေရာတွင် ရှိနေသနည်း။ တပည့်များ လက်ခံသေးသည်လား။
ထိုစကားကို ကြားရပြီးနောက် သုံဟယ်ကောင်တီရှိ ပုဂ္ဂိုလ်ကြီးများ၏ မျက်လုံးများက လင်းလက်သွားပြီး အလွန် စိတ်လှုပ်ရှားကုန်ကြသည်။
"ဟုတ်တယ်။ သူ့ဆရာကို ရှာရမယ်.."
ရွှီမိသားစုနှင့် ဆက်ဆံရေး တည်ဆောက်မယ့်အစား သူ့ဆရာဖြစ်သူလက်အောက်တွင် တပည့်ခံနိုင်ခြင်းက ပိုမို တိုက်ရိုက်ကျမှာပါ။
ခုံရော့ကျစ်နှင့် ကောင်းကင်မိခင်ဂိုဏ်းမှ အခြားသူများလည်း အလွန် စိတ်လှုပ်ရှားသွားကြပြီး နောက်လိုက်များကို စုစည်းကာ ဆရာသခင်အား ရှာဖွေကြသည်။
"အချမ်းသာဆုံး မိသားစုရဲ့ ငတုံးသခင်လေးတောင် တပည့်ခံပြီး စွမ်းအားကြီးသိုင်းပညာကို သင်ယူနိုင်ခဲ့တယ်... ငါသာဆိုရင် ဉာဏ်ပညာထက်မြက်ပြီး ထူးချွန်တယ်။ သေချာပေါက် တပည့်တစ်ယောက် ဖြစ်လာမှာ။ ဒဏ္ဍာရီဆန်တဲ့ သိုင်းပညာတွေကို သင်ကြားပေးတဲ့ သူ့ရဲ့ခွန်အားက ရွှီယန်ထက်တောင် ပိုမြင့်မှာအသေအချာပဲ.."
"ငါ့သမီးကလည်း အရမ်းကို ထူးချွန်ပြီးလှပတာ။ အလုပ်လုပ်တာလဲ သေသပ်တယ်။ တပည့်ခံဖို့အတွက် မအောင်မြင်နိုင်စရာ ဘားမှမရှိဘူး။ ငါသူမအတွက် ဆရာတစ်ယောက် သေချာပေါက် ရှာပေးရမယ်.."
စီရင်စုမြို့တော်ရှိ သြဇာကြီးမားသည့် လူများစွာတို့သည် ရွှီမိသားစု၏ ငတုံးသားပင်လျှင် တပည့်တစ်ယောက်ဖြစ်လာပြီး ယခုကဲ့သို့ စွမ်းအားကြီးမားသည့် သိုင်းပညာကို သင်ယူလာနိုင်ခဲ့ရာ သူတို့၏ ကလေးများဆိုပါက ပိုမိုကာထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေးတို့နှင့် သေချာပေါက်ကို တပည့်ခံနိုင်မည်ဟု တွေးမိကြသည်။
ထို့ကြောင့် သိုင်းပညာ သင်ကြားပြီးသည့် အချိန်တွင် ရွှီယန်ထပ်ပင် ပိုမို သာလွန်ကုန်မှာပါ။
ထိုနေ့တွင် စီရင်စုမြို့တစ်ခုလုံး အော့အော့သောင်းနင်းဖြစ်နေပြီး နေရာတစ်ခုလုံး ပရမ်းပတာ ရှိနေပါသည်။
ကောင်းကင်မိခင်ဂိုဏ်း၏ ပုန်ကန်မှုကိုပင် မည်သူမှဂရုမစိုက်တော့ဘဲ သူတို့၏ စိတ်ထဲတွင် ဆရာသခင်အား ရှာဖွေကာ တပည့်ခံရန်သာ ရှိတော့၏။
ယွင်ရှန်းကောင်တီတွင်...
ဖျင်ကြမ်းဝတ်စုံဝတ် အဖိုးကြီးနှင့် ကောင်တီအုပ်ချုပ်သူတို့ ခြံဝန်းအတွင်းမှ လျှောက်ထွက်လာကြသည်။
နောက်ဆုံးတွင် သူတို့သည် စိတ်သက်သာရာ ရသွားကြ၏။ တစ်ညလုံး စကားပြောလာခဲ့ရာ ပါးစပ်များပင် ခြောက်သွေ့နေပါပြီ။ ကံကောင်းစွာပင် အသက်ကို ကယ်တင်နိုင်ခဲ့၏။
ခြံဝန်းအတွင်းမှ ထွက်ခွာလာပြီးနောက် ကောင်တီအစိုးရရုံးဆီသို့ အမြန်ပြန်ကာ မည်ကဲ့သို့ လွတ်မြောက်နိုင်မည့်ကိစ္စအား စတင်ဆွေးနွေးကြ၏။ဤသည်က ကြောက်ဖို့ ကောင်းလွန်းလှသည်။
ခြံဝန်းအတွင်းတွင် လီရွှမ်က ကုလားထိုင်ပေါ်တွင် အသာတကြည်ထိုင်ကာ ကောင်းကင်မိခင်ဂိုဏ်း၊ ချီနိုင်ငံ၊ ဝူနိုင်ငံနှင့် အခြားအရေးကိစ္စများကို ဖျင်ကြမ်းဝတ်စုံအဘိုးအိုနှင့် အခြားလူများ၏ ဖော်ပြမှုအား
တစ်ညတာနားထောင်ပြီးနောက် ကျေနပ်စွာရှိနေ၏။
သူသည် နောက်ဆုံးတွင် အပြင်ဘက်လောကကို ရှင်းလင်းစွာ နားလည်လာခဲ့လေပြီ။ သူ့ကိုအံ့သြစေသည်ကား ကောင်းကင်မိခင်ဂိုဏ်းတွင် အမှန်တကယ်ကို ကောင်းကင်မိခင်တစ်ယောက် ရှိနေခြင်းဖြစ်သည်။
လက်ရှိကောင်းကင်မိခင်မှာ အသက်၁၆နှစ်၁၇နှစ်လောက်သာ ရှိသေးသည့် မိန်းမငယ်လေးတစ်ယောက် ဖြစ်သည်။ ကောင်းကင်မိခင်ဂိုဏ်း၏ ဂိုဏ်းဆရာများက သူမကို ကောင်းကင်အောက်တွင် အလှပဆုံး ဖြစ်သည်ဟု ချီးကျူးကြ၏။
မေတ္တာတရားကြီးမားသည့် နှလုံးသားနှင့် အခြားလူများ ဆင်းရဲဒုက္ခခံစားရခြင်းအား ကြည့်နေနိုင်ခြင်း မရှိသည့် လူတစ်ယောက်ဟုလည်း ဆိုသည်။ ပြောကြသည်ကား ကောင်းကင်မိခင်သည် မိစ္ဆာများကိုပင် မကောင်းသည့်လုပ်ရပ်များ မပြုလုပ်ရန် တားဆီးနိုင်သည်ဟု ဆို၏။
ကောင်းကင်မိခင်က သွန်သင်ဆုံးမပေး လိုက်သည့် မကောင်းသည့်လူ အားလုံးတို့သည် မကောင်းမှုအား ဘယ်တော့မှ ထပ်မံ မလုပ်ကြတော့ပေ။
ဤသည်က အမှန်တကယ်ကို အံ့သြဖို့ကောင်းလှ၏။
ထို့အပြင် ကောင်းကင်မိခင်သည် ငယ်ရွယ်ပေမယ့် သူမတွင် ထူးကဲလှသည့် ဆေးပညာရှိကာ မရေမတွက်နိုင်သည့် လူများကို ကယ်တင်ခဲ့သည်။
လီရွှမ်တစ်ယောက် ဖော်ညွှန်းမှုများကို ကြားရပြီးနောက် ထိုမိန်းကလေးကို အမှန်တကယ်ပင် စိတ်ဝင်စားလာခဲ့၏။
"ငါ့ရဲ့တပည့်တစ်ယောက် ဖြစ်လာဖို့ သင့်တော်လားမသိဘူး.."
မကောင်းမှုပြုလုပ်သူများကို မကောင်းမှုပြုလုပ်ခြင်းမှ ရပ်တန့်စေရန် သွန်သင်နိုင်ခြင်းမှာ စစ်မှန်သည့် စွမ်းရည်ဖြစ်၏။ ထို့အပြင် ထိုစွမ်းရည်ဟာ သေးငယ်ခြင်းမရှိပေ။
ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုဆီမှ လက်ရှိ ကောင်းကင်မိခင်ဂိုဏ်း၏ ကောင်းကင်မိခင်သည် အလွန် ပါရမီမြင့်မားကာ ကြင်နာသည့် နှလုံးသားနှင့် ထူးကဲသည့် ဆေးပညာကို တတ်မြောက်ထားသည်ဟု သိလာရသည်။
သူမဟာ ငယ်ရွယ်၏။ ထူးကဲသည့် ဆေးပညာရှိသည်။ သိုင်းပညာတွင်လည်း ထူးချွန်၏။ ဤသည်မှာ ပါရမီရှင်တစ်ယောက် ဖြစ်သည်။
'ဆိုးတာက.. ဒီကောင်မလေးက.. ချီနိုင်ငံမှာ မဟုတ်ဘဲ ဝူနိုင်ငံမှာ ရှိနေတာပဲ..'
လီရွှမ်က ခေါင်းကိုရမ်းကာ အခွင့်အရေးရှိလာပါက ထိုကောင်မလေးကို သွားရောက်ကြည့်ရှုပြီး သူ၏တပည့်ဖြစ်လာရန် သင့်တော်လားဟု အကဲဖြတ်ရန် ဆုံးဖြတ်လိုက်၏။
လီရွှမ်သည် ကောင်းကင်မိခင်ဂိုဏ်း အပေါ်တွင် ပုံမှန်သဘောထားသာ ရှိပါသည်။
မိုးသောက်ချိန်သို့ ရောက်ရှိခဲ့ပြီးပါပြီ။
'ငါတပည့်အိမ်မှာ ဘာတွေဖြစ်နေပြီလဲ မသိဘူး..'
လီရွှမ်က စီရင်စုမြို့တော်ဆီသို့ သွားသင့်မသွားသင့်အား စဉ်းစားနေ၏။
'ချီနိုင်ငံရဲ့ သိုင်းပညာခွန်အားကို ကြည့်ရတာ ရွှီယန်ရဲ့လက်ရှိ သိုင်းပညာအဆင့်နဲ့ အရာအားလုံးကို ဖြေရှင်းဖို့ လုံလောက်ပါတယ်။ ဘာပြဿနာကြီးမှတော့ မရှိလောက်ဘူး..'
ရုတ်တရက် သူ၏စိတ်ထဲတွင် ရွှေရောင်အလင်းတစ်ခု မြင့်တက်လာခဲ့သည်။