ရွှီယန်၏ အင်ပါရီယာ နန်းတော်သို့သွားရောက်ကာ စိတ်အခြေအနေကို မြှင့်တင်ခြင်း
Vol. 4 Ch. 59
"ဆရာကြီးက ကောင်းကင်မိခင်ကိုလည်း တွေ့ချင်နေတာ.."
"အဲ့ဒါဆိုရင်.. ကောင်းကင်မိခင်ကို အကြောင်းပြန်လိုက်ပြီး သူမကို ဆုံးဖြတ်ချက် ချခိုင်းလိုက်.."
ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုက လက်ဝါးနှစ်ဖက်ကို စုကာ ဆုံးဖြတ်ချက် ချသည်။
"ပြီးတော့.. ငါတို့တွေ ဆရာကြီး ယွင်ရှန်းမှာ ရှိနေတယ်ဆိုတဲ့သတင်းကို ပျံ့သွားစေလို့ မဖြစ်ဘူး.."
"မဟုတ်ရင် စီရင်စုမြို့တော်က လူတွေအားလုံး သူ့ကိုနှောက်ယှက်ဖို့အတွက် ရောက်လာကြမှာ.."
ယွင်ရှန်းကောင်တီ အုပ်ချုပ်သူက လေးနက်စွာဖြင့် ပြောသည်။
ကောင်းကင်မိခင်ဂိုဏ်းရှိ သိုင်းသမား အားလုံးတို့က တစ်ယောက်ပြီးတစ်ယောက် ခေါင်းငြိမ့်ကြ၏။ အခွင့်အရေးက လက်ထဲသို့ ရောက်နေပါပြီ။ မည်သူတို့ ဖမ်းဆုပ်နိုင်မည်လဲ ဟူသည့် အပေါ်တွင်သာ မူတည်၏။ သူတို့သည် သုန်ဟယ်မြို့ရှိ ခုံရော့ကျစ်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကိုပင် မပြောကြဘဲ ထိန်ချန်ထားကြသည်။
ယွင်ရှန်းကောင်တီငယ်သည် ကြီးမားခြင်း မရှိပေ။ လီရွှမ်တစ်ယောက် နာရီဝက်ကြာ လှည့်လည်ပြီးနောက် အိမ်သို့ပြန်ခဲ့၏။
ခြံဝန်း၏ အပြင်ဘက်တွင် ပုံရိပ်တစ်ခုက သေတ္တာတစ်ခုလက်ထဲတွင်ကိုင်ကာ ဦးညွှတ်နေပါသည်။
"ယွင်ရှန်းမြို့ရဲ့ အုပ်ချုပ်သူလား.."
လီရွှမ်က အံ့ဩစွာဖြင့် ပြောသည်။ ဒီလူများသည် ပုံမှန်အားဖြင့် သူ့ကို ကြွက်များက ကြောင်ရှေ့သို့ ရောက်သည့်သဖွယ် ရှောင်ကျဉ်ကြပါသည်။ ဒီအချိန်၌ ဘယ်လိုလုပ်ပြီး ရှေ့သို့ ရောက်ရှိလာရသနည်း။
"မခံယူဝံ့ပါဘူး စီနီယာ.. ကျွန်တော့ကို ရှန်ကလေးလို့ ခေါ်လို့ရပါတယ်.."
ယွင်ရှန်း အုပ်ချုပ်သူက ဦးညွှတ်ပြီးနောက် အလွန်နှိမ့်ချသည့် အသွင်ဖြင့် ပြောသည်။
"ကျွန်တော်ကြားတာတော့ ဆရာကြီး တပည့်တစ်ယောက်ကို လက်ခံခဲ့တယ်တဲ့။ အဲ့ဒါကြောင့် ကျွန်တော်ဒီကိုလာပြီးတော့ ဂုဏ်ပြုပေးတာပါ.."
"ဒါက ကျွန်တော်ရဲ့ လေးစားမှု လက်ဆောင်လေးပါ။ ကျေးဇူးပြုပြီး မငြင်းပါနဲ့.."
ယွင်ရှန်းကောင်တီ အုပ်ချုပ်သူက လက်ထဲရှိ သေတ္တာကို မြှောက်လိုက်သည်။
"မင်းရဲ့ သိတတ်မှုကို ငါအသိအမှတ်ပြုတယ်.."
လီရွှမ်က သေတ္တာဘူးကို ယူလိုက်၏။
"အခု လက်ဆောင်ကို ငါလက်ခံပြီးပြီ ဆိုတော့ ကိစ္စမရှိတော့ရင်..."
"ကျွန်တော် ပြန်လိုက်ပါဦးမယ်.."
ယွင်ရှန်းအုပ်ချုပ်သူက ဦးညွှတ်ကာ ထွက်ခွာသွား၏။
လီရွှမ်က ခေါင်းငြိမ့်သည်။ တစ်ဖက်လူမှာ သိတတ်သည့် လူတစ်ယောက် ဖြစ်သည့်ပုံရှိ၏။
သူက ခြံဝန်းထဲသို့ ဝင်ရောက်ကာ သေတ္တာဘူးကို ဖွင့်လိုက်ပြီးနောက် အတွင်းထဲတွင် ဂျင်ဆင်းအမြစ် တစ်ခုကို တွေ့လိုက်ရ၏။
'ဒါက သာမန် နှစ်၁၀၀၀ဂျင်ဆင်း မဟုတ်ဘူး။ ကောင်းကင်မိခင်ဂိုဏ်းမှာ ရတနာဆေးပင်တွေ တော်တော်လေး များတာပဲ။ အခု ငါ့တပည့်အတွက် ကျင့်ကြံဖို့ ရတနာဆေးပင်တွေ မရှားပါးတော့ဘူး..'
လီရွှမ်က ထိုကိစ္စနှင့် ပတ်သက်ပြီး အလွန်ကျေနပ်သွား၏။ သူက ဂျင်ဆင်းကို သိမ်းတော့မည့်အချိန်၌ နောက်ထပ် ဧည့်သည်တစ်ယောက် ရောက်ရှိလာခဲ့သည်။
သူက ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲရှိကာ မုန့်ချုံကို တံခါးအား သွားဖွင့်ခိုင်းလိုက်၏။ ဤသည်မှာ ဖျင်ကြမ်းဝတ်စုံနှင့် အဘိုးအိုဖြစ်သည်။ သူလည်းပဲ ဆေးပင်များကို လာရောက်ပေးအပ်ခြင်း ဖြစ်၏။
လီရွှမ်က အားနာမနေပါ။ တစ်ခါတည်း လက်ခံလိုက်၏။
'ကြည့်ရတာ အဆုံးမဲ့တောင်များက ထင်ထားသလောက် မရိုးရှင်းဘူးပဲ။ ဒီအဖိုးတန်ဆေးပင်တွေ အများကြီးရှိနေတယ်..'
လီရွှမ်က အံ့ဩသွားသည်။ သူ၏နှလုံးသားထဲရှိ သံသယက ပိုမိုကာ ခိုင်မာလာခဲ့၏။ သို့ပေမယ့် အတိအကျပြောရန်တော့ အလွန် စောလွန်းနေပါသေးသည်။
ကောင်းကင်မိခင်ဂိုဏ်းမှ ထိပ်တန်း ပုဂ္ဂိုလ် တစ်ယောက်ပြီးတစ်ယောက်တို့ လက်ဆောင်များနှင့်အတူ ရောက်ရှိလာကြသည်။ လီရွှမ်က အားလုံးတို့ကို လက်ခံခဲ့၏။
သို့ပေမယ့် သူ့အနေနှင့် ဒီလက်ဆောင်များကို လှိုက်လဲစွာ လက်ခံခဲ့ပေမယ့် သူတို့သာ သူ၏အမည်ကို အသုံးပြုပြီး မကောင်းသည့် ကိစ္စများအား လုပ်ပါက သူ၏ ရိုင်းပြမှုအတွက် အပြစ်တင်လို့ ရမည် မဟုတ်ပါ။
ဒီဆေးပင်များသည် ကောင်းကင်မိခင်ဂိုဏ်းမှ ထိုသိုင်းသမားများအတွက် အသက်ကယ် လက်ဆောင်များဟု ယူဆလို့ ရပါသည်။
မုန့်ချုံက ခြံဝန်းအတွင်းတွင် ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်အား နားလည်သဘောပေါက်ရန် ကြိုးစားနေ၏။
ဒီအချိန်အတွင်း မည်သည့် တိုးတက်မှုမှ မရှိသေးပါ။ သို့ပေမယ့် လီရွှမ်က အလျှင်လိုခြင်း မရှိပါ။ ညနေခင်းတွင် ရှီအာက ကြက်တစ်ကောင်ကို ကိုင်ကာ တံခါးဝသို့ရောက်လာခဲ့၏။ သို့ရာတွင် သူက အလွန်သိတတ်ပြီး လီရွှမ်ကို ရှာခြင်း မရှိပေ။ အဲ့ဒီ့အစား မုန့်ချုံကိုသာ ကြက်အားပေးလိုက်၏။
ရယ်မောစွာဖြင့် ပြောသည်။
"သခင်လေးမုန့်.. ဒါက ခင်ဗျား လိုချင်တဲ့ ကြက်ပါ.."
မုန့်ချုံက ကြက်ကို ယူလိုက်ပြီးနောက် သွားရောက်သတ်ဖြတ်ကာ ကြက်စွပ်ပြုတ် ပြုလုပ်ရန် လုပ်သည်။
ရှီအာက ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လီရွှမ်ကို ဦးညွှတ်ပြီးနောက် ထွက်ခွာသွား၏။
'စိတ်ဝင်စားစရာပဲ။ ဒီကောင်က တကယ့်ကို ပါးနပ်တဲ့ကောင်..'
လီရွှမ်က ရှီအာ၏ သူ၏နောက်ရှိ တံခါးကို ဂရုတစိုက် ပိတ်မှုကို ကြည့်ကာ တိတ်ဆိတ်စွာ ခေါင်းငြိမ့်သည်။
တောက်တိုမရ ကိစ္စများအား ခိုင်းစေရန်အတွက် လူရှိနေခြင်းမှာ မဆိုးလှပေ။
အနည်းငယ် ထပ်မံ ကြည့်ရှု့အုန်းမည် ဖြစ်၏။ တစ်ဖက်လူသာ လုံလောက်စွာ ပါးနပ်ပြီး ကိစ္စများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပါက အစေခံအဖြစ် ထားရှိရန် စဉ်းစားပေးလို့ ရပါသည်။
အရာအားလုံးအား တပည့်များကိုသာ လုပ်ဆောင်ခိုင်းလို့ မရပေ။ ဘာပဲဖြစ်ဖြစ် တပည့်များ၏ အဓိက အာရုံစိုက်ရန်မှာ ကျင့်ကြံမှု ဖြစ်သည်။
သူ့တပည့်သာ ကျင့်ကြံမှုတွင် ကိုယ့်ကိုယ်ကို မနှစ်မြုပ်ထားပါက သူ၏ခွန်အားလည မည်ကဲ့သို့ တိုးတက်နိုင်မည်နည်း။
ချီနိုင်ငံ၏ အင်ပါရီယာ မြို့တော်တွင်.. ရွှီယန်က သယ်ဆောင်လာသည့် အံ့သြမှုသည် ငြိမ်းသတ်ခြင်းမရှိသေးပါ။
သို့ရာတွင် မိသားစုကြီး များစွာ၏ ဒုတိယမျိုးဆက်များမှာ သူတို့၏ အစောင့်များ၊ အစေခံများကို ဦးဆောင်ပြီး မြို့တော်မှာ ထွက်ခွာသွားပြီး ဖြစ်သည်။ တောတောင်များစွာဆီသို့ သွားရောက်ကာ စွမ်းအားကြီးပုဂ္ဂိုလ်ကို ရှာဖွေ၏။
တော်ဝင်မိသားစုကလည်း သတင်းအချက်အလက် စုဆောင်းရေး အရင်းအမြစ် အားလုံးတို့ကို အသုံးပြုကာ ထိုကိစ္စအတွက် ပုန်းအောင်းနေသည့် (သူလူ)များကိုပင် အသုံးပြု လာခဲ့သည်။
အိမ်ရှေ့စံမင်းသား ဆိုလျှင် စွမ်းအားကြီး ပုဂ္ဂိုလ်ကို သူကိုယ်တိုင် ရှာဖွေရန် ပြင်ဆင်နေ၏။ ဒီအဖြစ်အပျက်အတွင်းတွင် သူသည် အကြီးဆုံး ထိခိုက်ခဲ့သူ ဖြစ်သည်။
အိမ်ရှေစံရာထူးမှာ လက်ထဲမှ လွဲချော်သွားခဲ့၏။ သူ့ကိုထောက်ခံကြသည့် အမတ်ကြီးများဟာလည်း မြင်တွေ့ရပါက ရောဂါတစ်ခုကဲ့သို့ ရှောင်ကျဉ်ကြသည်။
မြို့တော် တစ်ခုလုံးတွင် မခံမရပ်နိုင် အဖြစ်ဆုံးလူကို ပြောပါဆိုလျှင်တော့ သံသယဝင်စရာ မကောင်းလောက်အောင် ဤသည်မှာ ဧကရာဇ်ချီ ဖြစ်ပါသည်။
သူသည် အလွန် ဒေါသထွက်နေ၏။ သူ၏ ထည်ဝါမြင့်မြတ်သည့် ဧကရာဇ်အာဏာဆက်နှင့် လက်အောက်ခံတစ်ယောက်၏ အပေါ်၌ မည်သည့် မကျေနပ်မှုမှ ပြသရဲခြင်း မရှိပေ။
ပိုဆိုးသည်မှာ ထိုကောင်လေးရွှီယန်သည် သူ့ကို အလွန်အနိုင်ကျင့်ခြင်း ဖြစ်သည်။ တစ်နေ့ပြီး တစ်နေ့ နန်းတော်အတွင်းသို့ လာရောက်ကာ အထူးသဖြင့် မောင်းမဆောင်တွင် လှည့်လည်လေ့ရှိသည်။
ဧကရာဇ်ချီ ကိုယ်တိုင်နှင့် အရွယ်မရောက်သေးသည့် မင်းသားများမှလွဲ၍ မောင်းမဆောင်ကို အခြား မည်သည့်ယောကျာ်းက ဝင်နိုင်လို့နည်း။
သို့ရာတွင် ရွှီယန်ကတော့ နေ့အချိန်ရော ညအချိန်ပါ ဝင်ထွက်လေ့ရှိသည်။ သူသည် မောင်းမများ၊ မင်းသမီးများနှင့် အတူတူ အိပ်စက်ပါက ဧကရာဇ်ချီ အနေနှင့် သည်းခံ နိုင်သေးသည်။
အနည်းဆုံးတော့ ရွှီယန်ကို သူ့ဘက်ပါအောင် ဆွဲနိုင်မည့် နည်းလမ်းတစ်ခုကို ရရှိမည် ဖြစ်၏။ မောင်းမများနှင့် မင်းသမီးများကို ပေးခြင်းက ကိစ္စကြီးမဟုတ်ပါ။
သို့ပေမယ့် ရွှီယန်သည် မောင်းမဆောင်သို့ သူ၏ စိတ်အခြေအနေကို မြှင့်တင်ရန် အကြောင်းပြချက်ဖြင့် ဝင်ရောက်ခြင်းဖြစ်၏။ တစ်ဖက်လူ၏ စကားအရ ဒီအရွယ်မှာ အမျိုးသမီးများ၏ စွဲဆောင်မှုကို အခံရဆုံးအချိန် ဖြစ်သည်။ ထို့ကြောင့် အလှအပကို ရင်ဆိုင်ရရာတွင် တည်ငြိမ် နေဖို့လိုအပ်၏။
သိုင်းပညာအရာတွင် သူ၏ ပြတ်သားခိုင်မာမှုအား ပိုမိုအားကောင်းအောင် ပြုလုပ်မည် ဖြစ်သည်။ ထိုအခါမှသာ အပြင်ပန်း အရာဝတ္ထုများ၏ နှောင့်ယှက်မှုကို မခံရပဲ သိုင်းပညာကို နားလည်သဘောပေါက်ရာ၌ ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။
ဒီလောကတွင် မိန်းမလှလေးများ အများဆုံး ရှိနေသည့်အရပ်သည် မည်သည့်အရပ် ဖြစ်သနည်း။ ဤသည်မှာ မောင်းမဆောင်သာလျှင် ဖြစ်သည်။
ထိုနေရာတွင် စုံလင်လှသည့် အလှအပနှင့် မိန်းကလေးများ ရှိပါသည်။ ထို့ကြောင့် မောင်းမဆောင်အတွင်းသို့ သွားလာခြင်း ဖြစ်၏။
ထိုကိစ္စတည်းသာ ဆိုပါက အဆင်ပြေသေးသည်။ သို့ပေမယ့် ရွှီယန်က မောင်းမ ဆောင်အတွင်းသို့ မည်သည့်ဆီမှ ပုန်းကွယ်ခြင်းမရှိဘဲ ဝင်ရောက်ခြင်း ဖြစ်၏။
အပြင်လူများက မည်ကဲ့သို့ တွေးကြမည်နည်း။ ဧကရာဇ်ချီအနေနှင့် ရွှီယန်၏ နန်းတော်အတွင်းသို့ ဝင်ရောက်မှုမှာ စိတ်အခြေအနေကို မြှင့်တင်ရန်သာဖြစ်ပြီး မည်သည့်မောင်းမများ၊ မင်းသမီးများနှင့် အိပ်စက်ခြင်း မရှိဟု ပြောပါက မည်သူက ယုံကြည်မည်နည်း။
အမတ်ကြီးများက သူ့ကိုထူးဆန်းစွာ ကြည့်ကုန်ကြလေပြီ။ သူ၏ ဦးခေါင်းထက်ရှိ သရဖူလည်း သရဖူတစ်ခုနှင့် မတူတော့ဘဲ မြက်ခင်းစိမ်းကြီးအလား ဖြစ်လာခဲ့၏။
သူ့အနေနှင့် အမှန်တကယ် ဖောက်ပြန်ခံရလျှင်လည်း အဆင်ပြေသေးသည်။ သို့ပေမယ့် မဟုတ်ပေ။ နားလည်မှု အလွဲခံရကာ မှားယွင်းစွာ ထင်မြင်ခံရခြင်းက အလွန် မသက်မသာ ခံစားရပါသည်။
ဧကရာဇ်ချီက အလွန် ဒေါသထွက်နေ၏။ သို့ပေမယ့် ရွှီယန်မှာတော့ ဧကရာဇ်ချီကို မဆိုးလှဟု ခံစားလာရသည်။
သူသည် စိတ်အခြေအနေကို မြှင့်တင်ရန်အတွက် မောင်းမဆောင်တွင် ဝင်ရောက်လှည့်လည်ခဲ့၏။ သို့ပေမယ့် ဧကရာဇ်ချီက ဒေါသထွက်ခြင်း လုံးဝမရှိပေ။ သူ့ကိုကူညီရန်အတွက် မောင်းမများအား ကခုန်ခိုင်းမှုပင် ပြုခဲ့၏။
'ချီဧကရာဇ်အိုကြီးက လူကောင်းတစ်ယောက်ပဲ..'
'သူက ဘာလို့ ငါ့အိမ်ကို ချိတ်ပိတ်ချင်ခဲ့တာပါလိမ့်။ ဖြစ်နိုင်တာက ကောင်တီအုပ်ချုပ်သူများ တစ်ခုခု အမှားလုပ်တာလား..'
ရွှီယန်သည် မောင်းမဆောင်အတွင်းမှ အေးချမ်းသည့် စိတ်အခြေအနေဖြင့် ထွက်လာခဲ့၏။ သူ၏ နှလုံးသားထဲတွင် မိန်းမမရှိဟူသည့် စိတ်က ကြီးစွာ တိုးတက်လာသည်ဟု ခံစားရသည်။ သိုင်းပညာအတွက် နှလုံးသားက သန်မာပြီး အပြင်ပိုင်း ကိစ္စများကြောင့် နှောင့်ယှက်ခံရမည် မဟုတ်ပေ။
'ဆရာပြောတာတော့ နှလုံးသားထဲမှာ ဘယ်မိန်းမမှ မရှိရင် ကျင့်ကြံခြင်းက နတ်ဘုရားတစ်ပါးလို့ မြန်ဆန်မယ်တဲ့..'
'ဒါက စိတ်ကို လေ့ကျင့်ဖို့အတွက် ဥပမာတစ်ခုနဲ့ တင်စားထားတာပဲ။ တကယ့်ကို ဆန်းကြယ်လွန်းတယ်..'
'ငါ့ရဲ့အသက်အရွယ်မှာ မိန်းမတွေ ဆွဲဆောင်ခံရတာကို အလွယ်တကူ အခံရနိုင်ဆုံးပဲ။ ငါသာ မိန်းမတွေရဲ့ ဆွဲဆောင်မှုကို ရှောင်ကြဉ်နိုင်ပြီး ငါ့ရဲ့စိတ်ကို ရှင်းလင်းအောင် ထားနိုင်မယ်ဆိုရင် သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုက သေချာပေါက် ဘယ်အပြင်ပန်းကိစ္စတွေရဲ့ နှောင့်ယှက်မှုကိုမှ ခံရတော့မှာ မဟုတ်ဘူး..'
'ငါ့ကိုငါ သိုင်းပညာအပေါ် လေ့လာမှုမှာပဲ နှစ်မြုပ်ထားလို့ရတယ်..'
ရွှီယန်က စဉ်းစားလေလေ ဆရာဖြစ်သူ၏ စကားသည် စစ်မှန်သည့် စိတ်အခြေအနေ၏ နက်ရှိုင်းသော သဘောတရား တစ်ခုဟု ပိုမိုခံစားရလေ ဖြစ်လာခဲ့၏။
ထို့အပြင် သူသည် အမျိုးသမီးများကို စိတ်ဝင်စားဆုံး အရွယ်၌ ရှိနေပါသည်။ ထို့ကြောင့် မိန်းမများမှာ သူ့အတွက် အကြီးမားဆုံး အပြင်ပိုင်း အနှောင့်အယှက်များဖြစ်၏။
ဤသည်ကိုသာ ဖြတ်ကျော်နိုင်ပါက အခြားမည်သည့် အနှောင့်အယှက်ကမှ သူ၏ စိတ်အခြေအနေကို ထိပါးနိုင်ခြင်းရရှိမည် မဟုတ်တော့ပါ။
ရွှီယန် သူ့ကိုယ်သူ အောင်မြင်ခဲ့ပြီဟု ခံစားရ၏။ သူသည် ချီနန်းတော်အတွင်းရှိ အလှလေးများ အားလုံး၏ ဆွဲဆောင်မှုကို ခံနိုင်ခဲ့လေသည်။
'မူလအဆင့်ရဲ့ အကျင့်စဉ်ကို ငါနားလည်သဘောပေါက်မှု နည်းနည်း ရလာသလိုပဲ...'
ရွှီယန်က ကျေနပ်သွား၏။ မောင်းမဆောင် အတွင်းမှ ထွက်လာပြီးနောက် နန်းတော်အတွင်းတွင် လှည့်လည်လျှောက်ပတ်သည်။
ဤသည်မှာ ညီလာခံ ပြီးဆုံးခါစ အချိန်သာ ရှိပါသေးသည်။ အမတ်ကြီးများက အပြင်ဘက်သို့ ပြန်ထွက်နေကြ၏။
ရွှီယန်ကို တွေ့ရပြီးနောက် လူတိုင်းအကြည့်များက ထူးဆန်းသွားသည်။ သူသည် မောင်းမဆောင်အတွင်းမှ ထွက်လာ ပြန်ပြီလား။
အမတ်ကြီးများက ကောရုန်ရှန်ကို တိတ်တဆိတ် ကြည့်မိကြသည်။ ဒီအမတ်ချုပ်ကြီးလည်း မောင်းမဆောင်အတွင်းသို့ ဝင်ဖူးထားလားဟု တွေးတောမိ၏။
စဉ်းစားကြည့်သည်နှင့် စိတ်လှုပ်ရှားစရာကောင်းလှပါသည်။ သူတို့တွေလည်း ဘယ်အချိန်မှ မောင်းမဆောင်အတွင်းသို့ ဝင်ရောက်ကာ အလှလေးများကို ကြည့်ရှုနိုင်မည်နည်း။
ရွှီယန်က ဧကရာဇ်ချီကို နှုတ်ဆက်သည့်အသွင်ဖြင့် ခေါင်းငြိမ့်သည်။ သူ၏ စိတ်ထဲတွင် မူလအဆင့်၏ ကျင့်ကြံခြင်းအတတ်အား တွေးတောနေ၏။ ထို့ကြောင့် အမတ်ကြီးများ၏ ထူးဆန်းသည့်အကြည့်များကို သတိထားမိခြင်း မရှိဘဲ နန်းတော်အတွင်းမှ တစ်ခါတည်းထွက်ခွာခဲ့သည်။
ဧကရာဇ်ချီက မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းကာ ရွှီယန်ကို ပြန်လည်နှုတ်ဆက်ရ၏။ ရွှီယန်ထွက်ခွာသွားပြီးနောက် အသက်ကို နက်ရှိုင်းစွာရှူပြီး သူ၏ မျက်နှာက လေးနက်လာခဲ့သည်။ လက်ကို ဝှေ့ရမ်းကာ ကောယွင်ကိုင်ကို လာခိုင်းလိုက်၏။ အမိန့်တစ်ခုကို ထုတ်ပြန်သည်။
"အမတ်ကော... အမတ်ကြီးတွေကို ကြည့်ရတာ ရုံးတော်ရဲ့ ဘာအပြုအမူမှ မရှိဘူး။ ဒါက ကျင့်ဝတ်ထုံးတမ်းတွေကို သွေဖယ်တာပဲ။ သူတို့အားလုံးကို ကြိမ်ဒဏ်အချက်၂၀ ချမှတ်ပြီး အခြားသူတွေအတွက် သတိပေးချက်အဖြစ် ထားရှိမယ်.."
ကောယွင်ကိုင်က မှင်သက်သွားပြီးနောက် တိတ်ဆိတ်စွာ ခေါင်းငြိမ့်သည်။
"အရှင်မင်းကြီးရဲ့ အမိန့်ကို နာခံပါတယ်.."
'ငါ့ရဲ့တူက တကယ့်ကို တစ်ခုခုပဲ။ မောင်းမဆောင်ထဲကို ဒီလောက် ထင်သာမြင်သာကြီး ဝင်ဖို့မသင့်ဘူး။ အရှင်မင်းကြီးမှာ ဂုဏ်သိက္ခာအချို့တော့ ရှိနေသင့်သေးတယ်..'
သို့ပေမယ့် တစ်ဖက်လူသည် အမတ်ကြီးများ အပေါ်၌သာ အပြစ်ပေးမှုကို လုပ်ဆောင်ခဲ့၏။
ထိုနေ့တွင် နန်းတော်အပြင်ဘက်၌ အမတ်ကြီးများအားလုံး အသီးသီး ကြိမ်ဒဏ်များကို အရိုက်ခံရ၏။
တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာများက အလွန်မဲမှောင်နေပြီး နှလုံးသားထဲတွင် 'ခွေးဧကရာဇ်'ဟု ကျိန်ဆဲနေမိသည်။