← Chapters

မုန့်ချုံ၏ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်အား နားလည်သဘောပေါက်မှု

Vol. 4 Ch. 60

မုန့်ချုံ၏ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်အား နားလည်သဘောပေါက်မှု

Vol. 4 Ch. 60

ဧကရာဇ်ချီက သူ၏ တော်ဝင်စာကြည့်တိုက် အတွင်းသို့ ပြန်ပြီးနောက် အတွေးနက်သွားသည်။ သူကဲ့သို့သော ချီနိုင်ငံ၏ ဧကရာဇ် အထွတ်အထိပ်အုပ်စိုးသူသည် ဘယ်အချိန်က ယခုမျှအထိ စိတ်ဆင်းရဲဖွယ် အခြေအနေအား ကျရောက်ခဲ့လို့နည်း။

ထိုအရာအားလုံးတို့သည် တော်ဝင်ပုလ္လင်အား ဆက်ခံသူ ရာထူးအတွက် ယှဉ်ပြိုင်မှုမှ စတင်ခဲ့လေသည်။ သူ၏ တတိယသား ဖြစ်သူက အဖိုးတန်သည့် ကျောက်စိမ်းတစ်ခုကို ဆုံးရှုံးခဲ့ပြီး အရိုက်အရာလုပွဲတွင် ရှုံးနိမ့်ခဲ့သည်။

သူ၏ ပထမသား ဖြစ်သူက သရဖူအတွက် တိုက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ကောရုန်ရှန်ကို ရှင်းလင်းရန်အတွက် သုံဟယ်စီရင်စုတွင် လှုပ်ရှားမှုများ လုပ်စေခဲ့သည်။

သူ၏အမတ်ကြီးများက အကြီးဆုံးသားဖြစ်သူကို  ထောက်ပံ့ပေးကာ သုံဟယ်စီရင်စုရှိ ကောင်းကင်မိခင်ဂိုဏ်းကို သုတ်သင်ခြင်းဖြင့် သားဖြစ်သူအတွက် လမ်းရှင်းပေးခဲ့သည်။ အိမ်ရှေစံ အရိုက်အရာကို ဆက်ခံရန်အတွက် အပြည့်အဝပြင်ဆင်ပေး၏။

ထိုအရာအားလုံးတို့၏ စတင်မှုသည် ရွှီယန်၏ အိမ်တော်အား သွားရောက်သိမ်းဆည်းခြင်းမှ စတင်ခဲ့လေသည်။

ထိုကဲ့သို့တွေးမိပြီးနောက် ဧကရာဇ်ချီတစ်ယောက် ဒေါသဖြင့် ဆူပွက်လာပြီး မှားယွင်းစွာ ခံစားလာရသည်။ ဘာပဲဖြစ်ဖြစ် ရွှီယန်၏အိမ်တော်မှာ သိမ်းယူခံရခြင်း မရှိသေးပေ။

သူသည် ဧကရာဇ်တစ်ပါး ဖြစ်၏။ တစ်ဖက်လူမှာတော့ ကုန်သည်တစ်ယောက်သာ ဖြစ်သည်။ မည်သည်ကို ဂရုစိုက်စရာ လိုမည်နည်း။

ထိုကိစ္စကို သူ့နေနှင့် သတိထားမိခြင်းပင် မရှိပါ။ သို့ပေမယ့် ထိုသူမလုပ်ဆောင်ခဲ့သည့် ကိစ္စအတွက်  ဝန်ထုပ်ဝန်ပိုးကို အဆုံးသတ်တွင် ထမ်းဆောင်နေရလေသည်။

"အမိန့်ထုတ်ပြန်မယ်။ အကြီးဆုံးမင်းသားက တာဝန်မကျေဘူး။ သူ့ကို ကြိမ်ဒဏ်အချက်၃၀ ပြင်းပြင်းထန်ထန်ရိုက်နှက်ပြီး အပြစ်ပေးမယ်.."

ဧကရာဇ်ချီက အမိန့်ပေး၏။

ဒေါသထွက်စွာဖြင့် အံကို တင်းတင်းကြိတ်မိသည်။ သူ၏ ဒေါသများကို ရွှီယန်အပေါ်သို့ ပုံချနိုင်ခြင်းမရှိရာ သူ၏ သားဖြစ်သူ အပေါ်တွင်သာ ပုံချ၏။

ပထမမင်းသားက မှင်သက်စွာ ရှိနေ၏။ မည်သည်မှ မလုပ်ဘဲ ကြိမ်ဒဏ်အချက်၃၀ အရိုက်ခံရလေသည်။

ကြီးမားလှသည့် တရားမျှတမှု မရှိခြင်းပင်။

သူက ဖခင်ဖြစ်သူကို နှလုံးသားထဲတွင် ကျိန်ဆဲမိ၏။

'အဘိုးကြီး... အနိုင်ကျင့်တာက အပြင်လူတွေကို.. ကိုယ့်သားအပေါ် လာပုံချနေတယ်..'

ချီဘုရင်စံအိမ် အတွင်းတွင် ရွှီယန်က အိပ်ရာပေါ်တွင် တင်ပျဥ်ခွေ ထိုင်နေ၏။ သူ၏စိတ်က ရှင်းလင်းကာ လောကကြီးနှင့် ကိုယ့်ကိုယ်ကိုအား မေ့ပျောက်သည့်အခြေအနေသို့ ကျရောက်နေပါသည်။ ခန္ဓာကိုယ်တစ်ခုလုံး ကျင့်စဉ်အား လေ့လာမှုတွင် နှစ်မြုပ်ထား၏။

စိတ်အခြေအနေ၏ သိသာစွာ တိုးမြင့်လာမှုနှင့် အတူ သူသည် ထိုအခြေအနေသို့ ဝင်ရောက်ရန်အတွက် အားစိုက်စရာ မလိုလုနီးပါး ရှိနေ၏။ ကျင့်စဉ်များကို စိတ်ရောကိုယ်ပါ လေ့ကျင့်ရန်မှာ  ခက်ခဲခြင်းမရှိပေ။

သူ၏စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှု တစိုးတစ ပေါ်လာခဲ့၏။

ရွှီယန်သည် မူလအဆင့်၏ ကျင့်စဉ်အား နားလည်သဘောပေါက်မှု ရရန်အတွက် မဝေးတော့ဟု ကိုယ့်ကိုယ်ကို ခံစားရသည်။

၃ရက်တာက ကုန်ဆုံးသွား၏။ မုန့်ချုံမှာ သူ၏ ကျင့်စဉ်အပေါ် နားလည်သဘောပေါက်မှု မရှိသေးပဲ ဆက်လက်တွေးတောတုန်းသာ ရှိပါသေးသည်။

လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ထိုမြင်ကွင်းကို ကြည့်နေ၏။ သူ၏ တပည့်ဖြစ်သူအား မည်ကဲ့သို့ လမ်းညွှန်ပေးရမည်နည်းဟု စတင် စဉ်းစားမှု ပြုသည်။

သူက ကြီးမြတ်သောနေ ရွှေခေါင်းလောင်း ကျင့်စဉ်အား မွမ်းမံရန် ကြိုးစား၏။ တတ်နိုင်သမျှ အသေးစိတ်ကျကာ မုန့်ချုံ၏ နားလည်သဘောပေါက်မှုတွင် ကူညီနိုင်ရန်ဖြစ်သည်။

'ဖြစ်နိုင်တာက ဒုတိယတပည့်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက သိပ်မကောင်းဘူးများလား..'

လီရွှမ်က အတွေးနက်သွား၏။ အပြင်ပန်းမှ ကြည့်ပါက မုန့်ချုံမှာ လူကြမ်းတစ်ယောက်နှင့် တူပါသည်။ သို့ရာတွင် သူ၏ တွေးတောမှုဖြစ်စဉ်ြ တစ်သီးတစ်သန့်ဆန်၏။

သူ၏ အတွေးများက အခြားလူများနှင့် ခြားနားနေပြီး နားလည်သဘောပေါက်မှု စွမ်းရည် အလွန်မြင့်မားပုံ ပေါ်ပါသည်။

ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ "သင်၏ တပည့်ဖြစ်သူသည် ဧကရာဇ်ချီ၏ မောင်းမဆောင်အတွင်းသို့ မကြာခဏဝင်ရောက်ကာ သူ၏ စိတ်အခြေအနေကို မြှင့်တင်ခဲ့သည်.."

"နှလုံးသားထဲတွင် ဘယ်မိန်းမမှမရှိသည့် နက်နဲသည့် စိတ်အခြေအနေက မြင့်တက်လာခဲ့သည်။ သင်သည် သန့်စင်သော စိတ်အခြေအနေအား ရရှိသည်.."

လီရွှမ်က မှင်သက်သွား၏။ သူ၏ အရူးတပည့်သည်  ဧကရာဇ်ချီ၏ မောင်းမဆောင်ကို ဝင်ရောက်ပြီး  စိတ်အခြေအနေကို မြှင့်တင်ခဲ့သည်လား။

အမှန်တကယ်ကို စိတ်အခြေအနေအား မြှင့်တင်ဖို့ပဲလား။

"ဟူး... ဒီတပည့်ကတော့လေ..."

လီရွှမ်က သက်ပြင်းချသည်။

သူ၏တပည့် ရွှီယန်သည် တမူထူးသော နားလည်သဘောပေါက်နိုင်စွမ်းကို ပိုင်ဆိုင်ထား၏။ သူ၏ ပုံမှန်မဆန်သည့် အပိုင်းများရှိ နားလည်သဘောပေါက်မှု စွမ်းရည်က ဆန်းကြယ်လှသည်။

မူလက သူပြောခဲ့သည့် 'စိတ်ထဲမှာ မိန်းမ မရှိရင် ကျင့်ကြံခြင်းက နတ်ဘုရားတစ်ပါးလို မြန်ဆန်တယ်' ဟူသည့် စကားကို ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများ ပြုလုပ်ကာ စိတ်အခြေအနေအား ကျင့်ကြံရန်အတွက် တင်စားမှုဥပမာတစ်ခု ဖြစ်လာစေခဲ့၏။

'ဒါလည်း အဆင်ပြေပါတယ်။ အနည်းဆုံးတော့ သူ့ရဲ့နှလုံးသားထဲမှာ တကယ်ပဲ ဘယ်မိန်းမမှ မထားတော့တာ မဟုတ်ဘူး။ ဒီစကားကို စိတ်အခြေအနေအတွက် တင်စားမှု တစ်ခုအဖြစ်လို့ပဲ မှတ်ယူသွားတာ...'

ဒီအချိန်၌ လီရွှမ်၏ စိတ်အခြေအနေက ကြည်လင်သန့်ရှင်းနေ၏။ အပြင်ဘက် အရာများ၏ နှောင့်ယှက်ခြင်းကို ခံရခြင်းမရှိဘဲ သက်ဆိုင်ရာ အခြေအနေတစ်ခုတွင် ကိုယ့်ကိုယ်ကို နှစ်မြုပ်ထားသည်။

'ဒါက သန့်စင်တဲ့ စိတ်အခြေအနေလား။ အပြင်ဘက်အရာတွေရဲ့ နှောက်ယှက်မှုကို မခံရဘူး။ ပုံရိပ်ယောင်တွေကို ဖောက်ထွင်းမြင်နိုင်ပြီး ခိုင်မာတဲ့ စိတ်ဓာတ်ရှိတယ်...'

လီရွှမ်သည် သန့်စင်သောစိတ်က လူကို တွေးတောရာတွင် ပိုမိုအာရုံစိုက်နိုင်ပြီး ပိုမိုလျှင်မြန်လာသည်ဟု တွေ့ရှိသွား၏။

ထို့အပြင် တောင်ကြီးတစ်ခု ပြိုကျသည်အား မြင်တွေ့ရသည့်တိုင်အောင် တည်ငြိမ်စွာ နေနိုင်ပါသည်။

'ငါ့ရဲ့ အခု စိတ်အခြေအနေက ကျွမ်းကျင်သူတစ်ယောက်နဲ့ ပိုပြီး တူလာခဲ့ပြီ..'

လီရွှမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။

ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ် အတတ်အား မည်ကဲ့သို့ မွန်းမံရမည်ကို စဉ်းစားရန်ပြင်ဆင်သည်။

ပြီးနောက် မုန့်ချုံကို လက်ဆင့်ကမ်းပေးကာ သူ့ကိုကျင့်စဉ်အား မည်ကဲ့သို့ နားလည်သဘောပေါက်နိုင်ကြောင်းအား သင့်ကြားပေးမည် ဖြစ်၏။

သူသည် လျှင်မြန်စွာဖြင့် အကြောင်းအရာတွင် နစ်မွန်းသွားပြီး မွန်းမံရန်အတွက် လားရာကို ရှာတွေ့လိုက်၏။

'ဒါက သန့်စင်သောစိတ်ရဲ့ အကျိုးအမြတ်လား..' ရုတ်တရက် မုန့်ချုံကို သူကြည့်လိုက်သည်။ မုန့်ချုံက ကောင်းကင်ရှိ နေကို ကြည့်နေပြီး ကိုယ့်ကိုယ်ကို ရေရွတ်နေ၏။

'ကြီးမြတ်သောနေ ကြီးမြတ်သောနေ... ရွှေခေါင်းလောင်း... အတွင်းနဲ့အပြင် သို့မဟုတ် အပြင်နဲ့အတွင်း... ငါနားလည်ပြီ'

မုန့်ချုံက ချက်ချင်းပင် တစ်ခုခုကို နားလည်လိုက်ပုံပေါ်၏။ သူသည် အလွန် စိတ်လှုပ်ရှားနေပြီး အဝတ်များကို ချွတ်ပစ်လိုက်သည်။

သူ၏ အပေါ်ပိုင်းခန္ဓာကိုယ်က ဗလာကျင်းလင်းဖြစ်သွားပြီး သန်မာသည့်ကြွက်သားများ ပေါ်လာခဲ့၏။ နေရောင်အောက်သို့ လျှောက်သွားကာ  မြင်းထိုင်ခြင်းကိုထိုင်သည်။ အသက်ကို နက်ရှိုင်းစွာရှူပြီး ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွား၏။

လီရွှမ် "..."

မုန့်ချုံ၏ စိတ်ကူးအကြံက မှားယွင်းနေစေကာမူ ဘာပဲဖြစ်ဖြစ် သူ့တွင် နားလည်မှုနှင့် စိတ်ကူးအချို့တို့ ရှိလာခြင်းက ကိစ္စကောင်း ဖြစ်သည်။

လီရွှမ်က တိတ်ဆိတ်စွာဖြင့် ဆက်လက် စောင့်ကြည့်ပြီး မုန့်ချုံ၏ ကျင့်ကြံမှုကို ဝင်မပါရန် ဆုံးဖြတ်လိုက်သည်။

သူသည် တပည့်များတွင် မှားယွင်းသည့် စိတ်ကူးတို့ ရှိလာမည်အား ကြောက်ရွံ့ခြင်း မရှိပါ။ သူအကြောက်ဆုံးမှာ သူ၏တပည့်များတွင် မည်သည့် စိတ်ကူးစိတ်သန်းမှ မရှိမှာကိုသာ ဖြစ်၏။

အတိတ်ရှိရွှီယန်မှာလည်း မှားယွင်းသည့် စိတ်ကူးပေါင်းစုံတို့ကို တွေးတောကာ နည်းလမ်းမျိုးစုံတို့ဖြင့် စိတ်ကူးများကို နယ်ချဲ့ခဲ့သည်။

ထို့ကြောင့်သာ ကျင့်ကြံမှုတွင် အောင်မြင်ခဲ့ခြင်း ဖြစ်၏။ မှားယွင်းသည့် အတွေးများရှိခြင်းမှာ ကြောက်စရာကောင်းမနေပါ။ ကြောက်စရာကောင်းသည်မှာ မည်သည့်စိတ်ကူးမှ မရှိခြင်းသာဖြစ်၏။

လီရွှမ်က မုန့်ချုံ၏ ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်  ကျင့်ကြံမှုတွင် အောင်မြင်နိုင်မည်လားဟု  တိတ်တဆိတ် မျှော်လင့်စွာစောင့်စား နေမိသည်။

သူက နေကိုမော့ကြည့်၏။ ယခုအချိန်သည် ဆောင်းရာသီဖြစ်ပြီး ရာသီဥတုက အေးမြ၏။ နေထွက်နေပေမယ့် အရမ်းကြီး ပူလောင်ခြင်းမရှိကာ အပူလွန်ကဲခြင်းတို့ ဖြစ်လာမည်မဟုတ်ပေ။

သူကား တပည့်ဖြစ်သူ မုန့်ချုံ မည်သည်အား နားလည်မှုရလာခြင်း ဖြစ်ကြောင်းကိုသာ မသိရှိခြင်း ဖြစ်၏။

လီရွှမ်တွင် ဝင်ပါရန်အတွက် မည်သည့်စိတ်ကူးမှ မရှိပါ။ သူ၏ တပည့်ဖြစ်သူတွင် နားလည်မှုအချို့ ရလာကတည်းက တိတ်တစိတ်သာ စောင့်စားရုံ ရှိ၏။

သူ၏ လက်ရှိချီနှင့်သွေးအဆင့် ပြီးပြည့်စုံခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ အာရုံခံမှုနှင့် မုန့်ချုံ၏ ကျင့်ကြံမှုတွင် တိုးတက်လာသည်နှင့် ပြောင်းလဲမှုများကို ခံစားနိုင်စွမ်း ရှိပါသည်။

မုန့်ချုံက နေရောင်အောက်တွင် ရပ်နေ၏။ နေ၏ အလင်းက သူ့အပေါ်သို့ ကျရောက်လာပြီး နွေးထွေးမှုတစ်ခုကို သယ်ဆောင်လာခဲ့သည်။

'ပထမဆုံး လုပ်ရမှာက ချီနဲ့သွေးကို အာရုံခံဖို့ပဲ။ ချီနဲ့သွေးကို ဘယ်လိုအာရုံခံရမလဲ။ ကြီးမြတ်သောနေ  ရွှေခေါင်းလောင်းအကာအကွယ်က နေမင်းကြီးအောက်မှာ  ကျင့်ကြံသင့်တယ်ထင်တယ်..'

'အပူရဲ့ ခံစားမှုကို နားလည်အောင် လုပ်မယ်။ ပြီးရင် အပြင်ကနေ အတွင်းကို ရွေ့လျားစေပြီး ချီနဲ့သွေးကို  အရိုးထဲကို ထိုးဖောက်စေပြီး ကိုယ်တွင်းအင်္ဂါတွေ ဆီကို စိမ့်ဝင်အောင် လုပ်ရမယ်...'

'ငါ့အနေနဲ့ အတွင်းထဲက ချီနဲ့သွေးကို အာရုံမခံနိုင်ကတည်းက အတွင်းကနေ အပြင်ကို သန့်စင်ဖို့က မဖြစ်နိုင်ဘူး..'

'အဲ့ဒါဆိုရင် နေမင်းကြီးရဲ့ ပူလောင်မှုကို ငှားရမ်းပြီး  သွေးနဲ့ချီကို လှုံ့ဆော်မယ်။ ပြီးရင် အပြင်ကနေ အတွင်းထဲကို သန့်စင်မယ်...'

မုန့်ချုံက သေသေချာချာ ခံစားသည်။ နေရောင်အောက်တွင် အချိန်အတော်ကြာအောင် နေပြီးနောက် သူသည် အရေပြားပေါ်ရှိ နွေးထွေးမှုကို တဖြည်းဖြည်း ခံစားလာရ၏။

အသက်ရှူမှုတိုင်းတွင် နွေးထွေးသည့် လေတစ်ခု  ရေးတေးတေး ထွက်ပေါ်လာခဲ့သည်။

'ငါချီနဲ့သွေးကို ခံစားနိုင်ပြီ..'

ထိုအချိန်၌ မုန့်ချုံသည် အံ့သြမှုတို့ဖြင့် ပြည့်နှက်လာ၏။ သူ၏ချီနှင့်သွေးက ဖြေးညှင်းစွာ လှည့်လည်လာပြီး တဖြည်းဖြည်းနှင့် အရေပြားတစ်ဝိုက်တွင် စုစည်းလာခဲ့သည်။

အံ့သြစရာ ကောင်းလောက်အောင် အရေပြားပေါ်ရှိ နေအလင်းနှင့် အံ့ဖွယ် တုံ့ပြန်မှု တစ်ခုကို ဖွဲ့စည်းလာခဲ့၏။

'အပြင်ဘက်က နေပြီးတော့ အတွင်းထဲကို... အရိုးထဲကို စိမ့်ဝင်ပြီး ကိုယ်တွင်းအင်္ဂါတွေဆီကို စီးဆင်းသွားမယ်... ဒါက ကြီးမြတ်သောနေ ရွှေခေါင်းလောင်းရဲ့ အခြေခံသန့်စင်ခြင်း နည်းလမ်းပဲ...'

'အသွေးအသားထဲမှာ ရွှေခေါင်းလောင်းတစ်ခုကို  ကျင့်ကြံပြီး ချီနဲ့သွေးနဲ့အတူ ထွက်ပေါ်စေမယ်။ ပြီးရင် ချီနဲ့သွေး ရွှေခေါင်းလောင်း အကာအကွယ် တစ်ခုအဖြစ် ပြောင်းလဲစေမယ်။ ဒါက ချီနဲ့သွေးအဆင့်ထဲကို ခြေလှမ်းနိုင်ခြင်းပဲ...'

မုန့်ချုံသည် ကျင့်စဉ်၏ ဖြစ်စဉ်အား နားလည်လာခဲ့၏။ ချီနှင့်သွေးက အရေပြားပေါ်တွင် သန့်စင်ပြီးနောက် အတွင်းထဲသို့ စီးဆင်းကာ ခန္ဓာကိုယ်အနှံ့ရှိ အရိုးများဆီသို့ ပျံ့နှံ့သွားခဲ့သည်။

ထိုအချိန်၌ သူသည် အရိုးများပေါ်တွင် ပုရွဲဆိတ်များ  တွားသွားနေသကဲ့သို့ ခံစားရ၏။ နာကျင်မှုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သွားများက မနေနိုင်ဘဲ အကြိမ်အနည်းငယ် တုန်ခါသွား၏။ သို့ရာတွင် သူက တောင့်ခံနေပါသည်။

မည်သည့် အသံကိုမှ မထွက်ပေ။ သို့ပေမယ့်  အသက်ရှူမှုမှာတော့ အနည်းငယ် လေးလံလာခဲ့၏။

'ဒါက အရိုးသန့်စင်တာလား... အနည်းငယ် မသက်မသာ ခံစားရတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေကို ငါခံစားလာရတယ်...'

မုန့်ချုံက နှလုံးသားထဲတွင် ကျေနပ်စွာ အံ့သြသွားသည်။ သွေးနှင့်ချီက သူ၏ အရိုးများ တစ်လျှောက်တွင် တစ်ကြိမ်လှည့်လည်၏။

ပြီးနောက် တဖြည်းဖြည်းနှင့် ပြန့်ကျဲသွားကာ သေးငယ်သည့် စီးကြောင်းများအဖြစ် ကိုယ်တွင်းအင်္ဂါများ အတွင်းသို့ စီးဝင်သွားသည်။

နူးညံ့သည့် ကိုယ်တွင်းအင်္ဂါများကို သန့်စင်၏။

'ပထမဆုံးအကြိမ် ကိုယ်တွင်းအင်္ဂါတွေကို သန့်စင်တဲ့အခါမှာ ချီနဲ့သွေးကို သေသေချာချာ ထိန်းချုပ်ထားဖို့ လိုအပ်တယ်။ လောလို့မရဘူး။ ဖြေးဖြေးနဲ့ မှန်မှန်လေး သန့်စင်ရမယ်..'

ဤသည်မှာ သွေးနှင့်ချီအား လှည့်လည်မှု အတွင်းတွင် မုန့်ချုံ၏ စိတ်ထဲ၌ တွေးတောနေမှု ဖြစ်၏။ သွေးနှင့်ချီအမျှင်များက သူ၏ ကိုယ်တွင်းအင်္ဂါများအကြားတွင် လှည့်လည်နေ၏။

ကိုယ်တွင်းအင်္ဂါသန့်စင်မှု ဖြစ်စဉ်ဟာ အနည်းငယ်နှေးကွေး၏။ အရေပြားနှင့် အရိုးတို့အား အတူတူသန့်စင်ခြင်းထက် အချိန်ပိုယူပါသည်။

ပထမဆုံးအကြိမ် ကိုယ်တွင်းအင်္ဂါသန့်စင်မှု ပြီးမြောက်ပြီးနောက် သွေးနှင့်ချီတို့ အရိုးဆီသို့ ပြန်ကြသည်။

ထို့နောက် အရေပြားဆီသို့ ပြန်ကာ လှည့်လည်မှုလမ်းကြောင်းတစ်ခုအား ဖွဲ့စည်းလာခဲ့သည်။

မုန့်ချုံမှာ အံ့သြစရာ ကောင်းလောက်အောင် သူ၏ ခန္ဓာကိုယ်တွင် ရှင်းပြနိုင်ခြင်း မရှိသည့် အလွှာတစ်ခု၊ ဖော်ပြနိုင်ခြင်း မရှိသည့် ဆက်နွှယ်မှုတစ်ခုအား  ခံစားလိုက်ရသည်။

အတွင်းနှင့်အပြင်က တစ်ခုတည်းကဲ့သို့ ဖြစ်နေပြီး  ခန္ဓာကိုယ်တစ်ခုလုံးတွင် ယိုစိမ့်မှု မရှိကာ ကြီးမားသည့် ခေါင်းလောင်းကြီးတစ်ခု သူ၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားသည့်နှယ် ရှိသည်။

သို့မဟုတ် သူကိုယ်တိုင်က အနာအဆာ မရှိသည့်  ခေါင်းလောင်းကြီးတစ်ခု ဖြစ်လာသည့်သဖွယ် ရှိ၏။ိ

All Chapters