← Chapters

ငါ့မျက်လုံးထဲမှာ သူတို့အားလုံးက ဘာမှမထူးခြားဘူး

Vol. 4 Ch. 48

ငါ့မျက်လုံးထဲမှာ သူတို့အားလုံးက ဘာမှမထူးခြားဘူး

Vol. 4 Ch. 48

အာရုံဦးသည် ပြိုကွဲလာခါစသာ ရှိသေးပြီး မနက်ခင်း၏ နေက မြင့်တက်ခြင်း မရှိသေးပေ။

သုံဟယ်ဒေသ အတွင်းရှိ သြဇာရှိသော ပုဂ္ဂိုလ်များနှင့် အဆက်အသွယ် ကောင်းသည့် အင်အားစုများသည် အစိုးရရုံးတော်ဆီမှ သတင်းကို စောင့်စားနေကြ၏။

သာမာန်လူများနှင့် စျေးသည်များမှာတော့ သူတို့၏ နေ့သစ်အတွက် လုပ်ငန်းဆောင်တာများကို စတင်ရန် အဆင်သင့် ပြင်ဆင်နေ ကြပါပြီ။

ထိုအချိန်၌ လမ်းသွယ်များနှင့် လမ်းမများ တစ်လျှောက်တွင် မြန်ဆန်သွက်လက်သည့် ခြေသံများ ထွက်ပေါ်လာ၏။

"အင်ပါရီယာ ရုံးတော်က ကောင်းကင်မိခင်ဂိုဏ်းရဲ့ မိစ္ဆာနောက်လိုက်တွေကို ဖမ်းဆီးဖို့အတွက် အမိန့်ထုတ်ပြန်လိုက်တယ်.."

"အားလုံး.. အိမ်ထဲမှာပဲ နေရမယ်။ အိမ်ထဲကထွက်တဲ့ ဘယ်သူမဆို ကောင်းကင်မိခင်ဂိုဏ်းရဲ့ နောက်လိုက် သစ္စာဖောက်တစ်ယောက်လို့ သတ်မှတ်ခြင်း ခံရမယ်.."

သုံဟယ်စီရင်စုရှိ လူများက ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ သူတို့အားလုံးသည် တံခါးပေါက်များကို လော့ချကာ အပြင်ဘက်ရှိ ခြေသံများကို နားထောင်နေ၏။

ပြတင်းပေါက်များမှ ချောင်းကြည့်ပြီးနောက်  လက်နက်များကို ကိုင်ဆောင်ထားသည့် စစ်သည် အဖွဲ့လိုက်ကို တွေ့လိုက်ရသည်။ အားလုံး ကြောက်ရွံ့သွားကြ၏။

လောကကြီးက ပရမ်းပတာ ထပ်မံ ဖြစ်ပွားပြန်တော့မည်လား...

လမ်းမပေါ်တွင် လေးလံသော ခြေလှမ်းသံများနှင့်  စစ်သည်များက ဝတ်ဆင်ထားသည့် ချပ်ဝတ်များ၊ ကိုင်ဆောင်ထားသည့် လက်နက်များ ပွတ်တိုက်သည့် အသံတို့ ပေါ်လာခဲ့သည်။

သူတို့က အစိုးရရုံးတော်ကို ဝန်းရံထားကြ၏။ တိုက်ပွဲမှာ စတင် ဖြစ်ပွားနေပြီး ဖြစ်သည်။

အစိုးရရုံးတော် အတွင်းတွင် ဗျူဟာမှူး ခုံရော့ကျစ်က ထိပ်တန်းသိုင်းသမား ၁၂ယောက်နှင့် ကောင်တီအုပ်ချုပ်သူတို့နှင့် အတူ အပြင်ဘက်ရှိ စစ်တပ်ကို ကြည့်သည်။

သူတို့၏ မျက်နှာများက ညှို့မှိုင်းနေကြ၏။

"ဗျူဟာမှူးခုံ.. ကြည့်ရတာ ကျန်းဖင်ရှန်းက ဒီလုပ်ကြံမှုကို စီစဉ်ခဲ့တာ ဖြစ်မယ်။ ကျွန်တော်တို့ အားလုံးကို  တစ်ခါတည်း ဖမ်းဆီးချင်တာ.."

ကောင်တီ၏ တက်မှူးခေါင်းဆောင် မျက်နှာက  လေးလံသွားသည်။

"ဂိုဏ်းထဲမှာ သစ္စာဖောက် တစ်ယောက် ရှိတယ်။ ငါတို့တွေ ပေါ်သွားပြီ။ ကြည့်လိုက်ဦး။ ဒါက ရှန်းဝိန်စစ်တပ်ပဲ.."

ခုံရော့ကျစ်၏ ပုံစံက ကြောက်ရွံ့နေပုံ လုံးဝမရှိပါ။ ငှက်မွှေးယပ်တောင်ဖြင့် ညွှန်ပြရင်းက ပြောသည်။

စီရင်စုမြို့တော်၏ အဓိက လမ်းမပေါ်တွင်  ချပ်ဝတ်တန်ဆာ အစုံအလင်နှင့် စစ်သည်များသည် ချပ်ဝတ်ဝတ် စစ်မြင်းများကို စီးနင်းကာ လှံရှည်များကို ကိုင်ဆောင်ထားကြ၏။ သူတို့၏ ရှေ့တွင် ခုခံဖို့ ကြိုးစားကြသည့် ကောင်းကင်မိခင်ဂိုဏ်းမှ အဖွဲ့ဝင်များမှာ စက္ကူများကဲ့သို့ ချိနဲ့လှပါသည်။

ပထမတန်းစား သိုင်းသမား ၁၀‌ယောက်ကျော်လောက် ပြေးတက်သွားလျှင်တောင် လှံများ၏ အောက်တွင် အသတ်ခံကြရ၏။ ဤသည်မှာ ချီနိုင်ငံ၏ နာမည်ကျော် ရှန်းဝိန်စစ်တပ်ဖြစ်သည်။

ကောင်တီ တပ်မှူးခေါင်းဆောင်က အသက်ကိုရှုသွင်းမိ၏။ အံ့သြစွာ ပြောသည်။

"သူတို့တွေ သုံဟယ်ကောင်တီဆီကို ဒီဗိုင်းကြီးမြတ်ခြင်းစစ်တပ်ကို စေလွှတ်လိုက်တာလား။ ဆိုလိုတာက ချီနိုင်ငံရဲ့ အင်ပါရီယာ ရုံးတော်က ငါတို့ဂိုဏ်းရဲ့ အပြုအမူကို သိနေပြီးပြီလို့လား.."

"ဒီတစ်ကြိမ်မှာ သူတို့တွေက အိမ်ရှေ့စံ ရာထူးအတွက် ယှဉ်ပြိုင်မှု အဆုံးသတ်သွားတာကို အခွင့်ကောင်းယူပြီး ရွှီမိသားစုကို ပစ်မှတ်ထားဖို့ လုပ်ရင်းက ငါတို့ကိုလည်း ရှင်းထုတ်ဖို့ မျှားခေါ်လိုက်တာ.."

ခုံရော့ကျစ်က နှာခေါင်းရှုံ့ကာ ပြောသည်။

"အရူးအိုကြီး ဧကရာဇ်ချီအောက်မှာ အရည်အချင်းရှိတဲ့ လူတစ်ယောက် နှစ်ယောက်လောက် ရှိသေးသားပဲ။ ဒါပေမယ့် ငါတို့ကို ဝန်းရံပြီး သတ်ချင်တယ်ဆိုရင် စိတ်ကူးယဉ်နေတာပဲ ဖြစ်လိမ့်မယ်.."

"သွားရအောင်... အခုအချိန်က ရွှီမိသားစု ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ကြည့်ရမယ့် အချိန်ပဲ.."

ခုံရော့ကျစ်က နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ အခြားသူများလည်း သူ၏နောက်မှ နီးကပ်စွာ လိုက်ကြသည်။

"ရှန်းဝိန်စစ်တပ်လား... ရွှီယန်က ပိုပြီးတော့ သန်မာလား။ ရှန်းဝိန်စစ်တပ်က ပိုပြီးတော့သန်မာလား ဆိုတာကို စောင့်ကြည့်တာပေါ့.."

ခုံရော့ကျစ်က ကိုယ့်ကိုယ်ကို ရေရွတ်ပြီးနောက် လူစုကိုဦးဆောင်ကာ မြေအောက်လမ်းအတိုင်း ဆင်းသွားသည်။

အစိုးရရုံးတော်ဆီမှ ထွက်ခွာသွား၏။

ထိုအချိန်၌ အစိုးရရုံးတော်ရှိ တိုက်ပွဲသည် ကောင်းကင်မိခင်ဂိုဏ်း၏ ဂိုဏ်းသားများ အသတ်ခံရမှုနှင့်အတူ  အဆုံးသတ်ခါနီးသို့ ရောက်ရှိနေပါပြီ။

ရွှီမိသားစု၏ အိမ်တော်တွင် ဆေးဆရာဖန်နှင့်  လူ၁၀ယောက်ကျော်သည့် လူအုပ်စုတို့ ပြန်လာခဲ့၏။

"ငါတို့ သခင်လေးက အနှိုင်းမဲ့တဲ့ ဒီဗိုင်း အတတ်ပညာကို တကယ် ကျင့်ကြံနိုင်ခဲ့တာပဲ။ ဒါကြီးက မယုံကြည်နိုင်စရာ ကောင်းလွန်းတယ်။ ရွှီမိသားစုက လုံခြုံပြီ.."

ဆေးဆရာဖန်က အသံပြုသည်။

"အကြီးအကဲဖန်.. ရွှီယန် ထွက်ခွာသွားပြီးရင် ရွှီမိသားစုရဲ့လုံခြုံရေးက ခင်ဗျားအပေါ်မှာပဲ မူတည်တယ်.."

ရွှီကျွင်းဟယ်က သက်ပြင်းချ၏။ ခေါင်းဆောင်ချန်နှင့် အခြားသူများကို သူက အလုပ်ဖြုတ်လိုက်ပြီ ဖြစ်သည်။

ဆေးဆရာဖန် ခေါ်ဆောင်လာခဲ့သည့် လူ၁၀ယောက်ကျော်သာလျှင် သူ၏ လူယုံများ ဖြစ်ကြ၏။ နှစ်ပေါင်းများစွာ ပျိုးထောင် လေ့ကျင့်ပေးခဲ့ပြီး သူတို့ကို သူ၏ လျှို့ဝှက်လက်နက်များဟုပင် ယူဆလို့ရပါသည်။

အစက ချီနိုင်ငံမှ ထွက်ပြေးစဉ် အတွင်းတွင် ရွှီယန်အား ကာကွယ်ရန်အတွက် သူတို့ကို ထားရှိထားတာပါ။ သို့ပေမယ့် ယခုတော့ ထိုကဲ့သို့ လုပ်စရာ မလိုတော့ပေ။

ထိုသူများသည် သုံဟယ်တွင် ကျန်နေခဲ့ပြီး သူနှင့် ဇနီးဖြစ်သူ၏ လုံခြုံရေးကို ကာကွယ်ပေးမည် ဖြစ်သည်။

"သခင်ကြီး စိတ်ချပါ.."

ဆေးဆရာဖန်က ခေါင်းငြိမ့်သည်။

"ဝုန်း ဝုန်း ဝုန်း..."

ကမ္ဘာမြေကြီး၏ စတင်တုန်ခါလာမှုနှင့်အတူ လှံရှည်နှင့်ဓားများအား ကိုင်ဆောင်ထားသည့် မြင်းသမား အတန်းလိုက်သည် လမ်းမပေါ်တွင်  ချီတက်လာကြ၏။

တစ်ချိန်တည်းတွင် စကားသံ တစ်ခုလည်း ပဲ့တင်ထပ်လာခဲ့သည်။

"ရွှီကျွင်းဟယ်.. အလကားသက်သက် ခုခံမနေနဲ့။ အခုချက်ချင်း အညံ့ခံပါ။ ဒါဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးမှာလည်း ဖြစ်နိုင်တယ်.."

ဤသည်မှာ ကျန်းဖင်ရှန်း၏ အသံဖြစ်၏။

ရွှီကျွင်းဟယ်တို့လူစုက ရွှီမိသားစု၏ အိမ်ရှေ့တံခါးမှ လျှောက်ထွက်လာခဲ့သည်။

"ရှန်းဝိန်စစ်တပ်.."

ဆေးဆရာဖန်က လေးနက်စွာ ရေရွတ်၏။

ရွှီကျွင်းဟယ်က အသက်ကို နက်ရှိုင်းစွာရှူပြီး ရွှီယန်ကို လှည့်ကြည့်သည်။

"ယန်အာ.. မင်းသူတို့တွေကို ကိုင်တွယ်နိုင်တယ် ဆိုတာ သေချာလား။ မင်းမသေချာရင် ထွက်ပြေးနှင့်။ အသေခံပြီး မတိုက်နဲ့.."

ရွှီယန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့်  လင်းလက်လာခဲ့၏။ သူ၏ တိုက်ခိုက်လိုစိတ်က မြင့်တက်လာခဲ့သည်။

သူသည် သိုင်းပညာကို စတင်ကျင့်ကြံခဲ့စဉ် ကတည်းက ထိုက်တန်သည့် ရန်သူတစ်ယောက်ကို ဘယ်တုန်းကမှ ကြုံတွေ့ဖူးခြင်း မရှိခဲ့ပေ။ တိုက်ပွဲတစ်ခုကို စစ်မှန်စွာ တွေ့ကြုံခံစားရမည့် အခွင့်အရေးလည်း မရှိခဲ့ပါ။ ယခုအချိန်၌  စိတ်တိုင်းကျ တိုက်ခိုက်ရန်အတွက် အခွင့်အရေးက နောက်ဆုံးတွင် ရောက်လာခဲ့လေပြီ။

ရွှီနိုင်ငံ၏ ဂုဏ်သတင်းကျော်ကြားသည့် ဒီစစ်တပ်သည် သူတို့၏ ကြီးမြတ်မှုအတွက် ကျော်ကြားကြ၏။

ယနေ့တွင် သူသာ် လောကကြီး၏ အသန်မာဆုံး လက်ရွေးစင်စစ်တပ် တစ်ခုကို ရင်ဆိုင်ရပေတော့မည်။

"အဖေ.. စိတ်မပူပါနဲ့.. ဒီလူတွေက ကျွန်တော့်ရဲ့ မျက်လုံးထဲမှာ ကြက်တွေခွေးတွေလိုပဲ အားနည်းလွန်းတယ်.."

ထိုစကားကို ပြောပြီးနောက် သူက ကောင်းကင်သို့  ခုန်တက်သွား၏။ ကြွေကျနေသည့် သစ်ရွက်တစ်ခုအလား လေနှင့်အတူ ရှေ့သို့ လွင့်ပျံသွားသည်။

"ဧကရာဇ်အိုကြီးချီရဲ့ မိသားစုကိစ္စက အပြစ်မဲ့တဲ့လူတွေကို ထိပါးလာခဲ့တယ်။ ငါတို့ရွှီမိသားစုက စီးပွားရေး အချို့လောက်ကို လုပ်တာ လွယ်တယ် ထင်နေလား.."

"မင်းတို့က ငါ့အိမ်ကိုချိတ်ပိတ်ပြီး ငါတို့မိသားစုကို ပုန်ကန်တယ်ဆိုပြီး စွပ်စွဲတယ်ပေါ့။ ဒီနေ့ ငါရွှီယန် ဒီဂုဏ်သတင်းကြီးမားတဲ့ စစ်တပ်ရဲ့ ကြီးမြတ်မှုကို ကိုယ်တိုင်ခံစားကြည့်ဦးမယ်။ သူတို့ခွန်အား ဘယ်လောက်ရှိလဲဆိုတာကို ကိုယ်တိုင်ကြည့်တာပေါ့.."

သူ၏အသံက စွမ်းအားကြီးမားစွာ ထွက်ပေါ်လာ၏။  မိုးခြိမ်းသကဲ့သို့ လမ်းမပေါ်တွင် ပဲ့တင်ထပ်သွားသည်။

ရွှီမိသားစုသည် စီရင်စုမြို့တော်၏ အလယ်ပိုင်းတွင် တည်ရှိပါသည်။ ဒီနေရာတွင် လူချမ်းသာများ သို့မဟုတ် သြဇာကြီးမားသော လူများသာ နေထိုင်ကြ၏။

ဒီအချိန်၌ ထပ်ခိုးများနှင့် ပြတင်းပေါက်များရှိ အပေါက်ငယ်များမှ လူတို့၏ အကြည့်များက ရွှီအိမ်တော်နှင့် လမ်းမပေါ်ရှိ ရှန်းဝိန်စစ်တပ် အပေါ်တွင် ရှိနေပါသည်။

ရွှီယန်၏ စကားကို ကြားရပြီးနောက် ထိုသူများအားလုံးသည် နှလုံးသားထဲထိ ထိတ်လန့်သွားကြသည်။

"ရွှီကျွင်းဟယ်က တစ်ဘဝလုံး ဉာဏ်ပညာ ကြီးမားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့သားကတော့ တကယ့်ကို အရူးပဲ။ အခု ဒီကိစ္စမှာ ရှင်သန်ဖို့ မဖြစ်နိုင်တော့ဘူး.."

"ပြောကြတာတော့ ရွှီယန်ရဲ့ ဦးနှောက်က ကောင်းကောင်း အလုပ် မလုပ်ဖူးတဲ့။ ဒါပေမယ့် အခုကြည့်ရတာ အဲ့ဒီ့ထက်တောင် ပိုသလိုပဲ။ သူက သေချင်နေတာ.."

မြင်ကွင်းကို တိတ်တဆိတ် ကြည့်နေကြသည့် လူများက မနေနိုင်ဘဲ ခံစားချက်မြင့်စွာ တွေးတောကြ၏။

"ရိုင်းစိုင်းလိုက်တာ.."

"ဒီ ရွှီယန်က.. ပုန်ကန်သူ တစ်ယောက်ပဲ။ သူ့ကို သုတ်သင်သင့်တယ်.."

စစ်တပ်၏နောက်မှ အော်သံတစ်ခု ထွက်ပေါ်လာ၏။

"တိုက်ခိုက်ကြ.."

အမိန့်ပေးမှုနှင့်အတူ  ကျယ်လောင်သော အသံနှင့် မြေပြင်က လှုပ်ခါလာခဲ့သည်။

ရှန်းဝိန်စစ်တပ်က သူတို့၏ လှံများကို မြင့်မားစွာ ကိုင်ထားပြီး သူတို့၏ ချပ်ဝတ်များ၌ အေးစက်သည့် အလင်းများ လက်နေကြသည်။

ရွှီမိသားစု၏ အိမ်တော်ဘက်သို့ ကြောက်စရာကောင်းလှသည့် လှိုင်းကြမ်း တစ်ခုနှယ် ပြေးတက်လာပြီး ရွှီယန်ကို ဦးတည်နေခဲ့သည်။

"ကောင်းတယ်.. လာကြ.."

ရွှီယန်က အော်လိုက်ပြီးနောက် သူ၏ သွေးနှင့်ချီတို့ မြင့်တက်လာ၏။ ကြီးမားသည့် အနီရောင် နဂါးကြီးတစ်ကောင်က သူ့ကို လှည့်ပတ်လာခဲ့သည်။

လက်ဝါးနှစ်ဖက်ကို ရိုက်ထုတ်လိုက်ချိန်၌ နဂါးကြီးနှစ်ကောင်တို့ ပြေးထွက်သွားကြ၏။

အပေါက်ငယ်များမှ လမ်းမပေါ်ရှိ တိုက်ပွဲကို ချောင်းကြည့်နေကြသည့် လူများဟာ ထိုအချိန်၌ ထိတ်လန့် ကုန်ကြသည်။

ကြီးမားလှသည့် အနီရောင် နဂါးကြီးတစ်ကောင်က ရွှီယန်၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေပြီး တူညီသည့် နဂါးနှစ်ကောင်တို့က သူ၏ လက်ဝါးများမှ ထွက်ခွာလာခဲ့သည်။ ရှန်းဝိန်စစ်တပ်ကို တစ်ခါတည်း ထိမှန်၏။

အမြင့်မှ ကြည့်ပါက ကြောက်စရာကောင်းသည့် အရှိန်အဝါနှင့် နဂါးကြီးနှစ်ကောင်၏  လှိုင်းကြမ်းတစ်ခုကဲ့သို့ ချီတက်လာသည့် ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်ဆီသို့ ပြေးဝင်သွားမှုကို တွေ့ရမှာဖြစ်သည်။

"ဘုန်း.."

နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအားမှာ ကြောက်ဖို့ကောင်းလှသည်။ နဂါးကြီးက ချက်ချင်းပင် စစ်တပ်ကို ဖြတ်သန်းသွားပြီး လူများနှင့် မြင်းများအားလုံး မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။

ရွှီယန်က နောက်သို့ ဆုတ်သွားခြင်းမရှိပေ။ ရှေ့သို့သာ ဆက်လက်တက်၏။ ပြေးတက်ရင်းက သူ၏ လက်ဝါးများကို ဝှေ့ရမ်းကာ နဂါးနိုင်လက်ဝါးကို တစ်ချက်ပြီးတစ်ချက် ရိုက်ထုတ်နေပါသည်။

လမ်းမပေါ်တွင် အနီရောင်နဂါးများ၏ လှည့်လည်တိုက်ခိုက်မှုကြောင့် ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်သည် ချက်ချင်းပင် ချီတက်နေရာမှ နောက်သို့ ပြန်လည်လွင့်စင်ကုန်ကြသည်။

"ဘုန်း.."

လမ်းတစ်ဖက်တစ်ချပ်ရှိ စျေးဆိုင်များလည်း ပျံသန်းလာသည့် မြင်းများဖြင့် ထိမှန်ပျက်စီးကုန်ကြ၏။

ရှန်းဝိန်စစ်တပ်မှ ချပ်ဝတ်တန်ဆာအပြည့်နှင့် စစ်သည်များလည်း ခုခံနိုင်ခြင်းလုံးဝမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ လွင့်စင်ကာ ထိုစျေးဆိုင်များအတွင်းသို့ ဝင်ဆောင့်ကုန်ကြသည်။

"ဒါက...ဒါက..."

"ဒါက မဖြစ်နိုင်ဘူး။ အမြင်မှားတာ ဖြစ်ရမယ်.."

"ရွှီကျွင်းဟယ်ရဲ့ အရူးသားက စွမ်းအားကြီး ဆရာသခင်တစ်ယောက်ကို တကယ်ပဲ ရှာတွေ့ပြီး ပြိုင်ဖက်ကင်းတဲ့ သိုင်းပညာကို သင်ယူ နိုင်ခဲ့တာလား.."

"ဒါတွေအားလုံးက ပုံပြင်စာအုပ်တွေထဲက လျှောက်ရေးထားတာတွေ မဟုတ်ဘူးလား.."

ထိုမြင်ကွင်းကို မြင်တွေ့ရသည့် လူတိုင်းက ချက်ချင်းပင် စိတ်ထဲ၌ အသီးသီး မြည်တမ်းမိကြ၏။

ရှေ့ရှိမြင်ကွင်းကား လက်ခံရန် အမှန်တကယ်ကို ခက်ခဲလှပါသည်။ အနီရောင် နဂါးကြီး၏ စွမ်းအားသည် အသက်ရှူမှားရလောက်အောင် ထည်ဝါလှပြီး လူသားများ ရောက်ရှိနိုင်သည့် ခွန်အားထက် ကျော်လွန်နေပါသည်။

ရွှီယန်က ရှန်းဝိန်စစ်တပ်ကို တစ်ယောက်တည်း  တန်ပြန် တွန်းလှန်ခဲ့၏။ မည်မျှ အံ့ဩဖို့ ကောင်းလှသနည်း။

ချီနိုင်ငံ၏ ရှန်းဝိန်စစ်တပ်သည် လက်ရွေးစင်များထဲမှ  လက်ရွေးစင်များကို ရွေးချယ်ထားခြင်း ဖြစ်ပြီး အလွန်စွမ်းအားကြီးလှ၏။

သူတို့ကို နိုင်ငံ၏ အစောင့်အရှောက် စစ်တပ်တစ်ခုအဖြစ် သတ်မှတ်ထားလေသည်။ သို့ပေမယ့် ထိုစစ်တပ်သည် ယခုအချိန်၌ စက္ကူများကဲ့သို့ ချိနဲ့လှသည်လား။

ရွှီကျွင်းဟယ် သားဖြစ်သူ၏ လျှို့ဝှက်စွာ နေထိုင်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်များကို ရှာဖွေခြင်းနှင့် ပတ်သက်ပြီး စွဲလမ်းနေသည်မှာ လျှို့ဝှက်ချက်တစ်ခု  မဟုတ်ပေ။ သူသည် သုံဟယ်ကောင်တီ တစ်ခုလုံး၏ လှောင်ရယ်စရာပင် ဖြစ်လာခဲ့၏။

သူတို့သည်လည်း ရွှီမိသားစု၏ အရူးသားကို ရယ်မောကာ သူ၏ဦးနှောက်ကို ကောင်းကောင်းအလုပ်မလုပ်ဟု ယုံကြည်ကြ၏။

ရလဒ်အနေနှင့် ဖြစ်နိုင်တာက အရူးများက သူတို့ပဲ ဖြစ်နေသည်လား။

"ဘုန်း.."

ဆိုင်တစ်ဆိုင်က ပွင့်ထွက်သွားခဲ့သည်။ အတွင်းထဲမှ ထိတ်လန့်တကြား အော်သံများ ထွက်ပေါ်လာခဲ့၏။

ရွှီယန်က သူ၏ နဂါးနိုင်လက်ဝါးကို ပြန်လည်ရုပ်သိမ်းကာ ရှုပ်ထွေးနေသည့် လမ်းမနှင့် မြေပြင်ပေါ်တွင် လဲကျနေသည့် ရှန်းဝိန်စစ်တပ်မှ စစ်သည်များကို ကြည့်သည်။

အေးစက်စွာ ပြော၏။

"ကျန်းဖင်ရှန်း.. မြို့ထဲမှာခင်ဗျားရဲ့ ဒီဗိုင်းကြီးမြတ်ခြင်းစစ်တပ်ရဲ့ စွမ်းအားကို ကောင်းကောင်း ထုတ်ပြနိုင်မှာ မဟုတ်ဘူး.."

"ဒီနေရာမှာ ရှုံးနိမ့်သွားတာကို မကျေနပ်ဘူးဆိုရင် မြို့ပြင်ကိုသွားပြီး တိုက်ခိုက်ကြရအောင်။ ကျုပ်ခင်ဗျားကို အဆုံးထိ အဖော်ပြုပေးနိုင်တယ်.."

All Chapters