← Chapters

ငါပြန်လာပြီ

Vol. 1 Ch. 1

ငါပြန်လာပြီ

Vol. 1 Ch. 1

၂၀၀၇ခုနစ်၏ ပူပြင်းလှသော နွေရာသီတစ်ခုတွင် 'ရွှေနဂါးခရီးသွားလုပ်ငန်း' မှပြေးဆွဲသော ဘတ်စ်ကားလေး တစ်စီးသည် 'စီကျွေးနယ်' မှ 'ဟူတုန်းနယ်' ၏ နယ်နိမိတ် အတွင်းတွင် ရှိသော 'ချူကျိုးမြို့' သို့ ဦးတည် မောင်းနှင်လျက် ရှိသည်။

'စီကျွေးနယ်'သည် အနည်းငယ် တောကျသော နယ်ဖြစ်ရာ အချက်အချာကျသော နေရာအနည်းငယ်မှ လွဲ၍ အရမ်းကြီး တိုးတက်ထွန်းကားခြင်း မရှိ။ ဘတ်စ်ကားပေါ်ရှိ ခရီးသည်များထဲမှ တစ်ဝက်လောက် သည်လည်း နွေ၏ အပူရှိန်ကြောင့် ကားပေါ်တွင် အိပ်မောကျလျက် ရှိကြသည်။

ရုတ်တရက် အရပ် ငါးပေ ခြောက်လက်မခန့် ရှိသော ဆယ်ကျော်သက် ကောင်လေး တစ်ယောက်သည် ငြိမ်သက်စွာ ထိုင်၍ အိပ်နေရာမှ ဆတ်ခနဲ ဖြစ်သွားကာ နိုးသွားလေသည်။ ပင်ကိုက စူးရှဟန် ရှိသည့် မျက်ဝန်းတို့က ယခုမူ အကြောင်းကြောင်းကြောင့် နွမ်းနယ်နေဟန် အရောင်မှိန်နေသော်ငြား ပတ်ဝန်းကျင်ကို သတိရှိစွာ အကဲခတ်နေသည်။

ထိုမျက်ဝန်းတို့က အနည်းငယ် စိတ်ပျက်နေဟန်လည်း ရသည်။ ဆယ်ကျော်သက်လေးကို ပုံပန်းက ခြုံငုံ သုံးသပ်ကြည့်ရလျှင် ယောက်ျားပီသသော မျက်နှာပေါက် ရှိပြီး ငယ်ရွယ်မှု၏ ပြယုဂ်အဖြစ် မျက်နှာလေးက အမွှေးအမျှင်မရှိ ချောမွတ်နေသည်။ မျက်ဆံ နက်နက်တို့က အရွယ်နှင့် မလိုက်သော တည်ငြိမ်သည့် ခံစားချက်ကို ပေးသည်။

နှာတံစင်းစင်း၊ နှုတ်ခမ်းပါးပါးနှင့် သေသပ်စွာ ပုံသွင်းထားသော ဆံပင်ကေရှိသော ဆယ်ကျော်သက်လေးသည် လူချောလေး တစ်ယောက်ပင်။

ဘေးဘီကို အကဲခတ်ပြီးနောက် လူငယ်လေး၏ မျက်ခုံးထူထူ နှစ်ဖက်က မှုန်ကုပ်သွားသည်။ သူ တခြား ကမ္ဘာတစ်ခုကို ရောက်လာတာလား။ ဘတ်စ်ကားပေါ်ရှိ မည်သူကမှ သူ ဘယ်ကနေ ဘယ်လို ဒီနေရာကို ရောက်လာမှန်း ပြောနိုင်မည် မဟုတ်ပေ။

"ဒါက.. ငါ အထက်တန်း နောက်ဆုံးနှစ် ချူကျိုးကို သွားတုန်းက စီးခဲ့တဲ့ ဘတ်စ်ကားနဲ့ တစ်ပုံစံတည်း တူနေသလိုပဲ"

"ငါက ဘာလို့ ဒီကို ရောက်နေရတာလဲ။ အတိဒုက္ခ အဆင့်ကို ချိုးဖျက် ဝင်ရောက်နေတာ မဟုတ်ဘူးလား"

"ဖြစ်နိုင်တာက သေမျိုး လောကထဲကို နောက်တစ်ကြိမ် ပြန်ရောက် လာတာများလား"

တွေးလိုက်မိသော်လည်း မယုံကြည်နှိုင်မှု အရိပ်အငွေ့တို့က ချန်းဖန် ၏မျက်ဝန်းထဲ ဖြတ်ပြေးသွားသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ ငါ.. ချန်းပေ့ရွှမ်းက မိုးကောင်းကင် စမ်းသပ် စစ်ဆေးမှုကြောင့် သေဆုံးသွားပြီး အတိတ်တုန်းက ငါ့ရဲ့ခန္ဓာကိုယ်မှာပဲ ပြန်ပြီး မွေးဖွားလာတယ်ပေါ့"

ချန်းဖန် တစ်နည်းအားဖြင့် ချန်းပေ့ရွှမ်းသည် ကြီးကျယ် ခမ်းနားလှသော ကျင့်ကြံသူ တစ်ယောက်ဖြစ်ခဲ့သည်။ 'ပေ့ရွှမ်း' ဆိုသည်က သူ့၏ ကျင့်ကြံခြင်း လောကက အမည်ဖြစ်ပြီး ချန်းဖန်နှင့် သူ့ဆရာတို့ ပထမဆုံး တွေ့ကြစဉ်က ချန်းဖန်၏ ဆရာကိုယ်တိုင် ပေးခဲ့ခြင်း ဖြစ်သည်။

ချန်းဖန်သည် စကြဝဋ္ဌာ အတွင်းရှိ ကြီးမြတ်သော ဂိုဏ်းကြီး ကိုးဂိုဏ်းအတွင်း တစ်ခု အပါအဝင်ဖြစ်သော 'အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း' ၏ လက်အောက်၌ နှစ်ပေါင်း ငါးရာကျော် ကျင့်ကြံခဲ့သည်။ ချန်းဖန်၏ ဆရာမှာ 'အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း' ၏ အကြီးအကဲများထဲမှ တစ်ဦးဖြစ်သော ထာဝရရှင်သန်သူ ထန်ချင်း ဖြစ်သည်။

ချန်းဖန်၏ သူမတူသော ထက်မြက်မှုနှင့် ပါရမီကြောင့် နှစ်ပေါင်းငါးရာ ကျင့်ကြံပြီးနောက် ကျင့်ကြံခြင်း လမ်းစဉ်၏ နောက်ဆုံးအဆင့် 'အတိဒုက္ခ' သို့ ရောက်ရှိခဲ့သည်။ ကျင့်ကြံခြင်း ဂိုဏ်းများအတွင်း လက်ရှိ မျိုးဆက်၌ နှစ် ရာဂဏန်းလေး လေ့ကျင့်ပြီး ထိုအဆင့်သို့ ရောက်နိုင်သူမှာ ချန်းဖန် တစ်ယောက်သာ ရှိသည်။

ချန်းဖန်သည် ကျင့်ကြံခဲ့သည့် နှစ်ပေါင်း ငါးရာအတွင်း သူ့အား စိန်ခေါ်လာသည့် မည်သူ့အရာ၊ မည်သည့်သူကိုမဆို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ပွဲတိုင်းကိုလည်း အနိုင်ရခဲ့သည်။ ချန်းဖန် ၏ မည်သူမှ မကျော်လွှားနိုင်သော ဂုဏ်သတင်းနှင့် အရည်အသွေးတို့ကြောင့် ကျင့်ကြံခြင်းလောက၌ ဘွဲ့အမည် တစ်ခု ရရှိလာခဲ့သည်။ 'မြောက်အရပ်၏ ဆန်းကြယ်သော ကောင်းကင်ဘုံ အရှင်သခင်' ဟူ၍။

[T/N အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်းက မြောက်အရပ်တွင် ရှိသောကြောင့် "မြောက်အရပ်၏.." ဟု ရည်ညွှန်းသည်။ ]

ချန်းဖန် ဘယ်လောက်ပဲ စွမ်းအားကြီးခဲ့ပါစေ၊ နောက်ဆုံး မိုးကောင်းကင် စမ်းသပ်စစ်ဆေးမှုတွင် ကျရှုံးခဲ့ရသည်။

သေခြင်းတရားက ချန်းဖန်၏ ရှေ့တည့်တည့်မှာ လာတံခါးမခေါက်ခင် အထိ ဘာက သူ့ကို ကျရှုံးစေခဲ့တာမှန်း ချန်းဖန် နားမလည်နိုင်သေး။ ချန်းဖန်၏ ဆောင်ပုဒ်သည် 'လျင်မြန်ပြီး ပြင်းထန်ရမည်' ဟူ၍ ဖြစ်ရာ သူ့၏ ကျင့်ကြံခြင်း လမ်းစဉ်တလျှောက် အဆင့်များကို ခပ်မြန်မြန် ချိုးဖျက်ခဲ့သည် ချည်းသာ ဖြစ်သည်။ သို့သော် ထိုအရာက နောင်တချိန်မှာ သူ့ရဲ့ အားနည်းချက် ဖြစ်လာမယ်မှန်း ချန်းဖန် မတွေးမိခဲ့ပေ။

ချန်းဖန်၏ စိတ် ဆုံးဖြတ်ချက်များနှင့် အာရုံစူးစိုက်မှု တစ်နည်း သူ၏ တာအို နှလုံးသားက သူ့စိတ်အနက်ရှိုင်းဆုံး တစ်နေရာတွင် ပုန်းခိုနေသော အတွင်း စိတ်ရိုင်းများနှင့် ရင်ဆိုင်ရချိန်၌ တစတစ ပြိုကွဲလာခဲ့သည်။

ကျင့်ကြံရာ၌ ချန်းဖန်၏ စိတ်စောမှုက အဆုံးသတ်မှာ သူ့အတွက် ကျရှုံးမှု ဖြစ်လာခဲ့သည်။ တတ်နိုင်သမျှ မြန်နိုင်ဖို့ ကြိုးစားရင်း မရေမတွက်နိုင်သော နောင်တနှင့် အမှားတို့ကို ဖြစ်ပေါ်စေခဲ့သည်။ အပြစ်ရှိသလို ခံစားလာရပြီး မိမိကိုယ်ကို မကျေမချမ်းဖြစ်မှုတို့က ချန်းဖန် ၏ စိတ်ကို တိုက်စားလာပြီး အတွင်းစိတ်ရိုင်းတို့၏ လှည့်စားမှုနှင့် ထင်ယောင်ထင်မှား ပုံရိပ်ယောင်တို့အား ကျော်လွှားနိုင်ခြင်း မရှိတော့။ ဒါက ချန်းဖန် မိုးကောင်းကင် စမ်းသပ်စစ်ဆေးမှုကို ကျရှုံးခဲ့ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။

ချန်းဖန် အတွင်း စိတ်ရိုင်းများနှင့် တိုက်ပွဲအား ပြန်လည် တွေးတောပြီး နောက်လက်ရှိ ဖြစ်ပျက်နေသည် များကို ဆန်းစစ်ရန် ကြိုးပမ်းလိုက်သည်။ သူစိုးရိမ်တာက နောက်ထပ် ပုံရိပ်ယောင် ကမ္ဘာထဲ ပိတ်မိသွားမှာကိုပင်။ အံ့သြဖို့ ကောင်းစွာပဲ ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း၌ သူ ကျင့်ကြံထားသမျှသော ဓမ္မစွမ်းအင်တွေ ၊ကိုယ်တွင်း စွမ်းအားတွေသာမက ကမ္ဘာဦး အဆီအနှစ်မှ စုပ်ယူထားသော စွမ်းအင်တွေပါ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။

"အာ.. ဒါက အတွင်းစိတ်ရိုင်းတွေရဲ့ လှည့်စားမှု ပုံရိပ်ယောင်ကမ္ဘာ မဟုတ်ဘူး ဒီတော့ ငါ တကယ်ကြီး ပြန်မွေးဖွား လာခဲ့တာပဲ!!"

ချန်းဖန်၏ မျက်ခုံးတွေက ကျေနပ်မှုကြောင့် တွန့်ကွေးသွားသည်။ မနက်ခင်း နေရောင်ခြည်က ကားမှန်ကို ဖြတ်၍ ချန်းဖန် ၏မျက်နှာပေါ် ကျရောက်လာသည်။

ချန်းဖန်  သေချာသိတာ တစ်ခုက အတွင်း စိတ်ရိုင်းတွေ၏ လှည့်ဖျားမှု ပုံရိပ်ယောင်များက မည်မျှ စစ်မှန်သည် ဆိုဦးတော့၊ သူ့လို ကောင်းကင်ဘုံ အရှင်သခင် တစ်ယောက်၏ စွမ်းအားများကို ဘာသဲလွန်စမှ မကျန်အောင်တော့ ဖုံးကွယ် မထားနိုင်ပေ။

"ငါ့ရဲ့ စွမ်းအားတွေကတော့ မရှိတော့ဘူး ဓမ္မစွမ်းအင်နဲ့ ကမ္ဘာဦး အဆီအနှစ်က စုပ်ယူထားတဲ့ စွမ်းအင်တွေ မပြောနဲ့ ကျင့်ကြံခြင်း စွမ်းအင်တွေနဲ့ ကျင့်ကြံခြင်း လမ်းစဉ်အပေါ် ငါ့ရဲ့ ဉာဏ်အလင်း တွေတောင် မရှိတော့ဘူး နှစ်ပေါင်းငါးရာလုံး စုဆောင်းထားတဲ့ မှော်ရတနာတွေဆို အဝေးကြီးမှာ ငါ့ခေါင်းထဲမှ ရှိနေသေးတဲ့ မရေမတွက်နိုင်တဲ့ မှတ်ဉာဏ်တွေကိုသာ ထည့်မတွက်ရင် ငါက အခုသာမန် လူတစ်ယောက်နဲ့ ထူးမခြားနားပဲ အားကောင်းမောင်းသန် လူတစ်ယောက်ကသာ အားထည့်ထည့်ပြီး တွန်းလိုက်ရင်တောင် လဲနိုင်တယ်"

ထို့နောက် အလိုလိုက်ခံထားရသော သူဌေးသား လူပေါ်ကြော့လေးကဲ့သို့ ဖြစ်နေသော ခပ်ပါးပါး ခန္ဓာကိုယ်ကို ကိုယ့်ဘာသာ ပြန်ငုံ့ကြည့်မိသည်။ ကျင့်ကြံခြင်း လမ်းစဉ်အား အစဦးဆုံးမှ ပြန်လည် ကျင့်ကြံရတော့မည် ဖြစ်သော်လည်း ချန်းဖန်က ဝမ်းနည်းမနေပါ။ စိတ်ပါလက်ပါပင် ရယ်လိုက်မိသေး၏။

"ဒီတော့ အရင်ဘဝက ကျင့်ကြံမှုတွေက အကုန် ပျက်စီးသွားပြီ ဆိုမှတော့ အစက ပြန်ကျင့်ကြံရုံပေါ့ ဒီတစ်ခေါက်မှာတော့ အရင်ကလို အလျင်မလိုတော့ဘူး အဆင့်တိုင်း အဆင့်တိုင်းကို ပြီးမြောက်ရုံတင် မကဘဲ လုံးဝ ပြည့်စုံ ကောင်းမွန်တဲ့အထိ ကျင့်ကြံရမယ်"

"ကမ္ဘာကြီးက ငါ့အပေါ် မမျှတရင် ငါကလည်း အထင်သေးခြင်းနဲ့ အရှက်ရခြင်း ဆိုတာတွေကို လူတိုင်းကို သိရစေမယ် အတိတ်က အမှားတွေဆီက ပြန်သင်ယူပြီး ဒီဘဝမှာတော့ ဘယ်လို နောင်တမျိုးကိုမှ ရဖို့ ခွင့်မပြုတော့ဘူး"

အရင် ဘဝတုန်းက များစွာသော နောင်တတွေ ချန်းဖန်၏ ဘဝမှာ ရှိခဲ့သည်။ သူ့စိတ်နဲ့ ခန္ဓာကို ကျင့်ကြံခြင်း လမ်းစဉ်မှာ နှစ်မြှုပ် ထားခဲ့သော်လည်း သူ့နှလုံးသားမှာ နောင်တတို့က ရှိနေဆဲပင်။

"အမေ၊ အဖေ၊ အမအန်း ပြီးတော့ ရှောင်ချုံး..ကိုယ်

ပြန်လာပြီ ဒီတစ်ခေါက်တော့ မင်းတို့အပေါ် ပျက်ကွက် ခဲ့တာတွေကို ကိုယ် ပြန်ပေးဆပ်မှာပါ"

ချန်းဖန်သည် 'စီကျွေးနယ်' ရှိ သာမန် မဆင်းရဲလွန်း၊ မချမ်းသာလွန်းသော မိသားစုမှ ဖြစ်သည်။ သူ့အဖေမှာ ချန်းကောရှင်းဖြစ်ပြီး 'ဟူတုန်းနယ်' ကျင်းမြို့မှ ဖြစ်ကာ သူ့အမေကတော့ ရန်ကျင်းမြို့၏ မိသားစုကြီးများ ထဲမှ တစ်စု၏သမီးဖြစ်သည်။

နှစ်ယောက်သားသည် ကောလိပ်ကျောင်း၌ ပညာသင်ရင်း တွေ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့သည်။ ချန်းဖန်အမေ၏ ဝမ့်မိသားစုကတော့ အပြင်းအထန် ကန့်ကွက်ခဲ့သည်။

လူ့အဖွဲ့အစည်းဘက်က ကြည့်လျှင်လည်း မိဘ သဘောမတူဘဲ လက်ထပ် ပေါင်းသင်းခြင်းက ရှုံ့ချစရာ ဖြစ်ခဲ့သည့်အပြင် ဝမ့်မိသားစုလို ဂုဏ်သတင်း ကြီးသော မိသားစု အနေနှင့်လည်း လက်မခံနိုင်စရာပင်။

လက်ထပ်မှုကို တားမရသည့် အဆုံး ချန်းဖန်၏ အဖိုးက သမီးဖြစ်သူကို စွန့်လွှတ်ကြောင်း ကြေငြာခဲ့သည်။ ချန်းဖန်၏ အမေ ဝမ့်ရှောင်ယွင်ကလည်း ဘာတစ်ခွန်းမှ မဆိုလည်း ခင်ပွန်းဖြစ်သူ နောက်ကိုသာ လိုက်ခဲ့

ပြီး 'ဟူတုန်းနယ်' တစ်နေရာတွင် အခြေချခဲ့သည်။

သို့သော်လည်း ချန်းကောရှင်းက ဝမ့်မိသားစု၏ လွှမ်းမိုးမှုတွေ ရှိနေသော 'ဟူတုန်းနယ်'တွင် မနေလိုသောကြောင့် 'စီကျွေးနယ်'သို့ ပြောင်းခဲ့ကာ အဆင့်နိမ့် အစိုးရဝန်ထမ်း အလုပ်တစ်ခု လုပ်ခဲ့သည်။

ဆယ်စုနှစ် တစ်ခုကြာတဲ့အထိ ချန်းကောရှင်းက ဝမ့်မိသားစုနှင့် ပတ်သက်ပြီး ဘာအကူအညီမှ မယူဘဲ အဆင့်နိမ့် ဝန်ထမ်းအဖြစ်မှ စီမံခန့်ခွဲရေးပိုင်း ရောက်သည်အထိ ကြိုးစားခဲ့သည်။ သို့သော် ထိုရာထူးက

ဝမ့်မိသားစု အနေနှင့် သူတို့သားမက် ဖြစ်လာမည့် သူအပေါ် သတ်မှတ်ထားသည့် စံချိန်ကိုတော့ မမီသေးပေ။

ချန်းဖန်ကို မွေးပြီးသည့် နောက်တစ်ခုသော တရုတ်

နှစ်သစ်ကူးမှာတော့ ဝမ့်မိသားစုက ချန်းဖန်တို့ကို အိမ်တော်သို့ အလည်လာရန် ပြောခဲ့သည်။ သို့်သော်

ငယ်ရွယ်သည့် လူငယ်မောင်နှံလေးနှင့် ကလေးငယ်လေးအား ဝမ့်မိသားစုတွင် စောင့်ကြိုနေသည်က အထင်သေးခြင်းနှင့် လှောင်ပြောင် ကဲ့ရဲ့ခြင်းတို့သာ။

ဝမ့်မိသားစု တစ်စုလုံးက ချန်းဖန်၏ အဖေနှင့် အမေသည် ဝမ့်မိသားစုအတွက် သိက္ခာကျစရာ တစ်ခုဟု မြင်ကြသည်။ ဝမ့်မိသားစု ခေါင်းဆောင်အားလည်း သွေးထိုးကာ ချန်းဖန်သည် ဝမ့်မိသားစုအား အရှက်ရစေရန် သက်သက် မွေးဖွားလာသူ ဟူ၍ ပြောဆိုကြသည်။

ခါးသီးသော အတိတ်မှတ်ဉာဏ် တချို့ကြောင့် ချန်းဖန်၏ နှုတ်ခမ်းပါးတို့က လှောင်ပြောင်ရိပ် သန်းစွာ ပြုံးမိသွားသည်။

"ငါလောင်းရဲတယ် ဝမ့်ချန် ငါအနာဂတ်ကနေ အခုလို ပြန်လာခဲ့လိမ့်မယ်လို့ မင်း လုံးဝ ထင်ခဲ့မှာ မဟုတ်ဘူး!!"

"ငါ့ရဲ့ မိသားစုက မင်းနဲ့ မင်းမိသားစုဝင်တွေကို စိတ်ကျေနပ်စေဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ ဒါပေမဲ့ အဆုံးမှာတော့ မင်းတို့ မျက်လုံးထဲမှာ ငါတို့က သုံးစားမရတဲ့ ပိုးကောင်တွေ သာသာပါပဲ"

"ငါ့အမေက ငယ်ငယ်ကတည်းက ချမ်းချမ်းသာသာ ကြီးပြင်းခဲ့ရတဲ့ မမလေး တစ်ယောက်ဆိုတော့ အထင်သေးခံရခြင်း ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်နိုင်ခဲ့ဘူး အဲ့ဒါ့ကြောင့်ပဲ သူအရမ်းကို ကြိုးစားခဲ့တယ် နောက်ဆုံးတော့ သူမ ဘာပြန်ရခဲ့လဲ ဘာမှကို မရခဲ့ဘူးလေ"

"အခုတော့ ငါက သာမန်ကောင်လေး တစ်ယောက်ပဲဆိုပေမဲ့ ငါကျိန်ဆိုတယ် ငါ့စွမ်းအားတွေ ပြန်ရလာတဲ့ တစ်နေ့ကျရင် မင်းရဲ့အိမ်တံခါး ငါကိုယ်တိုင် လာခေါက်လှည့်မယ် အဲဒီအချိန်ကျမှ အထင်သေးခံရတဲ့ ခံစားချက်က ဘာလဲဆိုတာရယ် သုံးစားမရတဲ့ ပိုးကောင်လေးတွေကို ဘယ်လို နင်းချေပစ်ရလဲ ဆိုတာ ငါကိုယ်တိုင် မင်းကို သေချာပြပေးမယ်"

ဝမ်ဝမ့်ချန်က ချန်းဖန်၏ ဝမ်းကွဲအစ်ကို ဖြစ်ပြီး ကြီးမြတ်သော ဝမ့်အိမ်တော်ကြီး၏ မျက်နှာသာ အပေးခံရဆုံး သခင်လေးဆိုလည်း မမှားပေ။ ချန်းဖန်၏ အတိတ်ဘဝတုန်းက ဝမ့်ချန်ကို အမီလိုက်ဖို့ သေလောက်အောင် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရမြဲသာ။ သူနှင့် ဝမ့်ချန်ကြားက ကွာဟချက်ကြီးက ဟပ်စပ်လို့ မရလောက်အောင်ပင်။

နောက်ဆုံးအကြိမ် ဝမ့်အိမ်က ဧည့်သည်တွေကို ချန်းဖန် တွေ့ခဲ့ရတာက သူ့အမေ၏ ဈာပနတွင် ဖြစ်သည်။

ဝမ့်မိသားစု အတွက်တော့ သူ့အမေ၏ သေဆုံးမှုက အရေးစိုက်စရာ မဟုတ်သလိုပင်။ လူငယ်မျိုးဆက် သုံးယောက်ကိုသာ ဝတ်ကျေတန်းကျေ လွှတ်ခဲ့ပြီး လူကြီးများထဲမှ တစ်ယောက်မှ ရောက်မလာခဲ့။ သွေးရင်းတွေ ဖြစ်သော သူ့အဖိုး၊ အဖွား၊ ဦးလေး ဘယ်သယမှ ရောက်မလာခဲ့ပေ။

ထိုအချိန်က ရောက်လာခဲ့သော လူငယ်မျိုးဆက် သုံးယောက်ထဲမှ တစ်ယောက်က ဝမ့်ချန်ဖြစ်သည်။ ဝမ့်ချန်သည် သူ့အတွက် ကော်ဇောနီ ခင်းပေးထားသော လမ်းကို လျှောက်လာသကဲ့သို့ ကြော့မော့စွာနှင့်

ကပ်ဖားရပ်ဖား လူတစ်ခု ခြံရံလျက် လျှောက်လာသည်မှာ အဒေါ်ဖြစ်သူ၏ သေဆုံးမှုကို သတိပင် မမူမိဟန် ရသည်။

ဝမ့်ချန်ကား ကျော်ကြားသော သခင်လေး ဖြစ်သည့်အလျောက် သွားသည့် နေရာတိုင်း အလေးပေး ဆက်ဆံခံရလေတော့ သူရောက်နေသည့် နေရာနှင့် အခြေအနေကို မေ့လျော့သွားဟန် ရှိသည်။

မှတ်ဉာဏ်တို့က နှစ်ငါးရာကျော်ခဲ့ပြီ ဖြစ်သော်လည်း ရှင်းလင်းပြတ်သား နေဆဲပင်။ ဝမ့်မိသားစုအပေါ် ချန်းဖန်၏ မုန်းတီးမှုတို့က နောက်ပိုင်း ချန်းဖန် ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်ရာတွင် အနည်းနှင့် အများတော့ အနှောင့်အယှက် ဖြစ်ခဲ့သည်။

အတိတ်၏လွှမ်းမိုးမှုမှ မရုန်းထွက်နိုင်လျှင် အဆင့်တက်ရာ၌ အတွင်းစိတ်ရိုင်းတို့၏ တိုက်ခိုက်မှုတို့အား ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ အမှားသေးသေးလေး တစ်ခုက နှစ်တထောင်စာလောက် ကျင့်ကြံထားသမျှကို ပျက်စီးသွားစေနိုင်သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ အတိတ်မှာ မှားခဲ့တာတွေလည်း ရှိပါစေတော့ လောလောဆယ် သေချာတာကတော့ ရှန်းကျွင်းဝမ် ရဲ့ မိသားစု အခြေအနေက ဒီအချိန်လောက်ဆို ချူကျိုးမြို့ကို မရောက်လောက်သေးဘူး"

ပြတင်းပေါက်မှ တဆင့် ရင်းနှီးခဲ့ဖူးသော ချူကျိုးမြို့၏ ရှုခင်းတို့ကို ငေးရင်း ချန်းဖန်၏ နှလုံးသားက တသသ လွမ်းဆွတ်မှုတို့နှင့် ပြည့်နှက်လာသည်။

ရှန်းကျွင်းဝမ် အကြောင်း တွေးလိုက်မိသည်နှင့် တစ်ဆက်တည်းမှာပဲ ရှောင်ချုံးကိုပါ သတိရစေသည်။

ရှောင်ချုံး.. အဲဒီမိန်းကလေးကို ချန်းဖန် ချစ်ခဲ့သည်။ သူမကလည်း သူ့ကို ချစ်ခဲ့သည်။ သို့သော် အချစ် ဇာတ်လမ်းလေးက ပျော်ပျော်ရွှင်ရွှင်  အဆုံးသတ်ခဲ့သည်တော့မဟုတ်။ နောက်ပိုင်းမှာ သူမအပေါ် သူထားရှိသည့် အချစ်တို့က စွဲလမ်းမှုအဖြစ် ပြောင်းလဲပြီး ကျင့်ကြံခြင်း လမ်းစဉ်ကိုပါ အဆုံးသတ်စေခဲ့သည့် အထိပင်။

အတိတ်ဘဝက ချန်းဖန် အတွင်း စိတ်ရိုင်းတို့နှင့် တိုက်ခိုက်ခဲ့ရစဉ်က ရှောင်ချုံး၏ ပုံရိပ်လေးကို သူမြင်ခဲ့သည်။

သူမ၏ မျက်နှာလေးအား ဖျတ်ခနဲ တစ်ကြိမ်လောက် မြင်ရခြင်းက ပင်ချန်းဖန်၏ ခုခံမှု အားလုံးအား အရာမဝင် ဖြစ်စေသည်။

"ရှန်းကျွင်းဝမ်!! မင်းက ငါ့ဘဝ၊ ငါ့အချစ်အားလုံးကို ဖျက်ဆီးခဲ့တယ် မင်းကတော့ ထိုင်ခုံပေါ် အခန့်သားထိုင်ပြီး ငါ့ကို 'စီကျွေးနယ်' ကို ပြန်ဖို့ ပြောနေတဲ့ အချိန် ငါကတော့ ဒဏ်ရာဗရဗွနဲ့ လမ်းဘေးခွေး တစ်ကောင်လို ဖြစ်နေခဲ့တယ်"

အတိတ်၏ မှတ်ဉာဏ်တို့က ချန်းဖန်၏ သွေးတို့အား ဆူပွက်စေပြီး သူ့မျက်လုံးတို့က ဒေါသကြောင့် တလက်လက် စူးရှလာသည်။

ရှန်းကျွင်းဝမ် သည် 'ဝမ်ရုန် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီအုပ်စု' ၏ဒါရိုက်တာဖြစ်ပြီး ဟူတုန်းနယ်၏ အချမ်းသာဆုံး မိသားစုမှ သခင်လေးလည်း ဖြစ်သည်။

ရှန်းကျွင်းဝမ် သည် ချန်းဖန်ထံမှ ဖန့်ချုံးကို ခိုးယူသွားသည် သာမကာဘဲ ချန်းဖန်အမေ၏ ကုမ္ပဏီကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။

[T/N ချန်းဖန် ကောင်မလေး နာမည်က ဖန့်ချုံး ဆိုပေမဲ့ ချန်းဖန်က ချစ်စနိုးနဲ့ ရှောင်ချုံး(ချုံးလေး) ဟု ခေါ်ခြင်း ဖြစ်သည်။ ]

"ရှောင်ချုံးနဲ့ ငါက အချင်းချင်း ချစ်ခဲ့ကြပေမဲ့ မင်းက ကြားထဲကို ဝင်လာပြီး သူမရဲ့ မိသားစုနဲ့ ငါ့ကြားထဲကို သွေးထိုးခဲ့တယ် ငါ့ကိုပါ ဖိအားပေးပြီး ရှောင်ချုံးကို စွန့်လွှတ်ခိုင်းတယ်"

"နောက်ဆုံး တစ်ခေါက် ငါရှောင်ချုံးနဲ့ တွေ့ခွင့်ရတော့ ကြားခဲ့ရတာက သူမက မင်းနဲ့ စေ့စပ်တော့မယ်တဲ့ အဲဒီအချိန်က ခံစားခဲ့ရတဲ့ နာကျင်မှုက ပြန်တောင် မတွေးချင်မိလောက်အောင်ပဲ ဒီဘဝမှာတော့ မင်းကို အဲဒီထက် ဆယ်ဆမက ပြန်ခံစားစေရမယ် လို့ ငါကတိပေးတယ်"

"အဲဒီတုန်းက ဆရာထန်ချင်းကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ စိတ်ပျက်စရာ ဘဝကြီးက တိုက်ခန်း ခေါင်မိုးပေါ်က ခုန်ချပြီး အဆုံးသတ် သွားလောက်ပြီ"

ချန်းဖန် တီးတိုး ရေရွတ် လိုက်မိသည်။

ထို့နောက် ချန်းဖန်၏ နှုတ်ဖျားမှ ထွက်လာသမျှ စကားလုံးတိုင်းသည် နားထောင်မိသူတိုင်းအား အရိုးထဲထိပင် စိမ့်တက် သွားစေလောက်သည့် ချောက်ချားမှု တစ်မျိုးကို ခံစားသွားရစေသည်။

"ငါ့ဘဝကြီးကို ငါ အဆုံးသတ် ပစ်ချင်ရလောက်အောင် ခံစားခဲ့ရတဲ့ အဲဒီအခိုက်အတန့်ကို နှစ်ပေါင်း ရာကျော်တာတောင် မမေ့နိုင်သေးဘူး အဲဒီနေ့မှာပဲ ချန်းဖန်ဟာသေဆုံးသွားခဲ့ပြီး ချန်းပေ့ရွှမ်း အဖြစ် ငါ့ဘဝကို အသစ် စတင်ခဲ့တယ်"

"ကျေးဇူးတင်စရာ ကောင်းတာ တစ်ခုက မင်းအပေါ် ထားတဲ့ ဒေါသနဲ့ မခံချင်စိတ်တွေကြောင့်ပဲ ကျင့်ကြံခြင်း အပေါ်ကို အာရုံ စူးစိုက်နိုင်ခဲ့ပြီး တိုးတက်နှုန်းကလည်း အရမ်းကို မြန်ခဲ့တယ် "

ချန်းဖန်၏ နှုတ်ခမ်းပါးတို့က နတ်ဆိုးဆန်စွာ တစ်ချက်တွန့်ကွေးသွားသည်။

ချန်းဖန် တစ်ယောက် အလဲလဲအကွဲကွဲနှင့် အရှုံးသမား ဖြစ်နေချိန်မှာ ရှန်းကျွင်းဝမ်ကတော့ အောင်မြင်မှုတွေကြား မွေ့ပျော်နေခဲ့သည်။

ရှန်းမိသားစုကလည်း ချန်းဖန်အမေ၏ ကုမ္ပဏီကို ဖျက်ဆီးခဲ့ခြင်းဖြင့် ချန်းဖန်အမေ၏ သေဆုံးမှုတွင် တစ်မျိုးတစ်ဖုံ ပါဝင် ပတ်သက်နေသည်။ တစ်နည်းဆိုရသော် အတိတ်ဘဝ၏ ချန်းဖန်၏ စိတ်ပျက်စရာ ဆုံးရှုံးမှု အားလုံးသည် ရှန်းကျွင်းဝမ်နှင့် သူ့မိသားစုကြောင့်သာ။

"ရှန်းကျွင်းဝမ် ဖန့်မိသားစု ဝမ့်မိသားစု ပြီးတော့ ဝမ့်ချန် ငါခံစားခဲ့ရသမျှ အားလုံးကို မင်းတို့ အားလုံး တစ်ထပ်တည်း ပြန် ခံစားစေရမယ်လို့ ငါကျိန်ဆိုတယ်"

နှစ်ငါးရာကျော် ဖြတ်သန်းပြီးနောက် ချန်းဖန် အနေနှင့် အမှားတို့ကို အမှန်ပြန်ပြင်ရန် မစောင့်နိုင်တော့ပေ။ ပြတင်းပေါက်ကို ငေးနေသော ချန်းဖန်၏ မျက်လုံးတို့တွင် စာလုံးတစ်လုံးကသာ ထင်ဟပ်လို့နေသည်။

"ဒဏ် ခတ် ခြင်း"

***

All Chapters