← Chapters

ကျန်းချူယန်

Vol. 1 Ch. 2

ကျန်းချူယန်

Vol. 1 Ch. 2

ရုတ်တရက် ကျယ်လောင်သော ဖုန်းမြည်သံတစ်ခုက ချန်းဖန်အား အတွေးကမ္ဘာထဲမှ လှုပ်နှိုးလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်ရှိ ခေါ်သူအမည်ကို ချန်းဖန် တစ်ချက် ကြည့်လိုက်သည်။

"အမေ"

"ဟယ်လို ရှောင်ဖန်သား အခု ချူကျိုးမှတ်တိုင်ကို ရောက်ပြီလား အဲဒီမှာ အန်တီထန် သားကို စောင့်နေလိမ့်မယ် သား အဲဒီမှာနေဖို့ တိုက်ခန်းတစ်ခု ရှာပေးဖို့ သူ့ကို အမေ ပြောထားတယ် ပြီးတော့ သားကို နည်းနည်းပါးပါး ကြည့်ရှုပေးဖို့ ရောပေါ့ အဝေးကို ပို့ပြီး ကျောင်းတက်ခိုင်းလို့ အမေ့ကို အပြစ်တင်မနေနဲ့ဦးနော် သား အဆင့်တွေ ကျောင်းမှာ ဘယ်လောက်တောင် ဆိုးနေလဲ ကိုယ့်ကိုယ်ကိုယ်လည်း သိမှာပါ တကယ်လို့ အခုချိန်မှာ သား မကြိုးစားရင် တက္ကသိုလ် ကောင်းကောင်း တက်ခွင့်ရတော့မှာ မဟုတ်ဘူးလေ အဲ့တာကြောင့် သားကို ချူကျိုးမြို့က အကောင်းဆုံး အထက်တန်းကျောင်းမှာ တက်ခိုင်းဖို့ အမေ ဆုံးဖြတ်လိုက်တာ ချူကျိုးမှာနေတုန်း အန်တီထန့် စကားကို နားထောင်ရမယ်နော် အမေပြောတာ ကြားလား သားလေး အန်တီထန်က အမေ အရင် ချူကျိုးမှာ နေခဲ့တုန်းက စီးပွားဖက် တစ်ယောက်ပဲ တကယ် စိတ်ကောင်း ရှိတဲ့သူ"

နှစ်ရာပေါင်း များစွာ ကြာမှ အမေဖြစ်သူ၏ နွေးထွေးသော အသံလေးကို ပြန်ကြားခွင့်ရသောကြောင့် ချန်းဖန်၏ မျက်ဝန်းထောင့်၌ မျက်ရည်စတချို့ ရစ်ဝဲလာသည်။

"အမေ ကျွန်တော်သိပါတယ် ကျွန်တော် သေချာ ကြိုးစားမှာပါ စိတ်မပူပါနဲ့ကျွန်တော် ကတိပေးတယ်"

မျက်ရည်တို့ကို သုတ်လိုက်ရင်း တောက်ပစွာ ပြုံး၍ ချန်းဖန် ပြန်ဖြေလိုက်သည်။

ချန်းဖန်၏ အမေသည်ကား 'အလုပ်ကြိုးစားသူ' ဟူသော ဖော်ပြချက်ထက်ပင် ပိုအောင် လွန်စွာ အလုပ်ကြိုးစားသူ ဖြစ်သည်။ ဝမ့်မိသားစုမှ ပစ်ပယ်ခြင်း ခံရပြီးနောက် မခံချင်စိတ်နှင့် ပိုကြိုးစားခဲ့သည်။ ချန်းဖန်၏ အမ ချန်းအန်းရာအား မြို့ကြီးပြကြီး တစ်ခုဖြစ်သော ကျုံးဟိုင်မြို့သို့ စေလွှတ်ကာ 'စပန်ဒေါလ် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း' ကို တည်ထောင်ခဲ့သည်။ ချန်းဖန် တက္ကသိုလ်သို့ ရောက်ခဲ့ချိန်မှာတော့ 'စပန်ဒေါလ်' လုပ်ငန်းစုက ကျုံးဟိုင်မြို့၌ အောင်မြင်လျက်ရှိပြီ ဖြစ်သည်။

ချန်းဖန်သည် အမေဖြစ်သူနှင့် ပတ်သက်ပြီး များစွာ တာဝန်မကျေခဲ့သလို ခံစားရသည်။ အတိတ်ဘဝကလည်း သူမ ကားအက်စီးဒန့်ကြောင့် ဆုံးပါးသွားကာမှ သူမက သူ့အတွက် မည်မျှအရေးပါမှန်း နားလည်ရခဲ့ရတာပင်။

ချန်းဖန်တို့ မိသားစုတွင် အမေကသာ တစ်မိသားစုလုံး၏ ကျောရိုးလို ဖြစ်ခဲ့သည်။ ချန်းဖန် မှတ်မိနေသေးသည်။ အမေ ဆုံးပါးသွားခဲ့သည့် နေ့က ချန်းဖန်၏ အဖေ ချန်းကောရှင်း တစ်ယောက် စိတ်၏ ဖိစီးမှုကြောင့် ညတွင်းချင်းပင် ဆံပင်များ ဖြူသွားခဲ့ရသည်။

"အာ ..  သားကို ပြောဖို့ မေ့နေတာ အန်တီထန့်မှာ သားနဲ့ ရွယ်တူ သမီးလေး တစ်ယောက်ရှိတယ် ကျန်းချူယန်တဲ့ အဲ့ကလေးမလေးက စာအရမ်းတော်တာ ကျောင်းမှာဆို အဆင့် A အမြဲရတယ်တဲ့ ပြီးတော့ အန်တီထန်က သားတို့နှစ်ယောက်ကို နေရာချထားပေးချင်နေတာလေ အဲဒါကြောင့် သားကို အမေက စာကြိုးစားဖို့ ပြောနေရတာ.."

ဝမ့်ရှောင်ယွင်က ရယ်ရင်း ပြောသည်။

ချန်းဖန်ကတော့ သူ့အမေ၏ စကားကို ကြားပြီးနောက် စိတ်ထဲကနေ ဟားတိုက်လိုက်မိသည်။ အာရှတိုက်မှာ နေတဲ့ ဘယ်လိုအမေမျိုးက သူတို့ရဲ့ အဖိုးတန် သမီးလေးကို အထက်တန်း ကျောင်းမှာတည်းက ဒိတ်ဖို့ ခွင့်ပြုမှာတဲ့လဲ။

ချန်းဖန် ခဏမျှ တွေးတောပြီး နောက်ပြန်ပြောလိုက်သည်။

"အမေ မစိုးရိမ်ပါနဲ့ ကျွန်တော် စာကြိုးစားမှာပါ အမေသာ ကျွန်တော့်ကို ကတိပေး ကျုံးဟိုင်မှာ နေတုန်း ကိုယ့်ကျန်းမာရေး ကိုယ် ဂရုစိုက်ပါမယ်လို့ အထူးသဖြင့် ကားမောင်းတာ မမက အခု ကားမောင်းလိုင်စင် ရတော့မှာမလား အမေ ကား မမောင်းနဲ့တော့လေ မမကိုပဲ မောင်းခိုင်း ကျွန်တော် အမေ့ကို စိတ်မချဘူး"

"ဟုတ်ပါပြီ အရွယ်လေး ရောက်လာတော့ အမေကို ပြန် ဆရာလုပ်ချင်နေပြီပေါ့လေ ကဲ ကဲ အမေ အခုသွားရတော့မယ် သား ဘဏ်အကောင့်ထဲကို အမေပိုက်ဆံလွှဲပေးထားတယ် လိုတာကိုသုံး ဖြုန်းတော့ မပစ်ရဘူးနော် ဟုတ်ပြီလား အမေသွားပြီ"

ထို့နောက် ဖုန်းချသွားလေသည်။

ချန်းအန်းရာ..။

အမဖြစ်သူ၏ အကြောင်း တွေးမိသွားသည်နှင့် ချန်းဖန်၏ နှလုံးသားမှာ နာကျင်လို့ သွားသည်။ သူ၏ အတိတ်ဘဝ၌ ရှောင်ချုံးပြီးလျှင် သူ အကြွေးအများဆုံး တင်ခဲ့သူများမှာ သူ့အမေ နှင့်အမဖြစ်သူပင်။

အတိတ်၏ အတွေးများထဲ နစ်မြုပ်နေစဉ်မှာပဲ ဘတ်စ်ကားကတော့ ဦးတည်ရာကို ရောက်ရှိလာပြီဖြစ်သည်။ ကားပြတင်းပေါက်မှ တဆင့် လူများစွာတို့ သက်ဝင် လှုပ်ရှား သွားလာနေသည်ကို ကြည့်ရင်း ချန်းဖန်၏ အတွေးတို့က လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာသည်။ သူ ပြန်လာနိုင်ခဲ့ပြီ.. အခုချိန်မှာ သူက ၁၇နှစ် အရွယ်သာလျှင် ရှိသေးသည်။ အရာအားလုံးကို ပြုပြင် ပြောင်းလဲပစ်ဖို့ အခွင့်အရေး ရှိနေသေးသည်။

"ဘဝသစ် တစ်ခု.. မှတ်တမ်းသစ် တစ်ခု"

ချန်းဖန် မသဲမကွဲ ပြုံးလိုက်ပြီး လူအုပ်ကြီး၏ နောက်မှ လိုက်၍ ထွက်ပေါက် ရှိရာသို့ လျှောက်ခဲ့တော့သည်။

ထိုအချိန်မှာပဲ ချူကျိုး ဘတ်စ်ကားဂိတ်၏ ထွက်ပေါက်အနားရှိ တစ်နေရာတွင်တော့ တစုံတရာက လူအုပ်ကြီး၏ အာရုံကို ဖမ်းစားလို့ ထားသည်။ ပြည်ပမှ ဝင်သော အနီရောင် Audi A6 အသစ်စက်စက်လေး တစ်စီးပင်။

၂၀၀၇ ခုနစ်လောက်က Audi A6တစ်စီး၏ တန်ဖိုးမှာ အနည်းဆုံး ယွမ်၇သိန်းခန့် ရှိရာ သေချာပေါက် ဇိမ်ခံရန် သက်သက် ဝယ်ယူမောင်းနှင်ကြခြင်းပင် ဖြစ်ပေမည်။ သို့သော်လည်း လူအုပ်ကြီး၏ အဓိက အာရုံစိုက်ခြင်း ခံနေရသည်မှာ ကားရှေ့တွင် မတ်တပ်ရပ်လျက် ရှိသော အမျိုးသမီး နှစ်ယောက်သို့ ဆိုလျှင် ပိုမှန်ပေမည်။

နှစ်ယောက်ထဲက တစ်ယောက်မှာ အသက် သုံးဆယ်ခန့်ရှိပြီး အဖြူရောင်အင်္ကျီနှင့် အနက်ရောင် စကပ်ရှည်ကို ဖက်ရှင်ကျစွာ တွဲဖက် ဝတ်ဆင်ထားပြီး နုပျိုလှသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် ထိုအမျိုးသမီးမှာ အထက်တန်းလွှာ မိသားစုက ဖြစ်မည်မှန်း လူတိုင်း ခန့်မှန်းနိုင်မည်ပင်။

နောက်တစ်ယောက်ကတော့ ဆယ့်ခြောက်နှစ် သာသာလောက်သာ ရှိမည့်ပုံပေါ်ပြီး အရပ်ရှည်ရှည်နှင့် ချောမောလှပသော မမလေးတစ်ယောက်၏ အသွင်အပြင်အပြည့်နှင့် ဖြစ်သည်။ ငယ်ဂုဏ်ကြောင့် ပထမ အမျိုးသမီးထက်ပင် နုရွ လှပနေပြီး ဆူးအပြည့်နှင့် နှင်းဆီပွင့်လေး လိုပင်။

ထိုနှစ်ယောက်မှာ အခြား မဟုတ်။

ချန်းဖန်ကို စောင့်နေကြသော အန်တီထန်နှင့် သမီးဖြစ်သူ ကျန်းချူယန်တို့ ပါပင်။

ကျန်းချူယန်က ဘတ်စ်ကားဂိတ်၏ ထွက်ပေါက်သို့ လှမ်းမျှော်ကြည့်ရင်း မျက်မှောင်ကျုံ့ကာ ပြောလာသည်။

"အမေ သူက ဘယ်အချိန်မှ ရောက်မှာလဲ အမေ သူ့ကို ဖုန်းခေါ်ကြည့်ပါလား"

သူမက စိတ်မရှည်စွာ ပြောသည်။

"အမေတို့ စောင့်နေတာ အခုမှ ဆယ်မိနစ်လောက်ပဲ ရှိသေးတယ်လေ ယန်ယန်ရယ်"

အန်တီထန်က ငြင်းဆိုသည့် အနေနှင့် ပြန်ပြောသည်။

ဝမ့်ရှောင်ယွင်နှင့် အန်တီထန်တို့က ချူကျိုးမြို့တွင် ချန်းဖန်တို့ နေခဲ့စဉ် ကတည်းက အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြသည်။

ဝမ့်ရှောင်ယွင်က အန်တီထန့်ကို ယုံကြည်တာကြောင့် အန်တီထန်ကလည်း ဝမ့်ရှောင်ယွင်၏ သားဖြစ်သူ ချန်းဖန်ကို အကောင်းဆုံး စောင့်ရှောက်ပေးချင်နေခြင်း ဖြစ်သည်။

"ချန်းဖန်က တကယ် ရည်မွန်တဲ့လူငယ်လေး သူ့ကို ကောင်းကောင်း ဆက်ဆံနော်! နောက်ဆို သမီးတို့က အတန်းဖော်တွေ ဖြစ်ချင်ဖြစ်လာမှာ ပြီးတော့ ချန်းဖန်လေးက တခြားမြို့မှာ ကျောင်းလာတက်ရတာဆိုတော့ ဒီမြို့နဲ့လည်း ရင်းနှီးဦးမှာ မဟုတ်ဘူး သမီးက သူ့ကို ဂရုစိုက်ပေးရမယ်"

"သိပါတယ် အမေရယ်!! အမေ အဲဒီအကြောင်းကိုပဲ ထပ်ကာထပ်ကာ ပြောနေတာ အခုဆို ဆယ့်သုံးခေါက်လောက် ရှိနေပြီ"

ကျန်းချူယန်က မကျေမနပ် ငြီးငြူလာသည်။

ဘာမဟုတ်တဲ့ တောသား တစ်ယောက်ကြောင့်နဲ့ သူမမှာ နွေပူပူ နေ့လည်ခင်းကြီး ဘတ်စ်ကားဂိတ်ရှေ့မှာ အချိန်ဖြုန်းပြီး လာစောင့်နေရသည်။ အရင်လိုသာဆို အခုချိန် သူမ သူငယ်ချင်းတွေနှင့် စတားဘတ် ကော်ဖီဆိုင်မှာ သွားထိုင်ပြီး လာတေးလေး တစ်ခွက်နဲ့ သာယာနေလောက်ပြီ။ အခုတော့ ဒီနေရာကြီးမှာ ရပ်စောင့်နေရသည်။ ဘယ်လောက် စိတ်ပျက်စရာ ကောင်းလိုက်သလဲလို့!!!။

ပိုဆိုးတာက သူမအမေ၏ ထိုတောသားနှင့် သူမကို လက်ထပ် ပေးချင်နေသည့် အရိပ်အယောင်တို့ကို မြင်နေရတာပင်။

ထိုစဉ်မှာပဲ သူမအမေအား တစ်စုံတစ်ယောက်ကစကားလှမ်းပြောသည်ကို ကြားလိုက်ရလေသည်။

"အန်တီထန် ထင်တယ် တောင်းပန်ပါတယ် ကျွန်တော့်ကြောင့် နေပူပူကြီးထဲ စောင့်နေစေမိပြီ"

စကားပြောလာသူ ကောင်လေးက ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လာပြီး သိမ်မွေ့လှသော အပြုံးတစ်ခုက ထိုကောင်လေး၏ နှုတ်ခမ်းပါးများ ပေါ်တွင် ရှိနေသည်။

"ဒါက ချန်းဖန်လား"

သူမ အမေနောက်မှာ ရပ်နေရင်း ကျန်းချူယန် တစ်ယောက် ချန်းဖန်ကို ခေါင်းစခြေအဆုံး အကဲခတ်နေမိသည်။

ချန်းဖန်က အရပ် 5ပေ 7လက်မလောက် ရှိသည်။ ပုံသွင်းထားသော ခပ်ပွပွဆံပင်တို့က နဖူးပြင်ပေါ် ဝဲကျကာ အုပ်နေသော်လည်း ချန်းဖန်၏ ရုပ်ရည်နှင့် ပတ်သက်ပြီး သူမပြောနိုင်တာ တစ်ခုက 'အလွန် ချောမောလှသည်' ဆိုတာပင်။

သို့သော်လည်း ချန်းဖန် ဝတ်ထားသော အဝတ်အစားတို့ပေါ် အကဲခတ်မိချိန်မှာတော့ သူမ မနေနိုင်စွာ နှာခေါင်း တစ်ချက် ရှုံမိသည်။ 'ဒီကောင့်ရဲ့ ဖက်ရှင် အမြင်ကတော့ မေးခွန်း ထုတ်စရာပဲ'။

နောက်ဆုံးတော့ သူမ အသာအယာ ခေါင်းယမ်း လိုက်မိသည်။ သူမ အထင်ကြီးတာ စောသွားတာပဲ။ သေချာတာကတော့ ချန်းဖန်သည် လီရီချန်းလောက် မမိုက် ဆိုတာပင်။

လီရီချန်းက သူမ၏ ကျောင်းက အတန်းဖော်ဖြစ်ပြီး ကျောင်းသား သမဂ္ဂ၏ ဥက္ကဌလည်းဖြစ်သည်။ လီရီချန်း၏ အဖေက ချူကျိုးမြို့ လက်ထောက်မြို့တော်ဝန် ဖြစ်ရာ လီရီချန်းက ဥစ္စာပေါ၊ ရုပ်ချော နောက်ခံ တောင့်တင်းသူ ဖြစ်သည်။ ထို့ပြင် လီရီချန်းနှင့် သူမက အချင်းချင်း သဘောကျသလိုလို အနေအထားတွင် ရှိနေပြီး စ်တကျောင်းလုံးက သူမတို့ နှစ်ယောက်အား အတွဲအဖြစ် ယူဆ ထားကြသည်။

အန်တီထန် ကတော့ ချန်းဖန်၏ ယဉ်ကျေးမှု ရှိပုံကို ကြည့်ကာ တပြုံးပြုံးနှင့် ကျေနပ်လို့ နေသည်။

"ရှောင်ဖန် ဒါက အန်တီ့ရဲ့ သမီးလေးလေ ကျန်းချူယန်တဲ့ ယန်ယန်ကလည်း ဒီနှစ် အထက်တန်း နောက်ဆုံးနှစ် တက်ရမှာလေ သားတို့က အတန်းဖော် တွေတောင် ဖြစ်ရင် ဖြစ်လာကြမှာ ဒါပေမဲ့ ယန်ယန်က သားထက် သုံးလ ငယ်တယ် ဒီတော့ သား သူ့ကို ယန်ယန်လို့ ခေါ်လို့ရတယ် ကျောင်းမှာလည်း ယန်ယန့်ကို အန်တီ့အစား ဂရုစိုက်ပေးပေါ့ ဘယ်လိုလဲ"

ချန်းဖန်က ပြုံးရင်း ခေါင်းငြိမ့်လိုက်သည်။

"စိတ်ချပါ အန်တီထန် ကျွန်တော့်ရဲ့ ညီမအရင်းလေးလို စောင့်ရှောက်ပေးမှာပါ"

ထို့နောက် ချန်းဖန်လည်း အတိတ်ဘဝက သူသဘောကျခဲ့ဖူး၊ မုန်းခဲ့ဖူးသည့် မိန်းကလေးထံသို့ လှည့်ကြည့်လိုက်ပါသည်။ သူမအမည်က ကျန်းချူယန်။

သူမက အန်တီထန့်ရဲ့ သမီးဖြစ်ပြီး သူ့အထက်တန်း နောက်ဆုံးနှစ်တွင် အတန်းဖော်တွေ ဖြစ်လာခဲ့သည့်အပြင် ရှောင်ချုံးနှင့် မတွေ့မီ သူ ပထမဦးဆုံး သဘောကျခဲ့ဖူးသော မိန်းကလေးပါပင်။

"အဲ့တုန်းက ငါက နယ်မြို့လေးက တက်လာပြီး မြို့ကြီးပြကြီးကို ပထမဆုံး ရောက်ဖူးခဲ့တဲ့ အချိန် ငါက ငယ်ရွယ်ပြီး မိုက်မဲခဲ့တယ် အင်းလေ ငါ့လို အတွေ့အကြုံ မရှိတဲ့ တောသားလေးက ကျန်းချူယန်လို အထက်တန်းလွှာက မမလေး တစ်ယောက်ကို ပထမဆုံး မြင်ဖူးတဲ့ အချိန်မှာ မကြိုက်မိဘဲ ဘယ်နေပါ့မလဲ"

နောက်ကြောင်း ပြန်တွေးတောမိခြင်းကြောင့် အတိတ်ဘဝ၏ ၂၀၀၇ခုနစ်က လူငယ်လေး ချန်းဖန် ဘယ်လောက်တောင်မှ မိုက်မဲခဲ့သလဲ ဆိုတာကို ပြန်လည် အမှတ်ရစေသည်။

ချန်းဖန် မှတ်မိသလောက်ဆို ကျန်းချူယန်က ချူကျိုးမြို့ လက်ထောက် မြို့တော်ဝန်၏ သား လီရီချန်းနှင့် ပတ်သက်မှု တချို့ ရှိခဲ့ပြီး နှစ်ယောက်လုံး ကျုံးဟိုင် တက္ကသိုလ်သို့ ရောက်ရှိသွားချိန်မှာတော့ တရားဝင် စတွဲခဲ့ကြသည်။

အခုချိန်မှာတော့ ချန်းဖန်က လွန်ခဲ့သော နှစ်ငါးရာကျော်မှ ကောင်ငယ်လေး မဟုတ်တော့ရာ တူညီသော အမှားကို နောက်တစ်ကြိမ် ပြန်လည် ကျူးလွန်ဖို့ အတွေးမရှိပေ။ လက်ဦးမှု ရယူကာ ကျန်းချူယန် ဆီသို့ လက်ကမ်း ပေးလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် ငါက ချန်းဖန်ပါ စီကျွေးနယ်က လာတာ ငါတို့က နောက်ဆို အတန်းဖော်တွေ ဖြစ်လာမှာဆိုတော့ တစ်ခုခု အကူအညီလိုတာရှိရင် ငါ့ကို ပြောလို့ရပါတယ်"

ကျန်းချူယန်က ချန်းဖန်အပေါ် တစ်ကြိမ်တစ်ခါနာကျင်စေဖူးသော်လည်း ချန်းဖန်က သူမအား ကာကွယ်ပေးရန် အန်တီထန့်ကို ကတိ ပေးထားဖူးရာ သေချာပေါက် တည်ရပေမည်။

ကျန်းချူယန်ကလည်း ချန်းဖန်ကမ်း လာသောလက်ကို ငေးစိုက်ကြည့်နေသည်။ ထိုတောသား၏ ဝတ်စားဆင်ယင်ပုံက မျက်စိ စပါးမွှေးစူးစရာ ဖြစ်နေသော်လည်း ထိုကောင်က အလွန်ပင် ချောမောလှသည်ကိုတော့ သူမ ဝန်မခံချင်လည်း ဝန်ခံရပေမည်။ သူမက နေရောင်ကို ကျောပေးရပ်နေလေရာ သူမ နောက်ဘက်မှ လာသော နေရောင်က ချန်းဖန်၏ မျက်နှာပေါ် ဖျာကျနေပြီး ချန်းဖန်၏ စူးရှသော မျက်ဝန်းတို့က နေရောင်အောက်တွင် တလက်လက် တောက်ပလို့ နေသည်။

'စိတ်မကောင်းစရာက သူ့မိသားစုက ဆင်းရဲလွန်းနေတာပဲ ရုပ်ချောလည်း ဘာအသုံးကျမှာလဲ'။ ကျန်းချူယန်က စိတ်ပျက်စွာ တွေးလိုက်မိသည်။ ထို့နောက် သူမက ချန်းဖန်ထံသို့ လက် ပြန်ကမ်းပေးလိုက်သည်။

"ကောင်းပြီလေ တစ်ခုခု လိုတာရှိရင် နင့်ကိုပြောမယ်"

ထို့နောက် ကျန်းချူယန်က မဲ့ပြုံး ပြုံးလိုက်သည်။ သူမအဖေက ရာထူးမြင့်သော အစိုးရ ဝန်ထမ်းဖြစ်ကာ သူမအမေက ယွမ်မီလီယံနှင့် ချီသော ကုမ္ပဏီတစ်ခုကို ဦးစီးနေသူ ဖြစ်သည်။ သူမက ချန်းဖန်လို လူဆီကအကူအညီကို ဘယ်သောအခါမှ လိုလာလိမ့်မည် မဟုတ်ပေ။

"ကျေးဇူးပါ အန်တီထန် အရာအားလုံးအတွက် "

ချန်းဖန် စိတ်ရင်းခံအတိုင်း ကျေးဇူးတင်စကား ပြောမိသည်။ အတိတ်ဘဝက ချန်းဖန်အပေါ် ကောင်းကောင်း ဆက်ဆံပေးခဲ့သော လူနည်းစုထဲမှ တစ်ယောက်မှာအန်တီထန်ဖြစ်သည်။

"ရှောင်ဖန်က အရမ်းယဉ်ကျေးတာပဲ သားအမေက သားကို ဂရုစိုက်ပေးဖို့ အန်တီ့ဆီမှာ အပ်ထားတယ်လေ ပိုကောင်းသွားတာက အန်တီကလည်း လိမ္မာတဲ့ သားလေး တစ်ယောက် အမြဲ လိုချင်နေခဲ့တာ"

"ကျေးဇူးပါ အန်တီထန်"

ချန်းဖန်က ဒီဘဝတွင်တော့ အန်တီထန့်၏ ကြင်နာမှုများအား ပြန်လည် ပေးဆပ်ရန် အဆင်သင့်ပင်။

အန်တီထန်က ချန်းဖန်၏ မျက်လုံးများထဲမှ ရိုးသားမှုကို ခံစားမိသည်။ သူမအတွက် ကတော့ မြို့သား လူလည်လေး လီရီချန်း ထက်စာရင် ချန်းဖန်ကိုသာ သားမက် တော်လိုသည်။ သူမ အတွေ့အကြုံအရ သိခဲ့ရသည်များအရ ငွေကြေးနဲ့ အာဏာက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို မတည်ဆောက်နိုင်ပေ။ အဓိကကျတာက ရိုးသားမှုနှင့် သစ္စာတရားပင်။

ထို့နောက် သုံးယောက်လုံး ကားထဲ ဝင်လိုက်ကြပြီး ကလူထူထပ်သော ဘတ်စ်ကားဂိတ်မှ ကျန်းမိသားစု အိမ်တော်သို့ ထွက်လာကြတော့သည်။

ချန်းဖန်နှင့် ကျန်းချူယန်တို့က ကားနောက်ခန်းတွင် ဘေးချင်းယှဉ်ထိုင်ကြပြီး စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောပြီးနောက် ဘယ်သူကမှ စကားဆက်မပြောကြရာ တိတ်ဆိတ်မှုကသာ အနေခက်စွာ နေရာယူထားသည်။ ချန်းဖန်လည်း ခရီးပန်းလာသည်ကို အကြောင်းပြပြီး ကားကူရှင်သို့ ခေါင်းမီလိုက်ကာ အိပ်ပျော်ချင်ယောင် ဆောင်နေလိုက်တော့သည်။

ကျန်းချူယန်က သူမထက် ကျော်ကြားမှု နည်းသော ယောက်ျားလေးများနှင့်စကား ပြောလေ့ပြောထ မရှိ။ အထူးသဖြင့် သူမတို့၏ ပထမဆုံး တွေ့ဆုံမှုတွင် သူမကို လျစ်လျူရှုချင်ယောင်ဆောင်ပြီး သူမအမေကိုသာ အရင်နှုတ်ဆက်သည့် ချန်းဖန်လို ကောင်လေးမျိုးကို ဖြစ်သည်။

သူမအမြင်တွင်တော့ ချန်းဖန်က သူမ၏ အာရုံစိုက်မှုကို လိုချင်သောကြောင့် အစပိုင်းတွင် သူမအား စိတ်မဝင်စားချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ရမည်ဟူ၍။ ကျန်းချူယန်က ကျော်ကြားသော မိန်းမလှလေး ဖြစ်ရာ သူမအပေါ် ထိုသို့သော လှည့်ကွက်မျိုး သုံးကာ ချဉ်းကပ်လာသော ယောက်ျားများစွာကို ကြုံခဲ့ဖူးပြီး ဖြစ်သည်။ သို့သော် တစ်ယောက်မှ မအောင်မြင်ခဲ့။

ကျန်းချူယန် မသိသည်က ချန်းဖန်သည် သူမအား ရေးရေးမျှပင် စိတ်မဝင်စားရာ သူမထင်သလို လှည့်ကွက်တွေသုံးပြီး ချဉ်းကပ်ဖို့ဆိုတာကတော့ အဝေးကြီးမှာပင်။ ချန်းဖန်၏ အတွေးထဲတွင် အချိန်ပြည့် နေရာယူထားသည်က သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ပြန်လည် မြှင့်တင်ဖို့ရန်သာ ဖြစ်သည်။

***

All Chapters