← Chapters

ကျင့်ကြံခြင်း အဆင့်များ

Vol. 1 Ch. 3

ကျင့်ကြံခြင်း အဆင့်များ

Vol. 1 Ch. 3

ချန်းဖန်အတွက် အခုချိန်မှာ အရေးအကြီးဆုံးက သူ့စွမ်းအားများ အကုန် မဟုတ်လျှင်‌တောင် တစ်စိတ်တစ်ပိုင်း ပြန်လည် ရရှိရန် ဖြစ်သည်။

ကျင့်ကြံခြင်း လမ်းစဉ်၌ အဆင့်များကို ရှစ်ဆင့် ခွဲခြားထားသည်။ ချီ သန့်စင်ခြင်းအဆင့်၊ ပါရမီ သန့်စင်ခြင်းအဆင့်၊ ‌ရွှေအမြုတေ အဆင့်၊ အခြေတည် အဆင့်၊ ဝိညာဉ် ဖြစ်တည်ခြင်းအဆင့်၊ အာကာသ အဆင့်၊ ‌တာအို ဖွဲ့စည်းခြင်း အဆင့်နှင့် အတိ ဒုက္ခအဆင့်တို့ ဖြစ်ကြသည်။

ချန်းဖန်၏ ဆရာဖြစ်သူ ထန်ချင်သည် နှစ်ပေါင်း ၈သိန်း ‌၄‌သောင်းခန့် ရှင်သန်ခဲ့သော်လည်း တာအို ဖွဲ့စည်းခြင်းအဆင့်သို့သာ ‌ရောက်ခဲ့သည်။ စကြဝဠာ၏ စည်းမျဉ်းများအရ ခုနစ်ဆင့်‌မြောက်ကျင့်ကြံဆင့် (တာအိုဖွဲ့စည်းခြင်းအဆင့်) သို့ ‌ရောက်သည့် မည်သူမဆို 'ထာဝရရှင်သန်သူ' ဟူသော ဘွဲ့ထူးအား ရရှိကာ နှစ်ထောင်ပေါင်း များစွာ ဆက်လက် ရှင်သန်နိုင်သည်။

တာအိုဖွဲ့စည်းခြင်းအဆင့်သို့ ‌ရောက်ရှိပြီးသော  ထာဝရရှင်သန်သူများသည် အဆုံးမရှိသော စွမ်းအားနှင့် မပြိုလဲနိုင်ခြင်း၏ ပြယုဂ်ပင်ဖြစ်သည်။ ထာဝရ ရှင်သန်သူတို့သည် ကြယ်ကို ခြေမွပစ်နိုင်သည်၊ ‌နေကို မြိုချပစ်နိုင်သည်၊  အချိန်နှင့် နေရာလွတ်ကို ပိုင်းခြားပြီး သီးသန့် ကမ္ဘာငယ်များကို ဖန်တီးနိုင်ကြသည်။

လွန်ခဲ့သော နှစ်ငါးရာကျော်က ချန်းဖန်သည် ဆရာ

ဖြစ်သူအား ‌ကျော်လွန်၍ ရှစ်ဆင့်မြောက် ကျင့်ကြံဆင့် (အတိဒုက္ခ) အဆင့်အား ‌ရောက်ရှိခဲ့ကာ ပထမဦးဆုံး‌ 'ကောင်းကင်ဘုံ အရှင်သခင်' ဖြစ်လာခဲ့သည်။  ‌လောလောဆယ်မှာတော့ ထိုအဆင့်‌တွေအကြောင်း ‌တွေးပူနေရန်ကား ‌စောလွန်းပါ‌သေးသည်။

အတိတ်ဘဝက ချန်းဖန် ထာဝရ ရှင်သန်တစ်ယောက်ဖြစ်လာပြီးနောက် ကမ္ဘာမြေသို့ တစ်ခေါက် ပြန်လာခဲ့သေးသည်။ ထိုစဉ်က ကမ္ဘာပေါ်ရှိ ဝိညာဉ်ချီများမှာ ပျက်စီးခြောက်သွေ့နေပြီး ကျင့်ကြံသူ တစ်ယောက် နေထိုင်ဖို့ပင် မသင့်တော်ပေ။ ကမ္ဘာ‌မြေနှင့် နှိုင်းယှဉ်ရသော် သူ့ဆရာ ထန်ချင် ကိုယ်တိုင် ဖန်တီးထားခဲ့သော 'ထန်မင်' ကမ္ဘာရှိ ချီသိပ်သည်းမှုက အဆများစွာ သာပေသည်။  အတွေးတို့ကို ရပ်တန့်ပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို အာရုံခံရန် သူကြိုးစားလိုက်သည်။

"ဝိညာဉ်ချီတွေက အရမ်းကြီးတော့ ပျက်စီး ခြောက်သွေ့ မနေသေးဘူး ဒါပေမဲ့ ပေါများနေတာတော့လည်း မဟုတ်ပြန်ဘူး တကယ်လို့ ဒီကမ္ဘာမှာ ကျင့်ကြံသူတွေသာ ရှိနေခဲ့ရင် အလွန်ဆုံးမှ ဒုတိယ ကျင့်ကြံဆင့် လောက်မှာပဲ ရှိလောက်တယ် ငါကသာ တစ်ဦးတည်းသော ကျင့်ကြံသူစစ်စစ် ဖြစ်နေမှာတောင် စိုးမိပါတယ်"

ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး ဒုတိယ ကျင့်ကြံဆင့်ကို နှစ်အနည်းငယ်အတွင်း ရောက်အောင် ကြိုးစားဖို့‌လိုသည်။ 'ပါရမီသန့်စင်ခြင်း' အဆင့်သို့ပင် မရောက်သေးဘဲ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံသူ တဟစ်ယောက်ဟူ၍ မခံယူလိုပေ။

နှစ် ငါးရာကျော်လောက် ရှင်သန်ခဲ့သော မှတ်ဉာဏ်တွ ေရှိနေသ၍ ဒုတိယ ကျင့်ကြံခြင်း အဆင့်အား နှစ် အနည်းငယ်အတွင်း ပြန်ရောက်နိုင်ဖို့ ချန်းဖန်က ယုံကြည်မှု ရှိသည်။

"ဒီနား တဝိုက်မှာရှိတဲ့ ဝိညာဉ်ချီတွေက မတည်ငြိမ်ဘူး ငါလုပ်ရမှာက ချီစွမ်းအင် တည်ငြိမ်တဲ့ နေရာတစ်ခုကို အရင်ဆုံးရှာရမယ် ဒီအတောအတွင်း လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာတစ်ခုခုသာ ရှာတွေ့ခဲ့ရင် သုံးနှစ်အတွင်း ပါရမီသန့်စင်ခြင်း အဆင့်ကို ရောက်နိုင်လောက်တယ်"

လျှို့ဝှက် ဆန်းကြယ်သော ရတနာများ အကြောင်း တွေးမိပြီးမှ ချန်းဖန် ရယ်ချင် မိသွားရသည်။

"ကမ္ဘာပေါ်မှာ ချီဓာတ်‌တောင် ဒီလောက် ရှားပါးနေတာ ဘယ်လိုလုပ် အဖိုးတန်တဲ့ ဆေးပင်တွေနဲ့ ရတနာတွေက ရှိပါ့မလဲ"

ချန်းဖန် တစ်ယောက် ကိုယ့် ပြဿနာကိုယ် စဉ်းစားနေချိန်မှာပဲ ကားလေးက အန်တီထန်၏ အိမ်သို့ ဆိုက်ရောက်တော့မည် ဖြစ်သည်။

ချန်းဖန်အတွက် အန်တီထန် ငှားပေးထားသော တိုက်ခန်းမှာ ကြီးမားလှသော ရန်ကွေ့ ရေကန်နှင့် မျက်နှာချင်းဆိုင်တွင် ရှိပြီး မြို့စွန်နားလည်း ဖြစ်သည်။  တိုက်ခန်းမှာ အရည်အသွေး ကောင်းပြီး အတော်အတန် ကျယ်ဝန်းသည်။  ကျန်းမိသားစု အိမ်ကတော့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခု ဖြစ်သော ယွင်ရှန်းရပ်ကွက်တွင် ဖြစ်ကာ ချန်းဖန်၏ နေရာမှ မိနစ် အနည်းငယ် ကားမောင်းသွားရုံနှင့် ရောက်နိုင်သည်။

ကားလေးက ရန်ကွေ့ ရေကန်ကို ပတ်ထားသော ဟိုင်းဝေးလမ်းအတိုင်း မောင်းလာရင်း ယွင်ဝူတောင်ခြေသို့ ရောက်လာသည်။  မလှမ်းမကမ်း၌ ဆိုင်းဘုတ်တစ်ခုကို ချန်းဖန် လှမ်းမြင်လိုက်ရသည်။

' နဂါးရှုခင်းဥယျာဉ်အိမ်ရာ '

အတိတ်ဘဝက ဤအိမ်ရာနှင့် ပတ်သက်သော မှတ်ဉာဏ်များကို ချန်းဖန် ပြန်စဉ်းစား ကြည့်လိုက်သည်။  နဂါးရှုခင်း ဥယျာဉ်အိမ်ရာသည် ချူကျိုးမြို့တွင် အထက်တန်းလွှာများသာ ဝယ်ရန် တတ်နိုင်သော အိမ်ရာလည်း ဖြစ်သည်။  အိမ်ရာဝင်း အတွင်းရှိ ဘန်ဂလို ခပ်သေးသေး တစ်လုံး ဆိုလျှင်တောင်  အိမ်ခြံမြေ အကျိုးဆောင်ခမပါ ၂မီလီယံယွမ်လောက် ကုန်ကျမည် ဖြစ်သည်။

အန်တီထန်သည် နောက်ကြည့်မှန်မှတဆင့် ချန်းဖန်၏ မျက်လုံးများထဲမှ စိတ်ဝင်စားမှုကို မြင်လိုက်ရသည်။

"ချူကျိုးမြို့မှာဆိုရင် ယွင်ဝူတောင်က ရန်ကွေ့ ရေကန်ထက်တောင် ပိုပြီး ကျော်ကြားတယ်လေ တကယ်တော့ အန်တီတို့ရဲ့ နဂါးရှုခင်း ဥယျာဉ်က အလယ်အလတ်တန်းစား အိမ်ရာတစ်ခုသာသာပါပဲ နောက်ပိုင်းအချိန်ရရင် ယွင်ဝူတောင်ပေါ်က အပန်းဖြေ အိမ်ကြီးတွေကို လိုက်ပြပေးမယ် အဲဒီက အိမ်တွေနဲ့ ယှဉ်ရင် အန်တီတို့အိမ်က စတိုခန်းသာသာပါပဲ မနက်စောစော အချိန် တောင်ခြေမှာ လမ်းလျှောက်ထွက်ရင် ယွင်ဝူတောင်ကြီးက တိမ်‌တွေ၊ နှင်း‌တွေ

ကြားထဲ မြုပ်နေသလိုပဲ သိပ်ကိုလှတာ အဲ့တာကြောင့်လည်း ယွင်-ဝူ တောင်လို့ခေါ်ကြတာ.."

(ယွင်=တိမ်   ဝူ=နှင်း)

ယွင်ဝူ တောင်ပေါ်က အပန်းဖြေအိမ်များ အကြောင်း ပြောနေစဉ်၌ အန်တီထန်၏ မျက်ဝန်းထဲမှ အားကျမှု အရိပ်အယောင် တစ်စွန်းတစ်စကို ချန်းဖန် မြင်နေရသည်။

"အဲဒီအပန်းဖြေအိမ်တွေကို ချူကျိုးမြို့ရဲ့ အချမ်းသာဆုံးလူက ဆောက်ထားတာလေ အဲဒီမှာ နေနေကြတဲ့ သူတွေကလည်း သူ့ရဲ့ မိတ်ဆွေတွေနဲ့ လုပ်ငန်း ပါတနာတွေပေါ့ ဘီလျှံနာ တွေကပဲ ဒီလို အိမ်မျိုးမှာနေပြီး ဇိမ်ခံနိုင်ကြတာပါ အန်တီ့ အနေနဲ့ကတော့ ကုမ္ပဏီကို ရောင်းလိုက်ရင်တောင် မီးဖိုချောင်သာသာ အခန်း တစ်ခန်းလောက်ပဲ ဝယ်နိုင်လောက်တယ်"

အန်တီထန်က ဟာသနှောကာ‌ ပြောရင်း သက်ပြင်းချသည်။

'ချူကျိုးမြို့ရဲ့ အချမ်းသာဆုံးသူ ဆိုတော့ ရှန်းကျွင်းဝမ်တို့ မိသားစု များလား' ချန်းဖန် တွေးလိုက်သည်။

"ကျွန်တော့် အမြင်တော့ အန်တီရဲ့ အိမ်ကလည်း အကြီးကြီးပါပဲ ကျွန်တော်တို့ မိသားစုဆိုရင် စတုရန်းမီတာ ၁၀၀ လောက်ပဲ ကျယ်တဲ့ အစိုးရ ဝန်ထမ်း အိမ်ရာလေးမှာပဲ နေကြတာလေ"

ချန်းဖန်က ခဏ ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"တကယ်လို့ အန်တီက အဲဒီ အပန်းဖြေအိမ်တွေကို သဘောကျတယ် ဆိုရင် ကျွန်တော် ပိုက်ဆံရှာနိုင်တဲ့တ‌နေ့ကျ အန်တီ့ကို အပန်းဖြေအိမ် တချို့ ဝယ်ပေးမယ်လေ အန်တီ မနက်ခင်း အိပ်ရာနိုးလာတိုင်း တောင်ပတ်လည်က တိမ်ပင်လယ်ကြီးကို ကြည့်ပြီး နိုးလာနိုင်တာပေါ့"

တစ်ချိန်က စကြဝဠာကြီး၏ ထိပ်ဆုံးသို့ပင် ရောက်ခဲ့ဖူးသူအတွက် အပန်းဖြေအိမ်လေး တစ်လုံးက ဘာအရေးနည်း။  ဒုတိယ ကျင့်ကြံဆင့်ကို ရောက်ရှိပြီးလျှင် ချန်းဖန်က အရာအားလုံးကို သူ့စိတ်တိုင်းကျ စီမံနိုင်တော့မည် ဖြစ်သည်။

အန်တီထန် ကတော့ ချန်းဖန်၏ အပြောကို အလွန်အမင်း သဘောတွေ့ သွားရသည်။

"ကောင်းပါပြီ အိမ်ပေါ်တက်ကြရအောင် ဒါနဲ့ သားအမေကိုပြောလိုက်ပါဦး သူ့ရဲ့ အိမ်ခြံမြေ လုပ်ငန်းကို သားအမနဲ့လွှဲပြီး အနားယူလိုက်တော့လို့ ဒါမှ အန်တီနဲ့ သူနဲ့လည်း တခြားသူ တွေလို ရှော့ပင်းလေး ဘာလေး အတူတူထွက် ဒါမှမဟုတ် အလှပြင်ဆိုင်လေး အတူတူသွားလို့ရမယ် ဒီလိုသာဆို ဘဝကြီးက ဘယ်လောက် အေးချမ်းလိုက်မလဲလေ "

ကျန်းချူယန်ကတော့ ထိုစကားများကို ကြားပြီးနောက် ပိုပိုပြီး နှာခေါင်းရှုံ့နေမိသည်။  သူမ၏ အတန်းဖော်များထဲမှ အချမ်းသာဆုံး သူတောင် ယွင်ဝူ တောင်ပေါ်က အပန်းဖြေအိမ် တစ်လုံး လက်ဆောင်ပေးမည်ဟု မကြွေးကြော်ရဲပေ။  လူတိုင်း နားလည်ထားကြသည်က အချမ်းတကာ့ အချမ်းသာဆုံး သူများသာလျှင် ယွင်ဝူတောင်ပေါ်တွင် နေနိုင်ကြသည် ဆိုတာပင်။

'ကြည့်ရတာတော့ ဒီကောင်ကလည်း တခြားအသုံးမကျတဲ့ ကောင်တွေလိုပါပဲ အပြောပဲရှိပြီး လက်တွေ့တော့ ဘာမှမလုပ်နိုင်ကြဘူး'

ကျန်းချူယန်က စိတ်ပျက်စွာ တွေးလိုက်မိသည်။

အန်တီထန်၏       အိမ်အား တန်ဆာဆင်ထားသည်မှာ လွန်စွာ လက်ရာမြောက်လှသည်။  နံရံပေါ်ရှိ ဆေးသုတ်ချက်များမှအစ စားပွဲပေါ်ရှိ ကြွေ‌ထည် ပန်းအိုးအဆုံး ကျန်းမိသားစုသည် ငွေကြေး ပြည့်စုံရုံသာမကဘဲ ပညာတတ်မျိုးရိုးဖြစ်ပြီး အနုပညာ အမြင်ရှိကြောင်း ထင်ဟပ် ပြသနေပေသည်။

ဧည့်ခန်းထဲသို့ ဝင်သွားပြီး‌နောက် ချန်းဖန်က ဆိုဖာပေါ်တွင် ထိုင်နေသော သက်လတ်ပိုင်း လူကြီးတစ်ယောက်အား တွေ့လိုက်ရသည်။  ထိုလူကြီးကား အနက်ရောင် အနားကွပ်ထားသော မျက်မှန်တစ်လက် တပ်ထားပြီး အေးဆေးစွာ တီဗွီ ကြည့်လျက်ရှိသည်။  သူကား တခြားမဟုတ် ကျန်းချူယန်၏အဖေ ကျန်းဟိုင်ရှန်းပင် ဖြစ်သည်။

ကျန်းဟိုင်ရှန်းသည် ချူကျိုး မြို့တော်ဝန်ရုံး၌ လက်ထောက် ဒါရိုက်တာဖြစ်ပြီး ရာထူး အရမ်းမမြင့်သော်လည်း လုပ်နိုင်စွမ်းတော့ အနည်းငယ် ရှိသည်။  ချန်းဖန်က ရှေ့သို့တိုးပြီး အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

ကျန်းဟိုင်ရှန်းက အသိအမှတ်ပြုသည့် သဘော ခေါင်းသာ ငြိမ့်ပြသည်။

"ယန်ယန် သမီးအဖေနဲ့ ဧည့်သည်အတွက် လက်ဖက်ရည် နှစ်ခွက် သွားဖျော်ပေးလိုက်ဦးလေ ထမင်းစားဖို့ အတွက်တော့ ခဏစောင့်ကြဦး ဟင်းပွဲတွေ သွားနွှေးလိုက်ဦးမယ်"

အန်တီထန်က ပြောလည်းပြောရင်း မီးဖိုခန်းထဲသို့ ဝင်သွားသည်။  ကျန်းချူယန်က ခေါင်းငြိမ့်ပြီး လက်ဖက်ရည် ပြင်ရန် ထွက်သွားသည်။  ကျန်းဟိုင်ရှန်းက တီဗွီမှလာနေသော သတင်းမပြီးမချင်း ချန်းဖန်အား လှည့်ပင်မကြည့်ပေ။  အတန်ကြာမှ သူက မေးလာသည်။

"မင်းအဖေ ခရိုင်တရားသူကြီးချန်းရော ဘာတွေလုပ်နေလဲ ငါသူနဲ့ နောက်ဆုံးတွေ့ခဲ့တာက လွန်ခဲ့တဲ့‌ခြောက်လ အစိုးရအစည်းအဝေး တစ်ခုမှာပဲ"

"သူအဆင်ပြေပါတယ် မေးတဲ့အတွက်ကျေးဇူးပါ"

ချန်းဖန်က ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။

ချန်းဖန်၏အဖေက စီကျွေးနယ်တွင် လက်ထောက်တရားသူကြီး ဖြစ်ပြီး ကျန်းဟိုင်ရှန်းနှင့် ယှဉ်လျှင်  ရိုးရှင်းလှသော ရာထူးဖြစ်ကာ စီကျွေးကဲ့သို့ နယ်လေးတွင် လုပ်ပိုင်ခွင့်ကလည်း အကန့်အသတ် ရှိပေသည်။

ကျန်းဟိုင်ရှန်းက ခေါင်းငြိမ့်ပြီး ဆက်ပြောသည်။

"မင်းအဖေက ငယ်ရွယ်ပြီး အလားအလာရှိတဲ့သူ တစ်ယောက်ပဲ အရင်တစ်ခေါက် အစည်းအဝေးမှာ သူတင်ပြခဲ့တဲ့ 'မြို့တော်နှင့် ခရိုင် သာတူညီမျှ စီးပွားရေး အဆောက်အအုံ တိုးတက် မြင့်မားရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ပေါ်လစီများ ရွေးချယ် ကျင့်သုံးရေး' ဆိုတဲ့ အစီအရင်ခံစာကို မြို့တော်ဝန်က သဘောကျပြီး မင်းအဖေရဲ့ အစီအရင်ခံစာအတိုင်း ကျင့်သုံးဖို့ လက်ခံလိုက်တယ်လေ"

ချန်းဖန်လည်း ဗလာဖြစ်နေသော အပြုံးနှင့် ခေါင်းညိတ်ပြမိသည်။  အထက်တန်းကျောင်းသား တစ်ယောက်နှင့် နိုင်ငံရေး အကြောင်း ဆွေးနွေးချင်နေသော ကျန်းဟိုင်ရှန်း၏ ခေါင်းထဲတွင် ဘာတွေရှိနေလဲတော့ ချန်းဖန်လည်း မတွေးတတ်တော့ပေ။  သေချာတာကတော့ ကျန်းဟိုင်ရှန်း ပါးစပ်က ထွက်လာသမျှသော စကားတို့၏ တစ်ဝက်ကိုပင် ချန်းဖန် နားမလည်ပေ။

သူပြောသမျှကို ချန်းဖန် စိတ်မဝင်စားကြောင်း မြင်ရတော့ ကျန်းဟိုင်ရှန်းက သက်ပြင်းချရင်း ခေါင်းစဉ် ပြောင်းကာ ပြောလိုက်သည်။

"မင်း အန်တီထန်ဆီက ကြားရတာတော့ မင်းအမေက ကျုံးဟိုင်မြို့မှာ အိမ်ခြံမြေလုပ်ငန်း တစ်ခု လုပ်နေတယ်ဆို စီးပွားရေး ပညာရှင်တွေ ခန့်မှန်းကြတာတော့ နောက်နှစ်ဆိုရင် ကျုံးဟိုင်မြို့က စီးပွားရေး အချက်အချာမြို့ ဖြစ်လာတော့မယ် တဲ့လေ မင်းအမေက နေရာကောင်းကို တကယ်ရွေးတတ်တာပဲ"

ချန်းဖန်က ပြုံးရင်း ပြန်ပြောလိုက်သည်။

"အန်တီထန်ရဲ့ ကုမ္ပဏီနဲ့ယှဉ်ရင် ကျွန်တော့်အမေရဲ့ လုပ်ငန်းက ဘာမှမဟုတ်ပါဘူး"

ကျန်းဟိုင်ရှန်းက ခေါင်းယမ်းရင်း ပြန်ပြောသည်။

"မင်း သူ့ကို အထင်ကြီးလွန်းနေပြီ သူ့ကုမ္ပဏီက လူဒါဇင်ကျော်လောက်ပဲ အလုပ်ခန့်ထားနိုင်တာပါ မင်းအမေရဲ့ ကော်ပိုရေးရှင်းနဲ့ ယှဉ်လို့ ဘယ်ရပါ့မလဲ"

ချန်းဖန်က အလျင်အမြန်ပဲ နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။

"ကျွန်တော်က အမေ့ အလုပ်အကြောင်း သိပ်တော့မသိပေမဲ့ အမေ့ လက်အောက်မှာ လုပ်နေတဲ့ လူအရေအတွက်ကလည်း သိပ်မများပါဘူး အမေ့ရဲ့အလုပ်က စာချုပ်ချုပ်ထားတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အိမ်ရှာနေတဲ့ လူတွေကြား စာရွက်စာတမ်းတွေ တထပ်ကြီးနဲ့ လုပ်ရတဲ့အလုပ်လေ အရမ်းအလုပ်ရှုပ်ပေမဲ့ ပိုက်ဆံတော့ ထင်သလောက်မရဘူးလေ"

ကျန်းဟိုင်ရှန်းက မျက်မှောင်ကျုံ့သွားသည်။  ချန်းဖန်ဆီက ကြားရသည်များက သူ့ဇနီးဆီက ကြားရသည်နှင့် လွဲချော်နေသည်။  သို့သော် ချန်းဖန်ပြောသည်က ပို၍ လက်တွေ့ကျသည်။  ထိုသို့ဆိုလျှင် ချန်းဖန်အမေ၏ လုပ်ငန်းအကြောင်း ပြောနေကြသည်များက လွန်လွန်ကျူးကျူး ချဲ့ကားနေခြင်းများသာ ဖြစ်ရပေမည်။

အားနွဲ့သော မိန်းမသား နှစ်ယောက် (ချန်းဖန်၏ အမေနဲ့အမ) က အသိအကျွမ်း အဆက်အသွယ် တစ်ယောက်မျှမရှိသော မြို့ကြီး ပြကြီး တစ်ခုတွင် လုပ်ငန်းတစ်ခု တည်ထောင်ခြင်းဖြစ်ရာ ထင်သလောက် လွယ်မည်မဟုတ်ပေ။  ဒါကိုတွေးမိတော့ ကျန်းဟိုင်ရှန်း၏ မျက်နှာပေါ်က အပြုံးတို့က တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ကျန်းဟိုင်ရှန်းက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

"မင်း ကျောင်းမှာ အဆင့်တွေ ဘယ်လောက်ရလဲ"

ချန်းဖန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့ နယ်မှာဆို ထိပ်ဆုံး အယောက်ငါးရာထဲကို ဝင်ပါတယ် ကျွန်တော် ကြားတာတော့ ယန်ယန်က ကျောင်းမှာ ထိပ်ဆုံးငါးဆယ်ထဲကို ဝင်တယ်တဲ့ ကြည့်ရတာ ကျောင်းတက်ရင် ကျွန်တော် သူ့ဆီက အကူအညီ ယူရမဲ့ပုံပဲ"

ချူကျိုးမြို့၏ အုပ်ချုပ်မှု အောက်တွင်ရှိသော နယ်များ အနက် စီကျွေးနယ်သည် အနိမ့်ဆုံး ပညာရေးစနစ် ရှိသောနယ် ဖြစ်သည်။  စီကျွေးနယ်လို နေရာမျိုးတွင်ပင် ထိပ်ဆုံးဆယ်ယောက် အတွင်း မဝင်ပါက ချန်းဖန်အတွက် ဒုတိယတန်းစား တက္ကသိုလ်တစ်ခု တက်ရဖို့‌တောင် မသေချာပေ။

ချန်းဖန်၏ အဆင့်များအကြောင်း ကြားပြီးနောက် ကျန်းဟိုင်ရှန်း မျက်နှာပေါ်ရှိ အပြုံး အကျွင်းအကျန်လေးမှာ ရှာမတွေ့အောင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"မင်းမိသားစုက မင်းကို စာလေ့လာဖို့ ဒီကိုပို့လိုက်တာ အပျော်အပါးအတွက် မဟုတ်ဘူး မိသားစုဆိုတာက မင်းကို ထောက်ပံ့ထားဖို့ တစ်ခဏပဲ တတ်နိုင်မယ် တစ်ဘဝလုံးမဟုတ်ဘူး ဒီတော့ မင်းက အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ဆိုရင် မင်းကိုယ်မင်း အားကိုးဖို့လိုတယ် ဘွဲ့ရပြီးတဲ့အခါ ဘယ်နယ်ပယ်ကိုပဲ သွားသွား ပညာရေးကသာ ပထမဆုံး ခြေလှမ်းပဲ"

ကျန်းဟိုင်ရှန်း၏ ဘောင်ကျော်လာသော စကားများကြောင့် ချန်းဖန်မျက်နှာပေါ်မှ အပြုံးကလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။  သူက ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။

"ဒါပေါ့ မှန်ပါတယ် ဦးလေးကျန်း"

တက္ကသိုလ် ကောင်းကောင်း တက်ရဖို့က ချန်းဖန်၏ ဦးစားပေးကိစ္စ မဟုတ်ပေ။  ကျင့်ကြံဆင့် များကိုသာ တိုးမြှင့်နိုင်ပါက ပထမတန်းစား တက္ကသိုလ် ဆိုတာက သူ့အတွက် ကိတ်မုန့် လှီးစားသလောက်ပင် မခက်ပေ။

ချန်းဖန်နှင့် စကားအချို့ ဖလှယ်ပြီးနောက် ဒီကောင်လေး၏ အသိပညာချို့တဲ့မှုနှင့် ရည်မှန်းချက်မရှိပုံအား ကျန်းဟိုင်ရှန်းက အတော်စိတ်ပျက်နေပြီ ဖြစ်သည်။  သူသိလိုက်ရတာက သူ့ဇနီး၏ ဒီကောင်လေးအကြောင်း ချီးကျူးခဲ့သမျှက အလိမ်အညာတွေ ဆိုတာကိုပင်။

ကျန်းဟိုင်ရှန်းက လက်ထောက် မြို့တော်ဝန်၏ သား လီရီချန်းအား တွေးမိသွားသည်။  ထိုကောင်လေးကား သူ့သမီး၏ အတန်းဖော်ဖြစ်ကာ အသိပညာကြွယ်ဝပြီး ရည်မှန်းချက်လည်း ကြီးမားသည်။  ချန်းဖန်သည်ကား .. ။

ချန်းဖန်သည် သူ့သမက် ဖြစ်လာဖို့ရန် အခြေခံ လိုအပ်ချက်လေးကိုပင် မပြည့်မီပေ။  ကြည့်ရတာ သူ့ဇနီးနှင့် စကားပြောဖို့ လိုလာပြီပဲ။

အရင်တည်းက သူ့ဇနီးက သူမ အချစ်ဆုံး သူငယ်ချင်း၏ သားနှင့် ယန်ယန့်အား နေရာချထားပေးချင်ကြောင်း မကြာခဏ ဆိုဖူးသည်။  သူကလည်း မကန့်ကွက်ခဲ့ပေ။  သို့သော် ချန်းဖန်အား ဆုံဖူးပြီးသည့် နောက်တော့ သူက ဝင်ပါဖို့ လိုလာပြီ ဖြစ်သည်။

ကျန်းဟိုင်ရှန်းက မိမိရှေ့မှ ကောင်လေးအား တစ်ချက် သေချာပြန်ကြည့်လိုက်သည်။  ဤအကောင်ကား ချောတာတော့ ‌တော်တော်ကို ချောလွန်းနေသည်။  သို့‌သော် ယန်ယန်က ရုပ်ရည်လေးတစ်ခုကြောင့်နှင့် ကြွေဆင်းသွားမည်တော့ မဟုတ်ပေ။  သူက သူ့သမီး၏ အကဲဖြတ်နိုင်စွမ်းကို အပြည့်အဝ ယုံကြည်ပေသည်။

***

All Chapters