← Chapters

အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်

Vol. 1 Ch. 4

အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်

Vol. 1 Ch. 4

ကျန်းမိသားသည် အနည်းငယ် ရှေးရိုးစွဲဆန်သောကြောင့် ထမင်းစားပွဲ၌ စကားပြောခြင်း မပြုကြ။  သို့သော် တိတ်ဆိတ်မှုက ချန်းဖန်ကို စိတ် အနှောင့်အယှက်တော့ မဖြစ်စေပါ။  သူကိုယ်တိုင်လည်း အတွေး ရေယာဉ်ကြော၌ မျောနေမိသည်မို့။  သူ့တစ်သက်၌ အန်တီထန် ပြင်ဆင်ပေးသော ထမင်း၊ဟင်းအား နောက်တကြိမ် ပြန်စားခွင့် ရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့‌ပေ။  အတိတ်ဘဝ ချန်းဖန်၏ အခက်ခဲဆုံးနှင့် ကံအဆိုးဆုံး အချိန်များ၌ အန်တီထန်ကသာ သူ့အတွက်ရှိနေပေးခဲ့ပြီး အန်တီထန် ပြင်ဆင်ပေးသော ထမင်းပွဲလေးကသာ သူ့ကို နွေးထွေးစွာ အမြဲကြိုဆိုနေခဲ့တာ ဖြစ်သည်။  စိတ်မကောင်းစရာ တစ်ခုက အန်တီထန့်လို အဘက်ဘက်က ပြည့်စုံသော အမျိုးသမီးက ကျန်းဟိုင်ရှန်းလို အာဏာကလွဲပြီး ဘာမျှမသိသော လူမျိုးနှင့် လက်ထပ်ခဲ့ရခြင်းကား ဆိုးရွားလှပေသည်။

တိတ်ဆိတ်လှသော ထမင်းစားခြင်းအမှု ပြီးဆုံးသည့်နောက် ထမင်းစားခန်းအတွင်းမှ ထွက်ရန်ပြင်နေသော ချန်းဖန်အား အန်တီထန်မှ ပြောလာသည်။

"ရှောင်ဖန် သားက အခုမှ ဒီကို‌ရောက်ဖူးတာဆိုတော့ ယန်ယန်က မြို့ထဲကို လိုက်ပြပေးလိမ့်မယ် လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေလည်း ဝယ်ပေါ့ ငှားထားတဲ့တိုက်ခန်းက ပရိဘောဂ အစုံအလင် မရှိမှာ စိုးရတယ်လေ"

"ကောင်းပါပြီ ကျေးဇူးပါ အန်တီထန်"

ချန်းဖန်လည်း မတတ်သာပဲ လက်ခံလိုက်ရသည်။

ကျန်းချူယန်ကတော့ စိတ်ပျက်နေသည့် မျက်နှာနှင့် ခေါင်းငြိမ့်လိုက်ရသည်။  အိမ်ထဲတွင်သာ သူမက လက်ခံကောင်း လက်ခံလိမ့်မည်။  အိမ်ပြင်ရောက်သည်နှင့် ဤတောသားအား ကန်ထုတ်ပစ်လိုက်မည် ဖြစ်သည်။

ချန်းဖန်က အန်တီထန်အား အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်ရင်း ကျန်းအိမ်တော်ထဲမှ ထွက်လာခဲ့လိုက်သည်။

အိမ်အပြင်သို့ ရောက်သည်နှင့် ကျန်းချူယန်၏ မျက်နှာပေါ်မှ အပြုံးက ‌ဘယ်တုန်းကမှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ချန်းဖန်ဘက်သို့ လှည့်တောင်မကြည့်ဘဲ သူမက အေးစက်စွာ ပြောလိုက်သည်။

"အခုမှသတိရတယ် ငါ လုပ်စရာတစ်ခု ရှိနေသေးလို့ နင် ကိုယ့်ဘာသာကိုယ်ပဲ သွားလိုက်လို့ ရတယ်မလား"

ခဏရပ်လိုက်ပြီးနောက် သူမက ဆက်ပြောလာသည်။

"မြို့ထဲမှာ တက္ကစီ ဘယ်လိုငှားရလဲဆိုတာ နင် သိတော့သိပါတယ်နော်"

သူမအသံက စိတ်ပျက်မှု၊ အထင်သေးမှုတို့နှင့် ပြည့်နှက်လို့နေသည်။  သူမထင်သည်က ချန်းဖန် တစ်ယောက် သူမအား အတူတူ လိုက်ခဲ့ပေးရန် မရမက တောင်းဆိုလာလိမ့်မည် ဟူ၍။  သို့သော် သူမအရှေ့မှလူ၏ တည်ငြိမ်စွာ တုံ့ပြန်လာမှုကြောင့် အံ့ဩသွားရသည်။

"သေချာတာပေါ့ ငါငှားတတ်ပါတယ်"

ချန်းဖန်၏ နောက်ကျော မိုးမခပင်များကြားထဲ ပျောက်ကွယ်သွားသည်အထိ သူမ လှည့်မပြန်ဖြစ်သေး။  ရုတ်တရက် အပြစ်ရှိသလို ခံစားချက်က သူမနှလုံးသားထဲ နိုးကြွလာသည်။  သို့သော်လည်း သူမတို့နှစ်ယောက်၏ ဘဝများက ကွာခြားလွန်းလှသည်။

'ငါတို့နှစ်ယောက်က အတူတူရှိဖို့ ကံမှပါမလာတာပဲလေ သူ့ကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောပြရမယ် ဒါမှ သူလည်း မျှော်လင့်ချက်တွေနဲ့ ခံစားမနေရတော့ဘူးပေါ့ ဒါက နှစ်ယောက်လုံးအတွက် ကောင်းပါတယ်'

"ယန်ယန် မြန်လှချည်လား ရှောင်ဖန့်ကို မြို့ထဲ လိုက်မပို့ဘူးလား"

သူမအိမ်ထဲဝင်လာလာချင်းမှာပဲ သူမအမေက ချက်ချင်း ‌မေးလာသည်။

အပြစ်ရှိစိတ်ကို ခံစားနေရဆဲဖြစ်သော ကျန်းချူယန်က မလုံမလဲ ခေါင်းငုံ့လိုက်မိသည်။  သူမ အသံက တိုးတိတ်စွာ ထွက်လာသည်။

"သူက တစ်ယောက်တည်းပဲ သွားမယ်ဆိုလို့ပါ"

ထိုစဉ်မှာပဲ သူမအဖေ၏ အလိုမကျဟန်ဖြင့် ပြောလိုက်သံကို ကြားလိုက်ရသည်။

"ယန်ယန် သမီးကို အဲဒီအရှုံးသမားနဲ့တော့ ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူးနော် ကြိုပြောထားတာ"

ကျန်းဟိုင်ရှန်း၏ အလုပ်က ရာထူးမြင့်သည်ဆိုသော်လည်း အပြောင်းအလဲ မရှိတာတော့မဟုတ်။  ထို့ကြောင့် ချန်းဖန်ထက်စာလျှင် လက်ထောက်မြို့တော်ဝန်၏သား လီရီချန်းကိုသာ သူက သမက်တော်လိုပေသည်။  အာဏာရှိသော လီမိသားစုနှင့် ဆွေမျိုးဖွဲ့ခြင်းက သာမန် ခရိုင်ငယ်တစ်ခုမှ တရားသူကြီး မိသားစုနှင့် ဆွေမျိုးဖွဲ့ခြင်းထက် ပို၍ အကျိုးကျေးဇူး များပေသည်။

ထို့နောက်သူက မီးဖိုချောင်ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။

"ယန်ယန်က ငယ်နေသေးတယ် အိမ်ကို သူစိမ်းတွေ ခေါ်ခေါ်မလာနဲ့ ယန်ယန့်အရွယ်က စာလေ့လာရမဲ့အရွယ်"

အန်တီထန်ကလည်း အားကျမခံ ပြန်ပြောလာသည်။

"မေးပါဦးမယ် ယန်ယန်က ကျွန်မသမီးပါ ဒီအိမ်ကလည်း ကျွန်မအိမ် ကျွန်မခေါ်လာချင်တဲ့သူကို ခေါ်လာခွင့်ရှိတယ် ဟုတ်ပြီလား"

ကျန်းချူယန်ကတော့ သူမအဖေနှင့်အမေ ထုံးစံအတိုင်း အချင်း ပွားတော့မည်ကို သိသဖြင့် သူမ အခန်းဆီသို့သာ ဦးတည်လိုက်တော့သည်။

ထိုအချိန်တွင် ချန်းဖန်ကတော့ ရေကန်ကို ပတ်ထားသော လမ်းမကြီးသို့ ရောက်ရှိနေပြီဖြစ်သည်။  စိတ်ပျက်စရာ သားအဖနှစ်ယောက် အ‌ကြောင်းကိုတော့ သူက စိတ်ကူးထဲပင် မထည့်ပေ။  ထိုလူများကား သူ့အတွက် ဘာမှမဟုတ်သည့် ဖြတ်သွားဖြတ်လာ လူများသာသာပင် ဖြစ်သည်။

ရေကန်ပတ်လမ်းအတိုင်း လျှောက်လာရင်း ချန်းဖန်က ပတ်ဝန်းကျင်၌လည်း ချီစွမ်းအင်များကို ဂရုတစိုက် အာရုံခံလျက်ရှိသည်။  ပတ်လမ်းက ဆုံးတော့မည်ဖြစ်သော်လည်း သူက အားကောင်းသော ချီစွမ်းအင်ကို မခံစားမိသေးပေ။

'ကြည့်ရတာ နေရာကောင်း ရဖို့ဆိုရင် ယွင်ဝူတောင်ခြေအထိ သွားရမယ်ထင်တယ်'

မိုင်အနည်းငယ်ခန့် လျှောက်ပြီးနောက် ချန်းဖန်က မိုးမခပင်များ စုရုံးပေါက်နေသော နေရာတစ်ခုအား တွေ့လိုက်ရသည်။  ပူပြင်းသော နွေရာသီ ညနေခင်း ဖြစ်သော်လည်း အေးမြသော အငွေ့အသက်က ချန်းဖန်၏ အရေပြားအား ဖြတ်၍ တိုးဝင်လာသည်။  ခံစားချက်ကား သက်တောင့်သက်သာ ရှိလှသည်။  ချန်းဖန်၏ မျက်ဝန်းတို့ လင်းလက်သွားသည်။

ဝိညာဉ်ချီ.. ။

ချန်းဖန်က လုံးပတ် ကြီးမားသော မိုးမခပင်ကြီး တစ်ပင် အောက်၌ ရန်ကွေ့ ရေကန်ဘက်သို့ မျက်နှာမူ၍ ထိုင်ချလိုက်သည်။

ချူကျိုးမြို့တွင် ရန်ကွေ့ရေကန်ကား 'ပျံလွှားငှက်တို့နားခိုရာ' ဟူ၍ ကျော်ကြားပြီး လူကုံထံတို့ ကျက်စားရာဖြစ်သည်။  များပြားလှသော အိမ်ရာဝင်းများ၊ ကုန်သွယ်ရေး အဆောက်အအုံများ၊ ဟိုတယ်များက ရေကန် ပတ်ပတ်လည်တွင် ရှိသည်။  မည်သို့ပင်ဆိုစေ ရန်ကွေ့ရေကန်ကား ချူကျိုးမြို့၏ အထင်ကရ နေရာ တစ်ခုပင်ဖြစ်သည်။

ရေကန်ကို ဖြတ်၍ တိုက်လာသော လေက ချန်းဖန်၏ နဖူးပေါ်သို့ အုပ်နေသော ဆံပင်တို့အား တဖျတ်ဖျတ် လွင့်နေစေသည်။  ချန်းဖန်က မျက်လုံးတို့အား မှိတ်လိုက်ပြီး အတိတ်ဘဝ၏ မရေမတွက်နိုင်သော မှတ်ဉာဏ်တို့ကို စီရီလိုက်သည်။

ကျင့်ကြံခြင်းတွင် အဆင့်ရှစ်ဆင့် ရှိပြီး အဆင့်တစ်ခုစီ၌ အဆင့်‌ခွဲလေးများဖြင့် ထပ်မံခွဲခြားထားသည်။  ဥပမာ– ပထမကျင့်ကြံဆင့် ချီသန့်စင်ခြင်း အဆင့်၌ အဆင့်ခွဲသုံးခု ရှိသည်။  အခြေခံအဆင့်၊ အလတ်အလတ်အဆင့် နှင့် ချီပြည့်စုံဆင့်တို့ ဖြစ်ကြသည်။

နာမည်များအတိုင်းပင် ပထမအဆင့်ခွဲဖြစ်သော အခြေခံအဆင့်သည် သာမန်လူတစ်ယောက်မှ မသေမျိုး လမ်းစဉ်ပေါ်သို့ အကူးအပြောင်း လုပ်ရာတွင် အခြေခံအကျဆုံး တိုးတက် ပြောင်းလဲမှုဖြစ်ပြီး နောက်ပိုင်း တိုးတက်မှုများအတွက် အရေးပါသော အဆင့်လည်း ဖြစ်သည်။

ထိုအဆင့်အား အောင်မြင်လျှင် ခွန်အား၊ အမြန်နှုန်း၊ လျင်မြန်ဖျတ်လတ်မှု အဖက်ဖက်မှ တိုးတက်မှုများ စတင်လာမည်ဖြစ်သည်။  ပါရမီရှင် အချို့သည် ချီသန့်စင်ခြင်း၏ အခြေခံအဆင့်တွေပင် အဆင့်နိမ့် မှော်ဂါထာများအား သင်ယူပြီး မှော်အစွမ်း အနည်းငယ်ကို နှိုးထနိုင်ကြသည်။

နောက်ထပ် အဆင့်ခွဲနှစ်ခုကား တဆက်တည်းဖြစ်ကာ ဉာဏ်အလင်းများ စတင်စုဆောင်းရသော ကာလဟုလည်း ခေါ်ကြသည်။  ချီသန့်စင်ခြင်း အလယ်အလတ် အဆင့်တွင် ချီစွမ်းအင်နှင့် ပတ်သက်သော ဉာဏ်အလင်းအား လုံလောက်စွာ အာရုံခံမိပါက ချီပြည့်စုံအဆင့်သို့ တိုင် တိုက်ရိုက်ရောက်ရှိမည် ဖြစ်သည်။

တစ်စုံတစ်ယောက်က ထိုအဆင့် သုံးဆင့်အား ဖြတ်ကျော်ပြီးပါက အခြေခံ အဆင့်မှာထက် များပြားသော မှော်ဂါထာများနှင့် သိုင်းပညာများကို သင်ယူနိုင်မည် ဖြစ်သည်။  သာမန်လူများအဖို့ ထိုအဆင့်ရှိလူများသည် မှန်းဆ၍မရသော နတ်ဘုရားများအသွင် ဖြစ်သော်လည်း အမှန်စင်စစ် ကျင့်ကြံခြင်းလောကတွင်တော့ ချီသန့်စင်ခြင်းအဆင့်ရှိ လူများမှာ ပုရွက်ဆိတ်များထက် မပိုပါချေ။

ပထမကျင့်ကြံဆင့် (ချီသန့်စင်မှုအဆင့်) ပြီးလျှင်တော့ ပါရမီသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။  ထိုအဆင့်ရှိ လူများသည် လေဆန်၌ပျံဝဲကာ မိမိအလိုရှိရာ အရပ်သို့ သွားလာနိုင်ကြပြီး နှစ်ငါးရာခန့် ရှင်သန်နိုင်ကြသည်။  ထိုသို့သော ဖြစ်တည်မှုများသည်ပင် ထာဝရရှင်သန်သူများနှင့်နှိုင်းယှဉ်ရသော် အလှမ်းဝေးလှပေသည်။

"ပါရမီသန့်စင်ခြင်း အဆင့်အကြောင်း တွေးဖို့က စောပါသေးတယ် လောလောဆယ်မှာ ချီသန့်စင်ခြင်း အခြေခံအဆင့် အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားဖို့ လိုတယ် ငါ ဘယ် ကျင့်စဉ်ကို သုံးရင် ကောင်းမလဲ"

ချန်းဖန် ကိုယ့်ကိုကိုယ် ပြန်မေးလိုက်မိသည်။

"အရင်က ငာ အတိဒုက္ခအဆင့်မှာ ကျရှုံးခဲ့ရတာက အတွင်းစိတ်ရိုင်းတွေကြောင့် ဆိုပေမဲ့ ငါ့ရဲ့အခြေခံက အားနည်းခဲ့တာလည်း ပါတယ်"

အတိတ်ဘဝက အမှားများအား ပြန်လည်သုံးသပ်ရင်း ချန်းဖန် ရေရွတ်လိုက်မိသည်။

"အဆင့်တက်ဖို့ပဲ အလျင်လိုပြီး အဆင့်တိုင်းကို ပြီးပြည့်စုံဖို့ မကြိုးစားနိုင်ခဲ့ဘူး ဒီတခေါက်မှာတော့ အဆင့်တိုင်း အဆင့်တိုင်းမှာ အတတ်နိုင်ဆုံး ပြီးပြည့်စုံပြီး ခိုင်မာဖို့ ကြိုးစားရမယ်"

အရင်ဘဝက ချန်းဖန်သည် အခြေခံအဆင့်ကို စတင်ရာ၌ 'အစစ်အမှန်သိုင်းနတ်ဘုရားဂိုဏ်း'၏ ရိုးရှင်းသော ကျင့်စဉ်တစ်ခုကိုသာ ကျင့်ခဲ့သည်။  ယခုတခေါက်တွင်တော့ ပို၍ ရှုပ်ထွေးကာ အားကောင်းသော တစ်ခုအား သူက ရွေးချယ်ပေမည်။  ချန်းဖန်၏ မှတ်ဉာဏ်အတွင်း၌ ကျင့်စဉ်ပေါင်း သုံးသောင်း၊ သုံးရာ့၊ ခြောက်ခုတိတိရှိသော်လည်း လက်ရှိ အခြေအနေနှင့် သင့်တော်သည်ကား တစ်ခုသာရှိသည်။

ချန်းဖန်က ကျင့်စဉ် ရွေးချယ်ခြင်းနှင့် ပတ်သက်၍ အန်တီထန်၏ ကားပေါ်မှာ ကတည်းက စဉ်းစားလာခဲ့သည်။

"ဒီတစ်ခေါက်မှာတော့ 'မဟာတာအိုဂိုဏ်း' ရဲ့ 'အာကာသသန့်စင်မွမ်းမံခြင်း' ကျင့်စဉ်ကို ငါကျင့်ကြံမယ်"

မဟာတာအိုဂိုဏ်း သည်ကား စကြဝဠာ အတွင်းရှိ ကျော်ကြားသော ဂိုဏ်းများထဲမှ တစ်ခုဖြစ်ကာ ပြောင်မြောက်လှသော ကျင့်စဉ်များကို တီထွင်ဖန်တီး နိုင်ခြင်းကြောင့် ကျော်ကြားသည်။  ထပ်ဆုံးကို ရောက်ရှိနိုင်ဖို့ဆိုလျှင် လူကိုယ်တိုင်က မည်မျှ ပါရမီရှိပါစေဦး ကျင့်စဉ်၏ အရေးပါမှုကား လျော့မသွားပေ။

"အထောက်အကူ ပစ္စည်းတွေက အရေးမပါလှဘူး ဆိုပေမဲ့ ဒီကမ္ဘာမှာက ချီစွမ်းအင် အများအပြား မရှိဘူး ငါ့အနေနဲ့ တခြားဆေးဖက်ဝင်အပင်တွေ၊ ရတနာတွေဆီကနေပါ ချီစွမ်းအင် စုပ်ယူဖို့လိုတယ် အဲ့ဒါအပြင် ချီစုပ်ယူတဲ့နေရာမှာလည်း သန့်စင်တဲ့ ဝိညာဉ်ချီ တင်မဟုတ်ဘဲ ချီသေ(ယင်ချီ) ကိုပါ လိုအပ်လာရင် စုပ်ယူရမယ် ဒီအခြေအနေမှာ ငါ့အတွက် အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်ထက် ပိုပြီး သင့်တော်တာ မရှိတော့ဘူး"

စကြဝဠာ အတွင်း၌ ချီအမျိုးအစားပေါင်း များစွာရှိသည့်အနက် ဝိညာဉ်ချီသည် အသန့်စင်ဆုံးဖြစ်ကာ ပုံသွင်းရအလွယ်ဆုံး ဖြစ်သည်။  ထို့ကြောင့် ကျင့်ကြံသူများသည် ဝိညာဉ်ချီအား လိုသလိုပုံသွင်းကာ မှော်ဂါထာများ၏ အကူအညီဖြင့် မှော်စွမ်းအင်များကို ထုတ်ဖော်နိုင်ကြသည်။  သို့သော် ယင်ချီကဲ့သို့သော မသန့်စင်သော ချီများကိုမူ တိုက်ရိုက်စုပ်ယူကာ မှော်စွမ်းအင်အဖြစ် မပြောင်းလဲနိုင်ပေ။  ကျင့်ကြံခြင်းလမ်းစဉ်၏ တတိယအဆင့်ဖြစ်သော ရွှေအမြုတေအဆင့်သို့ ရောက်မှသာ မသန့်စင်သော ချီများအား စုပ်ယူ၍ သန့်စင်နိုင်လာကြသည်။

အာကာသသန့်စင်မွမ်းမံခြင်း ကျင့်စဉ်၏ အားသာချက်မှာ ရွှေအမြုတေအဆင့်သို့ မရောက်ခင်ကပင် ချီအမျိုးအစား အားလုံးအား အကန့်အသတ်မဲ့ စုပ်ယူနိုင်ခြင်း ဖြစ်သည်။

'အာကာသ'ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ အဆုံးမဲ့ စကြဝဠာကို ရည်ညွှန်းသည်။  အကန့်အသတ်မဲ့သော ‌ချီပင်လယ်အတွင်း၌ မမှန်းဆနိုင်လောက်သော ချီပမာဏကို အရင်းအမြစ်မျိုးစုံမှ စုပ်ယူနိုင်ကာ မှော်စွမ်းအင်များအဖြစ် ထိန်းချုပ် အသုံးပြုနိုင်သည်။  အမြင့်မြတ်ဆုံးသော ကြယ်မှလာသည့် အသန့်စင်ဆုံး ဝိညာဉ်ချီကိုဖြစ်စေ၊ အသူတရာနက်သော မြေအောက်ကမ္ဘာမှ မကောင်းဆိုးဝါး ချီကိုဖြစ်စေ၊ အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်က စုပ်ယူနိုင်ပေသည်။

မဟာတာအိုဂိုဏ်း၏ ဆောင်ပုဒ်ကား..။

'ငါက ဘာမှမဟုတ်သလို ငါက အရာအားလုံး ဖြစ်တယ်' ဟူ၍။

"စိတ်မကောင်းစရာပဲ မဟာတာအိုဂိုဏ်းက လူတွေက သူတို့ဂိုဏ်းရဲ့ 'ချီ အမျိုးအစား အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်အသုံးပြုရေး' ဆိုတဲ့ မဟာရည်ရွယ်ချက်ကြီးကို အောင်မြင်အောင် လုပ်နေရတာနဲ့ပဲ စွမ်းအင်ကျင့်ကြံဖို့ အချိန်တောင် မရှိလိုက်ကြရှာဘူး "

မဟာတာအိုဂိုဏ်းမှ တီထွင်ဖန်တီးလိုက်သော ကျင့်စဉ်များမှာ အစွမ်းထက်လှသော်လည်း ဂိုဏ်းဝင်များ၏ ကျင့်ကြံဆင့်များမှာတော့ မမြင့်မားကြပေ။

ချန်းဖန်လည်း ခေါင်းယမ်းလိုက်ရင်း မလိုအပ်သော အတွေးတို့ကို ရှင်းလင်းလိုက်ကာ အာကာသသန့်စင်မွမ်းမံခြင်း ကျင့်စဉ်ကို စတင်လည်ပတ်လိုက်သည်။

အာကာသသန့်စင်မွမ်းမံခြင်း ကျင့်စဉ်ကား ချီကို ထိန်းချုပ်အသုံးပြုရာတွင်သာ အစွမ်းထက်သည်မဟုတ်ဘဲ ခန္ဓာကိုယ်စွမ်းအင်ကိုပါ တိုးမြှင့်ပေးနိုင်သည်။  စွမ်းအင်ကျင့်ကြံခြင်း အတွက်ရောခန္ဓာကိုယ်လေ့ကျင့်ခြင်း အတွက်ပါ ထိရောက်သော ကျင့်စဉ်ဖြစ်သည်။

ချန်းဖန်၏ ကျင့်ကြံခြင်းက တဖြည်းဖြည်း တိုးတက်လာပြီး သူ့ခန္ဓာကိုယ်က အဆုံးမရှိသော တွင်းနက်ကြီးကဲ့သို့ ဖြစ်လာကာ ပတ်ဝန်ကျင်ရှိ များပြားသော ချီများနှင့် စွမ်းအင်အားလုံးအား မရပ်မနား စုပ်ယူလျက် ရှိသည်။  ချန်းဖန်၏ အနီးတဝိုက်ရှိ လေထုသည် မရပ်မနား စုပ်ယူခံရမှုကြောင့် အက်ကွဲလာဟန် ရှိပြီး ကန်ရေပြင်မှ ဖြတ်တိုက်လာသော လတ်ဆတ်သော လေများကပင် အဆီအနှစ် ကင်းမဲ့သော ညစ်နွမ်းသည့် ‌လေအဖြစ်သို့ ပြောင်းလဲသွားသည်။

ချန်းဖန်က ကျင့်ကြံခြင်း အတွင်း၌ ဈာန်ဝင်စားနေပြီး အချိန်ကာလအား သတိမမူမိတော့ပေ။  နေက တဖြည်းဖြည်း ဝင်သွားပြီးနောက် လက ထွက်ပြူလာသည်။  သူ သတိမထားမိလိုက်ခင်မှာပဲ နောက်‌တစ်နေ့သို့ ကူးပြောင်းသွားပြီ ဖြစ်သည်။

နေမင်းက ရေကန်အထက်သို့ တဖြည်းဖြည်း မြင့်တက်လာသည်။  ရုတ်တရက် ချန်းဖန်၏ ပါးစပ်က ဖွင့်ဟလာပြီး အဖြူရောင် အလင်းတန်းလေး တစ်ခုက ထွက်ပေါ်လာသည်။  ထိုအလင်းတန်းလေးက ထက်ရှသော ဓားပါးတစ်လက်အလား နံနက်ခင်းလေထုအား ဖြတ်တောက်၍ မီတာဒါဇင်ခန့်မြင့်သော လေထုထဲသို့ ပျံတက်သွားသည်။  ထူးဆန်းသော အဖြူရောင် အလင်းတန်းလေးက ချက်ချင်း ပျောက်ကွယ် မသွားသေးဘဲ ချန်းဖန်၏ ဦးခေါင်း အထက်၌ မိနစ်အတန်ကြာသည် အထိ လှည့်ပတ်နေလေသည်။

***

All Chapters