ကမ္ဘာပေါ်က သိုင်းပညာရှင်များ
Vol. 1 Ch. 5
တဖြည်းဖြည်းနှင့် ချန်းဖန်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သတိထားပြီး ကြည့်ကြည့်မည် ဆိုလျှင် ထိုဆယ်ကျော်သက်လေး၏ မျက်လုံးတို့သည် ကြယ်များကဲ့သို့ တဖျတ်ဖျတ် တောက်ပနေသည်ကို မြင်ရပေမည်။
"တကယ်ကို အံ့ဩစရာကောင်းတဲ့ ကျင့်စဉ်ပဲ! ငါကျင့်ကြံတာ တစ်ညပဲရှိသေးတယ် ချီသန့်စင်ခြင်း အခြေခံအဆင့်ကို ရောက်သွားပြီ ဒီနှုန်းအတိုင်းသာဆိုရင် ခြောက်လအတွင်း အလယ်အလတ်အဆင့်ကို ရောက်မှာ သေချာသလောက်ပဲ"
ချန်းဖန် အခိုင်အမာ ရေရွတ်လိုက်မိသည်။
ချီရှားပါးသော ကမ္ဘာပေါ်မှာ ပထမဆုံး ကျင့်ကြံမှု၏ အမြန်နှုန်းက ချန်းဖန်ကို အံ့ဩသွားစေတာတော့ အမှန်ပင်။ အတိတ်ဘဝက အတွေ့အကြုံများကြောင့် လွယ်ကူချောမွေ့သည် ဆိုခြင်းထက် ကျင့်စဉ်၏ အစွမ်းထက်မှုကြောင့် ဟူ၍သာ ချန်းဖန်က ယူဆသည်။
ချန်းဖန် မတ်တပ်ရပ်လိုက်ပြီး ခန္ဓာကိုယ် လေ့ကျင့်ခန်း တချို့ကို လုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ပေါက်ပေါက်ဆုပ်များကို ဝါးစားနေသကဲ့သို့ တဖောက်ဖောက် အသံများ အဆက်မပြတ် ထွက်လျက်ရှိသည်။ ချန်းဖန်က လက်သီး ဆုပ်လိုက်သည်တွင် သူ့ခန္ဓာကိုယ်၌ ပေါက်ကွဲ ထွက်တော့မတတ် စွမ်းအင်များ ပြည့်နှက်နေသလို ခံစားလိုက်ရသည်။
ချန်းဖန်က ကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး အနောက်ဘက်ရှိ မိုးခမပင်ကြီးအား လက်သီးနှင့် အားကုန် ထိုးချလိုက်သည်။ ဘန်းခနဲ မြည်သံတစ်ခုနှင့်အတူ မိုးခပင်ကြီးက လှုပ်ယမ်းသွားပြီး အပင်ထိပ်မှ မရေမတွက်နိုင်သော မိုးမခရွက်များ ကြွေကျလာသည်။ ချန်းဖန်က လက်သီးအား ဖယ်လိုက်သောအခါ မိုးမခပင်ကြီး၏ ကိုယ်ထည်၌ သုံးလက်မခန့် နက်သော လက်သီးရာ တစ်ခုအား တွေ့လိုက်ရလေသည်။
မိုးမခပင်များသည် သက်တမ်းရင့်လေလေ အခေါက်ပိုမာလေလေ ဖြစ်သဖြင့် ချန်းဖန်၏ လက်သီးကိုသာ သာမန်လူ တစ်ယောက်အား ထိုးကြည့်ပါက ထိုသူ၏ ကိုယ်တွင် အပေါက်ရာကြီး တစ်ခု ဖြစ်သွားလောက်ပေသည်။
'ဒါက ငါကျင့်ကြံတာ တစ်ရက်ပဲ ရှိသေးတာကြောင့်ပဲ ကြည့်ရတာ သစ်ပင် ပင်စည်ကို လက်သီးတစ်ချက်ထဲနဲ့ ခွဲပစ်နိုင်မဲ့ နေ့ကို ရောက်ဖို့ သိပ်မလိုတော့ဘူး'
ဒါ့အပြင် ချန်းဖန်က လက်သီးချက်ထဲ၌ ချီစွမ်းအင်ကို ထုတ်ဖော်မထားခဲ့ပေ။ ခန္ဓာကိုယ် စွမ်းအား သက်သက်နှင့် သူက ထိုးခဲ့ခြင်းဖြစ်သည်။ အာကာသသန့်စင်မွမ်းမံခြင်း ကျင့်စဉ်က ချီစွမ်းအင်သာမက ခန္ဓာကိုယ်စွမ်းအင် ကိုပါ တိုးမြှင့်ပေးနိုင်ကြောင်း ချန်းဖန်သိလိုက်ရသည်။ ချန်းဖန်သည် တညမျှ ကျင့်ကြံပြီးနောက် ကမ္ဘာပေါ်ရှိ ကျော်ကြားသော အမေရိကန် ရုပ်ရှင်များထဲမှ စူပါမန်း၏ တစ်ဝက်နီးနီး အစွမ်းထက်နေပြီ ဖြစ်သည်။
သို့သော် ချန်းဖန်က အသားမကျစွာ ခေါင်းယမ်းမိသည်။ အတိတ်ဘဝက သူ၏ စွမ်းအားများနှင့် နှိုင်းယှဉ်ရသော် ထိုလက်သီးချက်မှာ သနားဖို့ ကောင်းလောက်အောင် ပျော့ညံ့နေသေးသည်။
"ငါ့မှာ လျှောက်စရာ လမ်းက အရှည်ကြီး ရှိနေသေးတယ်"
သက်ပြင်းချလိုက်ပြီးနောက် ချန်းဖန်က ရေကန် မျက်နှာပြင်ပေါ်မှ ထွက်ပြူစ နေမင်းကြီးကို ကြည့်မိသည်။ သူက တစ်ညလုံး အပင်အောက်မှာ ထိုင်နေမိခဲ့သည်ပင်။ အံ့ဩစရာကောင်းစွာ ပင်ပန်းနွမ်းနယ်နေခြင်းမရှိပေ။ သို့သော် သူက ချီသန့်စင်ခြင်း အခြေခံအဆင့်တွင်ပင် ရှိနေသေးရာ ပင်ပန်းနွမ်းနယ်ခြင်းကို တားဆီးနိုင်သော်လည်း ဆာလောင် မွတ်သိပ်ခြင်းကိုတော့ မတားဆီးနိုင်ပါ။ ပြားချပ်နေသော ဗိုက်ကလေးအား အသာပုတ်လိုက်ရင်း သူ့တိုက်ခန်းသို့ ပြန်ရန် ချန်းဖန် တွေးလိုက်သည်။ တစ်ခုခု စားဖို့ အချိန်ရောက်ပြီ ဖြစ်သည်။
မိုးမခပင်များကြားမှ ချန်းဖန် ထွက်လာစဉ်မှာပဲ သူရှိရာဘက်သို့ လျှောက်လာသော လူသုံးယောက်အား တွေ့လိုက်ရသည်။
ထိုသုံးယောက်မှာ အဖြူရောင် အားကစားအင်္ကျီကို ဝတ်ဆင်းထားသော ကောင်မလေးတစ်ယောက် နှင့် ဘေးနားတွင်တော့ တရုတ်ရိုးရာ သိုင်းဝတ်စုံဖြင့် အသက်ကြီးကြီး အဘိုးကြီးတဦး ဖြစ်သည်။ ကောင်မလေးနှင့် အဘိုးကြီး၏ နောက်တွင်တော့ ခန္ဓာကိုယ်တောင့်တောင့်၊ စူးရှသော မျက်လုံးများနှင့် လူငယ်တစ်ယောက်က လိုက်ပါလာသည်။
အားကစားဝတ်စုံ အဖြူနှင့် ကောင်မလေးသည် အရပ်ရှည်ရှည် ဆွဲဆောင်မှုရှိသော ပုံစံမျိုးဖြစ်ပြီး ရှည်လျားသော ဆံပင်များကို ခပ်မြင့်မြင့် စည်းနှောင်ထားသည်။ အေးစက်သော မျက်နှာထားရှိပြီး တွေ့ရခဲသော အလှလေး ဖြစ်သော်လည်း ချန်းဖန်က ကိုယ့်အပျော်နှင့်ကိုယ် ဖြစ်သောကြောင့် တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ရေကန် ပတ်လမ်းဘက်သို့ ဆက်လျှောက်သွားလိုက်သည်။
ချန်းဖန် မသိလိုက်တာက ထိုသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော လူငယ်သည် သူ့အား သတိပြုမိသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေခဲ့သည် ဆိုတာပင်။
ထို့နောက် လူငယ်က တရုတ်ရိုးရာ သိုင်းဝတ်စုံဖြင့် လူကြီး၏ နားနားသို့ကပ်ကာ တစ်စုံတစ်ရာကို ပြောလိုက်သည်။ သို့သော် လူကြီးက ခေါင်းယမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။
"မဖြစ်နိုင်ပါဘူး သူက ဒီတိုင်း မနက်ခင်း လေ့ကျင့်ခန်း ထွက်လုပ်တဲ့ ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ပါပဲ"
ချန်းဖန် သူ့အတွက် အန်တီထန် ငှားပေးထားသော တိုက်ခန်းအောက်သို့ ရောက်တော့ မနက်စာရောင်းသော ဆိုင်တစ်ဆိုင် တွေ့လိုက်ရသည်မို့ ဝယ်စားလိုက်သည်။ ထို့နောက် စူပါမားကတ်သို့ သွားကာ လိုအပ်သော ကုန်ခြောက် တချို့ကို ဝယ်လိုက်သည်။ တရုတ် တိုင်းရင်းဆေးဆိုင် တစ်ခုသို့ သွားကာ ဆေးမြစ် တချို့ကို အော်ဒါမှာလိုက်သေးသည်။ အားလုံး ပြီးသွားလို့ ချန်းဖန် အိမ်ပြန်ရောက်ချိန်မှာတော့ နေ့လည်ပင် ရောက်နေပြီ ဖြစ်သည်။
ထိုစဉ်မှာပဲ အန်တီ့ထန် ဆီမှ ဖုန်းဝင်လာပြီး ကျန်းအိမ်တော်တွင် နေ့လည်စာ လာစားရန် ပြောလေသည်။ အမှန်တော့ ချန်းဖန်က သွားလိုသော်လည်း ကျန်း သားအဖနှစ်ယောက်၏ မဲ့ရွဲ့နေသော အရုပ်ဆိုးဆိုး မျက်နှာများကို မြင်ယောင်မိသောကြောင့် သူ့မျက်နှာချောချောပင် လိုက်မဲ့မိသွားရသည်။ သေချာစဉ်းစားပြီးနောက် အကြောင်းတစ်ခုပြကာ အန်တီ့ထန့်အား ငြင်းလိုက်တော့သည်။
ဖုန်းချလိုက်ပြီးနောက်မှ သူ့အိမ်က ဖုန်းမခေါ်သေးကြောင်း ချန်းဖန် သတိရသွားသည်။ သားဖြစ်သူကို အဝေးပို့ပြီး ဖုန်းတချက် ခေါ်ဖော်မရသော မိဘများပါပေ။ သူ သက်ပြင်းချပြီးနောက် တီးတိုး ရေရွတ်လိုက်မိသည်။
"အန်တီထန်ကမှ ငါ့မိဘကျနေတာပဲ"
'တင်းတောင်န်'
ဘဲလ်သံကြောင့် တံခါးသွားဖွင့်လိုက်တော့ မနက်က ချန်းဖန် မှာခဲ့သော တရုတ်တိုင်းရင်းဆေးဆိုင်မှ ဆေးမြစ်များ လာပို့ခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းလမ်းစဉ်၌ လူကိုယ်တိုင်က မည်မျှ ပါရမီရှိပါစေ အထောက်အကူ ပစ္စည်းများမပါဘဲ ကျင့်ကြံရန်ကား မဖြစ်နိုင်ပေ။ မရရအောင် ကြံဖန် ကျင့်ကြံပါက ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တိုးတက်မှု နှေးကွေးပေလိမ့်မည်။ အဖိုးတန်ဆေးများ နှင့် လျှို့ဝှက်ဆန်းကြယ် ရတနာများက လူတစ်ယောက်၏ ကျင့်ကြံမှုနှုန်းအား ပိုမိုအားကောင်းစေပြီး မြန်ဆန်စေသည်။ ဤကမ္ဘာရှိ ဆေးမြစ်များက အရည်အသွေး ညံ့ဖျင်းလှသော်လည်း ဘာမှမရှိတာထက် စာရင်တော့ သာပေသည်။
ချန်းဖန်က ဆေးမြစ်များကို ပြင်ဆင်ရန် ဘာအိုးမှ မလိုသလို တရုတ် တိုင်းရင်းဆေးဆရာများ၏ လမ်းညွှန် စာအုပ်ထဲကလို ၇၂နာရီ ဆေးကျိုရန်လည်း မလိုအပ်ပေ။ ကြမ်းပြင်ပေါ်တွင် အစီအရင် စက်ဝိုင်းတစ်ခု ဆွဲလိုက်ပြီး ဆေးမြစ်များကို ချေမွကာ ပစ်ထည့်လိုက်ရုံသာ။ ထို့နောက် သူက စက်ဝိုင်းအတွင်းသို့ဝင်ကာ ဆေးမြစ်များမှ စွမ်းအင်များကို စုပ်ယူရန် ချီစွမ်းအင်ကို ထိန်းချုပ်လှည့်ပတ် လိုက်ရုံဖြစ်သည်။
"ဝိညာဉ်စွမ်းအင် စုပ်ယူခြင်း အစီအရင်"
ဒါက ကျင့်ကြံသူ တော်တော်များများ အသုံးပြုလေ့ရှိသည့် အခြေခံ အစီအရင်တစ်ခု ဖြစ်သည်။
ချန်းဖန်က ခပ်မြန်မြန်ပဲ ကြမ်းပေါ်၌ အစီအရင် ရေးဆွဲလိုက်ပြီး ဆေးမြစ်များကို ပစ်ထည့်လိုက်သည်။ ထို့နောက် သူပါ အစီအရင်အတွင်းသို့ ဝင်ထိုင်လိုက်ပြီး ချီစွမ်းအင်ကို ခန္ဓာကိုယ်တွင် လည်ပတ်လိုက်ကာ ဆေးမြစ်များမှ ဝိညာဉ်ချီကို သာမက စုပ်ယူလို့ရသမျှ စွမ်းအင်တို့ကို စတင် စုပ်ယူတော့သည်။ အစီအရင်အတွင်း ပြန့်ကျဲနေသော ဆေးမြစ် အပိုင်းအစများက ရုတ်တရက် လေပေါ်တွင် ပျံဝဲလာပြီး ချန်းဖန်၏ ပတ်လည်တွင် ကခုန် နေသကဲ့သို့ ရှိသည်။ ထို့နောက် စွမ်းအင်များက ချန်းဖန်ဆီသို့ အငမ်းမရ ပြေးဝင်လာကြတော့သည်။
ထိုအစီအရင်ကား နာမည်အတိုင်းပင် ဝိညာဉ်ချီများကို စုပ်ယူရန် ရေးဆွဲရသော အစီအရင်ဖြစ်ကာ ချန်းဖန်ကတော့ အာကာသ ကျင့်စဉ်၏ အားသာချက်ကြောင့် အခြားသော စွမ်းအင်များကိုပါ စုပ်ယူနိုင်သည်။ ရေးဆွဲရန် လွယ်ကူသော်လည်း အမှန်တကယ် ထိရောက်သော အစီအရင်တစ်ခု ဖြစ်သည်။ ဆေးမြစ်များထံမှ ဝိညာဉ်ချီများကို စုပ်ယူရာတွင်သာ မဟုတ်ဘဲ ရတနာများထံမှ စုပ်ယူရာတွင်လည်း သုံးနိုင်သည်။
ကျင့်ကြံခြင်း လောက ဖြစ်တည်လာသည်မှာ နှစ်မီလီယံပေါင်း များစွာ ကြာလှပြီဖြစ်ရာ အစဉ်အဆက် မျိုးဆက်များ၏ ပါရမီရှင်များသည် ကျင့်ကြံခြင်း နည်းလမ်းများကို အထပ်ထပ်အခါခါ ကောင်းသထက် ကောင်းအောင် ပြုပြင်ခဲ့ကြသည်။ သို့ဖြစ်ရာ ဝူရှဝတ္ထုများထဲမှ ကို့ရိုးကားယား ကျင့်ကြံမှုပုံစံများမှာ ဟာသ တစ်ခုထက်မပိုပေ။ ကျင့်ကြံခြင်း လောကသည်ကား ရှန်းရှလမ်းစဉ် စစ်စစ်ဖြစ်သည်။
( 武侠,wuxia – သိုင်းလမ်းစဉ် 闲暇 , xianxia– မသေမျိုးလမ်းစဉ် )
အတိတ်ဘဝက ချန်းဖန်သည် အစီအရင်များ၏ အရေးပါမှုကို သေချာ နားလည်ခဲ့သဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့သည်။ အောင်မြင်မှုအနေနှင့် ကျင့်ကြံသူများကြားထဲ အစီအရင်များ ခင်ကျင်းရာတွင် ဆရာတစ်ဆူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
မျက်လုံးများ မှိတ်ထားပြီး ချန်းဖန်က နာရီပေါင်း အတော်ကြာသည်အထိ စွမ်းအင်များကို စုပ်ယူနေခဲ့သည်။ သူ့မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်မှာတော့ နေအတော် စောင်းနေပြီ ဖြစ်သည်။
"ဒီနေ့ ကျင့်လိုက်တာက မနေ့ညကထက် ပိုထိရောက်တယ် ခက်တာက ဒီနည်းလမ်းက အကြာကြီးသုံးလို့ မရဘူး"
ချန်းဖန် မျက်မှောင်ကျုံ့လိုက်မိသည်။
"အဲဒီ အရည်အသွေးညံ့တဲ့ ဆေးမြစ်တွေက ဘာလို့ အရမ်း ဈေးကြီးနေရတာလဲကွာ အမေပေးထားတဲ့ ပိုက်ဆံထဲက တော်တော်များများ ကုန်သွားပြီ ဆေးမြစ်တွေကို သုံးပြီး နောက်တစ်ခေါက် ထပ်မကျင့်နိုင်လောက်တော့ဘူး"
ချန်းဖန်အနေနှင့် လူသားတွေ ငမ်းငမ်းတက် မက်မောနေကြသော ငွေစက္ကူရွက်များသည် သူ့ကျင့်ကြံခြင်း လမ်းစဉ်၌ ဤမျှ အရေးပါလာလိမ့်မည်ဟု အိပ်မက်တောင် မမက်ခဲ့ဖူးပေ။
"အမေက ဘာလို့ အရမ်း ကပ်စီးနည်းနေရတာလဲ ဆင်းရဲနေတာလည်း မဟုတ်ဘဲနဲ့"
ချန်းဖန် မကျေမချမ်း ရေရွတ်လိုက်မိပြန်သည်။
ကြည့်ရတာတော့ မနေ့ညက သွားခဲ့သည့်နေရာကို နောက်တစ်ကြိမ် ထပ်သွားရမည့်ပုံပင်။
ချန်းဖန် အိပ်ရာထဲသို့ သွားလိုက်ပြီး မနက်ငါးနာရီလောက်အထိ အိပ်နေလိုက်သည်။ အိပ်ရာ နိုးလာချိန်မှာတော့ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး မနေ့က သူသွားခဲ့သည့် မိုးမခပင်များ ရှိရာသို့ တန်းတန်းမတ်မတ်ပဲ သွားလိုက်တော့သည်။
နောက်ဆုံး ချန်းဖန် ရောက်ရှိသွားချိန်မှာ သူထိုင်ခဲ့သော မိုးမခင်ကြီး၏ ခြေရင်း၌ လူသုံးယောက်ကို တွေ့လိုက်ရခြင်းကြောင့် အံ့ဩလို့သွားသည်။
ထိုသုံးယောက်ကား အခြားမဟုတ်။ မနေ့က မနက်က သူတွေ့ခဲ့သော သုံးယောက်ပါပင်။ ဆံပင်မြင့်မြင့် စည်းနှောင်ထားသော ကောင်မလေးက ချန်းဖန် ထိုင်ခဲ့သော နေရာတွင် သိုင်းကွက်အချို့အား လေ့ကျင့်နေပြီး အဘိုးကြီးကတော့ လိုအပ်သည်များကို ထောက်ပြပေးနေသည်။ စူးရှသော မျက်လုံးများရှိသည့် လူငယ်ကတော့ မလှမ်းမကမ်းတွင် ရပ်လျက် ပတ်ဝန်းကျင်ကို သတိအပြည့်ဖြင့် စောင့်ကြည့်နေသည်။
မနေ့တုန်းက တချက်သာ ကြည့်ခဲ့သော်လည်း ကျင့်ကြံသူတစ်ယောက်၏ မှတ်ဉာဏ်ဖြင့် ချန်းဖန်က ထိုသုံးယောက်အား အလွယ်တကူ မှတ်မိနိုင်ပေသည်။
ချန်းဖန်က အလျင်လိုနေသည်မို့ ကောင်မလေးအားလည်း မကြည့်အားဘဲ အပင်တစ်ပင် ထပ်မံ ရှာဖွေလိုက်သည်။ အသက်ကြီးကြီး လူကြီးက ချန်းဖန်အား တစ်ချက်လှည့်ကြည့် လာသော်လည်း ခပ်ချောချော ဆယ်ကျော်သက် ကောင်လေးသာဖြစ်ကြောင်း အတည်ပြုပြီးနောက် ပြန်လှည့်သွားသည်။
ချန်းဖန်လည်း နေရာရှာနေရင်း ကောင်မလေးဆီသို့ အကြည့်တစ်ချက် ရောက်ရှိသွားချိန် သူမြင်လိုက်ရသော အရာကြောင့် အံ့အားသင့်သွားလေသည်။
ကောင်မလေးကား အလွန်လှပသည့်အပြင် ချွေးစို့နေသော မျက်နှာလေးက စွဲမက်ဖွယ်အတိ။ အားကစားဝတ်စုံကို ကိုယ်နဲ့အတိ ဝတ်ထားသောကြောင့် လှုပ်ရှားမှုများကို ကြည့်ရသည်နှင့်တင် အလွန်လှပပေသည်။ သို့သော် ချန်းဖန်အား စိတ်ဝင်စားသွားစေသည်က ကောင်မလေး၏ အလှအပ မဟုတ်တာတော့ သေချာပါသည်။ ထိုကောင်မလေး၏ ခန္ဓာကိုယ်မှ အလွန်အားနည်း ဖျော့တော့သော မှော်စွမ်းအင်လှိုင်း တချို့အား အာရုံခံမိလိုက်ခြင်း ကြောင့်သာ။
"သူကလည်း ကျင့်ကြံသူတစ်ယောက် ပဲလား"
ချန်းဖန်က သူ့ကဲ့သို့ ကျင့်ကြံသူ နောက်တစ်ယောက်အား ကမ္ဘာပေါ်တွင် တွေ့ရဖို့ မမျှော်လင့်ထားပေ။
သိလိုစိတ်ဖြင့် ထိုသုံးယောက်အနီးသို့ တိုးကပ်သွားပြီး သေချာကြည့်လိုက်မှ သူမ၏ကိုယ်တွင်းရှိ စွမ်းအင်မှာ သူထင်သလို မဟုတ်ကြောင်း တွေ့လိုက်ရသည်။
"ဒီစွမ်းအင်လှိုင်းက အားနည်းပြီး အရမ်း.. ရိုးစင်းလွန်းတယ် အရိုးရှင်းဆုံး မှော်တိုက်ကွက်ကိုတောင် ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး "
သေချာထပ်၍ အကဲခတ်ကြည့်လိုက်မှ ထိုကောင်မလေး ဝတ်ဆင်ထားသော အဖြူရောင် ဝတ်စုံမှာ သူထင်သလို အားကစားဝတ်စုံ မဟုတ်ဘဲ အဘိုးကြီး၏ ဝတ်စုံနှင့်ဆင်တူ တရုတ်ရိုးရာ သိုင်းဝတ်စုံ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမဝတ်ထားသည်က မိန်းကလေးဝတ် အထူးထုတ် ကိုယ်ကျပ်မျိုး ဖြစ်ပုံရသည်။
"ဒီတော့ ဒီစွမ်းအင်က အတွင်းအားဆိုတဲ့ဟာများလား"
ချန်းဖန်က အတိတ်ဘဝတွင် ကျင့်ကြံခြင်း လမ်းစဉ်ပေါ် မရောက်ခင်က ဝူရှရုပ်ရှင်များ၊ ကွန်ဖူးရုပ်ရှင်များအား အလွန်နှစ်သက်ခဲ့သည်။ သို့ဖြစ်၍ သူက အတွင်းအား နှင့် ပတ်သက်ပြီး စိမ်းမနေပေ။ ချန်းဖန်က ကွန်ဖူးဆရာများအား လေးစားသော်လည်း ထိုလူများ လေ့ကျင့်သော အတွင်းအား စွမ်းအင်သည် ကျင့်ကြံသူများ၏ ချီစွမ်းအင်ထက် အားနည်းတာတော့ အမှန်ပင်။ ချန်းဖန်က ချီသန့်စင်ခြင်း အခြေခံအဆင့်တွင်သာ ရှိသေးသော်လည်း ကွန်ဖူးလောကတွင်တော့ ပြိုင်ဘက်ကင်းပေသည်။ ဒါက ဝူရှ နှင့် ရှန်းရှ၏ ကွာခြားချက် ဖြစ်သည်။
ကျင့်ကြံသူများသည် စကြဝဠ အတွင်းမှ သဘာဝစွမ်းအင်များအား မှော်တိုက်ကွက်များ အဖြစ် ပြောင်းလဲ အသုံးပြုနိုင်ပြီး အဖိုးမဖြတ်နိုင်သော သဘာဝလွန် ရတနာများကိုလည်း ဖန်တီးနိုင်ကြသည်။ ကျင့်ကြံခြင်း လမ်းစဉ်၏ အဆုံးသတ်တွင်တော့ ထာဝရရှင်သန်သူများ အဖြစ်သို့ပင် တက်လှမ်းနိုင်ကြသည်။ ဒါက သာမန် သိုင်းပညာရှင်များ ဘယ်တော့မှ မတတ်နိုင်မည့် အရာဖြစ်သည်။
သူသိချင်သည်ကို သိရသွားပြီးနောက် ချန်းဖန်လည်း ဘာရယ်မဟုတ် ကောင်မလေး၏ လေ့ကျင့်နေမှုအား ဆက်ကာ ကြည့်နေမိသည်။
အချိန်တွေ ကုန်ဆုံးလာလေလေ ချန်းဖန်တစ်ယောက် စိတ်ပျက်လက်ပျက် ခေါင်းယမ်းမိလေလေ ဖြစ်သည်။
ချန်းဖန်၏ အပြုအမူအား သတိထားမိနေသော ကောင်မလေးကား သည်းမခံနိုင်တော့သည့် အဆုံး ဒေါသတကြီး လှည့်မေးလာတော့သည်။
"နင်က ဘာကိစ္စ ရပ်ကြည့်နေတာလဲ ငါလေ့ကျင့်နေတာက ဘာလဲ ဆိုတာတောင် နင် နားလည်လို့လား!!"
***