သစ်ရွက်ဓား
Vol. 1 Ch. 6
"ငါက နားမလည်ဘူးတဲ့လား"
ချန်းဖန် စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။ ချန်းဖန်သည် အတိတ်ဘဝက ကောင်းကင်ဘုံ အရှင်သခင်ဘွဲ့ကိုသာ ရရှိခဲ့သည် မဟုတ်ဘဲ စွယ်စုံရပါရမီရှင် ဟူသော ပြယုဂ်လည်း ဖြစ်ခဲ့သည်။ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ အကြီးအကဲ တစ်ဦးလည်း ဖြစ်ခဲ့သော ချန်းဖန်က နယ်ပယ် ပေါင်းစုံတွင် နှံ့စပ်ပြီး ကျင့်ကြံခြင်း နည်းလမ်းများ၊ သတ်ဖြတ်ခြင်း နည်းလမ်းများ၊ လက်နက်မဲ့ သတ်ပုတ်ခြင်း အားလုံးတွင် ကျွမ်းကျင်သည်။ ထိုမိန်းကလေး ကစားနေသော သိုင်းကွက်များမှာ ချန်းဖန် မျက်လုံးထဲတွင် ရယ်စရာတစ်ခုထက် မပိုပေ။
အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ အဆင့်နိမ့်တပည့်များနှင့် အစေခံများ လေ့ကျင့်သော 'စန်းရှို့ အစစ်အမှန်သိုင်း ၃၆ကွက်' ကပင် ထိုမိန်းကလေး လေ့ကျင့်နေသော သိုင်းကွက်များထက် သာပေသည်။ ဒါတောင် ဂိုဏ်း၏ အဆင့်မြင့် တပည့်များက စန်းရှို့သိုင်းကို လှည့်ကြည့်ကြတာမဟုတ်။
သို့သော် ချန်းဖန်က သူ၏ သရုပ်မှန်ကို မဖော်ပြလိုပေ။ သူက မသိနားမလည်သည့် ပုံစံဖြင့်သာ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် ကျွန်တော် တကယ်ပဲ အဲဒီ လှုပ်ရှားမှုပုံစံတွေကို နားမလည်ပါဘူး ခုန ကျွန်တော် ခေါင်းခါမိတာက တခြားကိစ္စတစ်ခုကို တွေးမိသွားလို့ပါ"
"ကြည့်နေတာကိုရပ်ပြီး မြန်မြန် ထွက်သွား!!"
"ကျီချင်း တော်လောက်ပြီ"
အဘိုးကြီးက ဝင်ဟန့်လာသည်။
"ဟုတ်ကဲ့ ဖိုးဖိုး"
ချန်းဖန် သေချာကြည့်လိုက်တော့ အဘိုးကြီးတွင်လည်း အတွင်းအား စွမ်းအင်တချို့ရှိပြီး ကောင်မလေးထက် ပိုများပေသည်။ သူခန့်မှန်းရသလောက် အဘိုးကြီး၏ အတွင်းအားမှာ ချီသန့်စင်ခြင်း အခြေခံအဆင့်၏ တစ်ဝက်လောက် ရှိမည်ဟု ယူဆရသည်။ ကောင်မလေးကတော့ အဘိုးကြီးကို မီဖို့ အဝေးကြီး လိုပါသေးသည်။
သေချာတာကတော့ အခုလက်ရှိ ချန်းဖန်၏ စွမ်းအားနှင့် အဘိုးကြီးလို လူဆယ်ယောက်အား တပြိုင်နက်တည်း ရင်ဆိုင်ရလျှင်ပင် သူ့အနေနှင့် ခုခံ တိုက်ခိုက်နိုင်သည် ဆိုတာပင်။
'နေပါဦး အမှန်တော့ လိုက်ယှဉ်နေစရာ မလိုပါဘူးလေ'
သူက မလိုအပ်ဘဲ နှိုင်းယှဉ် ကြည့်မိနေတာပင်။ ဥပမာ ပြောရသော် တို့ဟူးတစ်တုံးက ဘယ်လောက်ပဲ ထူထဲပြီး မာကျောနေပါစေ ဓားတစ်လက်၏ ထက်မြသော လှီးချက်တစ်ချက်အား တောင့်မခံနိုင် သကဲ့သို့ပင်။ ချီစွမ်းအင်နှင့် အတွင်းအား စွမ်းအင်ကား နှိုင်းယှဉ်ရန်ပင် မသင့်သော ကွဲပြားသည့် စွမ်းအင်နှစ်မျိုး ဖြစ်သည်။
ချန်းဖန်က ခေါင်းယမ်းလိုက်ပြီး ဆက်ကြည့်မနေတော့ဘဲ သင့်တော်သော အပင်တစ်ပင်ကို ရှာလိုက်ကာ ခြေချိတ်ထိုင်၍ စတင် ကျင့်ကြံလိုက်သည်။ အာကာသ သန့်စင်မွမ်းမံခြင်း ကျင့်စဉ်ကို စတင် လည်ပတ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ စွမ်းအင် မှန်သမျှကို အရူးအမူး စတင် စုပ်ယူခံရတော့သည်။ မကြာခင်မှာပဲ အက်ကွဲတော့မတတ် ဗလာဖြစ်နေသော လေထုတစ်ခုက ချန်းဖန်၏ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသည်။
ချန်းဖန်၏ ထူးဆန်းသော အပြုအမူက အဘိုးကြီးအား သတိထားမိသွားစေသည်။ အဘိုးကြီးက တွေးမိသည်။ ဘယ်လိုလူကများ မနက်စောစောစီးစီး ပန်းခြံထဲကိုလာပြီး သစ်ပင်အောက်မှာ ထိုင်အိပ်နေပါ့မလဲ ဟူ၍။
သို့သော ခဏမျှ အကဲခတ်ပြီးနောက် အဘိုးကြီး၏ အမူအယာက ပြောင်းလဲသွားသည်။
"ဟမ်!!"
"ဘာဖြစ်လို့လဲ ဖိုးဖိုး"
ကျီချင်းကလည်း မေးလာသည်။
"သူ့ကိုကြည့်ကြည့် .. ဘာမြင်ရလဲ"
"ဘာကိုမြင်ရမှာလဲ"
ကျီချင်းက မျက်မှောင်ကျုံ့ကာ မေးမိသည်။
"သူ အသက်ရှုတဲ့ ပုံစံကို သတိထားပြီးကြည့်ကြည့်"
အဘိုးကြီးက ထောက်ပြလာသည်။
သူမ၏ အဘိုးဖြစ်သူ မပြောခင်အထိ ထိုကောင်လေး အသက်ရှုပုံက တစ်မျိုးတစ်ဖုံ ထူးဆန်းနေကြောင်း ကျီချင်းက သတိမထားမိပေ။ ထိုကောင်လေး၏ ရင်ဘတ်တို့က အသက်တစ်ခါရှုလိုက်တိုင်း နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အဆုတ် အပိုများ များစွာ ရှိနေသကဲ့သို့ လေကို ရှုသွင်းနေသည်။ ပိုပြီး ထူးဆန်းသည်မှာ အဖြူရောင် အလင်းတန်းနှစ်ခုက ထိုကောင်လေး၏ နှာခေါင်းဝမှ ထွက်ပေါ်လာပြီး လေထုထဲသို့ ပျံဝဲတက်သွားခြင်းပင်။ ထိုအလင်းတန်းနှစ်ခုမှာ မှုန်ဝါးလွန်း၍ သေချာ ဂရုစိုက်မကြည့်ပါက မြင်နိုင်မည် မဟုတ်ပေ။
"အဲ့ဒါက ဘာလဲ ဖိုးဖိုး"
ကျီချင်းက အံ့ဩစွာနှင့် မေးလိုက်သည်။
"အဲ့ဒါက အတွင်းအား လေ့ကျင့်တဲ့ အဆင့်မြင့် နည်းစနစ်တစ်ခုပဲ ပြောကြတာတော့ ရှေးဟောင်းသိုင်းဂိုဏ်းတွေက လူတွေသာလျှင် ဒါမျိုး လုပ်နိုင်တယ်တဲ့ ဒီလို နည်းစနစ်မျိုးကို ကျင့်ကြံဖို့က အရမ်းအားကောင်းတဲ့ အဆုတ်တွေ ရှိဖို့လိုတယ် ပြီးတော့ အဲ့လို လေ့ကျင့်ထားတဲ့ လူတွေက ရေအောက်မှာ အသက်မရှုဘဲ အကြာကြီး နေနိုင်ကြတယ်"
အဘိုးကြီးက ဖြည်းညှင်းစွာ ရှင်းပြနေရင်း မျက်လုံးတို့က အရောင်တလက်လက် တောက်ပလာသည်။
"အဖိုး တစ်သက်တာမှာ ဒီလို သိုင်းပညာရှင်မျိုးနဲ့ တွေ့ခွင့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး ပြီးတော့လည်း သူက အရမ်းကို ငယ်နေသေးတယ် ဒါက တော်တော်ကြီးကို မယုံနိုင်စရာပဲ"
ကျီချင်းက နှာခေါင်းရှုံ့ရင်း ပြန်ပြောလာသည်။
"ဖိုးဖိုးကလည်း.. သူက အသက်ပြင်းပြင်း ရှုနေရုံလေးပဲကို တကယ်တမ်း တိုက်ခိုက်ကြရင် အဆုတ်နဲ့ ဖိသတ်လို့ရတာမှ မဟုတ်တာ ဖိုးဖိုးက ချဲ့ကားပြောလွန်းနေသလိုပဲ"
"ရှောင်ချင်း သမီးက ငယ်သေးတယ် တချို့အရာတွေကို နားမလည်သေးဘူး ဒီလို နည်းစနစ်မျိုးက သိုင်းပညာကို ဆယ်စုနှစ် တစ်ခုလောက် လိုက်စားထားမှ ကျင့်ကြံနိုင်တာမျိုး ဖိုးဖိုးဆို ဒီလိုဟာမျိုးကို မြင်ဖူး၊ ကြားဖူး ခဲ့တာတောင် မဟုတ်ဘူး ဒဏ္ဍာရီတွေကနေ တစ်ဆင့်ပဲ သိခဲ့ရတာ"
"တကယ်ကြီး အဲ့လောက်ထိ စွမ်းလို့လား"
သံသဃ အရိပ်ယောင်လေးက ကျီချင်၏ မျက်နှာပေါ် ဖြတ်ပြေးသွားသည်။ ထို့နောက် သူမက တစ်စုံတရာကို သတိရသွားဟန် ရှိသည်။
"နေပါဦး သူက ဖိုးဖိုး ပြောသလို ပညာရှင် တစ်ယောက်သာ ဆိုရင် ခုနက သမီးကိုကြည့်ပြီး ခေါင်းခါတာက သူ သမီးကို လှောင်နေတာ မဟုတ်ဘူးလား!"
ကျီချင်းက ခဏမျှ ပြန်စဉ်းစားပြီးနောက် သူမ ထင်တာ ဖြစ်နိုင်ကြောင်း သေချာသွားသည်။
"ဒီကောင် ငါ့ကိုများ လှောင်ရဲတယ်!!"
ထို့နောက် သူမကပဲ ဆက်ပြောလာသည်။
"ဖိုးဖိုး သူ့ဘာသာသူ ဘယ်လောက်ကြီးပဲ အစွမ်းထက်ထက် ခဏနေရင် သူ့အစွမ်းကို သမီးကိုယ်တိုင် စမ်းသပ်ပြမယ်"
အဘိုးကြီးက မြေးဖြစ်သူ၏ စိတ်အားထက်သန် နေမှုကြောင့် သက်ပြင်းသာ ချမိသည်။ သူက တားတော့လည်း မတားတော့ပေ။ သူနှင့်သူ့မြေးမက ကိုယ့်ပိုင်နက် အတွင်းတွင်ပဲ ဖြစ်တာကြောင့် လုံခြုံပေသည်။ တဖက်တွင်လည်း သူက သေခြင်း၊ ရှင်ခြင်း တိုက်ပွဲများစွာကို ဆင်နွှဲလာသူ ဖြစ်ရာ သေခြင်းတရားက ကြောက်စရာ မဟုတ်ပေ။ တစ်ဖက်က လူငယ်လေးက မည်မျှအစွမ်းထက်ပါစေ အတွေ့အကြုံပိုင်းတွင်တော့ သူကသာပေသည်။
သို့နှင့် မြေးနှင့်အဘိုး အတွဲမှာ ချန်းဖန်နှင့် မလှမ်းမကမ်း ဘေးဘက်တွင် စိတ်အားထက်သန်စွာ စောင့်နေကြတော့သည်။
မြေးအဘိုးနှစ်ယောက်၏ အတွေးကိုယ်စီကို မသိရှာသော ချန်းဖန်ကတော့ ကျင့်ကြံခြင်းတွင်သာ နစ်မြောနေလေသည်။ နာရီဝက်ခန့်ကြာပြီးနောက် ချန်းဖန်၏ နှုတ်ခမ်းပါးတို့က ဖွင့်ဟလိုက်ပြီး ထူးဆန်းသော အဖြူရောင် အလင်းတန်းလေး ထွက်ပေါ်လာကာ မီတာအနည်းငယ် အမြင့်သို့ ပျံတက်သွားပြီး လေထုထဲ၌ ငွေရောင် လမ်းကြောင်းတစ်ခုအား ချန်ရစ်ခဲ့လေသည်။
"ငါထင်တဲ့အတိုင်းပဲ သူက တကယ့်ကို သိုင်းပညာရှင်တစ်ယောက်ပဲ"
အဘိုးကြီးက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ရေရွတ်လိုက်သည်။
"မစိုးရိမ်ပါနဲ့ ဖိုးဖိုး သမီးတို့ကို ကာကွယ်ပေးမဲ့ အကိုချီလည်း ရှိနေတာပဲ ဘယ်လို သိုင်းပညာရှင်က ကျည်ဆံကို ရှောင်နိုင်မှာ မို့လို့လဲ သမီးတော့ မထင်ဘူး"
ကျီချင်းက ရဲရင့်သော စိတ်ဓာတ်ရှိသည်။ ဒါ့အပြင် သူမက ငွေဇွန်းကိုက်ပြီး မွေးဖွားခဲ့ရာ သူမ၏ နောက်ခံတောင့်တင်းသော မိသားစုက အန္တရာယ်မှန်သမျှကို အမြဲတမ်း လမ်းရှင်းပေးနေခဲ့သည်။ ပုံမှန်အားဖြင့် ဒုက္ခဆိုသည့်အရာအား မခံစားဖူးသော သူမက ငယ်ရွယ်ပြီး အကြောက်အလန့် ကင်းပေသည်။
ထိုစဉ်မှာပဲ ခပ်လှမ်းလှမ်းတွင် စောင့်ကြပ်နေသော စူးရှသော မျက်လုံးများရှိသည့် လူငယ်က သူ၏ လက်တစ်ဖက်အား ခါးကြားရှိ သေနတ်ဆီသို့ သတိ အနေအထားနှင့် လှမ်းတင်လိုက်ပေသည်။
ချန်းဖန်က မတ်တတ်ရပ်လိုက်ပြီး ယနေ့ မနက် ကျင့်ကြံမှုက ထင်သလောက် မထိရောက်ခြင်းကြောင့် စိတ်ဓာတ်ကျနေသည်။ မိုးမခ ပန်းခြံက အခြားသော နေရာများထက် ချီဓာတ် သိပ်သည်းသော်လည်း ဆေးမြစ်များဆီမှ စွမ်းအင် တိုက်ရိုက် စုပ်ယူခြင်းလောက်တော့ မထိရောက်ပေ။
တွေးရင်းနှင့် ဘေးသို့ လှည့်လိုက်တော့ တစ်ချိန်လုံး ရပ်ကြည့်နေပုံ ရသည့် မြေးအဘိုး နှစ်ယောက်ကြောင့် အံ့ဩသွားရသည်။
အဘိုးကြီးက ရှေ့သို့ တိုးလာပြီး ချန်းဖန်အား မိတ်ဆက်လေသည်။
"နှုတ်ဆက်ပါတယ် လူငယ်လေး နောက်ထပ် သိုင်းပညာရှင် တစ်ယောက်ကို အခုလို တွေ့ရလို့ တကယ်ပဲ ဝမ်းသာမိတယ် အဖိုးနာမည်က ဝေ့ဖူပါ လူငယ်လေးရဲ့ နာမည်ကရော ဘာလဲ မသိဘူး ပြီးတော့ ဘယ်ဇာတိက များလဲ လူငယ်လေးရဲ့ ဆရာကိုရော သိခွင့်ရှိနိုင်မလား"
'ဝေ့ဖူ' ဆိုသော နာမည်က ချန်းဖန်အတွက် ရင်းနှီးနေသလို ခံစားရသည်။ သို့သော် သူရှင်သန်ခဲ့သော နှစ်ပေါင်း ငါးရာကျော်အတွင်း မရေမတွက်နိုင်သော လူများနှင့် သိကျွမ်းခဲ့ရာ မှတ်မိဖို့က ခက်ပေသည်။
ထိုမြေးအဘိုးနှစ်ယောက်၏ ပုံစံကိုကြည့်ခြင်းဖြင့် သူ့ အပြုအမူများကြောင့် စိတ်ဝင်စားကာ ရောက်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ချန်းဖန်က ခေါင်းယမ်းရင်း ပြန်ဖြေလိုက်သည်။
"ကျွန်တော်က သိုင်းပညာရှင် တစ်ယောက် မဟုတ်ပါဘူး တာအိုလမ်းစဉ်ကို လိုက်စားတဲ့ ဘုန်းကြီးတစ်ပါးသာပါပဲ"
ချန်းဖန်က သူ့ဘဝ အစစ်အမှန်အား ပြောပြလိုခြင်း မရှိပေ။ အကယ်၍ သူက ပြောပြခဲ့ရင်တောင် သေမျိုးလောကက သာမန်လူသား နှစ်ဦးက ကျင့်ကြံခြင်း ဆိုသည့် အဓိပ္ပါယ်အား ဘယ်သောအခါမှ နားလည်မည် မဟုတ်။
"ဘုန်းကြီး ဒါဆို တာအိုဂိုဏ်းကပေါ့"
အဘိုးကြီးက ဇဝေဇဝါ ဖြစ်သွားသည်။ တာအိုဂိုဏ်းက သိုင်းပညာရှင် ကိုယ်တော် ဟူ၍ သူက တခါမှ မကြားဖူးခဲ့ပေ။
"ဖိုးဖိုး သူနဲ့ အချိန်ဖြုန်းမနေပါနဲ့တော့ သမီးကိုသာ သူနဲ့တစ်ယောက်ချင်း တိုက်ခွင့်ပေးလိုက်ပါ"
ကျီချင်းက ချန်းဖန်အား အေးစက်စက်ကြည့်ရင် ပြောလိုက်သည်။
"နင် ခုနကတုန်းက ငါ့ကို ဘာလို့လိမ်တာလဲ အခု နင် ဘာလုပ်နိုင်လဲဆိုတာ ပြစမ်းပါ"
"မင်းက ငါနဲ့ တစ်ယောက်ချင်း တိုက်မယ်"
ချန်းဖန် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားသည်။ အတိတိဘဝက ကောင်းကင်ဘုံ အရှင်သခင် ဖြစ်သော သူ့အား တော်ရုံတန်ရုံ ဘယ်သူကမှ အခုလို မျက်နှာချင်းဆိုင် ပေါ်တင်ကြီး စိန်မခေါ်ရဲကြ။ ယုံကြည်မှုတို့ ပြည့်နှက်နေသော သူ့အရှေ့မှ မိန်းကလေးက ယခု သူ့အား စိန်ခေါ်လာသည်။
'ငါတော့ သေတာပဲ!! မိန်းကလေးတစ်ယောက်ကို ရိုက်တာနဲ့၊ မိန်းကလေးတစ်ယောက်ဆီက အရိုက်ခံတာ ဘယ်ဟာက ပိုသင့်တော်လောက်မလဲ!!'
သေချာ စဉ်းစားပြီးနောက် သူက ငြင်းရန်တွေးလိုက်သည်။
"စိတ်မကောင်းပါဘူး ကျွန်တော်က ဘုန်းကြီးတစ်ပါးပါ ဒါ့ကြောင့် လက်နက်ကိုင်စွဲပြီး တခြားသူနဲ့ တိုက်ခိုက်ဖို့ဆိုတာ မသင့်တော်ပါဘူး"
ကျီချင်းက နှာခေါင်းရှုံ့ရင်း ပြန်ပြောလာသည်။
"အပိုတွေမပြောနဲ့ ငါလေ့ကျင့်နေတုန်းက နင်ငါ့ကိုလှောင်နေတာ အသိသာကြီး အခုမှ အ,ချင်ယောင် ဆောင်မနေစမ်းပါနဲ့!"
အဘိုးကြီးကလည်း ဝင်ပြောလာသည်။
"ဒါက တိုက်ပွဲ အသေးစားလေးပဲလေ ဘာထိခိုက်ဒဏ်ရာမှ ရမှာမဟုတ်ပါဘူး အဖိုးရဲ့ မြေးမလေးကလည်း သိုင်းပညာ လမ်းစဉ်ကို အစပျိုးတုန်း ဆိုပေမဲ့ အဖိုးတို့ မိသားစုက ပညာရှင်တွေရဲ့ လမ်းညွှန်မှုအောက်မှာ ကောင်းကောင်း လေ့ကျင့်ထားပါတယ် လူငယ်လေးက အဖိုးရဲ့ မြေးမလေးနဲ့ တိုက်ခိုက်ကြည့်ပြီး လိုအပ်တာလေးတွေ နည်းနည်းပါးပါး လမ်းညွှန်ပေးဖို့ မျှော်လင့်မိတယ်"
အဘိုးကြီးက ချန်းဖန်အား သူ့နာမည်ကို ပြောကာ မိတ်ဆက်ခဲ့သော်လည်း ချန်းဖန်က ကြားဖူးဟန်တောင် မရသောကြောင့် ချန်းဖန်၏ အရည်အချင်းကို သူက တွေ့မြင်လိုနေခြင်း ဖြစ်သည်။ သိုင်းပညာရှင်များ ကြားတွင် ဝေ့ဖူ ဆိုသည်က လူတိုင်း သိနိုင်သော နာမည် မဟုတ်ပါလား။
ချန်းဖန်က သက်ပြင်းသာ ချလိုက်သည်။ ဤ မြေးနှင့် အဘိုး အတွဲကား သူလက်မခံမချင်း လက်လျော့မည့်ဟန် မရပေ။
သူက မြေပြင်ပေါ်သို့ တချက်ကြည့်လိုက်ပြီး ကြွေကျနေသော မိုးမခရွက် တစ်ရွက်အား ချီစွမ်းအင်ပို့လွှတ်ထားသော လက်နှစ်ချောင်းဖြင့် ကျင်လည်စွာ ကောက်ယူလိုက်သည်။ ထို့နောက် လက်ကောက်ဝတ်အား တစ်ချက်လှုပ်လိုက်ရာ လက်နှစ်ချောင်းကြားမှ သစ်ရွက်လေးက ကျည်ဆန်ထက်မြန်သော အရှိန်နှင့် ပြေးထွက်သွားလေသည်။
သစ်ရွက်၏ အရှိန်သည် အလွန်မြန်လှသောကြောင့် လေထုထဲ၌ မှုန်ဝါးဝါး လမ်းကြောင်းတစ်ခုပင် ကျန်ရစ်ခဲ့ပြီး ကျီချင်း၏ မျက်နှာဘေးမှ ဖြတ်ကာ အနောက်ရှိ မိုးမခပင်သို့ စိုက်ဝင်သွားလေသည်။ မိုးမခပင်၏ ပင်စည်အား စိုက်ဝင်သွားသောကြောင့် ကျယ်လောင်သော အသံတသံထွက်လာကာ အပင်တပင်လုံး လှုပ်ယမ်းသွားပြီး မိုးမခရွက်များက မိုးရွာသလို ကြွေကျလာကျသည်။
"သတိထား!!"
သစ်ရွက်လေးတစ်ရွက်မှ လက်နက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လျှင်မြင်ချင်း အဘိုးကြီးက အော်လိုက်သော်လည်း ထို သတိပေးသံက နောက်ကျသွားခဲ့သည်။
"ဘယ်လိုတောင်.. "
ကျီချင်းက ယခုထက်ထိ ရှော့ခ်ရနေဆဲဖြစ်ပြီး အော်လိုက်သော အသံမှာ အဆုံးမသတ်ရသေးခင် သူမ၏ ညာဘက်ခြမ်းရှိ ဆံပင်အချို့မှာ ပခုံးပေါ်သို့ တိတိရိရိ ပြတ်ကျနေသည်ကို တွေ့လိုက်ရသည်။ သူမ ဝတ်ဆင်ထားခဲ့သော ကျောက်နားဆွဲလေးမှာလည်း မြေပြင်ပေါ်သို့ ပြတ်ကျနေလေသည်။
စပ်ဖျင်းဖျင်း ခံစားချက်ကြောင့် စမ်းကြည့်လိုက်တော့ ညာဘက်ပါးပြင်၌ ခပ်သေးသေး ပြတ်ရှရာတစ်ခု ရှိနေကြောင်း သိလိုက်ရသည်။ အံ့အားသင့်စွာနှင့် သူမ အနောက်ရှိ သစ်ပင်အား ကြည့်လိုက်ချိန်မှာတော့ သစ်ရွက်စလေးက သတ္တုစ တစ်ခုအလား သစ်ပင်ပင်စည်၌ စိုက်ဝင်နေလေသည်။
"သစ်ရွက်လေး တစ်ရွက်ကို လက်နက်အဖြစ် ပြောင်းလဲပစ်နိုင်တယ်တဲ့လား ဒါကြီးက.. ရူးလောက်တယ်!!"
အဘိုးကြီး၏ နှလုံးက မရပ်တော့မည့်အတိုင်း ခုန်နေပြီး သူ့မြေးမ ဒဏ်ရာ မရသွားမှန်း သေချာသွားမှ သက်ပြင်းချနိုင်ပေသည်။ သူက မပီမပြင် ကြိုးစားပြုံးလိုက်ရပြီး ..။
"အဖိုးရဲ့ ဘဝတသက်တာလုံးမှာ ဒီလို သိုင်းပညာမျိုးကို တွေ့ခွင့်ရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ခဲ့ဖူးဘူး မဟုတ်သေးဘူး ဒါက.. ဒါက.. သိုင်းပညာဆိုတာထက်တောင် ပိုပြီး စွမ်းအားကြီးပါသေးတယ် အဖိုးရဲ့ မြေးမလေး မပြောနဲ့ အဖိုးဆိုရင်တောင် ဒါကို ခုခံနိုင်မယ်မထင်ဘူး "
အဘိုးကြီးက ရှေ့သို့ တိုးလာပြီး ထပ်မံဂုဏ်ပြုသည်။
"ဒီလို သိုင်းပညာ လမ်းစဉ်ရဲ့ ဆရာ တစ်ဆူကို တွေ့ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ"
အဘိုးကြီး၏ အသံက စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေပြီး ထိုအသံထဲ၌ အလွန်အကျွံ လေးစားမှုများ ပြည့်နှက်နေကြောင်း သိနိုင်သည်။ သူက သိုင်းပညာ လမ်းစဉ်၏ ဆရာတစ်ဆူ ဖြစ်သော ဘုန်းကြီးတစ်ပါးအား တွေ့ခွင့်ရခဲ့သည် မဟုတ်ပါလား။ ဒါ့အပြင် အဲဒီ ဘုန်းကြီးက အရမ်းငယ်နေပြီး အရမ်းကို ချောမောနေသေးသည်။
အဘိုးကြီးက ထိုဆယ်ကျော်သက်လေး၏ စွမ်းအား ကို သတိပြုမိလိုက်ပြီး သူ့၏ စွမ်းအား အစစ်အမှန်အား ထုတ်သုံးအောင် ဖိအားပေးလိုက်နိုင်ပြီဟု အထင်ရောက်လျက် အလွန်အမင်း ဂုဏ်ယူနေမိသည်။ အဘိုးကြီးက ထိုလူငယ်လေးထက် ပိုစွမ်းသော တစ်စုံတစ်ယောက်အား တရုတ်ပြည်တွင် ရှာမတွေ့နိုင်တောင် ဟူ၍ပင် တွေးနေမိသည်။
ကျီချင်းက သူမအနောက်ရှိ မိုးမခင်ပင်ကြီးဆီသို့ အပြေးအလွှား သွားကာ သစ်ရွက်အား ဆွဲနှုတ်ရန် ကြိုးစားသော်လည်း သူမ တစ်ကိုယ်လုံးတွင် ရှိရှိသမျှ အားကုန်သုံးတော့မှပဲ ဆွဲနှုတ်နိုင်ခဲ့သည်။ သူမက ချန်ဖန်းအား မယုံကြည်နှိုင်မှု တို့နှင့် ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။
"သူ ဘယ်လိုများ လုပ်လိုက်တာလဲ"
သူမတီးတိုးရေရွတ်လိုက်မိသည်။
မလှမ်းမကမ်းတွင် စောင့်ကြည့်နေသော လူငယ်ကလည်း အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားပြီး သူ့လက်ထဲ၌ သေနတ် ကိုင်ထားသည်ကိုပင် မေ့လျော့နေခဲ့သည်။
အကယ်၍ တိုက်ပွဲတစ်ခု၌ ကိုယ့်ပြိုင်ဘက်က ကျည်ဆန်ထက် မြန်နေလျှင် သူက သေနတ်ကို ကိုင်ထားပြီး ဘာလုပ်နိုင်ပါမည်နည်း!!
***