← Chapters

အဆင့်နိမ့်ခွန်အားဖြည့်ဆေးလုံး

Vol. 1 Ch. 7

အဆင့်နိမ့်ခွန်အားဖြည့်ဆေးလုံး

Vol. 1 Ch. 7

ချန်းဖန်က အေးဆေးစွာပဲ ပြောလိုက်သည်။

"ဒါက ဘာမှမဟုတ်ပါဘူး လှည့်ကွက်လေး တစ်ခုပါပဲ"

အဘိုးကြီး၏ အတွင်းအားက ချန်းဖန်၏ လက်ရှိ စွမ်းအားထက် အနည်းငယ် သာနေသော်လည်း ဓားနှင့် တို့ဟူး ဥပမာလိုပင် ချန်းဖန်က အဘိုးကြီးအား ကောင်းကောင်း ကိုင်တွယ်နိုင်ပေသည်။

ဒါ့အပြင် ချန်းဖန်က ချီစွမ်းအင်ကို သစ်ရွက်အတွင်း ပို့လွှတ်ကာ မိန်းကလေး၏ ပါးပြင်အား ဖြတ်ပြီး သစ်ပင် ပင်စည်ကို စိုက်‌ဝင်စေနိုင်ခဲ့သည်။ အဘိုးကြီး အနေနှင့် အတွင်းအား လှိုင်းများအား ခန္ဓာကိုယ်နှင့် လက်မ အနည်းငယ် အကွာသို့သာ ထုတ်လွှတ်နိုင်မည် ဖြစ်ပြီး ချန်းဖန်ကဲ့ကို့ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

"ဆရာ့လိုမျိုး သိုင်း အထွတ်အထိပ် အဆင့်ကလူ‌တွေ အတွက်တော့ ဒါက လှည့်ကွက်လေးတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ အဖိုးတို့အတွက်ကတော့ ဒါက မယုံနိုင်စရာ အစွမ်းပါပဲ"

အဘိုးကြီးက အခိုင်အမာပြောလိုက်သည်။ သူက ချန်းဖန်အား 'လူငယ်လေး'ဟု မသုံးနှုန်းတော့ဘဲ 'ဆရာ'ဟူ၍ ပြောင်းလဲခေါ်ဆိုလိုက်သည်။

အဘိုးကြီးက ရှည်လျားလှသော ဘဝအား ဖြတ်သန်းခဲ့ရသောကြောင့် အတွေ့အကြုံစုံလှပြီဟု ထင်မှတ်ခဲ့ဖူးသည်။ သူက ကျော်ကြားသော သိုင်းပညာရှင် တစ်ဦးဖြစ်လာရန် အိပ်မက်မက်ခဲ့ဖူးသော်လည်း သိုင်းပညာလမ်းစဉ်၌ သူ၏ ပါရမီက သာမန်ထက် မပိုခဲ့ပေ။

တရုတ်ပြည်ကြီးက ကျယ်ပြော လှသော်လည်း တကယ့် အစစ်အမှန် ပညာရှင်ကတော့ ရှားပါးလှသည်။ အဘိုးကြီး ၏ နောက်ခံမိသားစု အဆက်အသွယ်များနှင့်ပင် သူက စစ်မှန်သော ပညာရှင် တစ်ယောက်အား တွေ့ခွင့်မရဖူးခဲ့။

အဘိုးကြီး၏ စကားက ချန်းဖန်၏ အာရုံကို ဆွဲဆောင်သွားသည်။

"သိုင်းအထွတ်အထိပ် အဆင့်ကလူတွေ အဖိုးပြောတာက အဲ့ဒီ့လူတွေက ကျွန်တော်လုပ်သလို လုပ်နိုင်ကြတယ်လား"

"သေချာတာပေါ့  အထွတ်အထိပ်အဆင့်က ပညာရှင်တွေက သူတို့ရဲ့ အတွင်းအားလှိုင်းတွေကို မီတာ ဒါဇင်ပေါင်း များစွာအထိ ထုတ်လွှတ်နိုင်ကြတယ် လူတစ်ယောက်ကို အကွာအဝေး တစ်ခုကနေ သတ်ဖို့ဆိုတာ သူတို့အတွက်တော့ ဘာမှ မခက်ခဲတဲ့အရာပဲလေ"

ဒါသာ အမှန်ဆိုလျှင် ထိုအထွတ်အထိပ် အဆင့်ရှိသော ပညာရှင်များမှာ ချီသန့်စင်ခြင်း အလယ် အလတ်အဆင့်နှင့် ညီမျှ လောက်ပေသည်။ ချန်းဖန်၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် ထိုအဆင့်ထိ ရောက်နေသူများမှာ အလွန်ရှားရပေမည်။ ဒါက ဖြစ်သင့်ပါသည်။

ကမ္ဘာပေါ်၌ ချီဓာတ်များလည်း အလွန်ရှားပါးပြီး မှန်ကန်ကောင်းမွန်သော ကျင့်စဉ်များကလည်း မရှိသလောက် ရှားပေရာ ပါရမီရှင်များ ပင်လျှင် ထိုအဆင့်သို့ရောက်ရန် နှစ်တရာခန့် အချိန်ပေးရပေမည်။

ကမ္ဘာပေါ်ရှိ တစ်နေရာရာ၌ အထွတ်အထိပ်အဆင့် ပညာရှင်များ ရှိနေနိုင်ကြောင်း သိပြီးသော်လည်း ချန်းဖန်က မစိုးရိမ်ပေ။ သူ့၏ လျင်မြန်သော ကျင့်ကြံနှုန်းကို ထည့်မတွက်လျှင်ပင်  တခြားလူများ၌ မရှိသော အားသာချက်များ သူ့တွင် အများအပြား ရှိပေသည်။ မှော်တိုက်ကွက်များ၊ ဓမ္မစွမ်းအင်များ၊ အတိတ်ဘဝက မှတ်ဉာဏ်များ.. စုံလို့ပါပင်။

သူက အဘိုးကြီးအား ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်က တကယ်ပဲ တာအိုလမ်းစဉ်ကို လိုက်စားတဲ့ ဘုန်းကြီးတစ်ပါးပါ  ခုန အဖိုးတို့မြင်ခဲ့ရတာက ချီကိုအသုံးပြုထားတဲ့ သာမန် လှည့်ကွက်လေးတစ်ခုပါ သိုင်းပညာရှင်တို့၊ အထွက်အထိပ် အဆင့်က ပညာရှင်တို့ ဆိုတာတွေက ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့အရာတွေပါ ကျွန်တော်က အဖိုးထင်နေသလို ပညာရှင်တစ်ယောက် မဟုတ်မှာပဲ စိုးမိတယ်"

"တာအို လမ်းစဉ်"

အဘိုးကြီးက ချန်းဖန်၏ ငြင်းဆိုမှုကြောင့် မတွေးတတ်အောင် ဖြစ်သွားသည်။ သူအနေနှင့် ဘုန်းကြီးများ၏ အစွမ်းထက်မှုတွေ အကြောင်း ကြားဖူးနားဝ ရှိသော်လည်း အမှန်တကယ်က မယုံကြည်ပေ။ ဒါ့အပြင် ချန်းဖန် အသုံးပြုခဲ့သော စွမ်းအားက အထွတ်အထိပ် ပညာရှင်များ၏ စွမ်းအားနှင့် ဆင်တူလှသည်။

ဒါဆို သူက ဘာလို့ငြင်းတာလဲ တကယ်ပဲ အထွတ်အထိပ်ပညာရှင် မဟုတ်တာလား။

အဖြေရှာမရသည့်အဆုံး အဘိုးကြီးက ထိုမေးခွန်းက ခဏတာ ဘေးဖယ်ထားရန် တွေးလိုက်သည်။ ပထမဦးစားပေးက ထိုလူငယ်လေးနှင့် မိတ်ဆွေဖွဲ့ဖို့ပင်။ ပညာရှင် ဟုတ်၊ မဟုတ်က အရေးမကြီး။ အထွတ်အထိပ်ပညာရှင်များသာ လုပ်နိုင်သော အရာအား လူငယ်လေးက လုပ်နိုင်သည် ဆိုမှတော့ ပညာရှင် ဟုတ်ခြင်း၊ မဟုတ်ခြင်းက အဓိကမကျတော့ပေ။

ထပ်ပေါင်းပြောရလျှင် ထိုလူငယ်လေးကား ငယ်ရွယ်လွန်းသည့်အပြင် ရုပ်လုံးဝမဆိုးပေ။  မဟုတ်သေး.. ရုပ်မဆိုးဘူး ဆိုခြင်းထက် လိုလူငယ်လေး၏ ရုပ်ရည်မှာ ချောလွန်းနေခြင်းသာ ဖြစ်သည်။ သူ့၏ ကျက်သရေ ရှိသော မြေးမလေးနှင့် လိုက်ဖက်လှပေသည်။ အဘိုးကြီး၏ စိတ်အတွင်း၌ ချန်းဖန်နှင့် မိတ်ဆွေဖွဲ့ရေး နည်းလမ်းပေါင်းများစွာ စဉ်းစားရင်း အလုပ်ရှုပ်နေ‌သည်။

အဘိုးကြီးက အပြုံးကြီး တစ်ခုအား ပြုံးရင်း ချန်းဖန်အား ပြောလာသည်။

"ဒါက အရေးမကြီးပါဘူး ဆရာ့ရဲ့အသံနေ အသံထားကို နားထောင်ရတာ ချူကျိုးက မဟုတ်သလိုပဲ ဘယ်ဇာတိကများလဲ"

"အမှန်ပဲ ကျွန်တော်က ချူကျိုးမြို့ခံ မဟုတ်ပါဘူး ကျွန်တော် ၁၇နှစ်အရွယ်အထိ စီကျွေးနယ်မှာပဲ ကြီးပြင်းခဲ့တာပါ အခုကတော့ ချူကျိုးမြို့မှာ ကျောင်းလာတက်တာ"

ချန်းဖန်က ခေါင်းငြိမ့်ရင်း ဆက်ပြောလိုက်သည်။

"ကျွန်တော့်နာမည်က ချန်းဖန်ပါ ချန်းပေ့ရွှမ်းလို့လည်း ခေါ်လို့ရပါတယ် 'ပေ့ရွှမ်း'ဆိုတာက ကျွန်တော့်ဆရာ ပေးထားတဲ့နာမည်ပါ ဘွဲ့နာမည်ပေါ့"

အဘိုးကြီးက ကျင့်ကြံသူစစ်စစ် တစ်ယောက် မဟုတ်သော်လည်း အတွင်းအားစွမ်းအင်ကို သုံးစွဲနိုင်သူ ဖြစ်သည့်အတွက် ချန်းဖန်က သူ့၏ ကျင့်ကြံသူနာမည်နှင့် မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။

"စီကျွေးနယ် ချန်းဖန် ချန်းပေ့ရွှမ်း"

အဘိုးကြီးနှင့် သူ၏ မြေးမတို့က အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ ထို့နောက် အဘိုးကြီးက ဆက်မေးလာသည်။

"ဒါဆို ဆရာချန်း လို့ခေါ်ပါရစေ ဆရာချန်းရဲ့ ဆရာကရော ဘယ်သူများလဲ သူကရော ချုကျိုးမြို့က မဟုတ်ဘူးလား"

"ကျွန်တော့် ဆရာက ကမ္ဘာပေါ်မှာ မရှိပါဘူး"

ချန်းဖန်က ခေါင်းယမ်းရင်း ပြန်ဖြေလိုက်သည်။

အခုချိန်တွင် သူ့ဆရာ ထန်ချင် တစ်ယောက် နဂါးငွေ့တန်းကြီးထဲက ဘယ်ဂြိုလ်တွေကိုများ လှည့်လည် သွားလာနေမလဲဟု ချန်းဖန်တွေးမိသည်။ အတိတ်ဘဝက အတိုင်းသာဆိုရင် သူ့ဆရာ ကမ္ဘာပေါ်သို့ ရောက်လာမည့်အချိန်က ဆယ်နှစ်လောက် လိုနေသေးသည်။ ဒီအတောအတွင်း ဘယ်လို အကြောင်းအရင်းမျိုးကမဆို မခန့်မှန်းနိုင်သော အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်ပေသည်။ ဥပမာ သူ့ဆရာ ထန်ချင်က ကမ္ဘာပေါ်ကို ဘယ်တော့မှ ရောက်မလာနိုင်တော့တာမျိုး..။

အဘိုးကြီးကတော့ ချန်းဖန်၏ စကားအား အဓိပ္ပါယ်ကောက် လွဲသွားပြီး စိတ်မကောင်းဟန်ဖြင့် ပြောလာသည်။

"လူဆိုတာ သေဆုံးဖို့အတွက် မွေးဖွားလာကြတာပါပဲလေ ဆရာချန်းရဲ့ ဆရာက မိုးကောင်းကင်ကနေ ဆရာချန်းကို ကြည့်ပြီး ဂုဏ်ယူနေပါလိမ့်မယ် အဖိုးကလည်း အိုနေပါပြီ တချို့ အဖိုးရဲ့ မိတ်ဆွေတွေဆိုလည်း သွားနှင့်ကြပါပြီ အဖိုးကတော့ သိုင်းပညာ လမ်းစဉ်ကို လိုက်စားခဲ့လို့သာ သက်တမ်းကို နည်းနည်း ဆွဲဆန့်ထားနိုင်ခဲ့တာ ဒါပေမဲ့လည်း တစ်နေ့ကျရင်တော့ ဒီလမ်းကိုပဲ လိုက်ရမှာပါပဲလေ"

အဘိုးကြီးခမျာ စကား မဆုံးသေးခင်မှာပဲ ရပ်လိုက်ရပြီး ပြင်းထန်စွာ ချောင်းဆိုးလေတော့သည်။

"ဖိုးဖိုး"

ကျီချင်းက စိုးရိမ်စွာခေါ်လိုက်ပြီး သူမ၏ အဘိုးအား ထူပေးလိုက်ကာ ကျောကုန်းကား ညင်ညင်သာသာ သပ်ပေးလိုက်သည်။

"ဖိုးဖိုး အဆင်ပြေပါတယ် အရင်က ဒဏ်ရာဟောင်းတွေ ပြန်ထလာတာ ဒီတစ်သက် ပျောက်မယ် မထင်တော့ပါဘူးလေ"

ချန်းဖန်က ပြုံးရင်း ဝင်ပြောလိုက်သည်။

"အဖိုးအနေနဲ့ အတွင်းအားကို များများစားစား ထုတ်မသုံးသင့်ဘူး မဟုတ်ရင် အဖိုးရဲ့ အဆုတ်တွေကို ထိခိုက်စေလိမ့်မယ်"

"ဆရာချန်းက ဆေးပညာမှာလည်း နှံ့စပ်တာလား အဖိုးရဲ့ ဒဏ်ရာအကြောင်း ဘယ်လိုများ သိနေရတာလဲ"

အဘိုးကြီးက မယုံနိုင်ဟန်ဖြင့် မေးလာသည်။

ချန်းဖန် ပြန်မဖြေရသေးခင်မှာပဲ ကျီချင်းက ဝင်ပြောလာသည်။

"ဖိုးဖိုး ငယ်ရွယ်စဉ်တုန်းက သေမလိုဖြစ်ခဲ့ရတဲ့ အချိန်တစ်ခု ရှိခဲ့ဖူးတယ် မိသားစုကို ကယ်တင်ဖို့အတွက် ဖိုးဖိုးက အတွင်းအား စွမ်းအင်ကို သူသုံးနိုင်တာထက် ပိုပြီး သုံးခဲ့ရတယ် အဲ့ဒီ့ မတော်တဆမှုက ဖိုးဖိုးရဲ့  အဆုတ်တွေကို ဒဏ်ရာ ရစေခဲ့တယ် ဆေးရုံကိုလည်း အချိန်မီ မသွားနိုင်ခဲ့တော့ ဒဏ်ရာက ပြန်ကောင်းဖို့ မဖြစ်နိုင်တော့အောင်ပဲ အတွင်းဒဏ်ရာ ဖြစ်နေတော့ အပြည့်အဝကောင်းအောင် ကုဖို့ ဆိုတာကလည်း မဖြစ်နိုင်သလောက်ပဲလေ"

"ဆရာချန်းက တာအိုလမ်းစဉ်ကို လိုက်စားတဲ့သူ ဆိုတော့ ဖိုးဖိုးရဲ့ ရောဂါအရင်းအမြစ်ကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ခဲ့တယ် ဖိုးဖိုးရဲ့ရောဂါကိုများ ကုပေးနိုင်မလားဟင်"

သူမက မျက်ရည်ဝဲနေသော မျက်လုံးရွဲကြီးများဖြင့် ချန်းဖန်အား ကြည့်လာသည်။ သူမက သူမ၏အချစ်ဆုံးအဖိုးအား ပြန်သက်သာလာစေရန် ဘာမဆ်ု လုပ်မည့်ဟန် ရှိသည်။

အတွင်းဒဏ်ရာ ဖြစ်သည့်အတွက်  ခေတ်မီ ဆေးဝါးများဖြင့် ကုသခြင်းငှာ မစွမ်းသာပေ။ တရုတ်တိုင်းရင်း ဆေးဆရာများပင်လျှင် ဆယ်စုနှစ်များစွာ ကြာသည့်တိုင် မပျောက်ကင်းသေးသော ဒဏ်ရာအား လက်လျော့သွားကြပြီ ဖြစ်သည်။

သူမက ချန်းဖန်၏ မယုံကြည်နိုင်ဖွယ် စွမ်းအား အား မျက်မြင်ကြုံရပြီးနောက် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာခဲ့ခြင်း ဖြစ်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မတို့ ဝေ့မိသားစုက မြစ်မြောက်ဘက်ပိုင်းမှာ အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိပါတယ် ဆရာချန်းသာ ကျွန်မဖိုးဖိုးကို ကုပေးနိုင်ရင် ကျွန်မတို့ဘက်က ထိုက်ထိုက်တန်တန် ပြန်ပေးမှာပါ ကျွန်မ စကားကို ကျွန်မ တည်ပါတယ်"

ကျီချင်း၏ မျက်လုံးများက ချန်းဖန်အား ကြည့်ရင်း ခိုင်မာစွာပြောလိုက်သည်။

ချန်းဖန်က စက္ကန့်ပိုင်းမျှ စဉ်းစားပြီးနောက်မှ ပြန်ပြောလိုက်သည်။

"ဒါက ခက်ခဲတာတော့ မဟုတ်ပါဘူး ကံတရားက ကျွန်တော်တို့ကို ဒီမှာ ဆုံစည်းစေတယ် ဆိုမှတော့ ကံတရားက စီမံတဲ့အတိုင်း ကျွန်တော်က ပျော်ပျော်ကြီး လက်ခံပေးရမှာပေါ့"

အပျော်များလွှမ်းသွားသော မျက်နှာနှစ်ခုအား ကြည့်လိုက်ပြီး ချန်းဖန်က ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်အနေနဲ့ ပြင်ဆင်ဖို့တော့ လိုသေးတယ် နှစ်ရက်အတွင်း ကျွန်တော် အဖိုးရဲ့ဒဏ်ရာကို ကုပေးပါ့မယ် အဆင်ပြေရဲ့လား"

"သေချာတာပေါ့"

ကျီချင်း၏ အေးစက်လှသော မျက်နှာလေးထက် အပြုံးလေးတစ်ပွင့်က ဖြစ်တည်လာခဲ့သည်။ ချန်းဖန်က ဘယ်လိုမှတော့ မခံစားရသော်လည်း သူမ၏ အလှကိုတော့ အသိအမှတ် ပြုမိပေသည်။ သူမက မျက်မှောင် ကျုံ့မထားသည့် အချိန်မျိုးဆို အမှန်ပင် ပိုလှသည်။

"ကျေးဇူးတင်ပါတယ် ဆရာချန်း"

အဘိုးကြီးက တည်ငြိမ်အောင် ကြိုးစားနေဆဲ ဖြစ်သောလည်း တုန်ယင်နေသော အသံက သူ့အား သစ္စာဖောက်နေလေသည်။ သူက မလှမ်းမကမ်းမှ လူငယ်ထံ လှမ်းအော်လိုက်သည်။

"ရှောင်ချီ ဘာလို့ ဆရာချန်းနဲ့ ဖုန်းနံပါတ် မြန်မြန် မလဲသေးတာလဲ ပြီးရင် ဆရာချန်းကို အိမ်ပြန်လိုက်ပို့လိုက်ဦး"

ထို့နောက် ချန်းဖန်ဘက်သို့ ပြန်လှည့်လာကာ..။

"အဆင်သင့် ဖြစ်ပြီဆိုရင် ရှောင်ချီ့ကို ဖုန်းလှမ်းဆက်လိုက်ပါ သူလာခေါ်ပါလိမ့်မယ် ပြီးတော့ တစ်ခုခု လိုတာရှိရင်လည်း ရှောင်ချီ့ကို ပြောလို့ရပါတယ်"

"ကျေးဇူးပါ"

‌ချန်းဖန်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ထို့နောက် ရှောင်ချီက ကားဖြင့်လိုက်ပို့သည်။

ရှောင်ချီ၏ ကားကား အနည်းဆုံး ၂မီလီယမ် ၃မီလီယမ်လောက် တန်ကြေးရှိသော ကား ဖြစ်သည်။ ၂၀၀၇ ခုနစ်မှာတော့ ဒါက ငွေကြေးနှင့် အာဏာ၏ ပြယုဂ်ပင် ဖြစ်သည်။

အဘိုးကြီးက ကျင့်ကြံသူ တစ်ယောက်မဟုတ်သော်လည်း သိုင်းပညာလမ်းစဉ်က လူတစ်ယောက် ပဲဖြစ်ရာ သူက ကူညီလိုသည်။ သို့သော် သူက ချက်ချင်း သဘောမတူခဲ့ခြင်းမှာ အာဏာနှင့် ငွေကြေး၏ လွှမ်းမိုးမှုကို မခံလို၍ ဖြစ်သည်။ အဘိုးကြီး၏ နာမည်က "ဝေ့ဖူ"ဟူ၍ သိပြီးတကည်းက ထိုနာမည်က ဒီလောက်မရိုးရှင်းမှန်း သူရိပ်မိသည်။ အဘိုးကြီးက သူ့အား အလွန်ရို့ကျိုးစွာ ဆက်ဆံနေသော်လည်း အဘိုးကြီး၏ ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါ တစ်ခုအား သူက သတိထားမိခဲ့သည်။ တချို့အရာများက မျက်လုံးဖြင့် မြင်ရ‌သလောက် ရိုးရှင်းမနေပေ။

ရှောင်ချီနှင့် ဖုန်းနံပါတ်များ လဲပြီးနောက် ချန်းဖန် တိုက်ခန်းကိုသာ တန်းပြန်လိုက်သည်။

ကျင့်ကြံသူ တစ်ယောက် ဖြစ်သော ချန်းဖန်က ပုံမှန်အားဖြင့် ရောဂါပျောက်ဆေးများကို မှီဝဲစရာ မလိုပေ။ ဝိညာဉ်ဆေးလုံး တစ်လုံး သောက်ရုံဖြင့် သာမန် ရောဂါမှန်သမျှက ပျောက်ကင်းနိုင်သည်။

ထို့ကြောင့် ချန်းဖန်၏ 'ပြင်ဆင်ရန်လိုသည်' ဟူသော ခေါင်းစဉ်အောက်တွင် ဆေးဝါးများ စုဆောင်းရန်တော့ မလိုသော်လည်း သူကိုယ်တိုင်တော့ ဆေးလုံး ဖန်တီးဖို့လိုသည်။

ဒါ့အပြင် ဝေ့ဖူ၏ ရောဂါအရင်းအမြစ်ကို ရှာဖွေနိုင်ရန် အတွင်းအားလှိုင်းများ အကြောင်း အသေးစိတ် လေ့လာထားဖို့ လိုသည်။

ချန်းဖန်က အတွင်းအားလှိုင်းများ အကြောင်း ဘာမှ အသေးစိတ် မ‌မေးခဲ့‌သော်လည်း ထိုဟာက ဝိညာဉ်ချီ၏ ရိုးရှင်းသော မူကွဲ တစ်မျိုးသာ ဖြစ်ကြောင်း နားလည်သည်။ ရှင်းအောင်ပြောရသော် ချန်းဖန်လို ကောင်းကင်ဘုံ အရှင်သခင် ဖြစ်ခဲ့ဖူးသူ တစ်ယောက်အတွက် ဝေ့ဖူ၏ ပြဿနာမှာ သင်္ချာပါရဂူ တစ်ယောက်က မူလတန်းသင်္ချာ တစ်ပုဒ်အား အားမစိုက်ထုတ်ဘဲ တွက်နိုင်သကဲ့သို့ပင် ဖြစ်သည်။

"ချီး ဆေးဖော်ဖို့အတွက် ငါ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေ ထပ်လျော့ဦးမယ်"

မတတ်နိုင်ပေ။ သူက ကတိပေးပြီးဖြစ်ရာ ပျက်ကွက်ဖို့ မသင့်။ စိတ်မပါ လက်မပါ ဖြစ်နေသော ခြေထောက်တို့အား တိုင်းရင်းဆေးဆိုင်အတွင်းသို့ တရွတ်ဆွဲသွားရင်း လိုအပ်သော ပါဝင်ပစ္စည်းများအား ဝယ်လိုက်သည်။ တော်သေးတာက ဆေးဖော်ရန် လိုအပ်သော ပစ္စည်းများက ဈေးပေါနေခြင်းပင်။

ချန်းဖန် ဖော်စပ်လိုသော ဆေးလုံးက ကျင့်ကြံသူများကြား လူသိများသော 'အဆင့်နိမ့် ခွန်အားဖြည့်ဆေးလုံး' ဖြစ်သည်။ ထိုဆေးလုံးကား သာမန်ရောဂါများကို ပျောက်ကင်းစေသည်သာမက အတွင်း ဒဏ်ရာများကိုပါ ကုသပေးနိုင်သည့်အပြင် သာမန်လူများ၏ သက်တမ်းကိုလည်း ဆွဲဆန့်ပေးနိုင်သည်။

'အဆင့်နိမ့်'ဟု သူရည်ညွှန်းရခြင်း အကြောင်းအရင်းမှာ ချန်းဖန် ဖော်စပ်မည့် ဆေးလုံးက မူရင်းဆေးလုံး၏ ဆယ်ပုံ ပုံ တစ်ပုံသာ သက်ရောက်မှု ရှိသောကြောင့် ဖြစ်သည်။

အကန့်အသတ် ရှိသော အရင်းအမြစ်များကြောင့် ချန်းဖန်က ဤမျှသာ တတ်နိုင်ပေသည်။ အကယ်၍ သူ့တွင် ပိုက်ဆံ အလုံအလောက် ရှိလျှင်တောင် ပါဝင်ပစ္စည်းများအား ကမ္ဘာပေါ်တွင် ရှာဖို့ မလွယ်ချေ။

"အဆင့်နိမ့် ဆေးလုံးဆို လုံလောက်ပါပြီ တကယ်လို့ ပိုကောင်းတဲ့ ဆေးလုံးနဲ့ ကုချင်ရင်တော့ သူ့ဘာသာ ပိုက်ဆံရှင်းမှပဲရမယ်"

ဒီရက်ပိုင်းအတွင်း ချန်းဖန်က ကျင့်ကြံခြင်းကို ခေတ္တရပ်ထားပြီး ဆေးလုံးဖော်စပ်ခြင်းနှင့် အတွင်းအားလှိုင်းများအကြောင်း လေ့လာရင်း အချိန်ဖြုန်း‌နေခဲ့သည်။

ဒီရက်များအတွင်း အန်တီထန်က ညစာလာစားရန် မကြာခဏ ဖိတ်ခဲ့သော်လည်း ချန်းဖန်က ယဉ်ကျေးစွာပဲ ငြင်းပယ်ခဲ့သည်။

ရက်အနည်းငယ်ကြာအောင် အားထုတ်ပြီးနောက် ချန်းဖန်က ကုသပေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း အန်တီထန်က နောက်တစ်ကြိမ် ဖိတ်ခေါ်လာခဲ့သည်။ ဒီတစ်ကြိမ်တော့ သူက မငြင်းရက်တော့၍ မတတ်သာဘဲ လက်ခံလိုက်ရလေသည်။

***

All Chapters