ကျန်းချူယန်၏ သူငယ်ချင်းများ
Vol. 1 Ch. 8
ဖုန်းဆက်ပြီး အန်တီထန်က ပြောလာသည်မှာ ဒီတစ်ခေါက်က ညစာ ဖိတ်ကျွေးဖို့မဟုတ်ဘဲ ကျန်းချူယန်၏ သူငယ်ချင်းတွေထဲမှ တစ်ယောက်၏ မွေးနေ့ပါတီ ဟူ၍။
ချန်းဖန်လည်း ထွေထွေထူးထူး မစဉ်းစားတော့ဘဲ အယောင်ပြသွားပြီး ဘယ်သူမှ သတိမထားမိခင် ပြန်လာမည်ဟု တွေးကာ ကျန်းချူယန်အား ဖုန်းခေါ်လိုက်သည်။
"ဟယ်လို ယန်ယန်လား ငါ ချန်းဖန်ပါ"
"ဘာကိစ္စလဲ"
တက်ကြွမှုအလျဉ်း မရှိသည့် ကျန်းချူယန်၏ အေးစက်စက်အသံက ဖုန်းထဲမှ ပျံ့လွင့်လာသည်။
"အန်တီထန်က မင်းသူငယ်ချင်းရဲ့ မွေးနေ့ပွဲကို မင်းနဲ့အဖော်လိုက်ပေးဖို့ ပြောထားလို့.."
"ငါကအခု မြို့ထဲက စတားဘတ် ကောဖီဆိုင်မှာ နင်ဘာလို့ ဒီကို လိုက်မလာတာလဲ"
ကြည့်ရသည်မှာ ကျန်းချူယန်လည်း သူမ အမေဆီက ဖုန်းလက်ခံရပြီးပုံပင်။
"အဲ့ဒါ ဘယ်သူလဲ ယန်ယန်"
တစ်ကိုယ်လုံးတွင် ဂူချီနှင့် အယ်လ်ဗွီတံဆိပ်များအား ညွှတ်နေအောင် ဝတ်ထားသော မိန်းကလေးက ဝင်မေးလာသည်။ သူမကား ကျန်းချူယန်၏ အချစ်ဆုံးသူငယ်ချင်း သူဌေးသမီးလေး ကျန့်ယွီမုန့်၊ တစ်နည်းအားဖြင့် မွေးနေ့ရှင်ပါပေ။
သူမတို့စားပွဲဝိုင်း၌ အရပ်ရှည်ရှည်၊ ဆွဲဆောင်မှုရှိရှိနှင့် မိန်းကလေးနောက်တစ်ယောက် ရှိနေသေးသည်။ သူမတို့သုံးယောက်ကား ငယ်စဉ်တည်းက အတူကြီးပြင်းခဲ့သော အချစ်ဆုံးသူငယ်ချင်းများလည်း ဖြစ်ကြသည်။
"အရှုံးသမား တစ်ယောက်ပါဟာ ငါ့အမေသူငယ်ချင်းရဲ့သား ငါ့အမေခေါင်းထဲမှာ ဘာတွေတွေးနေလဲ မသိဘူး ငါ့အမေ ဘာတွေ လုပ်နေတယ်ထင်လဲ အဲ့တောသားကောင်ကို ငါနဲ့ လက်ထပ်ပေးချင် နေတယ်တဲ့လေ မယုံနိုင်စရာပဲ"
ကျန်းဖျူယန်က သူမဖုန်းအား ဆိုဖာပေါ်သို့ ပစ်ချလိုက်ရင်း ညည်းညူလိုက်သည်။
ကျန့်ယွီမုန့်ကား သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ကျန်းချူယန်အား တစ်ခုပြီး တစ်ခု မေးတော့သည်။
"ဒီတော့ သူက နင့်မိဘတွေနဲ့ တွေ့ပြီး သွားပြီလား သူကချောလား ချမ်းရော ချမ်းသာလား ငါ့ကောင်လေး ယန်ချောင်နဲ့ ယှဉ်ရင်ရော ဘယ်လိုနေလဲ"
ယန်ချောင်က ကျန့်ယွီမုန့်၏ ကောင်လေးဖြစ်ကာ အရပ်ရှည်ပြီး ကြည့်ကောင်းသည်။ ကျောင်းတွင်လည်း ဘတ်စ်ကက်ဘောအသင်း၏ ခေါင်းဆောင်ဖြစ်တာကြောင့် ကျော်ကြားသည်။ အရေးအကြီးဆုံး အချက်က ယန်ချောင်၏ မိဘများသည် ချူကျိုးမြို့၌ ကြယ်ငါးပွင့် အဆင့်ရှိသော 'ထျန်ရှန်း' ဟိုတယ်အား ပိုင်ဆိုင်ခြင်းပင်။
ဘတ်စ်ကက်ဘော အသင်းခေါင်းဆောင် တစ်ယောက်အနေနှင့် ယန်ချောင်က မိန်းကလေးမရှားသော်လည်း ကျန့်ယွီမုန့်ကဲ့သို့ ကျော်ကြားသော မိန်းမလှလေးနှင့် တွဲရခြင်းကို သူက အမြဲ ဂုဏ်ယူနေတတ်သူ ဖြစ်သည်။
"နင်က သိုက်တူးသမားလားပြော အမြဲတမ်း ပိုက်ဆံမျက်နှာပဲ ကြည့်နေတယ်"
အရပ်ရှည်ရှည်နှင့် ဆွဲဆောင်မှုရှိသော ကောင်မလေးအား ကျန့်ယွီမုန့်အား ပြောလိုက်ခြင်း ဖြစ်သည်။
"အဲ့တာက ဘာမှားနေလို့လဲ နင်လည်းသိသားနဲ့ ငါက ဘယ်တော့မှ ပိုက်ဆံမရှိတဲ့ လူဝကြီးတွေနဲ့ တွဲမှာ မဟုတ်ဘူး"
ကျန့်ယွီမုန့်က ပြန်ပြောလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ နင့်မှာ မြင့်မားတဲ့စံချိန်တွေရှိတယ်ဆိုတာ ငါတို့အားလုံး သိပါတယ်"
ကျန်းချူယန်က ဝင်ပြောလိုက်သည်။
"သူ့နာမည်က ချန်းဖန်တဲ့ သူက စီကျွေးနယ်က သာမန်မိသားစု တစ်ခုကပဲ ငါ့အမေက သူနဲ့ ဘာလို့ သဘောတူနေလဲဆိုတာ သေချာမသိပေမဲ့ ငါထင်တာတော့ သူက ရိုးသားလို့ ဖြစ်မယ်"
"ရိုးသားမှု အမလေး အဲ့ဒါက ခုခေတ်ကြီးများ ဘယ်လောက်များ တန်လို့လဲ"
ကျန့်ယွီမုန့်က အော်ရယ်ရင်း ပြန်ပြောလိုက်သည်။
အရပ်ရှည်ရှည်နှင့် ကောင်မလေးက သက်ပြင်းချရင်း ကျန်းချူယန်ကို လေးနက်စွာ ပြောလိုက်သည်။
"သူပြောတာကို နားထောင်မနေနဲ့ တကယ်လို့ နင်တို့နှစ်ယောက်က စရိုက်ချင်း မတူညီဘူးဆိုရင် နင်သူ့ကို ကြိုက်တောင် အလကားပဲ နောက်ဆုံးကွဲမှာပဲ"
"ငြင်းခုံနေတာ ရပ်ပါတော့ မမလေးတို့ရယ် ငါလည်း သူ့ကို မကြိုက်ပါဘူး ဒီတိုင်း ငါက အမေ့ကို စိတ်ပျက်မိရုံပါ"
ကျန်းချူယန်က အကူအညီမဲ့စွာ ပြောမိသည်။
"ယန်ယန် သူ့ကို မကြိုက်ဘူးဆိုရင် ရပြီ ငါကူညီပေးမယ် သူရောက်လာရင် ငါသင်ခန်းစာ ပေးလိုက်မယ်"
ကျန့်ယွီမုန့်က နှာခေါင်းရှုံ့ရင်း ပြန်ပြောလာသည်။
ကျန်းချူယန် " ... "
ကျန်းချူယန် ခမျာ ဆွံ့အသွားသည်။ သူမအမေတင်မက သူမသူငယ်ချင်းများကလည်း စိတ်ပျက်စရာပင်။ သူမက ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။
သိပ်မကြာပါ။ သူမတို့က ကော်ဖီဆိုင်ဆီသို့ လျှောက်လာနေသော ကောင်လေးတစ်ယောက်အား မြင်လိုက်ရသည်။
၂၀၀၇ခုနစ်တွင် စတားဘတ်က တရုတ်ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီး လူလတ်တန်းစားများနှင့် အထက်တန်းလွှာများကြားထဲ အတော် ရေပန်းစားခဲ့သည်။
စတားဘတ်လို ကော်ဖီဆိုင်ထဲတွင်တောင် ကျန်းချူယန်က ထင်းထွက်နေသည်။ သူမပုံစံက လှပသော ပညာတတ် မိန်းမလှလေး ဖြစ်ကြောင်း နဖူးတွင် စာကပ်ထားသလိုပင်။ သူမအား အဖော်ပြုပေးနေသော ကောင်မလေးနှစ်ယောက်ကလည်း ချွင်းချက်မဲ့ အလှပိုင်ရှင်များ ဖြစ်သည်။ တစ်ယောက်က အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိသည်။ တစ်ယောက်က ပုပုလေးနှင့် ချစ်ဖို့ကောင်းသည်။ အလျင်အမြန်ပဲ သူမတို့စားပွဲက ကော်ဖီဆိုင်ထဲတွင် လူအများ အာရုံစိုက်ရာ ဖြစ်လာသည်။
သို့ဖြစ်ရာ ချန်းဖန်က ကျန်းချူယန်အား ရှာရန် မခက်ပေ။ သူက လက်တစ်ဖက် ဝှေ့ယမ်းကာ နှုတ်ဆက်ပြီးနောက် စားပွဲဆီ လျှောက်လာသည်။
"ဟိုင်း"
ကျန်းချူယန်ကလည်း ပြန်နှုတ်ဆက်ဖော်တော့ ရသေးသည်။
ချန်းဖန်က အရပ်ရှည်ရှည်နှင့် ဆွဲဆောင်မှုရှိသော ကောင်မလေးအား သတိထားမိသည်။ သူမက သူ စရောက်လာကတည်းက တစ်ချက်မှလှည့်မကြည့်ဘဲ ကော်ဖီခွက်အား ကိုင်ထားပြီး ပြတင်းပေါက် အပြင်ဘက်သို့ ငေးနေပြီး တကယ်တမ်းတော့ ဘာကိုမှ ကြည့်မနေပေ။ သူမမျက်နှာက ခံစားချက် ကင်းမဲ့နေပြီး ပြောချင်သည်ကတော့ ရှင်းသည်။ 'ငါ့ကို စကားလာမပြောနဲ့' ဟူ၍။
"နင်က ချန်းဖန်လား"
ကျန့်ယွီမုန့်က ချန်းဖန်ကို မြင်မြင်ချင်း အံ့အားသင့်သွားသော်လည်း ခဏချင်းပဲ အထင်သေးမှုများ အဖြစ် ပြောင်းလဲသွားသည်။ ပထမပိုင်း အံ့အားသင့်ရခြင်းမှာ ချန်းဖန်၏ ချောမောလွန်းသော ရုပ်ရည်ကြောင့် ဖြစ်ပြီး ဒုတိယပိုင်း အထင်သေးသွားခြင်းမှာ ချန်းဖန်၏ သာမန်ဆန်လွန်းသော အဝတ်အစား များကြောင့် ဖြစ်သည်။
သူမ ဝတ်ဆင်ထားသော ဖိနပ်၊ ပိုက်ဆံအိတ်၊ အဝတ် အားလုံးကို ပေါင်းလိုက်လျှင် ယွမ် ထောင်ကျော် တန်သည်။ သူမ ကိုင်ထားသော ပိုက်ဆံအိတ်မှာ အယ်လ်ဗွီမှ အထူးထုတ်ဖြစ်ပြီး အင်္ကျီကတော့ ပန်းရောင် ချန်နယ်လ်တံဆိပ် ဖြစ်သည်။ ဖိနပ်များကတော့ သူမ၏ ဖခင် မီလန်နိုင်ငံသို့သွားစဉ်က ဝယ်လာပေးခဲ့တာဖြစ်သည်။
သူမအရှေ့မှ တောသားကတော့ ယွမ်နှစ်ဆယ်တန် ဂျင်းဘောင်းဘီနှင့် ငါးယွမ်လောက်သာ တန်သော ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ လူနှစ်ယောက်က မျက်နှာချင်းဆိုင် ရပ်နေကြသော်လည်း အဆင့်အတန်းက ကမ္ဘာခြားနေသလိုပင်။
"ဟေး တောသားလေး ငါတို့ယန်ယန်ကို ကောင်လေး ဘယ်လောက်များများက ဒိတ်ချင်နေကြလဲ နင်သိလား အိုခေ ငါပြောပြမယ် ချင်းဟွာ တက္ကသိုလ်ကို အခုတည်းက ဝင်ခွင့်ရထားတဲ့ စာအတော်ဆုံး ကျောင်းသား၊ အရမ်းချမ်းသာပြီး ချူကျိုးမြို့ တဝက်လောက်ကိုတောင် ဝယ်နိုင်တဲ့ လူရဲ့သား၊ ချူကျိုးမြို့ရဲ့ နောက်တက်မဲ့ မြို့တော်ဝန် ဖြစ်လာမဲ့ သူရဲ့သား၊ ယန်ယန်က ဘယ်သူ့ကို ရွေးမယ်လို့ထင်လဲ သေချာတာက.. နင်တော့မဟုတ်ဘူး"
ကျန့်ယွီမုန့်က ချန်းဖန်အား ပေါ်တင်ပင် နှိမ့်ချ ပြောဆိုလိုက်သည်။
"မုန့်မုန့်"
ကျန်းချူယန်က ကျန့်ယွီမုန့်က ဟန့်လိုက်ပြီး ဆက်မပြောတော့ဖို့ မျက်ရိပ်ပြလိုက်သည်။
"စိတ်မပူပါနဲ့ ငါလည်းသူ့ကို စိတ်မဝင်စားပါဘူး အန်တီထန်က ပါတီမှာ သူတစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ ငါ့ကို လိုက်ခိုင်းလို့သာ"
ချန်းဖန်က အေးအေးဆေးဆေးပဲ ကျန်းချူယန်ကို ကြည့်ပြီး ပြောလိုက်သည်။ သူက ကျန့်ယွီမုန့်ကို မျက်စောင်းပင် လှည့်မထိုးပေ။
"မုန့်မုန့်က အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး နင် သူပြောတာကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ် "
ကျန်းချူယန်က ဖျော့တော့စွာ ပြောလာသည်။
"ဒါပေါ့"
ချန်းဖန်က အပြုံးတစ်ခုကို တပ်ဆင်လိုက်ရင်း စိတ်ထဲမထားဟန် ပခုံးတွန့်ပြလိုက်သည်။
ကျန်းချူယန်၏ ဟန်ဆောင်ပန်းဆောင် အားနာနေမှုက ချန်းဖန်ကို ရယ်ချင်စိတ်ပင် ဖြစ်စေသည်။ အမှန်တော့ သူမကလည်း ကျန့်ယွီမုန့်နှင့် တစ်စိတ်တည်း တစ်ဉာဏ်တည်းပင်။
ချန်းဖန်၏ နှလုံးသားက ရှောင်ချုံး တစ်ယောက်တည်း အတွက်သာလျှင် ဖြစ်သည်။ တခြားသော မိန်းကလေးများ သူ့ကို ဘယ်လိုပင်တွေးတွေး သူက စိတ်မဝင်စား။ သူ့ကို နှစ်သက်သည်ဖြစ်စေ၊ ရှုံ့ချသည်ဖြစ်စေ ဒါက သူတို့ကိုယ်တိုင်၏ ပြဿနာသာ ဖြစ်သည်။ ချန်းဖန်က သူတို့–င်များကို နမ်းရန်ပင် စိတ်မဝင်စားပေ။
ချန်းဖန်၏ တိတ်ဆိတ်သွားမှုကြောင့် ကျန့်ယွီမုန့်က ကျေနပ်သွားပြီး ဖက်ရှင်မဂ္ဂဇင်း တစ်ခုကိုသာ ဖတ်နေတော့သည်။ သူမပုံစံက ချန်းဖန် ဘယ်တုန်းကမှ ရောက်မလာခဲ့သည့်အလားပင်။
ချန်းဖန်က ကောင်တာတွင် ကပ်ပချီနို တစ်ခွက်သွားမှာလိုက်ပြီး စားပွဲတွင် ပြန်လာထိုင်လိုက်သည်။ အစကနေအဆုံးထိ ချန်းဖန်၏ အာရုံက အခုထိ သူ့ကို လျစ်လျူရှုထားသော အရပ်ရှည်ရှည် မိန်းကလေးထံတွင်သာ ရှိသည်။
သူမ နာမည်က ရှုယုံဖေး။
သူမက အနက်ရောင် ခါးတစ်ဝက်အင်္ကျီ(crop top)နှင့် ခပ်ကျပ်ကျပ် ဂျင်းပြာအတိုကို ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားပြီး သေးသွယ်သောခါးနှင့် လှပသော ခြေတံတို့အား လှစ်ဟပ် ပြသထားသည်။ သူမ၏ နို့နှစ်ရောင် အသားအရေက နေရောင်အောက်တွင် ဝင်းမွတ်နေပြီး ပိုလို့ ဆွဲဆောင်မှုရှိစေသည်။
သူမက ကျန့်ယွီမုန့်ကဲ့သို့ ဈေးကြီးသော တံဆိပ်များကို ဝတ်ဆင် မထားသော်လည်း သူမ၏ အလှနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်က သာမန် အဝတ်အစားများနှင့်တောင် စူပါမော်ဒယ် တစ်ဦးအလား ထင်မှတ်သွားစေသည်။
ချန်းဖန်က ရှုယုံဖေးအား ကောင်းကောင်းသိသည်။ သူမက စိတ်ကောင်းရှိသော ကောင်မလေး တစ်ယောက်ပင်။ အတိတ်ဘဝက သူမသည် ချန်းဖန်အား ကျန်းချူယန်ကို မကြိုက်ရန် အတန်တန်တားခဲ့ပြီး ကျန်းချူယန်က သူ့အား ဘယ်တော့မှ ပြန်ချစ်မည် မဟုတ်ကြောင်း၊ သူ့အား ပြန်ချစ်နိုင်သော မိန်းကလေးကိုသာ ရှာသင့်ကြောင်း အမြဲ သတိပေးခဲ့သည်။
သူမက ကျန့်ယွီမုန့်နှင့် ကွာခြားပေသည်။ ကျန့်ယွီမုန့်က လှပသော မျက်နှာလေး ရှိသော်လည်း ဦးနှောက်က ကျပ်မပြည့်သည့်အပြင် လူတိုင်းကိုလည်း သူမနှင့် မတူမတန် သလို သဘောထား တတ်သေးသည်။
"ငါ မှတ်မိသလောက်ဆို သူမက အနုပညာ ကျောင်းသူပဲ နောက်နှစ် 'ရန်ကျင်း ရုပ်ရှင် အကယ်ဒမီ'ကို ရောက်သွားပြီး နာမည်ကျော် မင်းသမီးတစ်ယောက် ဖြစ်လာလိမ့်မယ် "
ချန်းဖန်က ကပ်ပချီနိုကို အရသာခံကာ သောက်ရင်း ပြန်တွေးလို့နေသည်။
အတိတ်ဘဝက ချန်းဖန် "စပန်ဒေါလ် အိမ်ခြံမြေလုပ်ငန်းစု"ကို ဦးစီးနေချိန်၌ ထိုမင်းသမီးနှင့် နောက်တစ်ကြိမ် ပြန်တွေ့ခဲ့သည်။ နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် မြန်မြန်ပဲ မှတ်မိခဲ့ကြသည်။ သူတို့နှစ်ဦးက ဖက်ရှင်ရှိုးပွဲတစ်ခု၌လည်း တွေ့ခဲ့ကြပြီး နှစ်ယောက်သား ညစာတောင် အတူတူ သွားစားဖြစ်ခဲ့သေးသည်။ ရှေးဟောင်းနှောင်းဖြစ်တွေလည်း ပြောရင်းပေါ့။ နှစ်များစွာ ကြာခဲ့ပြီးနောက် အထက်တန်းတုန်းက အတန်းဖော်များထဲမှ တစ်ယောက်က လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာခဲ့ပြီး တစ်ယောက်တော့ အောင်မြင်သော မင်းသမီးတစ်ယောက် ဖြစ်လာခဲ့သည်။
ဖက်ရှင်ရှိုးပွဲ ပြီးတဲ့နောက် ချန်းဖန်ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ စီးပွားဖက်တွေ၏ လှည့်ကွက်ထဲ ကျရောက်သွားပြီး လုပ်ငန်းကို ဖျက်သိမ်းလိုက်ရကာ လူတကာ၏ အပယ်ခံအဖြစ်နဲ့ ချူကျိုးမြို့သို့ ပြန်ရောက်လာခဲ့သည်။ ရှုယုံဖေးနှင့်လည်း အဆက်အသွယ် မရှိတော့။ နောက်မှ သူပြန်ကြားခဲ့ရတာက ရှုယုံဖေး တစ်ယောက် ဒိတ်တင်း သတင်းအမှားတွေ ထွက်လာပြီး မီဒီယာ၏ ထိုးနှက်ခြင်း ခံရကာ တီဗွီပေါ် ဘယ်တော့မှ ပြန်မပေါ်လာတော့ ဟူ၍။ နောက်ပိုင်း သတင်းအမှားတွေက ပိုမို ပျံ့နှံ့လာပြီး သူမနှင့် ပတ်သက်သည့် မကောင်းသတင်းများသာ ဆက်တိုက်ထွက်လာသည်။ ထိုးနှက်မှုများကို မခံနိုင်တော့သည်အဆုံး သူမသည် ငယ်ရွယ်လွန်းလှသော အသက် သုံးဆယ်မှာပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့သည်။
မှတ်ဉာဏ်များက ခါးသက်လှပေသည်။ ယခုတွင်တော့ သူမက သူ့ရှေ့တွင်ရှိနေသည်။ သူတို့နှစ်ယောက်လုံးက ငယ်ရွယ်သေးကြပြီး ရက်စက်သော လောကကြီး၏ အထုအထောင်းများက ကျရောက်မလာသေးပေ။
"ဘဝကြီးက ခါးသီးလွန်းတယ်"
ချန်းဖန်က တီးတိုးရေရွတ်လိုက်မိသည်။
သူမအား ချန်းဖန်က ငေးကြည့်နေမိသည်ကို ရှုယုံဖေးက သတိထားမိသွားပုံရကာ နောက်ဆုံးတော့ လှည့်ကြည့်လာသည်။ သူမက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
"ငါတို့ တွေ့ဖူးကြလား"
သူမ၏ အေးစက်သော မျက်နှာနှင့်မတူဘဲ သူမအသံက နူးနူးညံ့ညံ့လေး ဖြစ်သည်။
သူမအသံက ချန်းဖန်အား အတိတ်ဘဝက သူ၏ မိတ်ဆွေကောင်း နာမည်ကျော် ရုပ်ရှင်မင်းသမီးလေးအား အမှတ်ရသွားစေသည်။
"မတွေ့ဖူးကြပါဘူး ဒါပေမဲ့ ငါ့ကိုယ်ငါ မိတ်ဆိက်လို့ရမလား တွေ့တဲ့အတိုင်းပဲ ငါက ချမ်းသာတဲ့ မိသားစုကတော့ မဟုတ်ဘူး ဒါပေမဲ့ ငွေနဲ့မတတ်နိုင်တဲ့ တချို့အရာတွေကို ငါတတ်နိုင်တယ် ငါက မွေးလာကတည်းက အနာဂတ်ကို ကြိုမြင်နိုင်တယ်"
ချန်းဖန်က အပြောင်အပြက်သဘောနှင့် ပြောလိုက်သည်။
"မင်းငါ့ကို မယုံဘူးမလား ဖြစ်သင့်ပါတယ် ဒါဆို ကြည့်ရအောင် မင်းက အနုပညာကျောင်းသူ တစ်ယောက်၊ မင်းရဲ့ မျိုးရိုးနာမည်က ရှု ငါပြောတာမှန်လား"
"အို တကယ်လား ဒါဆို ပြောပါဦး ရှင် ကျွန်မဆီမှာ ဘာမြင်သေးလဲ"
ရှုယုံဖေး၏ စိတ်ဝင်စားမှုက ရုတ်တရက် မြင့်တက်သွားသည်။
"ငါကြည့်ပေးမယ် "
ချန်းဖန်က တစ်ခုခုကို မှန်းဆနေသည့်ပုံစံ ဟန်ဆောင်လိုက်သည်။
"မင်းက နောက်နှစ်မှာ ရန်ကျင်းရုပ်ရှင်အကယ်ဒမီရဲ့ ဝင်ခွင့်ကိုအောင်ပြီး မင်းသမီးတစ်ယောက် ဖြစ်လာလိမ့်မယ် နောက်ပိုင်း အောင်မြင်တဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာမယ်"
"ငါ ရန်ကျင်း အကယ်ဒမီရဲ့ ဝင်ခွင့်ဖြေထားမှန်း နင်ဘယ်လိုသိလဲ နင်မှန်တယ် ငါက အမြဲတမ်းပဲ ရုပ်ရှင်စတား တစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်ခဲ့တာ"
ရှုယုံဖေးက မယုံကြည်နိုင်စွာ ပြန်ဖြေလာသည်။
ထိုစဉ်မှာပဲ ကျန့်ယွီမုန့်က ရုတ်တရက် အကျယ်ကြီး ထရယ်လေသည်။
"မမလေးရှု နင်ဘယ်တုန်းက ဒီလောက်ထိ အ,သွားရတာလဲ နင်က ငါတို့ကျောင်းက နာမည်အကြီးဆုံး မိန်းကလေးတွေထဲက တစ်ယောက်လေ နင့်အကြောင်းတွေကို ကျောင်းက လူတွေဆီကနေ မေးထားတာနေမှာပေါ့"
ကျန့်ယွီမုန့်က သူသိသူတတ် ပုံစံဖြင့် ဝင်ရှင်းပြလာသည်။
ထို့နောက် သူမက ချန်းဖန်အား အထင်သေးစွာ ကြည့်လိုက်သည်။
"ဘယ်လို အရှုံးသမားမျိုးလဲ အခုတည်းက ပစ်မှတ်ကိုတောင် ပြောင်းလိုက်ပြီပေါ့"
ကျန်းချူယန်က ဘာမှ ဝင်မပြောသော်လည်း မျက်မှောင်ကြုတ်ထားပြီး စိတ်ပျက်နေသည်မှာ သိသာသည်။
သူမက ချန်းဖန်အား ယခုကဲ့သို့ လှည့်ဖျားတတ်သည့် လူမျိုးဖြစ်လိမ့်မည်ဟု မထင်မိခဲ့ပေ။
***