← Chapters

အတိတ်ဘဝက ရန်သူ

Vol. 1 Ch. 9

အတိတ်ဘဝက ရန်သူ

Vol. 1 Ch. 9

"ဘာပဲဖြစ်ဖြစ်ပါ "

ချန်းဖန်က ပခုံးသာ တွန့်ပြလိုက်သည်။ သူ့မှာက ရှုယုံဖေးကို သတိပေးရန် နည်းလမ်းသပ်သပ် ရှိသည်။ အခုတော့ ကျန့်ယွီမုန့်၏ ဝင်‌နှောင့်ယှက်မှုကြောင့် ဆက်ပြောချင်စိတ် မရှိတော့ပေ။

"သူက ဘယ်လိုလုပ်ပြီး ရန်ကျင်းအကယ်ဒမီကို ငါ လျှောက်ထားတဲ့အကြောင်း သိနေရတာလဲ ငါ့မိဘတွေကလွဲရင် ဘယ်သူ့ကိုမှ မပြောဖူးပါဘူး"

ရှုယုံဖေးက တွေးလိုက်တာဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမ၏ သဘောထား သေးသိမ်သော သူငယ်ချင်းနှစ်ယောက် ရှေ့တွင်တော့ ဆက်မပြောဖို့ တွေးလိုက်သည်။ သူမ ဝန်ခံချင်တာ တစ်ခုက ထိုကောင်လေးထံမှ ဘာမှန်းမသိသော ဆွဲဆောင်မှုတစ်ခုက အစပိုင်းတွင် သူ့အား လျစ်လျူရှုဖို့ သူမ ကြိုးစားခဲ့သမျှ အားလုံးအား သဲထဲရေသွန် ဖြစ်စေသည်။

ရုတ်တရက် ကောင်းမွန်စွာ ဝတ်စားထားသော ကောင်လေးများနှင့် ကောင်မလေးများအုပ်စုသည် စတားဘတ် ‌အပေါက်ဝ၌ ပေါ်လာပြီး ကျန်းချူယန်တို့အုပ်စုအား လှမ်းကာ လက်ဝှေ့ယမ်းပြနေလေသည်။

"အဲ့ဒါ ယန်ချောင်ပဲ နောက်ဆုံးတော့ သူတို့ ရောက်လာပြီ"

ကျန့်ယွီမုန့်က ထိုအုပ်စုအား ပြန်လက်ပြလိုက်ပြီး ထိုင်ခုံမှ ခုန်ထလိုက်လေသည်။ ထို့နောက်သူမက ကျန်းချူယန်နှင့် ရှုယုံဖေးတို့အား ပြောလိုက်သည်။

"ပါတီစပြီ"

ချန်းဖန်လည်း စတားဘတ်အပေါက်ဝအထိ လျှောက်သွားလိုက်တော့ ကျန့်ယွီမုန့်က အရပ်ရှည်ရှည်နှင့် ခန့်ညားသော ကောင်လေး တစ်ယောက်အား ပြေးဖက်လိုက်သည်ကို မြင်လိုက်ရသည်။ ထိုကောင်လေး၏ မျက်နှာက ချန်းဖန်၏ ခြေလှမ်းများအား ရပ်တန့်သွားစေသည်။

ယန်ချောင်

ယန်ချောင်ကား ကျန့်ယွီမုန့်၏ ကောင်လေးဖြစ်ကာ ချန်းဖန် ချူကျိုးမြို့မှာ ကျောင်းတက်နေစဉ် အတွင်း ချန်းဖန်၏ အကြီးမားဆုံး ရန်သူကြီး ဖြစ်ခဲ့သည်။

ချန်းဖန်၏ အတိတ်ဘဝက အမှားတွေထဲ အဆိုးဝါးဆုံး အမှားမှာ ကျန်းချူယန်အား ကြိုက်မိခဲ့ခြင်း ဖြစ်သည်။ ကျန်းချူယန်ကြောင့် ကျန့်ယွီမုန့်က အမြဲလိုလို သူ့အား နှိမ့်ချဆက်ဆံသည်။ ကျန့်ယွီမုန့်က ချန်းဖန်အား ယန်ချောင်နှင့် နှိုင်းယှဉ်ကာ အမြဲ လှောင်ပြောင်သည်။ ယန်ချောင်ကလည်း မိန်းကလေးများရှေ့တွင် သူ့၏ ချမ်းသာမှုအား အသုံးပြု၍ ချန်းဖန်အား ခက်ခဲအောင်လုပ်သည်။

"မုန့်မုန့် သူကဘယ်သူလဲ"

ယန်ချောင်က ကျန့်ယွီမုန့်ကို ဖက်ထားရင်း ချန်းဖန်ဘက်သို့ ညွှန်ပြကာ မေးလာသည်။

ယန်ချောင်နှင့်အတူ ပါလာသော တစ်အုပ်စုလုံးက ချန်းဖန်ထက် ပိုမို ဖက်ရှင်ကျစွာ ဝတ်ဆင်ထားပြီး အားလုံးက လူအုပ်ကြားမှာ ထင်းနေသည်။ ချန်းဖန် တစ်ယောက်သာ အားလုံးနှင့် ကွဲပြားနေသောကြောင့် ယန်ချောင်က သတိထားမိသွားခြင်း ဖြစ်သည်။

"ယန်ယန့်မိသားစုရဲ့ မိတ်ဆွေ"

ကျန့်ယွီမုန့်က မျက်လုံးများကို ကစားရင်း ပြန်ဖြေလိုက်ပြီး ယန်ချောင်၏ နားနားသို့ကပ်ကာ တစ်စုံတစ်ရာ ပြောလိုက်လေသည်။

ယန်ချောင်၏ မျက်နှာက အထင်သေးမှုတို့ ဖြတ်ပြေးသွားပြီး သူက ပြုံးလိုက်သည်။ ထို့နောက် လက်ကိုဆန့်တန်းရင်း ချန်းဖန်အား နှုတ်ဆက်လိုက်လေသည်။

"ငါ့နာမည်က ယန်ချောင်ပါ မုန့်မုန့်ရဲ့ခင်ပွန်း ငါ့မိဘတွေက ထျန်ရှန်းဟိုတယ် ပိုင်ရှင်တွေပဲ ငါကြားတာတော့ မင်းက ကျန်းချုယန်ကို လိုက်နေတယ်ဆို သူငယ်ချင်း မင်းမိဘတွေက ဘာလုပ်ကြလဲ"

ယန်ချောင်၏ စကားလုံးများက မိမိကိုယ်ကို အထင်ကြီးခြင်းများနှင့် ပြည့်နှက်နေသည်။ သူက ချန်းဖန်မှာ သာမန်မိသားစုက ဖြစ်ကြောင်း ကျန့်ယွီမုန့်ထံမှ သိပြီးဖြစ်သော်လည်း လူအများကြားထဲ ရည်ရွယ်ချက်ရှိရှိ မီးမောင်းထိုးပြလိုခြင်း ဖြစ်သည်။

ချန်းဖန်က ယန်ချောင်အား မျက်လုံးပင် လှန်မကြည့်ပေ။ လက်နှစ်ဖက်အား ဂျာကင်အင်္ကျီအိတ်ထဲသို့ သက်သောင့်သက်သာ ထည့်ထားရင်း လက်ဆွဲနှုတ်ဆက်မှုကို ငြင်းဆန်လိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

"ချန်းဖန်"

အတိတ်ဘဝက ယန်ချောင်၏ ညှဉ်းဆဲမှုများအား လုံလောက်အောင် ခံပြီးပြီဟု ယူဆသဖြင့် ချန်းဖန်က ဒီဘဝတွင်တော့ အားလုံးကို ပြောင်းလဲပစ်မည် ဖြစ်သည်။

"ဒီ‌တစ်ယောက်က စိတ်ဆိုးသွားတဲ့ပုံပဲ"

ယန်ချောင်က ပြုံးပြီး သူ့နောက်လိုက် နောက်ပါများထံ တစ်ချက်ကြည့်လိုက်သည်။ အားလုံးကလည်း ယန်ချောင် ပြောချင်သည်ကို နားလည်ကာ ချန်းဖန်အား ဝိုင်းလှောင်လိုက်ကြသည်။

ထို့နောက် ယန်ချောင်က ချန်းဖန်အား အေးစက်စက် ကြည့်လိုက်ပြီး ‌ပြောလိုက်သည်။

"အရမ်းကောင်းတယ် ငါတို့က ကျောင်းအတူတူ တက်ကြမှာပဲ နောက်ကျရင် တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ဖို့ အခွင့်အရေး ရလာမှာပါ"

ခြိမ်းခြောက်သည့် အရိပ်အမြွက်ပါသည့် စကားတို့အား ပြောပြီးနောက် ယန်ချောင်က သူ့လူများကို စုလိုက်ကာ မွေးနေ့ပွဲကျင်းပမည့် နေရာသို့ သွားရန်ပြင်ကြသည်။

ရှုယုံဖေးက စိတ်ပူစွာနှင့် ချန်းဖန်ကို တစ်ချက်လှမ်းကြည့်သည်။ ယန်ချောင်ကား ချန်းဖန်သွားရှုပ်လို့ရသည့် လူမျိုး မဟုတ်ပေ။

တစ်ခါက သူမတို့ကျောင်းမှ ကျောင်းသားတစ်ဦးက ယန်ချောင်နှင့် ကတောက်ကဆ ဖြစ်ပြီး ‌နောက်တစ်နေ့၌ ဘတ်စ်ကက်ဘောအသင်းမှ လူရမ်းကားများ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ခြေထောက်များ အချိုးခံလိုက်ရသည်။ နောက်တစ်နေ့မှာတော့ ယန်ချောင်က အပြစ်ပေးခြင်း မခံရသည့်အပြင် နစ်နာသူကျောင်းသား၏ မိဘများအား ငွေပစ်ပေးလိုက်ရုံနှင့် ပြီးသွားပြီး ထိုကျောင်းသားကသာလျှင် ကျောင်းထွက်လိုက်ရသည်။ ထိုအချိန်ကတည်းက လူတိုင်း နားလည်ထားကြသည်က ယန်ချောင်နှင့် ကောင်းမွန်သော ဆက်ဆံရေး တစ်ခုတွင်သာ ရှိကြရန် ဖြစ်သည်။

ချန်းဖန်းလည်း ရှုယုံဖေးအား 'မစိုးရိမ်ပါနဲ့'ဟု အဓိပ္ပါယ်ရသော အကြည့်တစ်ချက်‌ ပေးလိုက်သည်။ သို့သော်လည်း သူမက နှာခေါင်းရှုံ့ကာ ထွက်သွားလေသည်။ ဘာကြောင့်လဲတော့ ချန်းဖန်လည်း မသိပေ။

"အခုက စောသေးတယ်ဆိုတော့ KTV ကိုအရင်သွားကြမယ် တစ်ခုခုသောက်ပြီး နွေးသွားတော့မှ ငါ့အဖေရဲ့ ဟိုတယ်ကိုသွားပြီး ညစာစားကြမယ် ပြီးရင် ဘားကိုဆက်သွားမယ် ဒီနေ့ ငါ့ရဲ့ဇနီးလေး မုန့်မုန့်အတွက် အရမ်းကို မိုက်တဲ့ မွေးနေ့ပွဲလေး တစ်ခု ဖြစ်စေရမယ် ငါက ပွဲပြီးပြီလို့ မပြောမချင်း ဘယ်သူ့ကိုမှ ပြန်ဖို့ ခွင့်မပြုဘူး"

ယန်ချောင်၏ ကြေညာသံ အဆုံး၌ လူအုပ်ကြီးက ဟေးခနဲ အော်လိုက်ကြလေသည်။

"ဒီနားက လမ်းသစ်မှာ '‌တော်ဝင်' ဆိုတဲ့ KTV အသစ်တစ်ခု ဖွင့်ထားတယ် ငါ့သူငယ်ချင်းတွေ သွားကြတာတော့ မဆိုးဘူးလို့ ပြောတယ်"

ခေါင်းအစ၊ ခြေအဆုံး ဈေးကြီးသည့် အဝတ်များနှင့် ဆင်ယင်ထားသည့် သူဌေးသမီးတစ်ယောက်က အကြံပြုလာသည်။

"ကောင်းသားပဲ သွားကြရအောင်"

ယန်ချောင်က ပြောလိုက်သည်။

'ချီး သူတို့အစီအစဉ် အတိုင်းသာဆို မိုးလင်းတောင် အိမ်ပြန်ရောက်မှာ မဟုတ်ဘူး အန်တီထန်က သူ့သမီးကို စောင့်ရှောက်ပေးဖို့ မှာလိုက်တာ အံ့ဩစရာ မဟုတ်တော့ဘူး'

ချန်းဖန်၏ စိတ်ရှည်မှုကြီးက တဖြည်းဖြည်း ကုန်ဆုံးလာပြီ ဖြစ်သည်။ သူက ဒီည ဝေ့ဖူနှင့် တွေ့ဖို့ စဉ်းစားထားခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးတစ်သိုက်နဲ့တော့ အချိန်မဖြုန်းလိုပေ။

အမှန်တကယ်တော့ စတားဘတ်ကနေ လမ်းသစ်အထိက လမ်းလျှောက်သွားလျှင်တောင် ရသော အကွာအဝေး ဖြစ်သောလည်း ဤ လူငယ်တစ်သိုက်က ကားခြောက်စီး ထက်မနည်း ပါလာခဲ့ကြသည်။

Audi A4,BMW 330,Buick 308CC စသဖြင့် အမျိုးအစား အစုံပင်။ ထိုကားများက တန်ဖိုးကြီး ဇိမ်ဇံကားများတော့ မဟုတ်သော်လည်း ၂၀၀၇ ခုနစ်၏ အနေအထားအရ ဆိုလျှင်တော့ ရှားရှားပါးပါး တန်ဖိုးကြီး ကားများဖြစ်သည်။ ဒါကိုကြည့်ခြင်းအားဖြင့် လူငယ်တစ်အုပ်စုလုံးသည် ချမ်းသာသော အသိုင်းအဝိုင်းမှ ဖြစ်ကြောင်း သိနိုင်သည်။

အားလုံးထဲတွင် ဈေးအကြီးဆုံးကားမှာ ယန်ချောင်၏ Porsche အနီရောင်ဖြစ်ပြီး အနည်းဆုံး ယွမ် ၂ မီလီယမ် ကျော်ပေသည်။ ဈေးအကြီးဆုံးကားက ဈေးအကြီးဆုံးရည်းစား အတွက်ပင်။ ကျန့်ယွီမုန့်က ရှေ့ခန်းရှိ မောင်းသူခုံဘေးတွင် ဝင်ထိုင်လိုက်သည်။ ကျန်နှစ်ယောက်ကတော့ နောက်ခန်းတွင် ဝင်ထိုင်လိုက်ကြသည်။

အဖွဲ့၏‌ ခေါင်းဆောင်ဖြစ်သော ယန်ချောင်က ကားပါလာသူများနှင့် မပါလာသူများအား နေရာချပေးသည်။ အဆုံးတွင်တော့ စီးစရာကား မရှိသူက ချန်းဖန်တစ်ယောက်သာ ကျန်တော့သည်။

ယန်ချောင်က သရော်တော်တော် ပြုံးလိုက်ရင်း..။

"အိုး ဟုတ်သားပဲ ငါမင်းကို မေ့သွားတယ် ဆောရီးကွာ "

ယန်ချောင်ကား လုံးဝ မပြောင်းလဲသေးပေ။ ရည်ရွယ်ချက်ရှိရှိနှင့် သူကိုယ်တိုင် ဖန်တီးယူခဲ့သော အဆင်မပြေမှု တစ်ခုအတွက် ဟန်လုပ်တောင်းပန်နေဆဲပင်။

"အာ.. ကားတွေအားလုံးက လူပြည့်သွားပြီ မင်း တက္ကစီငှားပြီး လိုက်ခဲ့ပေးလို့ ရမလား"

ယန်ချောင်၏ စကားအဆုံးတွင် အားလုံးက ချန်းဖန်အား စိတ်ပျက်စွာ ကြည့်လျက် ဝိုင်းရယ်ကြလေသည်။

ချန်းဖန်က ယန်ချောင်၏ နှုတ်ဆက်မှုအား ငြင်းပယ်ခြင်းဖြင့် သူကိုယ်တိုင် ရန်ငြိုးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တချို့ကားများပေါ်တွင် နေရာလွတ်များ ရှိသေးသော်လည်း ဘယ်သူကမှ ချန်းဖန်အား တင်ခေါ်ဖို့ စိတ်ကူးမရှိကြပေ။

ထိုဖြစ်ရပ်က ကျန်းချူယန်အား မသက်မသာ ခံစားရစေသည်။ ဘယ်လိုလိုဖြစ်ဖြစ် ချန်းဖန်က သူမအမေကြောင့် ဒီနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ သူက သူမ၏ ဧည့်သည်ပင်။

သူမက ချန်းဖန်အား နေရာတစ်နေရာ ပေးဖို့ တွေးနေစဉ်မှာပဲ ရှုယုံဖေး၏ အသံအား ကြားလိုက်ရသည်။

" နင် ငါ့ဘေးမှာ ထိုင်လို့ရတယ် ငါ ဟိုဘက်ကို တိုးပေးမယ်"

လူတိုင်းက ရှုယုံဖေး၏ စကားကြောင့် ရှော့ခ်ရသွားသည်။ ကျန်းချူယန်ပင် အံ့အားသင့်စွာ လှမ်းကြည့်လိုက်မိသည်။

"ရှုယုံဖေးက ဒီနေ့မှ ဘာထဖြစ်ရတာလဲ"

ယန်ချောင်က သူ့ကိုယ်သူ ပြန်မေးလိုက်မိသည်။

အိုင်ဗွီအထက်တန်းကျောင်းမှ လူအားလုံးက ရှုယုံဖေး၏ အဆင့်အတန်း မည်မျှ မြင့်မားသည်ကို သိကြသည်။ ကျောင်း၏ နာမည်ကြီး ချူမင်ဟွေ့ပင်လျှင် သူမ၏ အချစ်ကို ရရှိရန် မကြိုးစားနိုင်ခဲ့ပေ။

ကျန့်ယွီမုန့်က မျက်ခုံးပင့်လိုက်ပြီး ရှုယုံဖေးအား ပြောလိုက်သည်။

"သဘောကောင်းချင်ယောင် ဆောင်နေတာလေး ရပ်ပေးလို့ရမလား နင်က နင်မဟုတ်သလိုပဲ ကောင်းပြီ ကောင်းပြီ ငါနောက်ခန်းကို ဆင်းထိုင်လိုက်မယ် ချန်းဖန် နင် ဒီကို လာထိုင်"

ထို့နောက်သူမက ကားတံခါးဖွင့်ပြီး နောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။ Porsche ကားက အထဲတွင် အလွန်ကျယ်ပြီး ‌ကားနောက်ခန်း၌ မိန်းကလေးသုံးယောက် ချောင်ချောင်ချိချိ ထိုင်နိုင်ပေသည်။

ချန်းဖန်က သူ့အား ရှုယုံဖေးမှ ဖျတ်ခနဲ ကြည့်လာသည်ကို မြင်လိုက်ရသည်။ ထိုမိန်းကလေးကား အတိတ်ဘဝက ကဲ့သို့ပင် ကြင်နာတတ်နေဆဲ ဖြစ်သည်။ ဒါက သူ့အား သူမ ကူညီသည်မှာ ပထမဆုံး မဟုတ်သလို အမြဲတမ်းလည်း ကူညီနေမြဲပင်။

ချန်းဖန်က တိတ်ဆိတ်စွာပဲ ကားထဲသို့ ဝင်လိုက်သည်။

"ကောင်းပြီ သွားကြရအောက်"

ယန်ချောင်က ချန်းဖန်အား အေးစက်စက် တစ်ချက်ကြည့်လိုက်ရင်း ကားထဲသို့ ဝင်ကာ တခြားကားများနှင့် အတူ မောင်းထွက်လိုက်တော့သည်။

လမ်းသစ် ဆိုသည်ကား ချုကျိုးမြို့၏ တိုးချဲ့ထားသော ဖွံ့ဖြိုးရေး နေရာတစ်ခုဖြစ်ကာ ထိုနေရာက ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ KTV များနှင့် ပြည့်နှက်လို့နေသည်။

ခဏကြာပြီးနောက် သူတို့အားလုံး မီးအလှများနှင့် ဆင်ယင်ထားသော တော်ဝင် KTV အရှေ့သို့ ရောက်ရှိလာပြီး ဖြစ်သည်။

အဆောက်အဦးအတွင်းတွင်တော့ တူညီဝတ်စုံများ ဝတ်ဆင်ထားသော ဝန်ထမ်းများက ဝင်လာသမျှ ဧည့်သည်တို့အား လေးစားစွာဖြင့် ဦးညွတ် ကြိုဆိုနေကြသည်။

KTV တွင် ကြိုစောင့်နေသော ယန်ချောင်၏ သူငယ်ချင်း လူငယ်က မန်နေဂျာအား မေးလိုက်သည်။

"ငါ့သူငယ်ချင်းရဲ့ မွေးနေ့ပွဲအတွက် ဒီမှာ အခန်းယူမလို့ အင်ပါရီယာအခန်းကို ‌ပေးပါ"

ယန်ချောင်တို့ အုပ်စုအား သိနေဟန်တူသော မန်နေဂျာက သကာလောင်းသော အပြုံးအား ပြုံးထားရင်း မသက်မသာ ပြန်ဖြေလိုက်သည်။

"ကျွန် .. ကျွန်တော် တောင်းပန်ပါတယ် ကျွင်းရှောက် အင်ပါရီယာအခန်းမှာ လူရှိနေလို့ ကျွန်‌တော် ကွင်းအခန်းကို စီစဉ်ပေးပါ့မယ် အဆင်ပြေရဲ့လား မသိဘူး"

ကျွင်းရှောက်က ယန်ချောင်အား ပြန်ကြည့်လိုက်သည်။ ယန်ချောင်က အဆင်ပြေသည့်သဘော မျက်ရိပ်ပြတော့မှ ကျွင်းရှောက်ကလည်း မန်နေဂျာအား အဆင်ပြေ‌ကြောင်း ပြောလိုက်သည်။

ဒီနေ့ကား ကျန့်ယွီမုန့်၏ မွေးနေ့ဖြစ်သည်။ ပိုက်ဆံရှင်းမည့်သူက ယန်ချောင်ဖြစ်ရာ ကျွင်းရှောက်က ယန်ရှောင့်သဘောကို မေးဖို့ လိုပေသည်။

ကွင်းအခန်းထဲသို့ ရောက်ရှိပြီးနောက် အားလုံးက ပြင်သစ်ဝိုင်များ၊ ဂျာမန်ဘီယာများနှင့် အသီးတချို့ကို မှာလိုက်ကြသည်။ မန်နေဂျာ၏ ကပ်ပါးရပ်ပါး အကြည့်များ‌အောက်တွင် ယန်ချောင်က တစ်ပုလင်းကို ယွမ်နှစ်သောင်း တန်သော လူးဝစ်စ် နံပါတ် XII ဝိုင်ပုလင်းများအား ဖောက်လိုက်ရာ မန်နေဂျာမှာ အပျော်ကြီး ပျော်သွားတော့သည်။ ချန်းဖန်ကတော့ မျက်စိရှေ့မှ ပိုက်ဆံဖြုန်းမှုကြီးကို ကြည့်ကာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား..။

လူချမ်းသာ သားသမီးများ ဝန်းရံလျက် ထိုင်နေရသောကြောင့် ချန်းဖန်က ဆီအိုးထဲမှ ရေစက်လေးတစ်စက် ကဲ့သို့ ဖြစ်နေသည်။ ဆိုးသွမ်းလှသော သူဌေးသား၊သမီးများနှင့်လည်း သူက စကားမပြောလိုပေ။

ခံစားချက်တွေက ထပ်တူကျပုံရသည်။ ချန်းဖန်၏ ပတ်လည်မှ လူများက အချင်းချင်း စကားမရှိစကားရှာ စကားဖောင်ဖွဲ့နေကြသော်လည်း စကားဝိုင်းထဲသို့ ချန်းဖန်ရောက်ရှိလာရန် ဘယ်သူကမှ အလိုရှိကြပုံမရပေ။

ချန်းဖန်က ထောင့်တစ်ထောင့်သို့ သွားထိုင်လိုက်ပြီး တစ်ခွက်၊နှစ်ခွက် သောက်နေလိုက်သည်။ သူက ကျန်းချူယန်ကို ခေါ်ပြီး ဘယ်လို ဒီထဲကထွက်ရမလဲ ဆိုတာသာ တွေးနေမိသည်။

ချန်းဖန်မှာက ဝေ့ဖူနှင့် သွားတွေ့ဖို့ ရှိနေသေးသည်။ မွေးနေ့ပွဲတပွဲက KTVသွားခြင်း၊ ကလပ်တက်ခြင်း၊ ညစာစားပွဲ စသဖြင့် ရှုပ်ယှက်ခပ်နေမည်မှန်း သူက မသိခဲ့ပေ။ ချန်းဖန်မှာက ထိုကဲ့သို့သော အရေမရ၊ အဖတ်မရတွေအတွက် အချိန်ပို မရှိပေ။

လူတိုင်းက မိုက်ခ်ကို တစ်ယောက်နှင့်တစ်ယောက် လက်ကမ်းပေးကာ သီချင်းဆိုရသော ဂိမ်းတစ်ခုကို ဆော့နေကြသည်။ သေချာတာတော့ မိုက်ခ်က ဘယ်သူ့တွေဆီကိုပဲ ရောက်ရောက် ချန်းဖန်ဆီကိုတော့ ယောင်လို့တောင် ရောက်မလာပေ။

သီချင်းဆိုနေကြသူများထဲ ချွင်းချက်မရှိ ရှုယုံဖေးက အသံအကောင်းဆုံး ဖြစ်သည်။ ချန်းဖန် မှတ်မိသလောက် သူမက ကျောင်းပေါင်းစုံ သီချင်းဆ ို ပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့ပြီး ပထမဆုကို ရခဲ့လေသည်။

***

All Chapters