KTV
Vol. 1 Ch. 10
ယန်ချောင်က ဝိုင်ခွက်အား မြှောက်ပြရင်း မေးလာသည်။
"အကိုချန်း ဒီနေရာကို ဘယ်လိုသဘောရလဲ ကြိုက်ရဲ့လား"
"သူက စီကျွေးနယ်ကြီးကနေ လာတာလေကွာ ငါတို့ ချူကျိုးမြို့က နေရာလေးကို ဘယ်သဘောကျပါ့မလဲ"
ကျွင်းရှောက်က ဟာသ ဝင်လုပ်သည်။
ချန်းဖန်၏ မျက်ခုံးတို့က တွန့်ကွေးသွားပြီး သူက ဝိုင်ခွက်ကို ချသည်။ နှုတ်ခမ်းပါးတို့အား တွန့်ရုံလေး ပြုံးလိုက်သည်တွင် ချန်းဖန်၏ အသွင်က နတ်ဘုရား တစ်ပါးလိုပင်။
"ယန်ချောင် မင်းကိုယ့်ဒုက္ခ ကိုယ်ရှာနေတာ ရပ်ဦးမှာလား"
"ငါမလုပ်ရဲပါဘူး မင်းက ဒီနေရာမှာ သူဌေးပါ ငါတို့ပါတီမှာ ပျော်ပျော်ကြီး သောက်စားသွားတော်မူပါ"
ယန်ချောင်က ထေ့ငေါ့၍ ပြန်ဖြေလိုက်သည်။
"တော်ကြတော့"
ကျန်းချူယန်က ချန်းဖန်အား သတိပေးသလို စိုက်ကြည့်လိုက်ပြီး ယန်ချောင်ကိုပြောလိုက်သည်။
"ဒီနေ့က နင့်ကောင်မလေး မွေးနေ့လေ နည်းနည်းလောက် သည်းခံပေးလို့ရမလား"
"ဟုတ်ပြီ ဟုတ်ပြီ ငါပဲ ရပ်လိုက်ပါ့မယ်"
ယန်ချောင်က သူ့လက်နှစ်ဖက်အား ခေါင်းပေါ် မြှောက်လိုက်ရင်း ရွဲ့ပြောလိုက်သည်။
ခဏကြာပြီးနောက် ကျွင်းရှောက်၏ ကောင်မလေးက သန့်စင်ခန်းဆိုကာ ထွက်သွားလေသည်။
ထိုကောင်မလေးက ပါတီပွဲရှိ လူတော်တော်များများမား မသိပေ။ အားလုံးက သူ့ကောင်လေး ကျွင်းရှောက်၏ မိတ်ဆွေများသာ ဖြစ်သည်။ သို့သော်လည်း သူမက လူချမ်းသာများ အထင်ကြီးစေရန် သူမတွင်ရှိသည့် ဈေးအကြီးဆုံးနှင့် ဆက်စီအဖြစ်ဆုံး ဝတ်စုံအား ရွေးချယ်ခဲ့ပြီး မှန်တင်ခုံ ရှေ့တွင်လည်း နာရီအတော်ကြာ ထိုင်ခဲ့ရလေသည်။
သူမ သန့်စင်ခန်းထဲမှ ထွက်လာစဉ်မှာပဲ လူတစ်ယောက်က သူမလည်ပင်းအား ဖက်ကာ လှမ်းဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။ ထိတ်လန့်စွာဖြင့် သူမ အသံကုန် အော်လိုက်မိတော့သည်။
အပြင်တွင်စောင့်နေသော ကျွင်းရှောက်က အော်သံကြောင့် သု့ကောင်မလေးရှိရာသို့ အတင်းပြေးသွားတော့သည်။
သူက သက်လတ်ပိုင်းအရွယ် ခပ်ဝဝ လူတစ်ယောက်အား တွေ့လိုက်ရပြီး ထိုလူက သူ့ကောင်မလေး၏ ဆံပင်ကို လက်တစ်ဖက်ကဆွဲကာ ကျန်လက်တစ်ဖက်ဖြင့် ရိုက်နှက်နေလေသည်။
"မကောင်းတဲ့မိန်းမ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ ငါ့ကိုများ ရိုက်ရဲတယ်"
ကျွင်းရှောက်၏ အမည်ရင်းမှာ တင်းကျွင်းဖေ့ ဖြစ်ပြီး သူ့အဖေက အဝတ်အထည်စက်ရုံ တစ်ခု ပိုင်ပေသည်။ ဒိတ်ဒိတ်ကြဲတော့ မဟုတ်သော်လည်း အတော်အတန် အဆက်အသွယ် ကောင်းသော မိသားစုမှ ဖြစ်သည်။
ပုံမှန်အားဖြင့် ကျွင်းရှောက်က ယန်ချောင်နှင့် အပေါင်းများပြီး လူတိုင်းက သူနှင့် ပြဿနာဖြစ်ဖို့ ရှောင်ကြရာ ယခုကဲ့သို့ ကိစ္စမျိုး သူက မကြုံဖူးပေ။ သူ့ကောင်မလေးအား တခြားယောက်ျားတစ်ယောက်မှ ရိုက်နှက်နေခြင်းကို မြင်ရခြင်းကြောင့် ဒေါသများ ပေါက်ကွဲသွားပြီး ထိုလူဆီသို့ ပြေးဝင်သွားကာ ကန်လိုက်လေသည်။ အရှိန်မှာ မသေးလှသောကြောင့် ခပ်ဝဝလူက ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။
ကျွင်းရှောက်က မကျေနပ်နိုင်သေးဘဲ လဲကျသွားသည့်လူ၏ ခေါင်းအား တက်နင်းလိုက်ကာ ဆဲရေးတိုင်းထွာတော့သည်။
"သေစမ်း ဝက်လိုကောင်"
ခေါင်း အဖိခံထားရသော ခပ်ဝဝလူမှာ ရုန်းကန်နေပြီး အော်လိုက်လေသည်။
"ကောင်စုတ်လေး မင်းဘယ်သူလဲ သတ္တိရှိရင် နာမည် ပြောခဲ့စမ်း ဒီအတွက် မင်းပြန်ပေးဆပ်ရမယ်"
"ငါ့နာမည်က တင်းကျွင်းဖေ့ အခုကွင်းခန်းမှာရှိတယ် မင်း လိုက်ရဲရင်လိုက်လာခဲ့"
ထို့နောက် ကျွင်းရှောက်က သူ့ကောင်မလေးလက်အား ဆွဲလိုက်ပြီး ကွင်းခန်းသို့ ပြန်သွားလေသည်။
ကွင်းခန်းသို့ ပြန်ရောက်တော့ ကျွင်းရှောက်တို့အနီး၌ သူငယ်ချင်းများ စုပြုံလာပြီး တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြတော့သည်။
"ခပ်ဝဝ ဖက်တီးတကောင်ပေါ့ ငါ့ကောင်မလေး ရှောင်ရှင်းကို ဆွဲလားရမ်းလား လုပ်နေလို့ အဲ့ကောင်အသံကို နားထောင်ရသလောက်တော့ အနောက်ဘက် ကျင်းပြည်နယ်က လာတာထင်တယ် ငါလည်း သူ့ရဲ့–င်ဝဝကြီးကို ဆောင့်ကန် ပစ်လိုက်တော့ တန်းပြေးသွားတော့တာပဲ"
ရှောင်ရှင်းက ကျွင်းရှောက်၏ ရည်းစားအသစ်လေး ဖြစ်ကာ သူမအပေါ် ကျွင်းရှောက်၏ ချစ်ဇောအဟုန်က တောက်လောင်နေသေး၍ သူက ကာကွယ်ပေးနေခြင်း ဖြစ်သည်။ မဟုတ်ပါက မိန်းကလေးတစ်ယောက်အတွက် သူက ဒီလောက် အပင်ပန်းခံမည် မဟုတ်ပေ။
"မင်းလုပ်တာ မိုက်တယ်ကွာ"
သူငယ်ချင်း အုပ်စုထဲမှ တစ်ယောက်က ကျွင်းရှောက်၏ ရင်ဘတ်အား လက်သီးဖြင့် ဖွဖွထိုး၍ ပြောလိုက်သည်။ ထိုမှတ်ချက်က နဂိုတည်းက အမောက်ထောင်နေပြီးသော ကျွင်းရှောက်၏ မာန်အား တိမ်တွေပေါ်တောင် ရောက်သွားစေသည်။
"ငါတို့ ပိုပြီး ဂရုစိုက်ဖို့တော့ လိုမယ် ဒါက ငါတို့ပိုင်နက် မဟုတ်ဘူးလေ တစ်ခုခုရှုပ်ထွေးသွားရင် မကောင်းဘူး"
အုပ်စုထဲမှတစ်ယောက်က သတိပေးလာသည်။
"အားလုံးပဲ ဒီမှာလည်းငါတို့ အချိန်ဖြုန်းပြီးပြီ ဆိုတော့ သွားကြရအောင်လေ"
ကျန်းချူယန်က မတ်တပ်ရပ်ရင်း ပြောလိုက်သည်။ တခြားမိန်းကလေးများ ကဲ့သို့ပင် သူမကလည်း ဒုက္ခရောက်မှာကို ကြောက်ပေသည်။
"ဘာတွေကြောက်နေတာလဲ ယန်ချောင်ရဲ့အဖေက ငါတို့အတွက် ဘယ်လိုကိစ္စမျိုးကိုမဆို ရှင်းပေးနိုင်တယ်လေ သူ့အဖေက ကြယ်ငါးပွင့် ဟိုတယ်ကို ပိုင်ထားတာ ဒါက အလှပြထားရုံတင် မဟုတ်ဘူးလေ နင်လည်းသိပါတယ်"
ကျန့်ယွီမုန့်က ကျန်းချူယန်၏ ခါးအား ဖက်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
ယန်ချောင်ကလည်း ပြုံးနေပြီး ဖခင်ဖြစ်သူ၏ ချမ်းသာ ကြွယ်ဝမှုအပေါ် ဂုဏ်ယူနေပုံ ရသည်။ ထို့နောက် သူက ဖန်ခွက်ကို မြှောက်ရင်း ပြောလိုက်သည်။
"ဘာမှကြောက်နေစရာ မရှိဘူး ဒီမှာ ငါတို့လူတွေ အများကြီးပဲ လာ ပါတီပြန်စရအောင်"
အားလုံးကလည်း ဖန်ခွက်ကိုယ်စီကို မြှောက်လိုက်ကြပြီး ယန်ချောင်နှင့်အတူ လိုက်အော်လိုက်ကြသည်။ ဘယ်သူကမှ ထွက်သွားမည်ဟန် မပြတာကြောင့် ကျန်းချူယန်က နေရာတွင်ပင် မတ်တတ်ရပ်နေပြီး ဘာဆက်လုပ်ရမယ်မှန်း မသိတော့။
အုပ်စုတစ်ခုလုံးက ပျက်စီးနေသော ဒုတိယမျိုးဆက် သူဌေးသား၊သမီးများ ဖြစ်ကြပြီး အရက်၏အရှိန်နှင့် ဖြစ်ပျက်ခဲ့သော အက်စီးဒန့်အား လျင်လျင်မြန်မြန်ပဲ မေ့သွားကြသည်။ ထို့နောက် မနက်ဖြန်ဆိုတာ မရှိတော့သကဲ့သို့ ပျော်ပါး ကခုန်နေကြတော့သည်။
ရုတ်တရက် ချန်းဖန်က အတိတ်ဘဝတွင် ကြားခဲ့ရသော ကိစ္စတစ်ခုအား အမှတ်ရသွားသည်။ တင်းကျွင်းဖေ့က လူမှားကန်ခဲ့သည့်အတွက် ဆိုးရွားစွာ အပြစ်ပေးခြင်း ခံခဲ့ရပြီး သူမှားကန်ခဲ့သော လူဝကြီးက ကိစ္စတစ်ခုလုံးအား ရှုပ်ထွေးစေခဲ့သည် ဟူ၍။ ချန်းဖန် သက်ပြင်းချမိသည်။ ကိစ္စတွေ ပိုရှုပ်မလာခင် ကျန်းချူယန်ကိုခေါ်ပြီး မြန်မြန် ထွက်သွားမှ တော်ရာကျပေမည်။
ချန်းဖန်က မတ်တပ်ရပ်လိုက်ရင်း ပြောလိုက်သည်။
"ယန်ယန် အခုက နောက်ကျနေပြီ အန်တီထန်က အိမ်မှာစောင့်နေလောက်ပြီ ငါတို့ပြန်ကြတော့မလား"
ဒါကိုကြားတော့ ကျန့်ယွီမုန့်မျက်နှာက ချက်ချင်းပဲ ခက်ထန်သွားသည်။
"နင် ဘာပြောတာလဲ ယန်ယန့်ကိုများ နင်ကခေါ်သွားချင်တယ်ပေါ့ အခုမှ ငါ့မွေးနေ့ပွဲက စတောင် မစရသေးဘူး"
"နင်က ဘာကောင်မို့လို့လဲ ဒီလောက် ချုပ်ချယ်ချင်နေရအောင်"
တခြား မိန်းကလေး တစ်ယောက်ကလည်း ဝင်ပြောလာသည်။
ယန်ချောင်ကလည်း ခေါင်းယမ်းရင်း ခပ်ပြတ်ပြတ် ဝင်ပြောသည်။
"ဟေး ဒါကတော့ လက်မခံနိုင်စရာပဲ ပြောပါဦး ငါက မင်းကို ကောင်းကောင်း ဧည့်မခံလို့ ပြန်ချင်နေတာလား ဒါဆိုလည်း တံခါးက ဟိုမှာ မင်းပြန်လိုက်လို့ ရတယ် ဒါပေမဲ့ ယန်ယန်ကတော့ သူ့ဆန္ဒမပါဘဲ မင်းနဲ့လိုက်မှာ မဟုတ်ဘူး"
ယန်ချောင်က ကျန်းချူယန်ကို ဆွဲထည့်လိုက်သည်။ ချန်းဖန်နှင့် သူငယ်ချင်းများ၊ နှစ်ခုထဲမှ တစ်ခုသာ သူမ ရွေးနိုင်ပေမည်။
ကျန်းချူယန်က ငြီးငြူလိုက်မိသည်။ သို့သော်လည်း သူမရွေးချယ်မှုကတော့ ရှင်းပါသည်။ မနေ့တစ်နေ့ကမှ သိခဲ့သော ချန်းဖန်အတွက် သူမသူငယ်ချင်းများအား ပစ်ပယ်မည်မဟုတ်ပေ။
ကျန့်ယွီမုန့်က ကျန်းချူယန်ကို ဖက်လိုက်ကာ ပါးလေးအား နမ်းလိုက်သည်။
"ချစ်တယ်နော် မြေခွေးမလေး"
ထို့နောက် ကျန့်ယွီမုန့်က ချန်းဖန်အား အထင်သေးစွာ ကြည့်လိုက်သည်။
"နင်ဘာကို စောင့်နေသေးတာလဲ တံခါးဝထိ လိုက်ပို့ပေးရဦးမလား"
ကျန့်ယွီမုန့်၏ စကားကြောင့် လူတိုင်းက အော်ရယ်လိုက်ကြသည်။ ချန်းဖန်ကဲ့သို့သော အရှုံးသမားက သူတို့လို ကျော်ကြားသော သူဌေးသား၊သမီးများနှင့် အန်တုရဲသည်မှာ အံ့ဩစရာပင်။
"ဒီမှာ ဘယ်သူကမှ နင့်ကို အလိုမရှိဘူး ကျန်းချူယန်တောင် နင့်ကို ချောင်ထိုးထားလိုက်ပြီ ထွက်သွားလိုက်တော့"
ရှုယုံဖေးက ကျန်းချူယန်အား တံတောင်ဖြင့်တွတ်ကာ တစ်ခုခုပြောရန် သတိပေးလိုက်သည်။ ကျန်းချူယန်ကတော့ စိတ်ပြောင်းမည့်ဟန် မရပေ။
ကျန်းချူယန်က ချန်းဖန်အား နည်းနည်းလေးမှ မသနားမိဘူးဆိုလျှင် ညာရာကျပေမည်။ သူမက ချန်းဖန်နှင့် လိုက်သွားခဲ့ပါက ယန်ချောင်နှင့် ကျန့်ယွီမုန့်က သူမကို ခွင့်လွှတ်လိမ့်မည်မဟုတ်။ ဒါကို သိနေမှတော့ ပါးစပ်ပိတ်၍ ငြိမ်ငြိမ်သက်သက် ထိုင်နေရန်သာ ရွေးချယ်ခဲ့သည်။
ချန်းဖန်ကတော့ စိတ်ပျက်စွာနှင့်ပဲ ခေါင်းယမ်းလိုက်မိသည်။
ဖြစ်ချင်တာသာ ဖြစ်ပါစေတော့ : ငတုံးတစ်စုက စကားကောင်းကောင်း ပြောလို့ကို မရပေ။
ချန်းဖန်က ဝင်ပေါက်သို့ ရောက်လုနီးနီးမှာပဲ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားချက်က သိလိုစိတ်နှင့် ကျေနပ်ခြင်းတို့ ရောယှက်နေသည်။
"ဘာပဲဖြစ်ဖြစ် ငါ ဒီမှာရောက်နေပြီးမှတော့ တစ်လက်စတည်းနဲ့ သူတို့ဘာဖြစ်သွားမလဲ ဆိုတာ ကိုယ်တိုင် ကြည့်သွားရသေးတာပေါ့"
ချန်းဖန်က တွေးလိုက်သည်။
ထိုအချိန်မှာပဲ အင်ပါရီယာအခန်း၏ တံခါးက တွန်းဖွင့်ခြင်း ခံလိုက်ရကာ သက်လတ်ပိုင်း လူဝကြီးတစ်ယောက် ဝင်လာသည်။ ထိုလူဝကြီးက မောပန်းစွာ ဟောဟဲလိုက်နေပြီး ဒေါသတို့က ပေါက်ကွဲတော့မတတ် ဖြစ်နေသည်။
အင်ပါရီယာအခန်းက များပြားလှသော ဇိမ်ခံပစ္စည်းများနှင့် ပြည့်နှက်နေသည်။ အခန်းတစ်ခုလုံးတွင် ပါရှန်ကော်ဇောများ ခင်းကျင်းထားပြီး ၆၀လက်မ LED တီဗွီ၊ အီတလီ လည်သာဖြင့် ချုပ်လုပ်ထားသော ဆိုဖာခုံများ ချထားသည်။
ဆိုဖာများ၏ အလယ်ခုံတွင်တော့ ဝတ်စုံပြည့်နှင့် လူတစ်ယောက်က အေးဆေးစွာ ထိုင်နေသည်။
တခြားသော လူများက ထိုသူ၏ ပတ်လည်ရှိ ဆိုဖာခုံများတွင် အသီးသီး နေရာယူထားသည်။ ဒါကို ကြည့်ချင်းအားဖြင့် အလယ်ခုံက လူက အားလုံးထဲတွင် အချမ်းသာဆုံးနှင့် အာဏာအရှိဆုံး ဖြစ်ကြောင်း ထင်ရှားသည်။
အလယ်ခုံက ဝတ်စုံပြည့်နှင့် လူက သက်လတ်ပိုင်း လူဝကြီးအား ကြည့်ကာ မေးလိုက်သည်။
"သူဌေးကျန်း ဘာတွေများ ဖြစ်လာလို့လဲ"
***